သတ္တဝါအားလုံးထဲတွင် လူသည်အသိဉာဏ်အရှိဆုံး ဖြစ်ပါသည်။ အသိဉာဏ်ကို သတိပညာဖြင့် တည်ဆောက်ရလေ့ရှိပြီးပညာက ကမ္ဘာကို အုပ်စိုးနိုင်စေသည်။ ပညာပြည့်ဝနှလုံးလှ ဆိုစကားအတိုင်း ပညာပြည့်ဝသူတစ်ယောက်၏ နှလုံးသားသည် ချင့်ချိန်နိုင်စွမ်းအား မြင့်မားကြပေသည်။ ငယ်စဉ် ကပင်အခြေခံဖတ်စာကို လေ့လာမှတ်သား၍ စာပေပညာများ သင်ကြားကြရသည်။ စာဖတ်ခြင်းဓလေ့ကို ပြုစုပျိုးထောင်ရာတွင် ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာကြမည့် ကလေးငယ်များ၏ စာဖတ် ချင်စိတ်ကို နှိုးဆွပေးရမည်ဖြစ်ပြီး ကလေးဘဝ ကတည်းကပင် ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်းကဲ့သို့ ရုပ်စုံစာစောင်များကို ဖတ်ရှုစေသင့်သည်။ အရုပ်ကြည့်ရင်း စာဖတ်သင်သည့်ပုံစံမျိုးဖြစ်သည်။ စာဖတ်ခြင်းမှ အကောင်းနှင့်အဆိုးသဘောတရားများကို အတွေးပုံရိပ်မှတစ်ဆင့် သိရှိနိုင်စွမ်းရှိသော ကြောင့်ဖြစ်ပါသည်။
စိတ်အာဟာရပြည့်ဝမှုကို ပေးစွမ်းနိုင်သည့် စာအုပ်စာပေများ
အဆင့်အတန်းမြင့်မားသော ဘဝတစ်ခုရရှိရေး စာကောင်းပေမွန်သည် အလိုအပ်ဆုံးဖြစ်သည်။ စာပေအမျိုးအစားများစွာရှိသည့်အနက် အချစ်၊ ရသ၊ ဟာသနှစ်သက်ရာ ဖတ်ရှုနိုင်ကြသည်။ သုတ၊ ရသကို ဖတ်ရှုသင့်သကဲ့သို့ စိတ်အာဟာရပြည့်ဝမှုကို ပေးစွမ်းနိုင်သည့် စာအုပ်စာပေများကိုလည်း လေ့လာ ထားရမည်ဖြစ်သည်။ စာအုပ်စာပေမှ ပညာဗဟုသုတ ကြွယ်ဝခြင်း၊ အတွေးအခေါ်ရင့်သန်ခြင်း အကျိုး ကျေးဇူးများကို ခံစားရရှိစေနိုင်ပြီး ဦးနှောက်၏ ဖြန့်ကြက်နိုင်စွမ်းအားအလိုက် အတွေးအခေါ်များ ပိုမိုအားကောင်းလာနိုင်သည်။ စာဖတ်ခြင်းသည် ခရီးသွားခြင်းနှင့်တူသကဲ့သို့ အခက်အခဲတစ်ခုကို ကူညီဖြေရှင်းပေးသည့် မိတ်ဆွေကောင်းသဖွယ်ဖြစ်သည်။ သိလိုသမျှ ရှင်းပြနိုင်သည့် ဆရာတစ်ဆူ အဖြစ်လည်း သတ်မှတ်နိုင်သည်။
စာပေ၏ တန်ခိုးသတ္တိက ကြီးမားလှသည်။ မိမိ၏ မှေးမှိန်နေသော ဇွဲ၊ လုံ့လ၊ ဝီရိယကို နိုးထစေ သကဲ့သို့ စိတ်ဓာတ်ကြမ်းတမ်းသူတစ်ယောက်ကို နူးညံ့ယဉ်ကျေးစေနိုင်သည်။ သနားကြင်နာစိတ်၊ ညှာတာစိတ်များ ရှင်သန်ကြီးထွားစေနိုင်သည်။ အဆိုးနှင့်အကောင်းကို သရုပ်ခွဲခြား ချိန်ဆတတ်စေ သည်။ ဒေါသဦးဆောင်ရမည့်နေရာကို သည်းခံခြင်းအစားထိုးလာနိုင်သည်။ စာဖတ်ရာတွင်လည်း စိတ်နှလုံးသားကို နူးညံ့စေမည့် စာအုပ်ကောင်းများကို ကြိုက်နှစ်သက်တတ်လာသည်။ တစ်အုပ်ပြီး တစ်အုပ်ဖတ်လျက် လူ့ဘဝများစွာကို စာနာနားလည်နိုင်စွမ်းရှိလာပြီး လူ့ပတ်ဝန်းကျင်နှင့် သဘာဝအလှတရားများ၏ သတ္တိနှင့် စွမ်းအားများကို ညှို့ယူခံစားတတ်လာမည်ဖြစ်သည်။
လက်တွေ့နှင့် စိတ်ကူးယဉ် ဘဝနှစ်ခုကို စာဖတ်ခြင်းကသာ ပြောင်းပြန်လှန်ပေးနိုင်
အမြင်မတူညီမှုက အတူမမြင်နိုင်ပေ။ စာရေးသူတစ်ယောက်သည် စိတ်ကောင်းနှလုံးကောင်းဖြင့် စာရေးကြရပေသည်။ စာရေးသူ၏အတွေး လှသလောက်စိတ်ကူးပုံဖော်ရေးသားမှုတို့သည်လည်း လက်ရာမြောက် သက်ဝင်ကြစမြဲဖြစ်သည်။ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည် အစရှိသော အနုစိတ် ဖန်တီးမှု လက်ရာများသည် စာရေးသူတစ်ယောက်၏ အတွေးအမြင် ဖြန့်ကြက်ခြင်းမှတစ်ဆင့် ဖြစ်ပေါ် လာသော အတွေးပုံရိပ်များဖြစ်ပေသည်။ ထိုအတွေး ပုံရိပ်များထဲတွင် အချစ်နှင့် အမုန်း၊ အဖြူနှင့် အမည်း သဲကွဲစေသည့် ဘဝသင်ခန်းစာများစွာပါဝင်သည်။ စာတစ်ကြောင်းဖြင့် ဘဝတစ်ခု သိမ်မွေ့သွားနိုင် သည်။ အကျင့်တစ်ခုချေဖျက်ပစ်နိုင်သည်။ သို့ဖြစ်၍ အတွေးအမြင်မှန်ကန်တည့်မတ်ဖို့ စာဖတ်စို့ဟု တိုက်တွန်းချင်မိသည်။ ကာတွန်း၊ ပုံပြင်၊ ဝတ္ထုများတွင် မှန်ကန်သော အတွေးအမြင်ဖြစ်ပေါ်စေရန် မီးမောင်းထိုးပြထားပေသည်။ လမ်းမလွဲဖို့ လမ်းညွှန်ပေးသည်။ ဘဝကိုမည်ကဲ့သို့တည်ဆောက်ကြမည်နည်း။ တက်ကြွသော စိတ်ဓာတ်တစ်စုံရရှိရေး မည်သည့်နည်းလမ်းကို ကျင့်သုံးကြမည်နည်း။ နှလုံးသားကို နူးညံ့လာအောင် မည်ကဲ့သို့ဆောင်ရွက်ရမည်နည်း။ နှလုံးသား၏အမေးကို ဦးနှောက်ကဖြေဆိုပြီး ဘဝကို လက်တွေ့ကျကျ တည်ဆောက်ကြရမည်ဖြစ်သည်။ လက်တွေ့နှင့်စိတ်ကူးယဉ်ဘဝနှစ်ခုကို စာဖတ်ခြင်းကသာ ပြောင်းပြန်လှန်ပေးနိုင်ပေသည်။
စာတစ်အုပ်ချင်းဖတ် တစ်ရက်ချင်း ခရီးသွားကြရပေမည်။ ဘဝကလက်တွေ့ဆန်ပေသည်။ နံရံတစ်ချပ်ကို ထိုးဖောက်လိုလျှင် တူကဲ့သို့ မာကြောသော အရာဝတ္ထုရှိရန် လိုအပ်သည်။ ထူထဲသော နံရံကို ထိုးဖောက်လိုစိတ်ရှိရမည်ဖြစ်ပြီး အဆိုပါ စိတ်ဓာတ်နှင့် ရှေ့သို့တိုး၍ လုပ်ဆောင်ရမည် ဖြစ်သည်။ တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုစကားက စိတ်ဓာတ်ခွန်အားကို မြင့်တက်စေသည်။ စိတ်ဓာတ်မကျရေး စာဖတ်ပေးရန်လိုပေသည်။ ဘဝသက်တမ်းသည်တိုသလောက် သံသရာက ရှည်လျား လွန်းသောကြောင့် အသိဉာဏ်ပညာမြင့်မားရေး ကြိုးစားကြရမည်ဖြစ်သည်။ ဘဝထဲကစာ၊ စာထဲက ဘဝများစွာ၏ သုခနှင့်ဒုက္ခကို သင်ယူပြီး လူ့တန်ဖိုးလူ့အသိဖြင့် လူ့ပတ်ဝန်းကျင်တစ်ရပ်လုံးကို အလှ ဆုံးပြုပြင် တည်ဆောက်သွားကြရမည်ဖြစ်သည်။
စာပေမြင့်မှ လူမျိုးတင့်
မျက်စိကောင်းတုန်း စာဖတ်ရမည်ဖြစ်သည်။ နားကောင်းတုန်း နှလုံးသားအာဟာရ ဗဟုသုတများ စုဆောင်းသင့်သည်။ စာပေမြင့်မှလူမျိုးတင့် ဟူသောဆိုစကားလည်း ရှိပေသည်။ ယနေ့စာအုပ် စာပေများသည် နောင်တစ်ချိန် အဟောင်းတန်းတွင် ရှာဖွေမရဖြစ်လာနိုင်သည်။ အဟောင်းအမြင်း တန်ဖိုးရှိလှသည့် စာအုပ်များခြစားခံရနိုင်သည်။ စက္ကူစုတ်သဖွယ် အသုံးပြုလာကြမည်ဖြစ်သည်။ စာဖတ်အားနည်းလာမှုကိုပြဆိုသော သရုပ်သကန် ကို စာချစ်သူအားလုံးက စာဖတ်ရှိန်မြင့်တက်ရေး၊ ပြန်လည်ဦးမော့လာစေရေး စွမ်းဆောင်ကြရမည် ဖြစ်သည်။ ရေးသူ၊ ဖတ်သူ အားပြိုင်မှုရှိမှသာ မဂ္ဂဇင်း၊ စာစောင်များ ရေရှည်ရပ်တည်နိုင်မည် ဖြစ်သည်။ တန်ဖိုးထားထုတ်ဝေသလောက် စာဖတ် သူလက်ထဲ မရောက်သည့်စာအုပ်များ အဟောင်းတန်းရောက်ကြရပေသည်။ သို့ဖြစ်၍ စာပေချစ်သူများအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာပေများကိုထိန်းသိမ်းရင်း စာဖတ်၊ စာဖတ်ရင်း ထိန်းသိမ်းကြမည်ဆိုပါက စာဖတ်၊ စာတတ်သူများ၏ စာရွက်လှန်သံများ အမြဲမပြတ်ကြားသိနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။
ကိုးကား- www.moi.gov.mm
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ်ထားပါသည်။ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့်ဆန္ဒရှိကြသည်။ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းကိစ္စရပ်များအပြင် လူမှုရေးကိစ္စရပ်များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ရန် ဖန်တီးပေးကြရမည်ဖြစ်သည်။
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍတွင် မြှင့်တင်ဆောင်ရွက်သင့် ကျန်းမာခြင်းသည် လူသားတိုင်းအတွက် အဖိုးထိုက်တန်သည့် လာဘ်ကြီးတစ်ပါး ဖြစ်ပါသည်။ “ကျန်းမာခြင်း” လာဘ်ကို ရယူနိုင်ရေးအတွက် ကျန်းမာစေသည့် အနေအထိုင်၊ အစားအသောက်အလေ့အကျင့်၊ အပြုအမူများကို ဂရုတစိုက် လိုက်နာကျင့်ကြံပြီး အားကစားလှုပ်ရှားဆောင်ရွက်မှုများကို ပင်ကိုကျန်းမာရေးအသိဖြင့် လိုက်ပါဆောင်ရွက်မည်ဆိုပါက ပြည်သူများ အနာရောဂါကင်းရှင်းပြီး ကျန်းမာခြင်းသုခနှင့် ပြည့်စုံသည့် ဘဝများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်နိုင်ရန် လူထုအားကစားလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ အားကစားနှင့် ပညာရေးပေါင်းစပ်ဆောင်ရွက်ခြင်း၊ အားကစားအထောက်အကူပြုပစ္စည်းများ ထားရှိပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်သင့်ပါသည်။
လူထုအားကစားလှုပ်ရှားမှုများသည် ငွေကုန်ကြေးကျနည်းပြီး လူတိုင်းလွယ်ကူစွာ စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှားမှုဖြစ်သည်။ လူထုအားကစားလှုပ်ရှားမှုကို ပြည်သူတစ်ရပ်လုံးက စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆင်နွှဲလာစေရန် လူထုစုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပပေးခြင်း၊ရုံးဌာနများ၊ စက်ရုံအလုပ်ရုံများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့် သင်တန်းကျောင်းများတွင် ညနေပိုင်းစုပေါင်းကိုယ်လက်လေ့ကျင့်ခန်း များပြုလုပ်ခြင်း၊ မြို့နယ်အလိုက် Physical Fitness Dance အဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းစည်းရုံးခြင်းများ ဆောင်ရွက်သင့်ပါသည်။ လူထုအားကစားလှုပ်ရှားမှု အားကောင်းလာပါက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာမည်ဖြစ်သည့်အပြင် မျိုးဆက်သစ်အားကစားသမားများကိုလည်း မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။ ယခင်က လူထုအားကစားလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည့်အတွက် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ(IOC)၏ ခံယူချက်တွင်လည်း “အားကစားပြုလုပ်သူ ၁၀၀ ရှိလျှင် ထို ၁၀၀ ထဲမှ ၅၀ သည် အားကစားလိုက်စားသူများ ဖြစ်လာမည်။ ထို ၅၀ ထဲမှ ၂၀ သည် အားကစားကို ထူးထူးခြားခြားအာရုံစိုက်သူများဖြစ်လာမည်။ ထို ၂၀ ထဲမှ ငါးဦးသည် အားကစားထူးချွန်သူများအဖြစ် ပေါ်ထွက်လာမည်” ဟု ဖော်ပြထားပါသည်။
ကျောင်းသားလူငယ်အရွယ်မှစတင်၍ ကျန်းမာကြံ့ခိုင်ရေးအတွက် ပညာသင်ယူခြင်းနှင့်အတူ အခြေခံအားကစားနည်းတစ်မျိုးမျိုးကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်သော လူငယ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ရာ ပညာရေး၊ အားကစားနှင့်ကာယပညာပေါင်းစပ်သင်ကြားခြင်းကို ဆောင်ရွက်သင့်ပါသည်။ အားကစားနှင့်ပညာရေးပေါင်းစပ်ခြင်းလုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အားကစားနှင့်ပညာရေးပေါင်းစပ်မှု ဦးစီးကော်မတီကို ဖွဲ့စည်း၍ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များတွင်အားကစားကဏ္ဍကို ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းသင်ကြားခြင်း၊ အားကစားနည်းပြ၊ အားကစားသရုပ်ပြနှင့် အားကစားမှူးများ လုံလောက်စွာ ထားရှိပေးခြင်း၊ အားကစားလေ့ကျင့်ရေး အထောက်အကူပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့ပေးခြင်း၊ အားကစားလေ့ကျင့်ချိန် သတ်မှတ်၍ ကြိုက်နှစ်သက်ရာ အားကစားနည်းတစ်ခုခုကို လေ့လာလိုက်စားစေခြင်းများကို ဆောင်ရွက်သင့်ပါသည်။
အားကစားအထောက်အကူပြုပစ္စည်းများ လက်လှမ်းမီစွာ ထားရှိပေးခြင်းဖြင့် အားကစားကို ပြည်သူအများ လွယ်လင့်တကူ လှုပ်ရှားဆောင်ရွက် နိုင်မည်ဖြစ်သည့်အတွက် Outdoor Fitness ပစ္စည်းများကဲ့သို့ အားကစားအထောက်အကူပြု ပစ္စည်းကိရိယာများကို အများပြည်သူအပန်းဖြေ၊ အနားယူနိုင်သည့် နေရာများ၊ အားကစားကွင်း၊ အားကစားရုံပရဝဏ်များ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ သင်တန်းကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် လူစည်ကားရာနေရာများတွင် ထားရှိပေးသင့်ပါသည်။ ထို့ပြင် ရပ်ကွက်၊ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ရှိ အားကစားကွင်း၊ အားကစားရုံများတွင်လည်း အများပြည်သူများ အချိန်မရွေးလာရောက်လေ့ကျင့်ကစားနိုင်ရန် လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ပြည့်စုံစွာထားရှိပေးသင့်ပါသည်။
လူသားတိုင်းအတွက် ကျန်းမာခြင်းသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အမြို့မြို့အနယ်နယ်ရှိ လူစည်ကားရာ နေရာများ၊ စာသင်ကျောင်းများနှင့် အားကစားကွင်း၊ အားကစားရုံများ အနီးပတ်ဝန်းကျင်၌ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ ရေးသားထားသည့် ပညာပေးဆိုင်းဘုတ်များ စိုက်ထူပေးခြင်း၊ အားကစားအသိပညာဗဟုသုတပြန့်ပွားရေးနှင့် စိတ်ပါဝင်စားလာစေရေးအတွက် အားကစားဆိုင်ရာ ဟောပြောပွဲများနှင့် သရုပ်ပြပွဲများကျင်းပပြုလုပ်ပေးခြင်း၊ အားကစားဆိုင်ရာ လက်ကမ်းစာစောင်များ၊ စာအုပ်စာတမ်းများ ထုတ်ဝေဖြန့်ချိပေးခြင်း အားကစားပညာပေးပြန်ကြားရေးအစီအစဉ်အဖြစ် Social Media များတွင် အားကစားနည်းတစ်ခုချင်း၏ နည်းစနစ်များ၊ ဥပဒေများ၊ အားကစားပြိုင်ပွဲများ၊ အားကစားလေ့ကျင့်မှုများ၊ ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများအပါအဝင် အားကစားလှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများကို လွှင့်တင်ထားရှိခြင်းများ ဆောင်ရွက်သင့်ပါသည်။
နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေး ဆောင်ရွက်သင့်သည့်အချက်များ
နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် နိုင်ငံတစ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ လူငယ်မျိုးဆက်သစ်ကစားသမားများ မွေးထုတ်ပေးနိုင်ခြင်း၊ စနစ်တကျ ပြုစုပျိုးထောင်လေ့ကျင့်ပေးခြင်း၊ အားကစားကွင်း၊ အားကစားရုံနှင့် အားကစားအထောက်အကူပြု ပစ္စည်းများ ပြည့်စုံစွာ ဖြည့်ဆည်းပေးခြင်း၊အားကစား ဆေးပညာနှင့် အားကစားစိတ်ပညာရှင်များ၏ ကူညီပံ့ပိုးမှု၊ ထိရောက်သည့် အားကစားသုတေသနလုပ်ငန်းနှင့် အုပ်ချုပ်ထောက်ပံ့ပေးနိုင်မှုများအပေါ် မူတည်လျက်ရှိပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားမှုကို အထောက်အကူပေးနိုင်သည့် အဓိကစွမ်းအားတစ်ရပ်ဖြစ်သည်ဟု ထင်မြင်မိပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်းသည် အားကစားကဏ္ဍ အောင်မြင်တိုးတက်မှုဆီသို့ ရုတ်တရက်ချက်ချင်းဦးတည်သွားခြင်းမျိုးမဟုတ်ဘဲ မျိုးဆက်သစ်ကစားသမားများ မွေးထုတ်ပေးနိုင်မှု၊ စနစ်တကျ ပြုစုပျိုးထောင်ပေးမှု၊ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများနှင့်အတူ အချိန်ကာလလိုအပ်ချက်တို့အပေါ်၌ မူတည်လျက်ရှိသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် နိုင်ငံများရှိ လူငယ်၊ လူရွယ်အများစုသည် ဝါသနာထက်စားဝတ်နေရေးကိုသာ အဓိကဖြေရှင်းဆောင်ရွက် နေကြရသည့်အတွက် ထိုနိုင်ငံ၏ အားကစားလောကတွင် မျိုးဆက်သစ်ကစားသမားရှားပါးခြင်း အခက်အခဲများနှင့် ကြုံတွေ့နေရသကဲ့သို့ ငွေကိုအရင်းတည်ပြီး ဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်း ပံ့ပိုးဖြည့်ဆည်းပေးနိုင်မှု အားနည်းသွားနိုင်ပါသည်။ သို့ဖြစ်၍ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရင်းခံ၍ ဆောင်ရွက်သွားနိုင်မှသာ ပိုမိုလွယ်ကူမြန်ဆန်နိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံရေး၊ လူမှုရေးအပါအဝင် အခြားကဏ္ဍအသီးသီး၌ပါ ဆက်တိုက်အောင်မြင်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ် စေနိုင်သည်ဟု မှတ်သားဖူးပါသည်။
နိုင်ငံတကာအားကစား ပြိုင်ပွဲများ၌ အောင်မြင်မှုရရှိခြင်း၏ အခြေခံလိုအပ်ချက်တစ်ခုသည် အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်မှုပင်ဖြစ်ပါသည်။ အားကစားနည်းများအလိုက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအဆင့်အားကစားပြိုင်ပွဲများ၊ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ ဒေသတွင်း ဖိတ်ခေါ်ပြိုင်ပွဲများ၊ သက်တမ်းအလိုက် ကလပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ၊ အလွတ်တန်းဖိတ်ခေါ်အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားအားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၊ တံခွန်စိုက်အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တောင်သူလယ်သမားနေ့နှင့် အလုပ်သမားနေ့များတွင် အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲများနှင့် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့် ကောလိပ်များတွင် အားကစားနည်းအလိုက် အားကစားအခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ မြို့နယ်တိုင်းတွင် အားကစားကလပ်များ ဖွဲ့စည်းထူထောင်ပေးပြီး စနစ်တကျ သင်ကြားလေ့ကျင့်ပေးခြင်းများ စနစ်တကျစီမံဆောင်ရွက်သင့်ပါသည်။
အလားအလာရှိသည့် အားကစားသမားများကို စနစ်တကျပြုစုပျိုးထောင်ပေးမှသာ အရည်အချင်းပြည့်ဝသည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာနိုင်မည်ဖြစ်သည့် အတွက် အလားအလာရှိသည့် မျိုးဆက်သစ်အားကစားသမားများကို အားကစားသိပ္ပံကျောင်းများနှင့် အားကစားအကယ်ဒမီများတွင် ကျွမ်းကျင်သည့် နည်းပြများက သက်ဆိုင်ရာအားကစားနည်းများအလိုက် ခေတ်မီနည်းစနစ်များဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း၊ နည်းဗျူဟာများ၊ အားကစားလေ့ကျင့်ရေး သဘောတရားများအား စာတွေ့၊ လက်တွေ့သင်ကြားပေးခြင်း၊ အားကစားနည်းအလိုက် သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းမျဉ်း စည်းကမ်းနှင့် ဥပဒေများကို တိကျစွာ လိုက်နာတတ်စေရန် စနစ်တကျ သင်ကြားပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် အားကစားနည်းအလိုက် တိုးတက်သည့် နိုင်ငံများသို့ ပူးတွဲလေ့ကျင့်မှုစေလွှတ်ခြင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်စေခြင်း၊ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ လက်ရည်စစ်ပြိုင်ပွဲများ၊ ခြေစမ်းပွဲများ အဆက်မပြတ် ကျင်းပပြုလုပ်ပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။
အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ပေးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိပေးခြင်းသည်လည်း ပြိုင်ပွဲများ ကျင်းပပြီး မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန် များစွာအထောက်အကူပြုသည့်အတွက် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များ၊ သင်တန်းကျောင်းများတွင် အားကစားကွင်း၊ အားကစားရုံများ တည်ဆောက်ပေးခြင်းနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိပေးခြင်း၊ ရပ်ကွက်၊ ကျေးရွာများအပါအဝင် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း အားကစားကွင်း၊ အားကစားရုံများ ဆောက်လုပ်ပေးခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ လိုအပ်သည့် အားကစားအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာ ထားရှိခြင်းများ ဆောင်ရွက်သင့်ပါသည်။
ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းတစ်ဦးဖြစ်လာရန် အားကစားဆေးပညာနှင့်အားကစားစိတ်ပညာသည်လည်း မရှိမဖြစ်လိုအပ်ပါသည်။ အားကစားဆေးပညာရပ်ဆိုင်ရာ အာဟာရပညာရှင်များက ကစားသမားများကို အားကစားနည်းအလိုက် လိုအပ်သည့် ကယ်လိုရီပြည့်ဝအောင် ကျွေးမွေးမှု ရှိ မရှိ စစ်ဆေးအကြံပြုခြင်း၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်း၊ တားမြစ်ဆေးဝါး သုံးစွဲမှု ရှိ မရှိ စစ်ဆေးခြင်းနှင့် ပညာပေးခြင်းများအပြင် ပြိုင်ပွဲအတွက် ကြိုပြင်ဆင်စားသောက်မှု၊ ပြိုင်ပွဲအတွင်းအင်အားဖြည့်တင်းမှု၊ ပြိုင်ပွဲအပြီးအာဟာရ ပြန်လည်ဖြည့်တင်းမှုများကိုလည်း အကြံပြုဆောင်ရွက်ပေးသင့်ပါသည်။ အားကစားသမားများ၏ စိတ်ပိုင်းဆိုင်ရာအရည်အသွေး တိုးတက်မြင့်မားလာစေရေးအတွက်လည်း အားကစားစိတ်ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းခြင်းနှင့် အကဲဖြတ်ခြင်း၊ ကစားသမားတစ်ဦးချင်းစီ၏ စိတ်ခံစားမှုများကို ဖော်ထုတ်ပြီးလိုအပ်ချက်များကို အကြံပြုတင်ပြခြင်း၊ ကူညီပံ့ပိုးဖြေရှင်းခြင်းများ ဆောင်ရွက်ပေးသင့်ပါသည်။
အားကစားသမားများ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိနိုင်စေရန် အားကစားသုတေသနလုပ်ငန်းများသည်လည်း လိုအပ်ချက်တစ်ခုဖြစ်ပါသည်။ နိုင်ငံတကာ ခေတ်မီအားကစားနည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားနိုင်ရန် ထောက်ပံ့ကူညီပေးခြင်း၊ အားကစားဆိုင်ရာ သတင်းအချက်အလက်များ စုဆောင်းပေးခြင်း၊ အားကစားနည်းအလိုက် နည်းစနစ်၊ နည်းဥပဒေများ တတ်ကျွမ်းနားလည်စေရန် ကူညီဆောင်ရွက်ပေးခြင်း၊ အားကစားနည်းအလိုက် နိုင်ငံတကာ စံချိန်၊ စံညွှန်းများအား စနစ်တကျပြုစုထားရှိခြင်း၊ ပြိုင်ဘက်အားကစားသမားများ၏ အားနည်းချက်၊ အားသာချက်အခြေအနေများ သိရှိရန်ဆောင်ရွက်ခြင်း၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ပတ်သက်၍ အကြံပြုတင်ပြခြင်း၊ ခေတ်နှင့်အညီ နည်းပြလက်စွဲစာအုပ်များ ထုတ်ဝေခြင်း၊ အားကစားသုတေသနလက်စွဲစာအုပ်များ ထုတ်ဝေခြင်းနှင့် အားကစားသုတေသနစာကြည့်တိုက် ဖွင့်လှစ်ထားရှိခြင်း စသည့် အားကစားသုတေသနလုပ်ငန်းများကို ဆောင်ရွက်သင့်ပါသည်။
အားကစားကဏ္ဍမြှင့်တင်၍ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိနိုင်ရန် ကောင်းမွန်သည့် အုပ်ချုပ်ထောက်ပံ့မှုများလည်း လိုအပ်ပါသည်။ သက်ဆိုင်ရာအားကစားနည်းအလိုက် ဖွဲ့စည်းထားသည့် အုပ်ချုပ်မှုအဖွဲ့အစည်းများ၊ အားကစားအဖွဲ့ချုပ်များက လူရွေးချယ်ရေးစီမံချက်၊ လေ့ကျင့်ရေးစီမံချက်၊ အောင်နိုင်ရေးစီမံချက်များ ရေးဆွဲ၍ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရန် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ထိရောက်သည့် လေ့ကျင့်မှုများဖြစ်စေရန် စစ်ဆေးကြပ်မတ်ခြင်း၊ နည်းပြနှင့် ကစားသမားများ စည်းကမ်းကောင်းမွန်ရေး၊ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ ကျန်းမာရေး၊ စိတ်အပန်းဖြေရေး၊ သက်သာချောင်ချိရေးများကို ဆောင်ရွက်ပေးခြင်း၊ အောင်ပွဲရအားကစားသမားများကို ထိုက်တန်သည့် ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ အလုပ်နေရာခန့်ထားပေးခြင်း၊ နိုင်ငံတကာ အားကစားအစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ နိုင်ငံတကာ အားကစားသင်တန်းများသို့ စေလွှတ်ခြင်း၊ နိုင်ငံတကာအားကစားတက္ကသိုလ်များသို့ အရည်အချင်းပြည့်မီသည့် လူငယ်များကို ပညာတော်သင်စေလွှတ်ခြင်း၊ နိုင်ငံတကာအဆင့်မီနည်းပြများ ခေါ်ယူငှားရမ်းအသုံးပြုခြင်း၊ အားကစားနည်းအလိုက် ကျွမ်းကျင်သည့် နည်းပြများ၊ ဒိုင်များ ပေါ်ထွက်လာရေးအတွက် ပြည်တွင်းသင်တန်းများဖွင့်လှစ်ခြင်း၊ ပြည်ပသင်တန်းများသို့ စေလွှတ်ခြင်းများအပြင် အားကစားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများမှ နည်းပညာနှင့် အကူအညီများရယူ၍ အားကစားတက္ကသိုလ်ဖွင့်လှစ်သင်ကြားခြင်းများ ဆောင်ရွက်သင့်ပါသည်။ ထို့ပြင် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်တစ်ရပ်တည်ဆောက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံလာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန် မြှင့်တင်ဆောင်ရွက်သင့်သည့် အချက်များ
ယနေ့လူငယ်များသည် နောင်တစ်ခေတ်အတွက် လူကြီးများဖြစ်လာမည်။ ယနေ့လူငယ်များ အသိပညာ၊ အတတ်ပညာတိုးတက်ထူးချွန်ပါမှ ထိုလူငယ်များ လူကြီးဖြစ်လာသည့် အနာဂတ်ကာလတွင် တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်၍ အနာဂတ်ကို လက်ဆင့်ကမ်းမည့် မျိုးဆက်သစ်လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် စနစ်တကျပြုစုပျိုးထောင်ပေးပြီး လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စာသင်ကျောင်းများမှ စတင်ရမည်ဖြစ်ပါသည်။ အသက်သုံးနှစ်မှ ငါးနှစ်အထိ မူကြိုအရွယ်တွင် ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ် ငါးရပ်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်လှုပ်ရှားခံစားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပြည့်အဝရရှိအောင် မူလတန်းကြိုကျောင်းများက လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုအတွက် မျိုးစေ့ချပေးသင့်ပါသည်။
ကာယဗလ - ကိုယ်၏စွမ်းအားနှင့် ပြည့်စုံသည့် လူငယ်များ မွေးထုတ်နိုင်ရန်အတွက် ကလေးတစ်ယောက်သန္ဓေတည်ကတည်းက ကြီးထွားဖွံ့ဖြိုးမှုကိုရရှိရန် ကိုယ်ဝန်ဆောင်မိခင်များသည် အာဟာရပြည့်ဝအောင် စားသောက်ခြင်း၊ နေထိုင်သွားလာမှုဂရုစိုက်ခြင်းနှင့် လိုအပ်သည့် ကာကွယ်ဆေးများထိုးနှံခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို အပြည့်အဝခံယူရမည်ဖြစ်ပါသည်။ ကလေးသန္ဓေတည်သည့် အချိန်မှစ၍ ဆယ်ကျော်သက်အရွယ်အထိ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဖြင့် ကလေးများ ကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်လာမည်ဖြစ်သည်။ ကျောင်းနေသည့် အရွယ်တွင်လည်း အခြေခံပညာကျောင်းများမှစတင်၍ ပညာသင်ကြားခြင်းနှင့်အတူ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ အားကစားနည်း တစ်မျိုးမျိုးကို လေ့လာလိုက်စားနိုင်အောင်စီစဉ်ပေးစေခြင်း၊ အားကစားနည်းအလိုက် အခြေခံများကို စနစ်တကျ သင်ကြားပြသပေးခြင်း၊ အားကစားနည်းအလိုက် သင်တန်းများဖွင့်လှစ်ပေးခြင်း၊ အားကစားသရုပ်ပြပွဲများ၊ ကျောင်းသားအားကစားပွဲများ ကျင်းပပေးခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
လူငယ်များအနေဖြင့် ကာယဗလနှင့်ပြည့်စုံရန် လိုအပ်သကဲ့သို့ ဉာဏ်၏စွမ်းအားဖြစ်သည့် ဉာဏဗလဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါသည်။ ဉာဏဗလနှင့်ပြည့်စုံသော လူငယ်များ မွေးထုတ်နိုင်ရန်အတွက် ပထမအရွယ်တွင် ပညာကို အပတ်တကုတ်ဆည်းပူးနိုင်အောင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် အနိမ့်ဆုံးအဆင့် KG+9 အဆင့်ပြီးမြောက်အောင်မြင်အောင် စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ပညာစွမ်းရည်မြင့်မားတိုးတက်အောင် ဆောင်ရွက်ရာတွင် အတန်းပညာများ မြင့်မားတိုးတက်အောင် ဆောင်ရွက်ခြင်းသာမက ငယ်စဉ်ဘဝကတည်းက မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်နှင့် ဉာဏ်ပညာ စသည့်အခြေခံစိတ်ဓာတ်ကောင်းများ ကိန်းအောင်းလာစေရန် စာအုပ်စာပေများ ဖတ်ရှုလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်း၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင်များ ပြုစုပျိုးထောင်မွေးထုတ်နိုင်ရန် လူငယ်စကားဝိုင်းများ၊ လူငယ်တွေ့ဆုံပွဲများ၊ အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများနှင့် အသိပညာဗဟုသုတမျှဝေခြင်းများကို ဆောင်ရွက်ပေးသင့်ပါသည်။
လူငယ်များသည် ကာယဗလ၊ ဉာဏဗလနှင့် ပြည့်စုံရုံသာမက စာရိတ္တဗလ - ကိုယ်ကျင့်တရား ကောင်းမွန်သူများ ဖြစ်လာရန်လည်း အရေးကြီးပါသည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ ယဉ်ကျေးမှုအဆင့်အတန်းသည် လူငယ်များ၏ အကျင့်စာရိတ္တနှင့် စိတ်ပိုင်းဆိုင်ရာအမြင်များဖြင့် ကိုယ်စားပြုဖော်ပြခြင်းဖြစ်ရာ မျိုးဆက်သစ်လူငယ်များ အကျင့်စာရိတ္တမြင့်မားရေး၊ ကိုယ်ကျင့်တရားကောင်းမွန်စေရေး၊ လူ့ကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ် စည်းကမ်းကောင်းမွန်လာစေရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရေး၊ အများအကျိုးဆောင်ရွက်လိုသည့် ပရဟိတစိတ်များ ဖွံ့ဖြိုးလာစေရေးတို့အတွက် စာသင်ကျောင်းများတွင် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်ကို စနစ်တကျသင်ကြားပို့ချပေးခြင်းများ ဆောင်ရွက်သင့်သကဲ့သို့ ကျင့်ဝတ်၊ နီတိဆိုင်ရာ အသိပညာပေးဟောပြောပွဲများလည်း ကျင်းပပေးသင့်ပါသည်။
ထို့ပြင် မိတ္တဗလ- မိတ်ကောင်းရှိခြင်း၏ စွမ်းအားနှင့် ပြည့်စုံမှုရှိခြင်းသည်လည်း လူငယ်များ၏ အောင်မြင်တိုးတက်ရေးကို အထောက်အကူပြုနိုင်သည်ဖြစ်ရာ အခြေခံကျောင်းများမှစတင်၍ ဆရာ ဆရာမများက လူငယ်များကို ပူးပေါင်းဆောင်ရွက်တတ်ရန်၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် သဟဇာတဖြစ်စွာနေထိုင်တတ်ရန်၊ အခက်အခဲစိန်ခေါ်မှုပြဿနာများကို ပူးပေါင်းဖြေရှင်းတတ်ရန်၊ စေတနာ့ဝန်ထမ်းနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်တတ်စေရန် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်သဖြင့် ကျပန်းစကားပြောပွဲများ၊ စကားရည်လုပွဲများ၊ အားကစားပြိုင်ပွဲများ၊ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်း၊ လူရည်ချွန်လူငယ်၊ ကင်းထောက်လူငယ်၊ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်နှင့် ကြက်ခြေနီလူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။
ဘောဂဗလ ဟူသည့် ဥစ္စာပေါများခြင်း၏ စွမ်းအားနှင့် ပြည့်စုံစေရန်အတွက် လူငယ်များသည် ငွေအကြောင်း၊ ငွေ၏ တန်ဖိုးကို သိရမည်။ ငွေကို စီမံခန့်ခွဲတတ်ရမည်။ ငွေကို စုဆောင်းတတ်ရမည်။ ဘောဂဗလနှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန်အတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာများ၊ ငွေကြေးဆိုင်ရာ အခြေခံအသိပညာများ၊ စီးပွားရေးဆိုင်ရာ အခြေခံအသိပညာများ၊ စွန့်ဦးစီးပွားဆိုင်ရာ အခြေခံအသိပညာများကို အခြေခံပညာအလယ်တန်းအဆင့် သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးသင့်ပါသည်။ ထို့ပြင် စီးပွားရေးအသိပညာဖြန့်ဝေသည့် ဟောပြောပွဲ၊ ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ စွန့်ဦးတီထွင်ဖန်တီးသူများကို မြေတောင်မြှောက်ပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ထောက်ပံ့ကူညီခြင်း၊ အလယ်တန်း၊ အထက်တန်းအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ်များကို သင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးခြင်း၊ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်များက တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းများတွင် ဟောပြောပေးခြင်းများ ဆောင်ရွက်သင့်ပါသည်။ ကျောင်းဆရာ ဆရာမများသည် လူငယ်များကို ပညာသင်ကြားပေးရုံသာမက အတွေးအမြင် လှပအောင်၊ အကောင်းအဆိုး၊ အမှားအမှန်ခွဲခြားဝေဖန်တတ်အောင်၊ လိမ္မာယဉ်ကျေးအောင်၊ စည်းကမ်းတကျနေတတ်အောင် ပထမဆုံးပန္နက်ချ လေ့ကျင့်ပြုစုပျိုးထောင်ပေးရသူများ ဖြစ်သည့်အတွက် ဆရာ ဆရာမများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးသင့်ပါသည်။
ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့၏ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခုကို စိတ်ပါဝင်စားစွာ ဆောင်ရွက်လာသည်နှင့်အမျှ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာ ကြံ့ခိုင်လာမည်ဖြစ်သည်။ ထို့အတူ နိုင်ငံအတွင်း ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်အများအပြား မွေးထုတ်ပေးနိုင်မည်ဆိုပါက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါကြောင်း တင်ပြလိုက်ရပါသည်။ ။
Source- www.moi.gov.mm
နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် အခွန်အကောက်ရငွေများသည် အဓိကကျသည့် ဘဏ္ဍာငွေများ ဖြစ်ပါသည်။ အဆိုပါ အခွန်အကောက်ရငွေများ ဥပဒေနှင့်အညီ အပြည့်အဝ ရရှိရန် အခွန်ကောက်ခံမှုစနစ်သည် အခွန်ထမ်းပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ညီညွတ်မျှတစေပြီး နိုင်ငံတော်၏ စီးပွားရေးကို အထောက်အကူပြုရန် လိုအပ်သကဲ့သို့ အခွန်အာဏာပိုင်များ၏ အခွန်စည်းကြပ် ကောက်ခံမှုအပေါ် အပြည့်အဝ ကျေနပ်မှုမရှိသည့် အခွန်ထမ်းများအတွက် ပွင့်လင်းမြင်သာသည့် အခွန်အယူခံစနစ်တစ်ခု တည်ရှိရန်လည်း လိုအပ်ပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အစိုးရ အဆက်ဆက်က ခေတ်စနစ်နှင့်အညီ အခွန်အယူခံခုံရုံးများ ဖွဲ့စည်းပြီး တရားမျှတမှုရှိရေး ကြိုးပမ်း အကောင်အထည်ဖော်ခဲ့ကြပါသည်။
အခွန်အယူခံခြင်းနှင့် စပ်လျဉ်း၍ ၁၉၅၃ ခုနှစ်၊ မြန်မာနိုင်ငံအမြတ်တော်ခွန် (ပြင်ဆင်ချက်) အက်ဥပဒေ ပုဒ်မ ၅ - ကအရ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၃) ဦး တို့ဖြင့်အမြတ်တော်ခွန်အယူခံ ခုံရုံးကို စတင်ဖွဲ့စည်းပြီး အမြတ်ခွန်အယူခံမှုများကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါသည်။ တော်လှန်ရေးကောင်စီအစိုးရလက်ထက် (၁-၁၀-၁၉၇၂) ရက်နေ့မှစ၍ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၄) ဦး ပါဝင်သော အခွန်အယူခံခုံအဖွဲ့ကို ဖွဲ့စည်းပြီး အမြတ်ခွန်အယူခံမှုများသာမက အကောက်ခွန်၊ ယစ်မျိုးခွန်၊ တံဆိပ်ခေါင်းခွန်၊ ဟော်တယ်နှင့်ပျော်ပွဲစားရုံခွန်၊ ပွဲခွန် စသော အခွန်အကောက်ဆိုင်ရာ အမှုများနှင့် စပ်လျဉ်းသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် တရားရုံးချုပ်သို့ လွှဲအပ် ပေးရန် လျှောက်ထားသည့် လွှဲအပ်မှုများကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ အမြတ်ခွန်အယူခံခုံရုံးမှ အခွန်အယူခံခုံအဖွဲ့ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက် ၁၉၇၆ ခုနှစ်၊ အမြတ်ခွန် ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဃ) အရ ၀န်ကြီးအဖွဲ့၏ (၁၁-၁၂-၁၉၇၆) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၂) ဖြင့်လည်းကောင်း၊ တပ်မတော်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်တွင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်အစိုးရအဖွဲ့၏ (၂၈ - ၇ - ၁၉၈၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၈၉) ဖြင့် လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ (၃၁-၅-၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၁၇) ဖြင့်လည်းကောင်း အခွန်အယူခံခုံအဖွဲ့ကိုဖွဲ့စည်း တာဝန်ပေးအပ်၍ အမှုများကို ကြားနာစစ်ဆေး စီရင်ဆုံးဖြတ်ခဲ့ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အခွန်အရပ်ရပ်မှ အပြည့်အဝ ကောက်ခံ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်မှလည်း နိုင်ငံသားနှင့် အခွန်ထမ်းတိုင်း အနေဖြင့် ဥပဒေအရ ပေးဆောင်ရမည့် အခွန်များကို ပေးဆောင်ရာ၌ တန်းတူညီမျှမှုနှင့် တရားမျှတမှုအခွင့်အရေးများရရှိစေရန်အတွက်လည်းကောင်း၊ ဥပဒေနှင့်အညီခုခံချေပခွင့်နှင့် ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့်များရရှိစေရန်အတွက်လည်းကောင်းအခွန်အယူခံခုံအဖွဲ့ဥပဒေကို(၁-၈-၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် - ၂၃ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပါသည်။
အခွန်အယူခံခုံအဖွဲ့ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို (၂၇-၉-၂၀၁၉) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၃၄၁/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့သည့် အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများအား (၄-၅-၂၀၂၁) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၉/၂၀၂၁ ဖြင့် ပြင်ဆင်ခဲ့ပါသည်။
အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ အခွန်အယူခံခုံအဖွဲ့ကို သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ပါသည်။ ခုံအဖွဲ့သည် တရားစီရင်ရေးသဘောဆောင်သည့်လုပ်ပိုင်ခွင့် (Quasi-Judicial Power) နှင့် ချင့်ချိန်ဆောင်ရွက် ပိုင်ခွင့် (Discretionary Power) များကို အပ်နှင်းထားသည်နှင့်အညီ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း အသီးသီးက စည်းကြပ်ကောက်ခံလျက်ရှိသည့် အခွန်အမျိုးမျိုးနှင့်စပ်လျဉ်းသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုတို့ကို လွှမ်းခြုံကြားနာစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့သည် နိုင်ငံတော်က ဥပဒေနှင့်အညီ အခွန်စည်းကြပ်မှုနှင့် စပ်လျဉ်း၍ စွမ်းဆောင်ရည် မြင့်မားသော အခွန်စီမံခန့်ခွဲမှုတိုးတက်ဖြစ်ထွန်းရေးအတွက် ပွင့်လင်းမြင်သာပြီး မျှတမှန်ကန်သည့် အခွန်အယူခံစနစ်ဖြင့် နိုင်ငံသားနှင့် အခွန်ထမ်းများ၏ ယုံကြည်အားထားမှုကို မြှင့်တင်ရန် မဟာဗျူဟာ မျှော်မှန်းချက်ထားရှိ ဆောင်ရွက်နေပါသည်။ မဟာဗျူဟာ မျှော်မှန်းချက် ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ရေးအတွက် နည်းဗျူဟာ လုပ်ငန်းစဉ် (၄) ရပ် ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေး နှစ်အထိ (၂) နှစ် စီမံကိန်းကို ရေးဆွဲဆောင်ရွက်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု၏ အားနည်းချက်၊ အားသာချက်များကို ဆန်းစစ်အခြေပြုလျက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အထိ (၂) နှစ်တာ ကာလအတွက် ဆောင်ရွက်မည့် နည်းဗျူဟာလုပ်ငန်းစဉ်များကို ထပ်မံရေးဆွဲ သတ်မှတ်ခဲ့ပါသည်။
အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့သည် နိုင်ငံသားနှင့်အခွန်ထမ်းများအတွက် တရားမျှတမှု၊ ခုခံချေပနိုင်မှုနှင့် အယူခံနိုင်မှု အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရေးအတွက် ထိရောက်သော ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကုလသမဂ္ဂက ချမှတ် ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals – SDGs) ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan – MSDP) တို့နှင့်အညီ စွမ်းဆောင်ရည် မြင့်မားသည့် အခွန်စီမံခန့်ခွဲမှု ယန္တရားတစ်ရပ် စဉ်ဆက်မပြတ် ဖြစ်တည်နေစေရေးအတွက် ပြည်ထောင်စုအစိုးရသို့ အထောက်အကူပေးနေသော အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ရပ်တည် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အခွန်အယူခံခုံအဖွဲ့ကို ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၆) ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးလျက် အခွန်အယူခံခုံအဖွဲ့ဥပဒေနှင့်အညီ အခွန်ဆိုင်ရာအမှု များကို ကြားနာစစ်ဆေးစီရင် ဆောင်ရွက်လျက်ရှိပါသည်။ အခွန်အယူခံခုံအဖွဲ့သို့ လျှောက်ထား တင်သွင်းနိုင်သည့် အမှုများမှာ အထက်တွင်ဖော်ပြခဲ့သော အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှု စသည့် အမှု (၄) မျိုး ဖြစ်ပါသည်။
အယူခံမှု ဆိုသည်မှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်များကို တာဝန်ယူကောက်ခံသည့်ဌာနများက ချမှတ်သော အခွန်ဆိုင်ရာ အပြီးသတ်ဆုံးဖြတ်ချက်၊ အမိန့်တစ်ခုခုကို မကျေနပ်၍သော်လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ချမှတ်သော ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်ကို မကျေနပ်၍သော်လည်းကောင်း၊ အစိုးရအဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ တာဝန်ပေးအပ်ခြင်းခံရသော အစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခုကချမှတ်သည့်အခွန်ဆိုင်ရာ အပြီးသတ်ဆုံးဖြတ်ချက်တစ်ခုခုကို မကျေနပ်၍ သော်လည်းကောင်း ခုံအဖွဲ့ထံ အယူခံသည့်အမှုကို ဆိုလိုခြင်းဖြစ်ပါသည်။
ခုံအဖွဲ့သို့ အယူခံမှုလျှောက်ထားရာတွင် ခုံအဖွဲ့က သတ်မှတ်ထားသော ပုံစံဖြင့် သက်ဆိုင်ရာ ဌာနများ၏ မူလဆုံးဖြတ်ချက်၊ အမိန့် ချမှတ်သည့်နေ့မှ ရက်ပေါင်း ကိုးဆယ်အတွင်း ခုံအဖွဲ့ထံသို့ လျှောက်ထားရန်ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းသတ်ကာလအတွင်း လျှောက်ထားနိုင် ခြင်းမရှိပါက လျှောက်ထားသူအနေဖြင့် လုံလောက်သောအကြောင်းပြချက်များ တင်ပြရမည်ဖြစ်ပါ သည်။
ပြင်ဆင်မှုဆိုသည်မှာ ခုံအဖွဲ့က ချမှတ်သော အမိန့်တွင် အမှုအကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ နစ်နာသူက ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပြင်ဆင်ပေးရန် ခုံအဖွဲ့သို့ ပြန်လည်တင်ပြသည့်အမှုကို ဆိုလိုခြင်းဖြစ်ပါသည်။ နစ်နာသူ ဆိုသည်မှာ အမှုအကြောင်းခြင်းရာအလိုက် ဥပဒေအရ နစ်နာသူ၊ တစ်စုံတစ်ရာ ဆုံးရှုံးခံရသူ၊ တစ်စုံတစ်ရာကို မတရားငြင်းပယ်ခံရသူ သို့မဟုတ် တစ်စုံတစ်ရာတွင် ၎င်း၏ပိုင်ရေးပိုင်ခွင့်ကို မတရားထိခိုက်စေသော ဆုံးဖြတ်ချက်ချမှတ်ခြင်းခံရသူတို့ကို ဆိုလိုပါသည်။ ပြင်ဆင်မှု လျှောက်ထားရာတွင် ခုံအဖွဲ့က သတ်မှတ်ထားသော ပုံစံဖြင့် လျှောက်ထားရန်ဖြစ်ပြီး ခုံအဖွဲ့၏ စီရင်ချက် အမိန့် ချမှတ်သည့်နေ့မှ ရက်ပေါင်း ခြောက်ဆယ်အတွင်း ခုံအဖွဲ့ထံသို့ လျှောက်ထားရမည် ဖြစ်ပါသည်။
ပြန်လည်သုံးသပ်မှုဆိုသည်မှာ ခုံအဖွဲ့ကချမှတ်ခဲ့သော ဆုံးဖြတ်ချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ပေးပါရန် ဆုံးဖြတ်ချက်ချမှတ်ခြင်းခံရသူတစ်ဦးဦးက ခုံအဖွဲ့သို့ပင် ပြန်လည် လျှောက်ထားသည့် အမှုကို ဆိုလိုပါသည်။ အခွန်အယူခံခုံအဖွဲ့အနေဖြင့် မိမိ၏ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်နိုင်ရန် ဥပဒေအရ အခွင့်အာဏာအပ်နှင်းထားခြင်းဖြစ်ပါသည်။ ပြန်လည်သုံးသပ်မှု လျှောက်ထားရာတွင်လည်း ခုံအဖွဲ့က သတ်မှတ်ထားသော ပုံစံဖြင့် လျှောက်ထားရန် ဖြစ်ပါသည်။ ခုံအဖွဲ့၏ စီရင်ချက် အမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ကိုးဆယ်အတွင်း လျှောက်ထားရမည် ဖြစ်ပါ သည်။
ပြန်လည်သုံးသပ်မှုနှင့်စပ်လျဉ်း၍ တင်သွင်းရာတွင် ပြန်လည်သုံးသပ်စေလိုသည့် အကြောင်းအချက် ခိုင်လုံမှုရှိရန် လိုအပ်ပါသည်။ တစ်နည်းအားဖြင့် တရားမကျင့်ထုံးဥပဒေ အမိန့် ၄၇၊ နည်းဥပဒေ ၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တင်ပြလျှောက်ထားကြရန်ဖြစ်ပါသည်။
လွှဲအပ်မှု ဆိုသည်မှာ ခုံအဖွဲ့သို့ တင်သွင်းလာသည့်အမှုတွင် ဥပဒေကြောင်းအရ ဖြေရှင်းရမည့် ကိစ္စဖြစ်သဖြင့် ခုံအဖွဲ့ ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များအားလုံး ပါဝင်သော စုံညီခုံအဖွဲ့က ကြားနာ စိစစ်ပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်ပေးပို့သည့်အမှုကို ဆိုလိုသည်။ လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရသူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ် ပေးရန် လျှောက်ထားလာသည့်အခါဖြစ်စေ၊ လွှဲအပ်ရန် အကြောင်းပေါ်ပေါက်လာသည့်အခါဖြစ်စေ စုံညီခုံအဖွဲ့က လွှဲအပ်မှုအဖြစ် ဆောင်ရွက်ရန် သင့် မသင့် ဆုံးဖြတ်ဆောင်ရွက်ကြခြင်း ဖြစ်ပါသည်။ လွှဲအပ်မှု လျှောက်ထားခြင်းကို ခုံအဖွဲ့က သတ်မှတ်ထားသည့် ပုံစံဖြင့် လျှောက်ထားရန်ဖြစ်ပြီး ခုံအဖွဲ့က စီရင်ချက် အမိန့် ချမှတ်သည့်နေ့မှ ရက်ပေါင်း ခြောက်ဆယ်အတွင်း ခုံအဖွဲ့ထံ လျှောက်ထားရန် ဖြစ်ပါသည်။
ခုံအဖွဲ့သို့ အမှုတင်သွင်းလိုသူသည် မိမိ၏အမှုကို ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ အကျိုးဆောင်ရှေ့နေဖြင့်ဖြစ်စေ အခွန်အယူခံခုံအဖွဲ့ရုံးရှိ မှတ်ပုံတင်အရာရှိထံသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရန် လိုအပ်ပါသည်။ လူကိုယ်တိုင် လာရောက် လျှောက်ထားရမည်ဟု ဆိုသော်လည်း ကိုဗစ် - ၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်အချိန်တွင် သွားလာမှုအခက်အခဲ များကြောင့် စည်းကမ်းသတ်ကာလအတွင်း အမှုများ အချိန်မီ တင်သွင်းရမည့် အခွင့်အရေး မဆုံးရှုံး ကြစေရန် လျှောက်ထားချက်များကို စာတိုက်မှဖြစ်စေ၊ အမြန်ချောပို့လုပ်ငန်းမှဖြစ်စေ မှတ်ပုံတင် အရာရှိထံ လိပ်မူ၍ လျှောက်ထားခြင်းကိုလည်း လက်ခံဆောင်ရွက်ပေးခဲ့ပါသည်။ နိုင်ငံသားနှင့် အခွန်ထမ်းများ၏ အကျိုးအတွက် ဖြေလျော့သတ်မှတ် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။
လျှောက်ထားချက်ကို သတ်မှတ်ပုံစံဖြင့် တင်သွင်းလျှောက်ထားရန်ဖြစ်ပြီး သတ်မှတ်ပုံစံကို အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများ စာအုပ်တွင်လည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့ရုံးမှ မှတ်ပုံတင် အရာရှိထံတွင်လည်းကောင်း ရယူနိုင်ပါသည်။ လျှောက်ထားချက်များ တင်သွင်းသည့်အခါ ရုံးခွန် အက်ဥပဒေပါ သတ်မှတ်ချက်နှင့်အညီ လိုအပ်သော တံဆိပ်ခေါင်းများ ထမ်းဆောင်ရန် လိုအပ်ပါ သည်။
အယူခံမှု၊ ပြင်ဆင်မှုနှင့် ပြန်လည်သုံးသပ်မှု လျှောက်ထားရာတွင် လျှောက်ထားလွှာနှင့်အမှုအတွက် တင်သွင်းလိုသည့် အထောက်အထား စာရွက်စာတမ်းများ မူရင်း (၁) စုံနှင့် မိတ္တူ (၆) စုံ တင်သွင်းလျှောက်ထားရမည်ဖြစ်ပြီး လွှဲအပ်မှု လျှောက်ထားရာတွင် လျှောက်ထားလွှာနှင့် အမှုအတွက် တင်သွင်းလိုသည့် အထောက်အထား စာရွက်စာတမ်းများ မူရင်း (၁) စုံနှင့် မိတ္တူ (၁၂) စုံ တင်သွင်း လျှောက်ထားရမည် ဖြစ်ပါသည်။ လျှောက်ထားချက်ကို အကျိုးဆောင်ရှေ့နေဖြင့် လျှောက်ထားပါက ရုံးခွန်တံဆိပ်ခေါင်း ကပ်ထားသည့် တရားမကိုယ်စားလှယ်လွှဲစာနှင့် ရှေ့နေဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်ပါရှိရန်ဖြစ်ပြီး ကိုယ်စားလှယ်ဖြင့် လျှောက်ထားပါက သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ လွှဲအပ်သည့် ကိုယ်စားလှယ်လွှဲစာ ပါရှိရန်လိုအပ်ပါသည်။
ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းက လျှောက်ထားမှုများတွင် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း အမည်ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းမှ တာဝန်ရှိသူက လျှောက်ထားခြင်းဖြစ်လျှင် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကိုယ်စားလှယ်အဖြစ်လွှဲအပ်ကြောင်းရုံးခွန်တံဆိပ်ခေါင်းကပ်ထားသည့်လွှဲအပ်စာပါရှိရမည်ဖြစ်ပါသည်။ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းနှင့် သက်ဆိုင်ခြင်း မရှိသူက အမှုလျှောက်ထားဆောင်ရွက်ရန် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပါက အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၃၉ ပါပြဋ္ဌာန်းချက်နှင့်အညီ ကိုယ်စားလှယ်လွှဲစာ (SP/GP) ပါရှိရမည် ဖြစ်ပါသည်။
လျှောက်ထားသူသည် မိမိမကျေနပ်သည့် အခွန်ဆိုင်ရာ အပြီးသတ်ဆုံးဖြတ်ချက်၊ အမိန့်အား သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွင် တာဝန်ခံမိတ္တူမှန်ကူးယူ၍ လျှောက်ထားချက်နှင့်အတူ ပူးတွဲ တင်သွင်းရမည်ဖြစ်ပါသည်။
ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်နေသည့်ကာလတွင် အခွန်အယူခံခုံအဖွဲ့သို့ တင်သွင်း လျှောက်ထားသော အမှုများ မြန်ဆန်ပြီးပြတ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သတ်မှတ်ထားသော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ အမှုများကို ဗီဒီယိုဆက်သွယ်မှု (Video Conferencing) စနစ်ဖြင့် ကြားနာစစ်ဆေး ဆုံးဖြတ်ပေးခဲ့ပြီး ယခုအခါ ဗီဒီယိုဆက်သွယ်မှုစနစ်ဖြင့် ကြားနာစစ်ဆေးခြင်းအပြင် ဥပဒေနှင့်အညီ အများပြည်သူ ရှေ့မှောက်တွင်လည်း စည်းကမ်းချက်များနှင့်အညီ ကြားနာစစ်ဆေး၍ ဆုံးဖြတ်ပေးလျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့တွင် အမှုများ ကြားနာဆောင်ရွက်သည့်အခါ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများအနေဖြင့် ယင်းတို့က ကိုယ်စားလှယ်လွှဲအပ်သော ဦးစီးအရာရှိ အဆင့်အောက် မနိမ့်သော ဌာနကိုယ်စားလှယ်က ခုံအဖွဲ့ရှေ့မှောက်တွင် အမှုအတွက် လျှောက်လဲ တင်ပြခွင့်ရှိ သော်လည်း ပြင်ပပုဂ္ဂိုလ်များအနေဖြင့် ရှေ့နေလိုင်စင်ရရှိထားသော အခွင့်ရကိုယ်စားလှယ်နှင့် အကျိုးဆောင်ရှေ့နေများကသာ လျှောက်လဲချက်ပေးခြင်း (pleading and addressing) ကို ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့က သတ်မှတ်ညွှန်ကြားထားပါသည်။
တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ အခွန်ဆိုင်ရာအယူခံသည့်ကိစ္စရပ်များကို အခွန်အယူခံခုံအဖွဲ့ဥပဒေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ဥပဒေ ပုဒ်မ ၄၁ တွင် ပြဋ္ဌာန်းထားသဖြင့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ပြည်ထောင်စုအစိုးရက ပြည်ထောင်စု အတွက်ကောက်ခံသည့် အခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများ၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ဇယား (၁) ပါ အခွန်အကောက်အားလုံးနှင့် အကောက်ခွန် စသည့် အခွန် များနှင့် သက်ဆိုင်သော အမိန့်များ၊ ဆုံးဖြတ်ချက်များအပေါ် အယူခံလိုပါက အခွန်အယူခံခုံအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားကြရန်သာ ဖြစ်ပါသည်။ အခွန်အယူခံခုံအဖွဲ့သည် တင်သွင်းလျှောက်ထားလာသော အမှုများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ကြားနာစစ်ဆေးစီရင် ဆုံးဖြတ်လျက်ရှိပြီး ခုံအဖွဲ့က ကြားနာစစ်ဆေးဆုံးဖြတ်သော အမှုများတွင် အမှုကြောင်းခြင်းရာ ပြဿနာနှင့်စပ်လျဉ်း၍ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်ပါသည်။
အခွန်အယူခံခုံအဖွဲ့သည် မိမိ၏ လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် နည်းပညာများ အသုံးချဆောင်ရွက်လျက် အများပြည်သူများ သိရှိနိုင်စေရန် ဆောင်ရွက်ခဲ့ပါသည်။ အခွန်အယူခံခုံအဖွဲ့ အမည်ဖြင့် Facebook Page ကို ဖွင့်လှစ်၍ အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံး တို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို လွှင့်တင်ဖော်ပြနိုင်ခဲ့ပါသည်။ ခုံအဖွဲ့က ချမှတ်သော စီရင်ချက် အမိန့်များကို သက်ဆိုင်ရာအမှုသည်များနှင့် အများပြည်သူသိရှိနိုင်ရေးအတွက် အခွန်အယူခံခုံအဖွဲ့၏ ကိုယ်ပိုင် Website ရေးဆွဲလွှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် Myanmar National Portal ၌ အခွန်အယူခံခုံအဖွဲ့၏ Page ကို သီးခြားလွတ်လပ်သောအဖွဲ့အဖြစ် လွှင့်တင် ထားရှိပါသည်။ အဆိုပါ Page တွင် အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ အခွန်အယူခံခုံအဖွဲ့နည်းဥပဒေ များကိုလည်းကောင်း၊ အခွန်အယူခံခုံအဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် သတ်မှတ်ပုံစံများကိုလည်းကောင်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
အခွန်အယူခံခုံအဖွဲ့နှင့် အခွန်အယူခံခုံအဖွဲ့ရုံးတို့သည် ခေတ်မီတိုးတက်နေသည့် နည်းပညာများနှင့်အညီ လျှောက်ထားလာသည့်အမှုများနှင့် စပ်လျဉ်း၍ အမှုတွဲများကို ထိန်းသိမ်းရာတွင် Case Management System စနစ်ကို အသုံးပြု၍ ရေရှည်တည်တံ့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့ရုံးအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အများပြည်သူ ထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ ခုံအဖွဲ့ရုံးထံမှ ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ မိုဘိုင်းဖုန်းများသို့ Short Code “1111” ဖြင့် မိမိတို့ဝန်ဆောင်မှုရယူခဲ့စဉ်က ကြုံတွေ့ခဲ့ရသည့်အခြေအနေများကို SMS ပေးပို့မေးမြန်းကာ ပြည်သူ တို့၏ တုံ့ပြန်ဖြေကြားမှုများ၊ အကြံပြုချက်များအရ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အစီအစဉ်ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အခွန်အယူခံခုံအဖွဲ့၏ ရုံးစိုက်ရာဒေသသည် နေပြည်တော်ဖြစ်ပြီး ယခင်က အခွန်အယူခံခုံအဖွဲ့ရုံးကို ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်တွင် တွဲဖက်ဖွင့်လှစ် ဆောင်ရွက်ခဲ့ရာမှ ဥတ္တရသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်း၏ မြောက်ဘက်၊ ရုံးအမှတ် (၄၆) ကပ်လျက်ရှိ အခွန်အယူခံခုံအဖွဲ့ပိုင် ဧရိယာ (၆.၀၅) ဧက ကျယ်ဝန်းသော မြေကွက်ပေါ်တွင် နိုင်ငံတော်၏ ခွင့်ပြု ငွေဖြင့် ရုံးအဆောက်အဦသစ်ကြီးကို ဆောက်လုပ်ခဲ့သဖြင့် ရုံးအမှတ် (၅၇)၊ အခွန်အယူခံခုံအဖွဲ့ အဆောက်အဦသစ်ကြီး ပေါ်ထွန်းလာပြီး ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် အဆိုပါ အဆောက်အဦသစ်ကြီးသို့ အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးဝန်ထမ်းများ ပြောင်းရွှေ့ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေပြီဖြစ်ပါသည်။ ဤအခွန်အယူခံခုံအဖွဲ့ အဆောက်အဦသစ် ကြီးအား ၂၃-၁၂-၂၀၂၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။
အခွန်အယူခံခုံအဖွဲ့အနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာမှု မရှိစေရေးနှင့် တစ်ဖက်တွင်လည်း နိုင်ငံသား/အခွန်ထမ်းများအနေဖြင့် တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဥပဒေနှင့် အညီ ခုခံချေပခွင့်၊ ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့် အခွင့်အရေးများကို အပြည့်အဝရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ “ယုံကြည် မျှတ မှန်ကန် အခွန်အယူခံ” ဟူသော အခွန်အယူခံခုံအဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့်နိုင်ငံသား၊ အခွန်ထမ်းများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများကို ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြင်တွေ့နိုင်ပါသည်။ ထိုသို့ နိုင်ငံတော်နှင့် အခွန်ထမ်း/ပြည်သူများ၏ အကျိုးကို ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး အတွက် အခွန်အယူခံခုံအဖွဲ့နှင့် ခုံအဖွဲ့ရုံးတို့သည် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှုများ၊ ဆွေးနွေး ဖလှယ်မှုများ၊ သင်ယူမှတ်သားမှုများကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တာဝန်ရှိသူများနှင့် အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန် အစဉ်ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိနေပါကြောင်း တင်ပြလိုက်ရပါသည်။
ရည်ညွှန်းကိုးကားစာရင်း
- အခွန်အယူခံခုံအဖွဲ့သမိုင်းမှတ်တမ်း
- အခွန်အယူခံခုံအဖွဲ့ဥပဒေနှင့် အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများ
- အခွန်အယူခံခုံအဖွဲ့၏ ညွှန်ကြားချက်များ
- ဦးမြ / ဦးကျော်အေး၊ တရားမကျင့်ထုံးဥပဒေ
- အခွန်အယူခံခုံအဖွဲ့၏ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ
ခိုးစား၍ တိုးပွားခြင်းသည် တစ်ခဏ၊
ရိုးရိုးသားသား ကြိုးစားခြင်းသည် တစ်ဘဝ။
အဂတိလိုက်စားခြင်းသည် နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို မသမာသောနည်းဖြင့် ခိုးယူခြင်းပင်ဖြစ်၍ စံစားရလျှင် တစ်ခဏသာ ဖြစ်ပေလိမ့်မည်။
အဂတိလိုက်စားခြင်းနှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးက သက်ဆိုင်ရာလုပ်ငန်းစဉ်များအလိုက် အနက်အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါသည်။ ဆိုလိုရင်းများကို ပေါင်းချုပ်တင်ပြရလျှင် အဂတိ လိုက်စားမှု ဆိုသည်မှာ တရားမဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် အမှန်တရားကို မျက်ကွယ် ပြု၍ မလိုက်သင့်သည့်ဘက်ကိုလိုက်ခြင်း၊ မပြုသင့်သည်များကို အလွဲသုံးပြုလုပ်ခြင်းပင် ဖြစ်ပါသည်။
အဂတိလိုက်စားခြင်းသည် စောင့်ထိန်းအပ်သော လူ့ကျင့်ဝတ်များကို ချိုးဖောက်၍ မတရား ပြုကျင့်မှုဖြစ်သောကြောင့် စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်အဖြစ် သိမြင်ကြသော်လည်း လောကဓံတရား၏ စေစားမှုကြောင့် ဤမတရားပြုကျင့်မှုကြီးကိုပင် လက်ခံကျင့်သုံးလျက် ကိုယ်တိုင်အဂတိလိုက်စားခြင်း၊ ကိုယ့်အကျိုးစီးပွားအတွက် အဂတိလိုက်စားရန် အားပေးအားမြှောက်ပြုခြင်းတို့ဖြင့် အဂတိအမှောင်အတွင်း သက်ဆင်းကြရရှာသည်။ ဤသို့ဖြင့် အဂတိလိုက်စားမှုမှာ ရှေးပဝေသဏီမှသည် မျက်မှောက် ခေတ်ကာလဆီသို့တိုင်အောင် အမြစ်တွယ်လှိုက်စားလာခဲ့ခြင်းဖြစ်ပေသည်။
အဂတိလိုက်စားမှုသည် ကူးစက်လွယ်သောဗိုင်းရပ်စ်ပိုးသဖွယ် ပျံ့နှံ့နေသည်မှာ မှန်သော်လည်း ကုသရန်ဆေးစွမ်းများ၊ ကာကွယ်ရန်နည်းလမ်းများ မရှိသည်ကား မဟုတ်ပေ။ အဂတိလိုက်စားမှုကို ကာကွယ်တိုက်ဖျက်ရန် ကမ္ဘာ့နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းက ကိုယ့်နည်းကိုယ့်ဟန်နှင့် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများ ပေါင်းစည်း၍ လက်တွဲကြိုးပမ်းမှုများလည်းရှိပါ သည်။ ၃၁-၁၀-၂၀၀၃ ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် ၅၈/၄ အရ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCAC) ပေါ်ပေါက်လာခဲ့ပါသည်။ ကမ္ဘာတစ်ဝန်း အဂတိလိုက်စားမှုနှင့် ဆက်စပ်နေသည့် နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု တို့ကို တားဆီးကာကွယ်ရန်၊ အရေးယူအပြစ်ပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆိုပါကွန်ဗင်းရှင်းကို ကုလသမဂ္ဂက အတည်ပြုခဲ့ခြင်း ဖြစ်ပါသည်။ အဂတိလိုက်စားမှုကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ အရေးပါသော အခန်းကဏ္ဍကို မြှင့်တင် နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည့် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အဖြစ် နှစ်စဉ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံသည် ၈-၁၁-၁၉၄၈ ရက်နေ့တွင် အဂတိလိုက်စားမှု တားမြစ်ရေးအက်ဥပဒေကို ပြဋ္ဌာန်း၍ အဂတိလိုက်စားမှုကို ထိန်းချုပ်ကာကွယ်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့နိုင်ငံများက ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းအား လက်မှတ်ရေးထိုး၍ အဖွဲ့ဝင်နိုင်ငံများ အဖြစ် အသိအမှတ်မပြုမီကပင် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အစိုးရအဆက်ဆက်က ဆောင်ရွက်နေခဲ့ကြပြီ ဖြစ်ပါသည်။ ကုလသမဂ္ဂ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းပေါ်ပေါက်လာသောအခါ မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအမှတ်စဉ် (၁၆၅) အဖြစ် ၂-၁၂-၂၀၀၅ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် အတည်ပြုဝင်ရောက် ခဲ့ပါသည်။အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်နှင့် အဂတိလိုက်စားမှု ကျူးလွန်သူများကို ထိရောက်စွာ အရေးယူရန် ၇-၈-၂၀၁၃ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီး ၂၀၁၄ ခုနှစ်တွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းလျက် အဂတိလိုက်စားမှုများကိုတားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန် ရည်ရွယ်လျက် အဂတိလိုက်စားမှုများကို ဖော်ထုတ်တိုက်ဖျက်ရာတွင် ပိုမို ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန်နှင့် ပြောင်းလဲတိုးတက်နေသော ခေတ်စနစ်နှင့်အညီဖြစ်စေရန် ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုအကြိမ်ကြိမ်ပြင်ဆင်မွမ်းမံခဲ့ရာ ၂-၈-၂၀၂၃ ရက်နေ့တွင် ပဉ္စမအကြိမ် အထိ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါသည်။ ပိုမိုကျယ်ဝန်းသော အဓိပ္ပာယ်ဖွင့်ဆိုမှုများနှင့် ပိုမို တိကျ ခိုင်မာသော ပြဋ္ဌာန်းချက်များကို အခြေခံ၍ အဂတိလိုက်စားမှုများကို မျက်ခြည်မပြတ် စောင့်ကြည့်ကာ ဟန့်တား ထိန်းချုပ်လျက်ရှိကြောင်း သတိပြုနိုင်ပါသည်။ ယင်းဥပဒေအရ တံစိုးလက်ဆောင် တောင်းယူသူကို သာမက တံစိုးလက်ဆောင် ပေးသူကိုပါ ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း တွေ့ရသည်။ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း သာမက ဥပဒေကို ဖောက်ဖျက်လျက် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းဉစ္စာနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေခြင်းသည်လည်း အဂတိလိုက်စားမှုပင်ဖြစ်ကြောင်း သတ်မှတ်ပြဋ္ဌာန်းထားသည်။
နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲသောတိုးတက်မှုများရရှိစေရန် စဉ်ဆက်မပြတ်ချိတ်ဆက် လည်ပတ်နေသော စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေးယန္တရားများတွင် အဂတိလိုက်စားမှုများ ကြားညှပ်ပါဝင်လာခြင်းသည် နိုင်ငံတော်ကို သာမက အများပြည်သူတို့၏ လူမှုစီးပွားရေး အခြေအနေ များကိုပါ များစွာထိခိုက်နစ်နာစေပါသည်။ ထို့အပြင် နိုင်ငံတကာနှင့် ချိတ်ဆက် ဆောင်ရွက်နေရသော စီးပွားရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ပျက်စီးဆုံးရှုံးစေနိုင်သည်။ အဂတိလိုက်စားမှုသည် နိုင်ငံတော်၏မျက်နှာကို အိုးမဲသုတ်ရုံသာမက အက်ဆစ်နှင့်လောင်းပက်မည့် ရန်သူသဖွယ် ဖြစ်လာနိုင် ပါသည်။ ယင်းအန္တရာယ် ရန်စွယ်ကို အမြစ်ပြတ် ချေမှုန်း သုတ်သင်နိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသား တို့၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို ပိုမိုမြင့်မားစေနိုင်မည်ဖြစ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “လူမှုအဖွဲ့အစည်းအတွင်း အဂတိလိုက်စားမှုကိုလက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့်ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာ စေရန်အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင် မှသာ မိမိလုပ်ငန်းခွင်၊ မိမိနေထိုင်ရာလူမှုပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှုနှင့် အဂတိကင်းစင်သောလူမှုအသိုက်အဝန်းတစ်ခုတည်ဆောက်နိုင်မည်။”ဟု ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် လမ်းညွှန် မိန့်ကြားခဲ့ပါသည်။ အဂတိလိုက်စားမှု ကင်းစင်သောနိုင်ငံတော်တစ်ရပ်ဖြစ်စေရေးအတွက်တာဝန်ရှိပုဂ္ဂိုလ်များနှင့်ပြည်သူလူထုတစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းခဲ့ခြင်း ဖြစ်ပါသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က “မြန်မာ နိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ “အဂတိပယ်ခွာ ပြည်သာယာ”ဆိုသော ဆောင်ပုဒ် နှင့်အညီ နိုင်ငံတော်ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်စေရေးအတွက် တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုအားလုံးက အဂတိလိုက်စားမှု အကျင့်ဆိုးကို လုံးဝလက်မခံ ဝိုင်းဝန်း တိုက်ဖျက်သည့် မူဝါဒ Zero Tolerance Policy ချမှတ်ပြီး အဂတိကင်းစင်သည့် လူဘောင်ကို အတူတကွ ထူထောင် ကြပါစို့” ဟု ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် နှိုးဆော်မိန့်ကြားခဲ့ပါသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှု အသိုက်အဝန်းကို ထူထောင်နိုင်သည်အထိ အောင်မြင်အောင် စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရာတွင် နိုင်ငံတော်အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများသည် အဓိကအရေးပါသောအခန်းကဏ္ဍများတွင် ပါဝင်နေသည်။ နိုင်ငံတော်အစိုးရက ချမှတ်သော မူဝါဒ၊ ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရသော နိုင်ငံ့ဝန်ထမ်းများသည် စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရားများ ခိုင်မာ ကောင်းမွန်ရန် လိုအပ်သည်။ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆိုရိုးစကား ဆောင်ပုဒ်သည် နိုင်ငံတော်အတွက် ရိုးသားကြိုးစား၍ ဖြောင့်မတ်တည်ကြည်သော ဝန်ထမ်းကောင်းများ လိုအပ်ခြင်းကို ညွှန်ပြနေသည်။ ထိုဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန် စီမံခန့်ခွဲအုပ်ချုပ်သူ ခေါင်းဆောင်များတွင် တာဝန်ရှိသည်။ ဘက်လိုက်မှု၊ ခွဲခြားဆက်ဆံမှု၊ အငြိုးတရားဖြင့် မုန်းတီးမှုတို့ ကင်းရှင်းပြီး သမာသမတ်ကျကျ၊ အဂတိ တရားကင်းကင်းဖြင့် လူမှန်နေရာမှန် စနစ်တကျ ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲပေးရန် လိုအပ်ပါသည်။ သို့မှသာ သာယာပျော်ရွှင်ဖွယ်ရာအတိဖြစ်သော လုပ်ငန်းခွင်အတွင်း အပြန်အလှန်ယုံကြည်လေးစားမှုအပြည့်ဖြင့် အူမ မတောင့်သော်လည်း သီလစောင့်နိုင်သော ဝန်ထမ်းကောင်းများအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ ရပ်တည်နိုင်ကြပေလိမ့်မည်။
ထိုကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ ဖြောင့်မတ်တည်ကြည်မှုရှိစေရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းပါဝင်လာစေရေးနှင့် ထုတ်ပြန်ထားသည့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်များကို လိုက်နာမှုရှိ စေရေးတို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က “ပြည်သူ့ ဝန်ထမ်းများနဲ့ နိုင်ငံ့ဝန်ထမ်းများဟာ နိုင်ငံတော်အစိုးရနဲ့ ပြည်သူများအကြား ပေါင်းကူးတံတားများ သဖွယ် ဆက်သွယ်ဆက်ဆံပြီး ယုံကြည်မှု တည်ဆောက်ပေးရသူများ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို ပုံဖော်ရာမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များသည် အရေးပါသလို ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများရဲ့ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုနဲ့ ကျင့်ဝတ် စောင့်ထိန်းမှုတွေကနေ လမ်းချော် လွဲမှားသွားစေတဲ့ အဓိက အချက်ကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ ကျင့်ဝတ်များနဲ့အညီ လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ပြည်သူများရဲ့ ယုံကြည်မှုကိုရရှိပြီး ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။” ဟု ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အလေးအနက် လမ်းညွှန်မိန့်ကြားခဲ့ပါသည်။
အဂတိလိုက်စားမှုသည် စီးပွားရေးကဏ္ဍများတွင်လည်း မွှေနှောက် နေရာယူတတ်သည်ကို သတိပြုအပ်ပေသည်။ ဝိသမလောဘသမားနှင့် အဂတိလိုက်စားသူများကြောင့် တရားမဝင် ကုန်သွယ် မှုများ အင်အားကြီးမားစွာပေါ်ပေါက်လာလျှင် တရားဝင်ကုန်သွယ်ရေးလုပ်ငန်းများ လျော့နည်းလာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးစွာသော အဟန့်အတားကို ဖြစ်ပေါ်စေလိမ့်မည်။ နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားကျဆင်းယုတ်လျော့သည်နှင့် ၎င်းနှင့်ဆက်နွယ်နေသောလူမှုရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးကဏ္ဍများကို ထိခိုက်စေကာ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမည်ဖြစ်ပေသည်။ သာဓက အားဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများတွင် လုပ်ငန်းတင်ဒါခေါ်ယူရာ၌ အဂတိလိုက်စားမှုဖြင့် တင်ဒါကို တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့တစ်ခုကဖြစ်စေ လက်ဝါးကြီးအုပ် ရယူလုပ်ကိုင်ခြင်းများ ဖြစ်ပေါ်လာပါက နိုင်ငံတော်က ဌာနအတွက် ခွင့်ပြုပေးလိုက်သော ငွေပမာဏနှင့် မလျော်ညီသည့်အရည်အသွေးနိမ့်ကျသည့် လုပ်ငန်းကိုသာ ဌာနအတွက်ရရှိခြင်းမျိုးဖြစ်ပေလိမ့်မည်။ အဂတိတရား ကင်းစင်မှသာ မှန်ကန်မျှတသော ယှဉ်ပြိုင်မှု၊ ပွင့်လင်းမြင်သာသော တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ဖွံ့ဖြိုး တိုးတက်လာပြီး ထိုက်တန်ကောင်းမွန်သော ရလဒ်ကောင်းများ ပေါ်ထွက်လာမည်ဖြစ်ပေသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပသည့် (၉) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက “အဂတိ လိုက်စားမှုသည် မျှတစွာ ယှဉ်ပြိုင်နိုင်သည့် ဈေးကွက်စီးပွားရေးစနစ်၏ အဓိကပြဿနာတစ်ရပ်ဖြစ်ကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် စွန့်ဦး တီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝအကာအကွယ်ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းပေါ်ပေါက်လာစေရန်ရည်ရွယ်၍ မဟာဗျူဟာစီမံချက်များ ချမှတ်ဆောင်ရွက်နေကြောင်း” ဆွေးနွေးပြောကြားခဲ့သည်ကို တွေ့ရှိရပါသည်။
သို့ဖြစ်၍ ဌာနဆိုင်ရာများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units) ဖွဲ့စည်းလျက် အဂတိလိုက်စားမှုပြဿနာများ မဖြစ်ပေါ်စေရေးအတွက် အဂတိ လိုက်စားမှုဖြစ်နိုင်ခြေရှိသော နယ်ပယ်များကို ဆန်းစစ်လေ့လာသုံးသပ်၍ အသိပညာပေးခြင်း၊ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းလမ်းညွှန်များ ရေးဆွဲခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် တားဆီးကာကွယ်ခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်း စသည့် ဌာနအလိုက် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ် Corruption Risk Assessment (CRA) တို့ကို ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ပိုမိုကောင်းမွန်သော အစီအမံများ စဉ်ဆက်မပြတ် ချမှတ်၍ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ လုပ်ငန်းဆောင်တာများဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ မိမိဌာနတွင်းတွင် သာမက ပြည်သူများနှင့် သက်ဆိုင်သော၊ ပြည်သူများ သိသင့်သိထိုက်သော ကိစ္စရပ် များကို ပွင့်လင်းမြင်သာစွာ ဖော်ထုတ်တင်ပြလျက် ပြည်သူတို့၏အသံကို အလေးဂရုပြု နားထောင် ရမည်ဖြစ်ပါသည်။ အများပြည်သူနှင့် တိုက်ရိုက် ဆက်ဆံရသော ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေးကဏ္ဍများတွင် အဂတိလိုက်စားမှု ကင်းစင်လျက် ပြည်သူများထံ ကောင်းမွန်သော ဝန်ဆောင် မှုများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ ယုံကြည်လေးစားအားထားမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို အပြည့်အဝရရှိပြီး တိုင်းပြည်သာယာဝပြောရေးတွင် တက်ညီလက်ညီဆောင်ရွက်နိုင် ကြမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုသည် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ခြိမ်းခြောက်လျက်ရှိနေသည်။ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူ ဆောင်ရွက် ရသော တရားစွဲအဖွဲ့အစည်းများနှင့် တရားစီရင်ရေးအဖွဲ့အစည်းများသည် မိမိတို့၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းလျက် ပြည်သူကိုမျက်နှာမူ၍ တရားမျှတစွာ ဆောင်ရွက် ကြရန်လိုသည်။ ဥပဒေနှင့်အညီ သမာသမတ်ကျကျ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေ စိုးမိုးရေး ပိုမို အားကောင်းလာစေရန် ကြိုးပမ်းဆောင်ရွက်သင့်သည်။ ချိန်ခွင်လျှာ ဘယ်ညာ မတိမ်းစေရန် ကိုင်ထား သောလက်များ တည်ငြိမ်ခိုင်မြဲနေရပေမည်။ စိတ်မနောကို ဖြူစင်ဖြောင့်မတ်အောင်ထိန်း၍ မှန်ကန် မျှတစွာ ရှုမြင်ဆင်ခြင်နိုင်ရန်လိုသည်။ ထိုသို့မဟုတ်ဘဲ ငွေကြေး၊ တံစိုးလက်ဆောင်၏ စေခိုင်းကြိုးဆွဲ ရာသို့ လိုက်ပါမည်ဆိုပါက “ငွေများ တရားနိုင်” ဟူသော ဆိုစကားများ ပျောက်ကွယ်ပြီ ဆိုသော်လည်း “ငွေမရှိ တရားရှုံး” ဟူသော ပြည်သူများ၏ ညည်းတွားသံများ ပေါ်ထွက်ပျံ့နှံ့လာဦးမည်ဖြစ်ပေသည်။
အဂတိလိုက်စားသူများအနေဖြင့် အဂတိလိုက်စားမှုကြောင့် ရရှိလာသော ငွေကြေးဥစ္စာ များကြောင့် တဒင်္ဂကြွယ်ဝလာပြီဟု ထင်မှတ်ရသော်လည်း အဂတိလိုက်စားမှုဖြင့် ရရှိလာသော ငွေကြေးနှင့် ပစ္စည်းဥစ္စာများဖြစ်ကြောင်း သက်သေထင်ရှား ပေါ်ပေါက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည်ယင်းငွေကြေးနှင့်ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသည့် အမိန့်ချမှတ်မည်ဖြစ်၍ တဒင်္ဂသာယာကြည်နူးခဲ့ရသော ငွေကြေး၊ပစ္စည်းတို့သည် အဂတိကျူးလွန်သူ၏ ဂုဏ်သိက္ခာနှင့်အတူ ပျက်စီးဆုံးရှုံးကြရမည်သာ ဖြစ်ပေသည်။ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာ လာခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာ တိုင်ကြားနိုင်သည့် နည်းလမ်းများကို နိုင်ငံပိုင် သတင်းစာများတွင်လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ Website နှင့် Facebook Page များတွင်လည်းကောင်း ဖော်ပြထားသဖြင့် အဂတိလိုက်စားသူများ၏ နယ်ပယ်သည် ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာပြီကို သတိပြုသင့်လှပေသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးတို့ကို မဟာဗျူဟာစီမံချက် ရေးဆွဲချမှတ် ဆောင်ရွက်ရာတွင် နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသည့် ကျောင်းသားကျောင်းသူများအတွင်း အသိပညာပေးရေး နည်းလမ်းကို ပိုမို ကျယ်ပြန့်စွာ ဦးတည် ဆောင်ရွက်သင့်ပါသည်။ အဂတိလိုက်စားမှုသည် လူ့အသိုင်းအဝိုင်းက လက်မခံသည့် ရွံရှာစက်ဆုပ်ဖွယ်၊ ရှက်ရွံကြောက်မက်ဖွယ်ရာ အကျင့်စာရိတ္တ ပျက်ယွင်းမှုကြီး ဖြစ်ကြောင်း ငယ်ရွယ်နုနယ်သော ကလေးငယ်များ၏ နှလုံးသားတွင် စွဲမြဲမှတ်ထင်နေပါက နိုင်ငံ့ တာဝန်ကို ပခုံးပြောင်း တာဝန်ယူမည့် မျိုးဆက်တစ်ခုတွင် အဂတိလိုက်စားမှုသည် ပပျောက်သွားမည်ဟု ယုံကြည်မိပါသည်။ ငယ်စဉ်က ဖတ်ရှုသင်ကြားခဲ့ဖူးသော တံခါးမှူးဒတ္ထအကြောင်းသည် ကြီးပြင်းလာသည့်တိုင် ရင်ထဲတွင် ကျန်ရစ်နေဆဲဖြစ်သည့် သာဓကကို ထောက်ရှုသင့်ပါသည်။
ထို့အပြင် ဥပဒေကို ပြည်သူများက နားလည်သိရှိလာစေရန် ဥပဒေပညာဗဟုသုတများ ပြန့်ပွား စေရေးနှင့် တရားမျှတမှုကို ပြည်သူများ လက်လှမ်းမီစေရန် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အခါအားလျော်စွာအသိပညာပေးရေးလုပ်ငန်းကို ထပ်မံအားဖြည့်ဆောင်ရွက် သင့်ပါသည်။ အဂတိလိုက်စားမှုသည် လူမှုဘဝ ရှင်သန်ဖွံ့ဖြိုးခြင်းအတွက် နတ်ဆိုးတစ်ပါးပင်ဖြစ်ပြီး လူတော်လူကောင်းတို့ကို သွေးဆောင်သိမ်းသွင်း၍ လူညံ့လူဆိုးများ ဖြစ်စေသည်။ အရည်အသွေး၊ စွမ်းရည်ကောင်းများကို အတ္တမှိုင်းတိုက်၍ အဆိပ်အတောက်များအဖြစ်ပြောင်းလဲပစ်သည်။ယင်းအဂတိ နတ်ဆိုးကို ကြံ့ခိုင်သော ကိုယ်ကျင့်သိက္ခာ၊ စာရိတ္တလက်နက်ဖြင့် နှိမ်နင်းမှသာ အောင်မြင်ရာသည်။ အသိဉာဏ်နှင့်ယှဉ်သော ကိုယ်ကျင့်တရားများ လူတိုင်းထားရှိ ထိန်းသိမ်းကြရန် နှိုးဆော် အသိပညာ ပေးခြင်းသည် အဂတိနတ်ဆိုး၏ အရှိန်တန်ခိုးကို ဖျက်ချိုးကာကွယ်ခြင်းပင် ဖြစ်ပေသည်။
အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေးအဖွဲ့ (TI) က ၃၀-၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံများ၏ အဂတိလိုက်စားမှု အညွှန်းကိန်း (Corruption Perceptions Index, CPI 2023) ၌ နိုင်ငံပေါင်း ၁၈၀ နိုင်ငံအနက် ဒိန်းမတ်နိုင်ငံသည် ရမှတ် ၉၀ ဖြင့် အဆင့် ၁ ရရှိခဲ့ပြီး ဆိုမာလီယာနိုင်ငံသည် ရမှတ် ၁၁ ဖြင့် အဆင့် ၁၈၀ ရရှိခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရမှတ် ၂၀ ဖြင့် အဆင့် ၁၆၂ နေရာတွင် တည်ရှိနေပါသည်။ TI အညွှန်းကိန်းပါ ရမှတ်များအရ ရမှတ် “၁၀၀” အပြည့် ရရှိသည့်နိုင်ငံများ မတွေ့ရှိရသဖြင့် ကမ္ဘာ့နိုင်ငံများတွင် “အဂတိလိုက်စားမှု လုံးဝကင်းစင်သည့်နိုင်ငံ” ဟူ၍ မရှိသေးကြောင်း လေ့လာတွေ့ရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ညွှန်းကိန်းရမှတ်များ တိုးတက်ကောင်းမွန်လာပြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ရန် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းရပေဦးမည်။
အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံး အတူတကွ တက်ညီလက်ညီ ပူးပေါင်းပါဝင်မှုဖြင့် အဂတိကင်းစင်သည့် လူမှုအသိုက်အဝန်း ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာနိုင်ပါစေကြောင်းနှင့် အဂတိပယ်ခွာခြင်းဖြင့် ချမ်းမြေ့သာယာသော “ပြည်မြန်မာ” အဖြစ် ကမ္ဘာ့အလယ်တွင် ခံ့ထည်စွာ ရပ်တည်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် (၂၁) ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
ရည်ညွှန်းကိုးကားစာရင်း -
(၁) ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း(United Nations Convention Against Corruption – UNCAC)
(၃) https://www.transparency.org/en/cpi/2023
(၄) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
(၅) နိုင်ငံပိုင်သတင်းစာများ
တရုတ်သမ္မတရှီကျင့်ဖျင်သည် ယခုနှစ် နိုဝင်ဘာလ ၁၅ ရက်က ပီရူးနိုင်ငံသို့ သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်တွင် ပီရူးနိုင်ငံရှိ တရုတ်အစိုးရပိုင် သင်္ဘောကုမ္ပဏီ Cosco က ပိုင်ဆိုင်သည့် ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးရှိ ဧရာမဆိပ်ကမ်းတစ်ခုကို ခမ်းနား ထည်ဝါစွာ ဖွင့်လှစ်ပေးခဲ့သည်။ ထိုအချက်က ရှန်ဟိုင်းနှင့်ပီရူးအကြား တိုက်ရိုက် ပင်လယ် ရေကြောင်းလမ်းသစ်တစ်ခု ဖော်ဆောင်လိုက်ခြင်းဖြစ်သည်။
အမှန်တကယ်တွင် တရုတ်သည် ကိုယ်ပိုင်စီးပွားရေး တိုးတက်မှုနှေးကွေးနေသည် ကို ဘေဂျင်းအစိုးရ ကောင်းစွာသိနေသည်။ ထိုကိစ္စကို ပြန်လည်မြှင့်တင်ရန် ဘေဂျင်း အစိုးရအနေဖြင့် ပြည်ပနိုင်ငံများ၏ လိုအပ်ချက်များကို အာရုံစိုက်နေသည်မှာလည်း ကြာလှပြီဖြစ်သည်။ ၎င်းအတွက် လက်တင်အမေရိကသည် ကျယ်ပြန့်စွာ မထိုးဖောက် ရသေးသည့် ကမ္ဘာ့အစိတ်အပိုင်းနေရာတစ်ခုလည်း ဖြစ်နေသည်။ အနောက်ကမ္ဘာခြမ်းတွင် တရုတ်အနေဖြင့် လိုအပ်နေသည့် ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးထွက်ကုန်များ၊ သတ္တု ဓာတ်များ ပေါကြွယ်ဝကြောင်း သိရှိထားသည်မှာ ကြာလှပါပြီ။
Belt and Road ၏ ပဏာမခြေလှမ်းတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ ကမ္ဘာလုံး ဆိုင်ရာအခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာအရ ပီရူးဆိပ်ကမ်းသည် လက်တင်အမေရိကမှ တရုတ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ချိန်ကို ၂၃ ရက်အထိ အချိန် လျှော့ချနိုင်မည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကိုလည်း အနည်းဆုံး၂၀ ရာခိုင်နှုန်း လျှော့ချနိုင်မည်ဟု တွက်ဆထားပါသည်။ ချန်ကေဆိပ်ကမ်း တည်ဆောက်ပြီးစီးမှုက အာရှနှင့် လက်တင်အမေရိကအကြား သင်္ဘောလမ်းကြောင်းများကို ချိတ်ဆက်ပေး နိုင်သည့် ဂိတ်ပေါက်တစ်ခုဖြစ်လာတော့မည်ဖြစ်သည်။ ထိုအချက်ကြောင့် ပီရူးသည် လက်တင်အမေရိက၌ တရုတ်၏ကုန်သွယ်ရေးမိတ်ဖက်ဖြစ်လာမှု အခန်းကဏ္ဍကိုလည်း တိုးတက်ခိုင်မာလာစေမည် ဖြစ်သည်။
ချန်ကေဆိပ်ကမ်းက လက်တင်အမေရိက၏ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းတွင် ပြိုင်ပွဲတစ်ခုဖြစ်လာဖွယ်ရှိနေပါသည်။ တရုတ်အနေဖြင့် ၎င်းတို့၏စီးပွားရေးသည် လက်ရှိတွင် အမေရိကန်နှင့် ဥရောပတို့တွင် စုစည်းနေသဖြင့် တောင်အမေရိကသို့ ထိုးဖောက်ဝင်ရောက် နိုင်ရေး တံခါးဖွင့်ရန် ကြိုးစားလာကြခြင်းဖြစ်သည်။
ယခုဖွင့်လှစ်လိုက်သည့် ချန်ကေဆိပ်ကမ်းက ဝန်ဆောင်မှုပေးနိုင်မည့်နိုင်ငံများတွင် ဘရာဇီးနိုင်ငံလည်း ပါဝင်နေပေသည်။ ဘရာဇီးက တရုတ်ကုန်ထုတ်များကို အများအပြား ဝယ်ယူသည့်နိုင်ငံဖြစ်ပြီး ၎င်းတို့၏လယ်ယာထွက်ကုန်နှင့် သံရိုင်းသံထည်များကို ထိပ်တန်း တင်ပို့ပေးနေသည့်နိုင်ငံလည်းဖြစ်ပေသည်။ ဆိပ်ကမ်းသစ်ဖွင့်လှစ်ခြင်း၏ အကျိုးကျေးဇူးကို ဒေသအနှံ့အပြားက စိတ်ဝင်စားနေကြပါသည်။ ပီးရူး၏ပစိဖိတ်ကမ်းရိုးတန်းနှင့် ဘရာဇီး၏ အတ္တလန္တိတ်ကမ်းရိုးတန်းကြားရှိ ရထားလမ်းချိတ်ဆက်မည့် ဇီဝသမုဒ္ဒရာစင်္ကြံ တည်ဆောက်မှုနှင့်ပတ်သက်၍ ကာလကြာရှည်ဆွေးနွေးမှုများကို ပြန်လည်စတင်နေကြပြီ ဖြစ်သည်။
သမ္မတရှီကျင့်ဖျင်အနေဖြင့် ချန်ကေဆိပ်ကမ်းဖွင့်လှစ်ရန် ပီးရူးသို့ သွားရောက်ခြင်းမှာ ၎င်းတာဝန်ယူသည့်သက်တမ်းတွင် ဒုတိယအကြိမ်ဖြစ်ပါသည်။ သွားရောက်ရသည့် ရည်ရွယ်ချက်သည် နိုဝင်ဘာလလယ်တွင် ဘရာဇီးတွင် ကျင်းပပြုလုပ်မည့် G 20 အစည်းအဝေးပွဲ မတိုင်ခင် ကျင်းပသည့် အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ခေါင်းဆောင်များအစည်းအဝေး တက်ရောက်ရန်ဖြစ်သည်။ တရုတ်သမ္မတ၏ လက်တင် အမေရိကခရီးစဉ်က ပီရူးနှင့်ဘရာဇီးကြား စီးပွားရေးဆက်ဆံမှုပိုမိုအားကောင်းလာချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ပီရူးနှင့်ဘရားဇီးနှစ်နိုင်ငံတို့နှင့် ကုန်သွယ်မှုချဲ့ထွင်လာခဲ့သည်ဟု ဘေဂျင်း သတင်းအရင်းအမြစ်များက ပြောကြားထားပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် များမှတစ်ဆင့် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံ အနည်းဆုံး ၂၂ နိုင်ငံနှင့်အတူ Belt and Road ပဏာမခြေလှမ်းကို လက်မှတ်ရေးထိုးထားပြီးလည်းဖြစ်သည်။ ထိုနိုင်ငံ များထဲတွင် ပီရူးသည် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ ဖြစ်သည်။
ဘရာဇီးသည် BRI တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း တရုတ် နိုင်ငံနှင့်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် ပို့ကုန်အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာသည်မှာ ဆယ်စုနှစ်တစ်ခုကျော်လာပြီ ဖြစ်ပေသည်။ ဘရာဇီးသည် လက်တင်အမေရိကတွင် တရုတ်၏ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံ ဖြစ်ပါသည်။
Global South ဟု အမည်ခေါ်ကြသည့် လက်တင်အမေရိကတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံရှိပါသည်။ တရုတ်အနေဖြင့် ၎င်းတို့နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ရန် အားသန်နေပါသည်။ တရုတ်အနေဖြင့် ယင်းဒေသတွင် ကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်လာသကဲ့သို့ ယဉ်ကျေးမှုဖလှယ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး စသည့်နယ်ပယ်များကို မဟာဗျူဟာကျကျ ပိုမိုလုပ်ဆောင် လာကြပါသည်။ တရုတ်၏ရေရှည်မဟာရည်မှန်းချက်သည် လက်တင်အမေရိကတွင် အမေရိကန်ကို အစားထိုးရန် ဖြစ်ပါသည်။
ပီရူးနိုင်ငံတွင် ဧရာမရေကြောင်းဂိတ်တစ်ခုဖြစ်သည့် ချန်ကေဆိပ်ကမ်းနှင့်အတူ အခြားအခြေခံအဆောက်အအုံများ တည်ဆောက်လိုက်ခြင်းက တရုတ်၏ အခန်းကဏ္ဍ တိုးမြှင့်လာမှုဖြစ်ကြောင်း အမေရိကန်က စိုးရိမ်စဝင်လာကြပါသည်။ ချန်ကေဆိပ်ကမ်းကို တရုတ်၏ရေတပ်က အသုံးပြုလာနိုင်ကြောင်းကိုလည်း အမေရိကန်ရေတပ်အရာရှိများက ပြောဆိုနေကြသည်။
ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အနီးကပ်အကြံပေးတစ်ဦး ကလည်း ယခုဖွင့်လှစ်လိုက်သည့် ချန်ကေဆိပ်ကမ်းသစ်နှင့် အခြားတရုတ်ပိုင် သို့မဟုတ် တရုတ်ထိန်းချုပ်ထားသော ဆိပ်ကမ်းကတစ်ဆင့် ဖြတ်သန်းလာသည့် ကုန်ပစ္စည်းများ အပေါ် ၆၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံရန် အဆိုပြုထားပါသည်။ လက်ရှိအချိန် တွင်လည်း ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က ၎င်းတာဝန်ယူချိန်တွင် အခွန်စည်း ကြပ်မည့်ခြိမ်းခြောက်မှုစကားကို မကြာခဏဆိုသလို ပြောဆိုနေပါသည်။ အမေရိကန်သည် တရုတ်ကို ပစ်မှတ်ထားသော်လည်း ယင်း၏အနားက အိမ်နီးချင်းများအပေါ် တရုတ်က လွှမ်းမိုးလာနိုင်သည်ကို တွက်ဆထားပုံရပါသည်။ အမေရိကန်သည် အိမ်နီးချင်း ကနေဒါ၊ မက္ကဆီကိုတို့နှင့် ထရန့်လက်ထက်တွင် မည်သို့ဖြစ်လာနိုင်မည်နည်း ဆိုသည့်အချက်ကို တရုတ်က စိတ်ဝင်စားနေပါသည်။
အမှန်တကယ်တွင် လက်တင်အမေရိက၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလက်ခံလာခြင်းမှာ ဒေသတွင်းနိုင်ငံများအတွက် ထူးဆန်းသည့်ကိစ္စတစ်ခု မဟုတ်တော့ပါ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ့နံပါတ်တစ် မဟာအင်အားနိုင်ငံအဖြစ် ခံယူထားသည့် အမေရိကန်သည် ယင်း၏အိမ်နီးချင်းနိုင်ငံများအပေါ် မဟာဗျူဟာမြောက်စွာ လျစ်လျူရှု ထားသည်မှာ ကြာမြင့်နေပါပြီ။ ထိုအားနည်းချက်သည် အမေရိကန်၏ စီးပွားရေး ထိုးနှက် လာမည့်ကာလတွင် တရုတ်နိုင်ငံက အိမ်နီးချင်းစီးပွားရေးဂိတ်များဖြင့် ပြန်လည်တုံ့ပြန်ရန် ကြိုတင်ပြင်ဆင်နေသည်မှာ နှစ်အတော်တန်ကြာခဲ့ပြီဖြစ်သည်။
အမေရိကန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများအပေါ် လျစ်လျူရှုထားခြင်းကြောင့် တစ်ချိန်ချိန်တွင် ကြုံတွေ့လာနိုင်သည့်အနေအထားကိုလည်း လက်ခံရမည်ဖြစ်ကြောင်း ၎င်းအနေဖြင့်လည်း တာဝန်ယူသင့်ကြောင်း ကျွမ်းကျင်သူများက မကြာခဏဆိုသလို ပြောကြားဖူးပါသည်။ ပြောပြဆဲလည်း ဖြစ်ပါသည်။ ထိုကိစ္စက အမျိုးသားလုံခြုံရေးပြဿနာ တစ်ခုမဟုတ်သော်လည်း စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အမှားတစ်ခုဖြစ်နေပါသည်။ အမေရိကန်က လက်တင်အမေရိကကို ကာလရှည်ကြာ လျစ်လျူရှုထားခြင်းသည် မကြာမီတွင် နောက်ဆုံးအချိန် ဖြစ်လာမလား စောင့်ကြည့်နေမိတော့သည်။
Ref: Dylan Butts/ china is doubling down on Latin America ties to bolster influence and trade, experts say (CNBC)
အကြမ်းဖက်မှုဆိုသည်ကို အဓိပ္ပာယ်ဖွင့်ရာ၌ အမျိုးသမီး(gender)အပေါ် အခြေခံပြီး လူတစ်ယောက်ပေါ်တွင် အနိုင့်အထက်ပြုကျင့်ခြင်း သို့မဟုတ် အကြမ်းဖက်သည့် လုပ်ရပ်များဖြစ်ခြင်းဟု ဆိုထားပါသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည်မှာ အများပြည်သူနေရာတွင်ဖြစ်စေ၊ ပုဂ္ဂလိက သီးသန့်အခြေအနေတွင်ဖြစ်စေ အမျိုးသမီးများအပေါ် အနိုင့်အထက်ပြုခြင်း သို့မဟုတ် လွတ်လပ်ခွင့်အားငြင်းဆန်ပြီး တစ်ဖက်သတ်ပြုမူခြင်း စသည့်ခြိမ်းခြောက်မှုများ အပါအဝင် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေမည့် သို့မဟုတ် ထိုသို့ထိခိုက်နစ်နာဖွယ်ရှိသည့် ကျား၊ မ ရေးရာကို အခြေခံသော အကြမ်းဖက်သည့် အပြုအမူတစ်ရပ်ကို ဆိုလိုကြောင်း ၁၉၉၃ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်း (DEVAW) ၏ အပိုဒ် ၁ တွင် ဖော်ပြထားပါသည်။
သို့ဖြစ်၍ အမျိုးသမီးများအား အကြမ်းဖက်မှုဟူသည့် ဝေါဟာရ၏ နောက်ကွယ်တွင် ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု၊ နှုတ်အားဖြင့် စော်ကားမှုနှစ်ခုစလုံး အကျုံးဝင်သည်။ အကြမ်းဖက်ခံရသူသည် အနိုင်ကျင့်ခံရခြင်းနှင့် အတင်းအကျပ်ထိန်းချုပ်ခြင်းများကိုလည်း လိုက်ပါခံစားလာရသည်။
အကြမ်းဖက်ခံရမှု အမျိုးအစား
ကမ္ဘာတစ်ဝန်း အကြမ်းဖက်ခံရမှုများကို အမျိုးအစားခွဲခြားကြည့် မည်ဆိုလျှင် အကြမ်းဖက်ခံရနိုင်ခြေ ငါးမျိုးရှိသည်။ ၎င်းတို့မှာ -
• ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Physical Abuse)
• လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Sexual Abuse)
• ငွေကြေးပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Financial Abuse)
• စိတ်ခံစားမှုပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း (Emotional Abuse)
• ခံယူချက်အတွေးအခေါ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း
(Psychological Abuse) တို့ ဖြစ်ကြသည်။
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွင် အမျိုးသမီးများသည် သဘာဝအရ ကျား၊ မ (gender) ဆိုင်ရာ အားနွဲ့သူများဖြစ်သည့်အလျောက် ရိုက်နှက်ခံရခြင်း၊ ကန်ကျောက်ခံရခြင်း၊ ထိုးနှက်ခံရခြင်း၊ အန္တရာယ်ရှိ စေသည့် ပစ္စည်းများဖြင့် ခန္ဓာကိုယ်တွင်အနာတရဖြစ်အောင် လုပ်ဆောင်ခံရခြင်း (ဥပမာ ဆေးလိပ်မီးနှင့်တို့ခြင်း၊ ဓားလက်နက်၊ အက်စစ်ခေါ် ငရဲမီး စသည်) များပြုလုပ်ခံရသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေးနေ့
နိုဝင်ဘာ ၂၅ ရက်သည် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေးနေ့” ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးအချို့ အကြမ်းဖက်ခံနေရမှုကို ဂရုပြုစေလိုသဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ပေးခြင်းဖြစ်သည်။ ထိုနေ့မှသည် လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ ၁၀ ရက်ထိတိုင်အောင် ၁၆ ရက်ကြာ တက်ကြွလှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်အဆုံးသတ်ရေး လှုပ်ရှားဆောင်ရွက်မှုများကို မီးမောင်းထိုးပေးမည့် အခါသမယလည်း ဖြစ်ပါသည်။ အကြမ်းဖက်မှု ဆန့်ကျင်ရေး၏ သင်္ကေတအဖြစ်အသုံးပြုသည့် ဖဲကြိုးဖြူကိုအကြောင်းပြု၍ အဆိုပါနေ့ရက်ကို “ဖဲကြိုးဖြူနေ့” ဟုလည်း ခေါ်ဆိုကြကြောင်း လေ့လာသိရသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ ၁၆ ရက်တာ လှုပ်ရှားမှုကို ၁၉၉၁ ခုနှစ်ကစပြီး နှစ်ပေါင်း ၃၁ နှစ်တိုင် လုပ်ဆောင်လျက်ရှိနေပါသည်။
ကုလသမဂ္ဂ၏ သုံးသပ်ချက်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး သန်းပေါင်းများစွာသော အမျိုးသမီးများ၏ လူမှုစီးပွားဘဝနှင့်ပညာရေးကိုထိခိုက်စေပါသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးသုံးဦးတွင် တစ်ဦး (၃၀ ရာခိုင်နှုန်းခန့်)သည် ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာရင်းနှီးဖော်ရွေမှု သို့မဟုတ် လက်တွဲဖော်မဟုတ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို တစ်သက်တာလုံး ခံစားနေကြရကြောင်း၊ အကြမ်းဖက်မှုအများစုသည် ရင်းနှီးဖော်ရွေသူ၏ အကြမ်းဖက်မှုဖြစ် ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိအသက် ၁၅ နှစ်မှ ၄၉ နှစ်ကြားရှိ အမျိုးသမီးများ၏ သုံးပုံတစ်ပုံ (၂၇ ရာခိုင်နှုန်းနီးပါး)သည် ၎င်းတို့၏ ရင်းနှီးသောအဖော်ထံမှ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုများကို တွေ့ကြုံခံစားခဲ့ရကြောင်း ဆိုထားသည်။
ပျမ်းမျှအမျိုးသမီးသုံးဦးလျှင် တစ်ဦးနှုန်းသည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှုကို ကြုံတွေ့ခံစားနေရပြီး အချို့ကိစ္စများတွင် သေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သည်။ လူကုန်ကူးခံရသူ အားလုံး၏ ၇၁ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့်မိန်းကလေး များဖြစ်ပြီး ယင်းတို့အနက် သုံးဦးမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း ကို ခံနေကြရသည်။ ၂၀၂၁ ခုနှစ်အတွင်း အသက် ၂၀ မှ ၂၄ နှစ်ကြား အမျိုးသမီးငါးဦးတွင် တစ်ဦးနီးပါးသည် ၁၈ နှစ် မပြည့်မီ လက်ထပ် ခဲ့ကြရသည်။ ဤသည်တို့မှာ အမျိုးသမီးများအား အကြမ်းဖက်မှုအပေါ် လူ့အသိုင်းအဝိုင်းမှ ကာလကြာရှည် မျက်ကွယ်ပြုနေမှု၊ နှုတ်ဆိတ်နေမှု၊ ကဲ့ရဲ့ပြစ်တင်မှုတို့ကြောင့် ကမ္ဘာ့ကပ်ဘေးတစ်ခုအဖြစ် တည်မြဲနေခြင်း ဖြစ်သည်။
အမျိုးသမီးများအတွက် ကာကွယ်ဝန်ဆောင်မှု
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုခံရခြင်းမှ လျော့ပါးစေရေးအတွက် တိုင်းဒေသကြီးအသီးသီးရှိ လူမှုဝန်ထမ်းရုံးများနှင့် ခရိုင်၊ မြို့နယ်လူမှုရုံးများကို ချိတ်ဆက်ပြီး Help Line အကူအညီ တောင်းခံနိုင်ရေး ဖုန်း ၀၆၇- ၃၄၀၄၂၂ နှင့် ၀၆၇-၃၄၀၄၉၉ တို့ကို ဖွင့်လှစ်ခဲ့ပြီး တိုင်ကြားမှုများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်သွယ်ရေးအကူအညီတောင်းခံရာတွင်လည်း ဖုန်းဖြင့်ဆက်သွယ်ခြင်းအပြင် Viber သို့မဟုတ် Messenger များဖြင့်ပါ တိုင်ကြားနိုင် ရေးအတွက် တိုးချဲ့ဆောင်ရွက်ထားသည်။ တိုင်ကြားလာသည့် အမှုများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်းရုံးများသို့ လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက အကြမ်းဖက်ခံရသူများကို ပံ့ပိုးပေးမှုအနေဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများကို ယာယီလက်ခံ ဆောင်ရွက်ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယား စသည့်နေရာငါးနေရာတွင် One Stop Women Support Centre (OSWSC) များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။
အားလုံးပေါင်းစုလှုပ်ရှားပေး
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးသည် လူထုအားလုံး ပူးပေါင်းပါဝင်နိုင်မှသာ အောင်မြင်နိုင်ပါလိမ့်မည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်က ထုတ်ပြန်သည့် မြန်မာနိုင်ငံ၏ ခန့်မှန်း လူဦးရေစာရင်းတွင် အမျိုးသားဦးရေ ၂၆ ဒသမ ၇ သန်း၊ အမျိုးသမီးဦးရေ ၂၉ ဒသမ ၁ သန်း စုစုပေါင်း လူဦးရေ ၅၅ ဒသမ ၈ သန်းရှိသည်ကို တွေ့ရသည်။ အဆိုပါ ကိန်းဂဏန်းအရ အမျိုးသမီးဦးရေက အမျိုးသား ဦးရေထက် ၂ ဒသမ ၄ သန်း ပိုများသည်။
ထိုသို့ပိုများသည့် အမျိုးသမီးများသည် နိုင်ငံအတွက် တစ်ထောင့်တစ်နေရာက အင်အားဖြစ်မည်ဆိုပါလျှင် သို့မဟုတ် ထိုအင်အားများ ပြိုင်တူတွန်းနိုင်ကြလျှင် မြန်မာနိုင်ငံ၏ အရွေ့တစ်ခုရောက်ရန်အင်အားများပင် ဖြစ်ပေတော့မည်။ တစ်နည်းဆိုသော် နိုင်ငံအတွက် အင်အားဖြစ်စေမည့် အမျိုးသမီးများ အကြမ်းဖက်မှုခံစားရပြီး ထိခိုက်နစ်နာလျှင် “အား” မဖြစ်တော့ဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလည်း “နှောင့်နှေး” သွားမည်ဖြစ်သည်။
အထူးသဖြင့် ကိုဗစ်ကပ်ရောဂါ အကျပ်အတည်းကာလသည် ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုကို သိသိသာသာ မြင့်တက်စေခဲ့သည်။ အမျိုးသမီးအများစုသည် အိမ်မှုတာဝန်နှင့် ဆက်စပ်နေသော ဝန်ထုပ်ဝန်ပိုးတို့ကြောင့် စိတ်ဖိစီးမှုတိုးလာကြရသည်။ အလုပ်အကိုင်များ ဆုံးရှုံးမှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းလာသည်။ ကျောင်းများပိတ်ထားရသဖြင့် ဆယ်ကျော်သက် မိန်းကလေးများ စိတ်ဖိစီးမှုများလာသကဲ့သို့ နိုင်ငံအချို့တွင် အရွယ်မတိုင်မီ အတင်းအကျပ် လက်ထပ်ခံခဲ့ရသည်။ သို့ဖြစ်၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို ရပ်တန့်စေမည့်တစ်ခုတည်းသော နည်းလမ်းမှာ ထိုအပြုအမူမျိုးကို လူ့အသိုင်းအဝိုင်းတစ်ခုလုံးက မလွဲမသွေ ဆန့်ကျင်ကြရန်သာ ဖြစ်ပါသည်။
အချုပ်ဆိုရလျှင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုဖြစ်သကဲ့သို့ ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် ဖြစ်ပွားနေသော ရာဇဝတ်မှုလည်းဖြစ်သည်။ ယင်းပြဿနာကိုသတိပြု မိစေရန်နှင့် ထိုသို့သောဖြစ်စဉ်များ လျှော့ချနိုင်ရန်မှာ လူသားဆန်မှုရှိသူတိုင်း တာဝန်ဖြစ်သည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် အသိပညာ ပေးရုံသာမက အမျိုးသမီးများနှင့် အမျိုးသားများပါအတူတကွ စုစည်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ သို့မှသာ ကျား၊ မတန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုဖြင့် ဆက်ဆံနိုင်သော အနာဂတ်ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ။
Source- www.moi.gov.mm
လူတိုင်းလူတိုင်းတွင် အခက်အခဲများ၊ ပြဿနာများ၊ စိတ်ဓာတ်ကျဖွယ်အကြောင်းတရားများ များစွာ ရှိတတ်ကြစမြဲပင်။ ထိုသို့သော အကြောင်းအရာများနှင့် ဆက်တိုက်ဆိုသလို ကြုံတွေ့ခဲ့ရသူများအဖို့မူ မည်သို့သော အလုပ်ကိုမှ ဆက်လက်လုပ်ကိုင်လိုစိတ်မရှိတော့ဘဲ အရာအားလုံးကို လွှတ်ချထား ခဲ့ချင်သောစိတ်တို့ တဖွားဖွား ပေါ်ပေါက်လာတတ်ပေသည်။ စိတ်ဓာတ်များကျဆင်းကာ လူသားတစ်ဦးအဖြစ်ပင် ရပ်တည်ရှင်သန် နေလိုစိတ်တို့ ကုန်ဆုံးသွားတတ်ပေသည်။ ထိုသို့စိတ်ဓာတ်ကျဆင်းမှုတို့သည် မကောင်းသော ခံစားမှုတို့ လွှမ်းမိုးခံထားရသောကြောင့်ပင် ဖြစ်သည်။ ထိုခံစားမှုကြီးသည် မိမိတွင်ရှိနေသော၊ ရှိနေခဲ့သော ကောင်းမွန်သည့် အရာအားလုံးတို့ကို မေ့လျော့သွားစေတတ်သည်။
အနာဂတ်မဲ့ အမှောင်ကမ္ဘာကြီးထဲတွင် ဆင်ကန်းတောတိုးနေရသည့်အလား၊ ကမ်းမမြင်လမ်းမမြင် ရွက်လွှင့်နေရသည့်အလား၊ သွားရမည့်လမ်းကြောင်း အစစ်အမှန်ကို မတွေ့ရသေးဘဲ စမ်းတဝါးဝါး လျှောက်လှမ်း နေရသကဲ့သို့ ဖြစ်ပေါ်နေသည့် စိတ်ခံစားမှုသည် အင်မတန်မှဆိုးရွားလွန်းလှသည်။ မိမိဦးတည်ထားသော၊ မိမိလျှောက်လှမ်းလိုသောလမ်းကို ချမှတ်ထားပြီး အနာဂတ်အတွက် အစီအစဉ်များ စတင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်နိုင်ရန် ကြိုးစားမှုပြုလုပ်နေသည့်အချိန်တွင်မှ ထင်မှတ်မထားသည့် ကံကြမ္မာအပြောင်းအလဲတို့၊ မုန်တိုင်းတို့၊ လှိုင်းဒဏ်တို့ကို အလစ်အငိုက်ခံလိုက်ကြရတတ်သည်။ ထိုအခြေအနေမျိုးတွင် ရူးသွားမတတ် နာကျင်မှုတို့ကို ခံစားရပြန်ပေသည်။ “လဲလျှင်ပြန်ထ” ဆိုသည့်စကားသည် စကားအရသာလွယ်ကူပြီး အမှန်တကယ် ကြုံတွေ့ဖြတ်သန်းရပြီဆိုလျှင်ကား ခက်ခဲကြမ်းတမ်းလွန်းလှသည်။
ထိုအခြေအနေမျိုးကို ရင်ဆိုင်ဖြတ်သန်းနေရပြီဆိုလျှင် အချို့သောလူများက ပိုမိုလဲကျစေရန် နာကျင်စေမည့် စကားတို့ကို ရွေးချယ်ပြောဆိုသူများလည်းရှိ၏။ အမှန်တကယ် စိတ်ရင်းကောင်းမွန်စွာ ဖေးမမှုပြုသူများလည်း ရှိကြ၏။ ကြုံတွေ့ရသည့် အခြေအနေဆိုးကြီးထဲတွင် တွေ့ကြုံလာရသမျှသော လူတို့၏ကောင်းခြင်း တရားများကိုသာ မိမိမှရယူလက်ခံတတ်စေရန် မိမိစိတ်ကို မိမိပြင်ဆင်ဖန်တီးမှုပြုရပေမည်။ ကောင်းခြင်းတရားများ၊ ဆိုးခြင်းတရားများ များစွာတို့ကို မိမိ၏ အသိဉာဏ်ပညာရေစစ်ဖြင့်စစ်ယူကာ ကောင်းမွန်သည့် အရာတို့သာ တင်ကျန်ခဲ့စေရန်ဂရုပြု၍ မိမိဘဝခရီးအတွက် မှန်ကန်ဖြောင့်တန်းသော လမ်းဆီသို့ သယ်ဆောင်သွားရန် လိုအပ်ပါပေသည်။
ယခင်က မိမိလုပ်ဆောင်ခဲ့သည့် အရာတို့ကိုလည်း မလုပ်ဆောင်နိုင်တော့ဘဲ အခက်အခဲ အသေးအမွှားလေးများကိုပင် ရင်မဆိုင်နိုင်လောက်တော့သည်အထိ အားအင်များလျော့ကျကာ အရာရာကို လွှတ်ချထားပြီး ဖြစ်လာသမျှအရာအားလုံးတို့ကို လည်စင်းခံရန်အတွက်သာ အသင့်ဖြစ်နေလျှင် မိမိစိတ်ကိုမိမိ သတိပြုရမည်ဖြစ်သည်။ ယခင်အချိန်များစွာတို့တွင်လည်း အလားတူအခက်အခဲများကို ရင်ဆိုင်ရ၊ ကြုံတွေ့ရ၊ ဖြတ်ကျော်ခဲ့ရသည်တို့ကို သတိရကာ ယခင်ကမိမိကိုယ်ကို ပြန်လည်ရှာဖွေရန် လိုအပ်သည်။ မိမိဝါသနာ၊ မိမိလုပ်ဆောင်ခဲ့သော အကြောင်းအရာများ၊ မိမိရင်ဆိုင်ကျော်လွှားခဲ့ရသော အခက်အခဲများကို ပြန်လည်တွေးတော သတိရကာ ယခင်ကမိမိအဖြစ် ပြန်လည်ရရှိနိုင်စေရန်အတွက် စွမ်းအင်တို့ကို ပြန်လည်ရယူရမည်ဖြစ်သည်။
ထိုကဲ့သို့စွမ်းအင်များကို ပြန်လည်ရရှိနိုင်စေရန်ကိုမူ မိမိ၏အနီးအနား မိမိပတ်ဝန်းကျင်တွင် Negative Vibes များပေးနေသည့်လူများ၊ အပေါင်းအသင်းများ၊ အရာများကို ရှောင်ရှားနိုင်ရန် အဓိကကျလှသည်ဟုဆိုချင်သည်။ လူသားတို့တွင် စိတ်၏စွမ်းအင်များသည် လွန်စွာအရေးပါလှပေသည်။ “စိတ်ဆောင်တော့အောင်”၊ “စိတ်ထောင်းတော့ ကိုယ်ကြေ”၊ “စိတ်ပျိုကိုယ်နု”၊ “စိတ်အစဉ်က အရိပ်ထင်” စသည်ဖြင့် စိတ်၏အရေးပါမှုတို့ကို သိရှိနိုင်ပါပေသည်။ ထိုကဲ့သို့ အရေးကြီးလှသည့် စိတ်ကလေးသည် နေ့စဉ်နှင့်အမျှ ကြည်လင်ဖြူစင်နေပါမှ နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေရသည့် အရာများ၊ ပြောဆိုနေရသည့်အပြောအဆိုများ၊ ကြံစည်နေရသည့် အကြံအစည်များသည် ကောင်းမွန်မှုကို ရရှိလာမည်ဖြစ်သည်။ အတွေးကောင်း၊ အပြောကောင်း၊ အကြံအစည်ကောင်း၊ လုပ်ဆောင်မှုကောင်းများရှိမှသာ ကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုသို့ရရှိစေရန်အတွက် Positive Energy များကို ပေးစွမ်းသော လူပုဂ္ဂိုလ်များနှင့် ပေါင်းသင်း၊ ပြောဆို၊ နေထိုင်ရန် လိုအပ်သကဲ့သို့ မိမိကိုယ်တိုင်လည်း Positive Energy များ ရရှိနိုင်စေရန်အတွက် မိမိ၏စိတ်ကိုမိမိ ပြုပြင်နေထိုင်ရန် လိုအပ်လှသည်။
ပတ်ဝန်းကျင်သည် အဘယ်မျှပင်အရေးပါသည်ဟု ဆိုစေကာမူ မိမိကိုယ်တိုင်သည်သာ အခရာဖြစ်သည်။ မိမိ၏စိတ်ကို မိမိဂရုပြု၍ ဖြောင့်မှန်စေရန်အတွက် ကြိုးစားကာထိန်းညှိရမည်ဖြစ်သည်။ “ယခင်ကမိမိ”အားပျောက်ဆုံးကာယခုလက်ရှိတွင် ဘာမှအသုံးမဝင်သော၊ ဘယ်အရာကိုမှ မလုပ်ဆောင်နိုင်သောလူတုံး၊ လူညံ့သဏ္ဌာန် ဖြစ်ချင်သလိုဖြစ်၊နေချင်သလိုနေမည်ဆိုသည့် ကြိုးစားချင်လိုစိတ်တို့ ကုန်ဆုံးယုတ်လျော့ သွားလျှင် ရှေ့အနာဂတ်ခရီးသည်ကား ပိုမိုကြမ်းတမ်းမှုတို့ကို ဖြတ်သန်းရတော့မည်ဟု ဂရုပြုမိရမည်ဖြစ်သည်။ မည်သူမဆို ကြမ်းတမ်းသော ခရီးကိုမသွားလိုကြပေ။
ပန်းခင်းသောလမ်းကိုသာ လျှောက်လှမ်းရင်းဖြင့် ဘဝအမောများကို ပြေလိုတတ်ကြသည်ပင်။ ထို့ကြောင့် သာယာဖြောင့်ဖြူးသော လမ်းကို ရရှိနိုင်စေရန်အတွက် ဖြစ်သလိုမနေတတ်စေရန် အရေးကြီးသည်။ စိတ်တို့မွန်းကျပ်လေတိုင်း ဖြစ်ချင်ရာ ဖြစ်နေပစ်လိုက်လျှင်မူ ခက်ခဲပင်ပန်းပေလိမ့်မည်။ ထို့ကြောင့် ရံခါတွင် အခက်အခဲများ၊ အကျပ်အတည်းများကို ရင်ဆိုင်ရရှိချိန်ရှိတတ်သဖြင့် ထိုကဲ့သို့သောအချိန်ကလေးများကို ဖြတ်သန်းရချိန်တွင် မိမိကိုယ်ကို ပျောက်ဆုံးသွားတတ်သည်။ ပျောက်ဆုံးမခံပါနှင့်။ပြန်၍တွေ့အောင်ရှာပါ။ မိမိကိုယ်မိမိတွေ့အောင် ပြန်ရှာလိုစိတ်ရှိခြင်းသည်ပင် ပထမဆုံးခြေလှမ်း ဖြစ်နေပေသည်။
မိမိကိုယ်မိမိ ပျောက်ဆုံးနေချိန်တို့တွင် စိတ်တည်ငြိမ်မှု ရရှိစေရန်အတွက် တရားထိုင်ခြင်းများ၊ အာနာပါနရှု မှတ်ခြင်းများ၊ စိတ်ခွန်အားတိုးစေသည့် စာအုပ်စာပေတို့ကို ဖတ်ရှုခြင်းများ၊ ဝါသနာပါရာလုပ်ငန်းတို့ကို တစိုက်မတ်မတ် စိတ်နှစ်ထားကာ လုပ်ဆောင်နေခြင်းများ၊ မိတ်ကောင်းဆွေကောင်းများဖြင့် စကားပြောဆိုခြင်းများ၊ ယုံကြည်စိတ်ချရသော မိတ်ဆွေသူငယ်ချင်းကောင်းများဖြင့် အကြံဉာဏ်ကောင်းများ တောင်းခံခြင်းများ၊ မကောင်းမြင်စိတ်ရှိသူတို့နှင့် ရှောင်ကြဉ်နေထိုင်ခြင်းများ၊ ကိုယ်စိတ်နှလုံးဖြူစင်စေရန် ကြိုးစားနေထိုင်ခြင်းများ၊ ကာယဆိုင်ရာလေ့ကျင့်ခန်းများပြုလုပ်ခြင်းများ၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ စသည်တို့ကိုပြုလုပ်သင့်သည်။ ထိုသို့ပြုလုပ်နေရင်းဖြင့် မိမိတွင်ခံစားနေရသော မကောင်းသည့် ခံစားမှုကြီး၊ ဝမ်းနည်းမှုကြီးမှ လွတ်မြောက်လာနိုင်မည်ဖြစ်သည်။ မိမိစိတ်အတွင်းထဲရှိ မကောင်းသော ဝမ်းနည်းအားငယ်ဖွယ်ရာ အဖြစ်ဆိုးကြီးအား ပြန်လည်ကုစားနိုင်ခြင်းသည် မိမိ၏အတွင်းစိတ်ထဲ နက်နက် ရှိုင်းရှိုင်းထိ ကုစားမှုပြုနိုင်မှသာ ထိုအဖြစ်ဆိုးကြီး၏ ဒဏ်ရာဒဏ်ချက်တို့ သက်သာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်မိမိ ပျောက်ဆုံးနေပါလျှင် ပြန်လည်ရှာဖွေနိုင်ရန်ကြိုးစားပြီး ဘဝခရီးကို ဆက်လက်လျှောက်လှမ်းမှု ပြုကြရမည်ဖြစ်သည်။
မည်သို့ပင် အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါစေ ဘဝခရီးကိုကား ဆက်လက်လျှောက်လှမ်းနေရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ အခက်အခဲရှိ၍ မလျှောက်ချင်ပါ၊ ရပ်တန့်ချင်ပါသည်ဟု မည်မျှတားတားမရနိုင်ပါချေ။ မဖြစ်မနေဆက်ကာဆက်ကာ လျှောက်လှမ်းမှုပြုနေရမည့်အတူတူ စိတ်ဓာတ်ကျကာ လွှတ်ချ ထားလိုက်ခြင်းသည် ပြဿနာ၏အဖြေမဟုတ်ချေ။ ထို့ကြောင့် လျှောက်လှမ်းရမည့်အတူတူ ယခင်က မိမိကိုယ်မိမိ ပြန်ရှာဖွေရမည်ဖြစ်သည်။
“ယခင်ကကိုယ်”ကို ပြန်ရှာဖွေပြီး ယခု “ဘဝသင်ခန်းစာများ” ဖြင့် ပြုပြင်ကာ “ပိုမိုကောင်းမွန်သောကိုယ်” ဖြစ်လာစေရန် ပြုပြင်နေထိုင်ရမည်ဖြစ်သည်။
မည်မျှခက်ခဲနေပါစေ မိမိကိုယ်မိမိတော့ ပျောက်ဆုံးမသွားစေရန် အထူးဂရုပြုရမည်ဖြစ်သည်။
လောကလူ့ဘဝကြီးတွင် မည်သည့်အရာမှ တည်မြဲမနေနိုင်ပါ။ ယနေ့မိမိပိုင်ဆိုင်ထားသည်ဟု ထင်နေသော ပစ္စည်းများ၊ ဥစ္စာများ၊ ရာထူးဂုဏ်သိန်များ၊ လက်ဝတ်ရတနာများ စသည်စသည်ဖြင့် အရာအားလုံးတို့သည် မနက်ဖြန်တွင် ဆုံးရှုံးသွားရတတ်သည်။ သာ၍အရေးကြီးသည်မှာ ယနေ့ မိမိရှင်သန်နေထိုင်ပြီး သွားလာလှုပ်ရှား ပြောဆိုလုပ်ကိုင်နေခြင်းသည်ပင် မနက်ဖြန်အတွက် တည်မြဲပါမည်ဟု တပ်အပ်ပြော မရပါပေ။ ထို့ကြောင့် ရှင်သန်နေရသောအခိုက်အတန့်ကလေးတွင် ကောင်းမွန်သောစိတ်နှလုံးဖြင့် ကောင်းမွန်သော စကားတို့ကိုဆိုကာ ကောင်းမွန်သောအလုပ်တို့ကို လုပ်ကိုင်နိုင်စေရန်အတွက်မိမိနှင့် Energy မကိုက်ညီသော၊ မိမိအတွက် Toxic ဖြစ်စေသော အရာအားလုံးတို့ကို မိမိနှင့်ဝေးစွာ (ဝေးစွာ) သော အကွာအဝေးသို့ ရောက်ရှိစေရန်ထားရှိကာ မိမိကိုယ်မိမိ ကောင်းမွန်စေရန် ပြုပြင်နေထိုင်ရင်းလူထုအကျိုးပြုသည့် လုပ်ငန်းများကို တစ်နေ့ထက်တစ်နေ့ ပိုမိုလုပ်ကိုင်နိုင်စေရန် ကြိုးစားရမည်ဖြစ်သည်။
“ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ” ဆိုသည့်အတိုင်း မည်သို့သောအရာမှ တည်မြဲမနေသည်ဖြစ်ရာ ကုသိုလ်တရား၊ အကုသိုလ်တရားတို့ကိုသာ နောင်တမလွန်ဘဝအထိ သယ်ဆောင်သွားရမည်ဖြစ်သောကြောင့် နေ့စဉ်နှင့်အမျှ ကုသိုလ်တရားများကို နည်းနည်းချင်းစီ၊ ဖြည်းဖြည်းချင်းစီ စုဆောင်းသွားရမည်ဖြစ်သည်။ လူသားတို့ကို အကျိုးပြုစေသည့် အပြုအမူ၊ အပြောအဆို၊ လုပ်ငန်းများသည် ကုသိုလ်တရားများကို ရရှိစေသည်။ လူသားတို့ကို အကျိုးယုတ်စေသော အပြုအမူ၊ အပြောအဆို၊ လုပ်ငန်းတို့သည် အကုသိုလ်တရားတို့ကို ရရှိစေသည်။ မိမိသည် ကုသိုလ်ကိုစု၍ အထုပ်အပိုးအဖြစ် ပြင်ဆင်နေပါစေ၊ အကုသိုလ်ကိုစု၍ အထုပ်အပိုးအဖြစ် ပြင်ဆင်နေပါစေ မိမိပြင်ဆင်ထုပ်ပိုးထားသည့် အထုပ်အပိုးဖြင့်သာ သံသရာခရီးကို တစ်ဦးတည်း ခရီးဆက်လက်နှင် နေရမည် ဖြစ်သည်။
စိတ်ဓာတ်ကျစရာများ ကြုံတွေ့ရ၍ စိတ်ဓာတ်ကျကာ မည်သည့်အရာမှ မသိချင်ဖြစ်ပြီး မောဟတရားတို့ လွှမ်းမိုးနေမည်ဆိုပါက ယခင်ကမိမိပျောက်ဆုံးသွားပြီး မောဟတရားတို့၏ နောက်ဆက်တွဲ အကျိုးဆက်မှ ရရှိလာသည့် အရာများကိုသာ မိမိအထုပ်အပိုးထဲတွင် ထည့်သွင်းထားမိချေလိမ့်မည်ဖြစ်သည်။ သို့အတွက်ကြောင့် မသိခြင်းအမိုက်မှောင်မောဟတရားတို့ကို ရှင်းလင်းဖယ်ရှားပစ်ပြီး အသိပညာ ဉာဏ်အလင်းဖြင့် ထိုးဖောက်ပစ်ကာ မိမိကိုယ်မိမိ ပျောက်ဆုံးမခံမိစေရန် အရေးကြီးသည်။ မိမိကိုယ်မိမိ ပြန်လည်တွေ့ရှိခြင်းသည် မိမိဘယ်လမ်းကိုသွားနေသည်၊ ဘယ်မျှခရီးရောက်နေသည်၊လမ်းမှားနေသည်၊ လမ်းမှန်နေသည်၊ မသွားဘဲရပ်တန့်နေမိသည် စသည်တို့ကို သတိပြုမိ၊ မြင်ယောင်မိလာမည်ဖြစ်သည်။
ထို့ကြောင့် တွေ့ကြုံနေရသော ဘဝခရီးလမ်းတွင် မိမိကိုယ်မိမိပျောက်ဆုံးမခံဘဲ Positive Energy များဖြင့်အမြဲ ရှင်သန်နေနိုင်စေရန် ကြိုးစားမှုပြုရမည်ဟု ရေးသားလိုက်ရပါတော့သည်။ ။
Source- Myawady Webportal
Image- Pinterest
သွားကျန်းမာရေးမကောင်းတဲ့အခါ သွားဖုံးသွေးယိုတာ၊ သွားပိုးပေါက်ရှိတာ၊ သွားကိုက်တာတွေ ခံစားရနိုင်ပါတယ်။ သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အကြံပြုချက်တွေရှိပါတယ်။
သွားကိုက်တာ၊ သွားဖုံးသွေးယိုတာအတွက် အိမ်တွင်းနည်းလမ်း တွေရှိပါတယ်။ သွားကိုက်တဲ့အခါတိုင်းမှာ သွားဖုံးသွေးယိုနေတယ်ဆိုရင် သွားဖုံးမှာ အနည်းငယ်ရောင်ရမ်းနေတာကြောင့်ဖြစ်နိုင်ပါတယ်။ အောက်ပါသဘာဝနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်။
လေးညှင်းပွင့်
လေးညှင်းပွင့်က သွားဖုံးတွေရောင်ရမ်းတာကို သက်သာစေပြီး သွားဖုံးသွေးယိုတာမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လေးညှင်းဆီကို အနည်းငယ်ယူပြီး သွားဖုံးမှာပွတ်ပေးရင် ဒါမှမဟုတ် လေးညှင်းပွင့်တစ်ပွင့်၊ နှစ်ပွင့်ဝါးစားရင် ရောင်ရမ်းမှုလျော့နည်းပြီး သွားဖုံးသွေးယိုတာ သက်သာစေပါတယ်။
ပင်စိမ်း
ပင်စိမ်းမှာ ရောင်ရမ်းမှုကိုလျော့နည်းစေတဲ့ အာနိသင်ရှိလို့ ပင်စိမ်း လက်ဖက်ရည်သောက်ရင် သွားဖုံးရောင်တာသက်သာစေပါတယ်။ဒါ့ပြင် နာကျင်မှုကိုလည်း လျော့နည်းစေပါတယ်။ ပင်စိမ်းလက်ဖက်ရည်နဲ့လည်း ပလုတ်ကျင်းပေးသင့်ပါတယ်။
ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်မှာဆေးဖက်ဝင်အာနိသင်တွေများစွာပါဝင်လို့ သွားဖုံးရောင်ရမ်းတာကိုလျော့နည်းစေပါတယ်။ ရှားစောင်လက်ပပ် အတွင်းသားဂျယ်လီကိုယူပြီး သွားဖုံးပေါ်တင်ပေးရင် မဆိုးရွားတဲ့ သွားဖုံးရောဂါတွေဆိုရင် သဘာဝရှားစောင်းလက်ပပ်အသုံးပြုရုံနဲ့ သက်သာစေနိုင်ပါတယ်။
ပက်ပါမင့်
ပက်ပါမင့်ကိုခံတွင်းအတွက် ထုတ်လုပ်တဲ့ထုတ်ကုန်အတော်များများမှာ ထည့်သွင်းထားကြပါတယ်။ လေ့လာမှုအရ ရေတစ်ဖန်ခွက်ထဲကို ပက်ပါမင့်အဆီအနည်းငယ်ထည့်ပြီး ပလုတ်ကျင်းပေးရင် ခံတွင်းမှာရှိတဲ့ ဗက်တီးရီးယားပိုးတွေသေစေနိုင်ပါတယ်။
သွားကြားပွတ်ကြိုး
ကာကွယ်တာက ကုသတာထက်ပိုပြီးထိရောက်မှုရှိပါတယ်။ သွားဖုံး ရောင်ရမ်းတာ၊သွေးယိုတာတွေ မဖြစ်အောင်ကာကွယ်ဖို့ တစ်နေ့ကိုသွားနှစ်ကြိမ်(အိပ်ရာထနဲ့အိပ်ခါနီးတိုင်း)တိုက်သင့်ပါတယ်။ သွားကြားပွတ်ကြိုးတစ်ကြိမ် အသုံးပြုသင့်ပါတယ်။ သွားနဲ့သွားဖုံးရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
တမာ
တမာက ခံတွင်းနံ့ဆိုးကိုပျောက်ကင်းစေလို့ သွားတိုက်ဆေးနဲ့ခံတွင်း သန့်ရှင်းဆေးရည်တွေမှာထည့်သွင်းဖော်စပ်ထုတ်လုပ်ထားကြပါတယ်။ တမာရွက်အနည်းငယ်ကို ဝါးစားနိုင်သလို ပြုတ်ပြီးလည်းတို့စားနိုင်ပါတယ်။
သစ်သီးနဲ့ဟင်းသီးဟင်းရွက်
လတ်ဆတ်တဲ့သစ်သီးနဲ့ ဟင်းသီဟင်းရွက်တွေစားသုံးရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက သွားနဲ့ခံတွင်းရောဂါမဖြစ်အောင်လည်းကာကွယ်နိုင်ပါတယ်။ သစ်သီးနဲ့ဟင်းသီးဟင်းရွက်ထဲမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်ပြီးကယ်လိုရီပါဝင်မှုနည်းပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ဝါးတဲ့အခါ သွားဖုံးမှာရှိတဲ့သွေးစီးဆင်းမှုကိုကောင်းစေပြီး သွားဖုံးသွေးယိုတာဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
လက်ဖက်ဆီ
သွားနဲ့ခံတွင်းပြဿနာတွေမှာအသုံးပြုဖို့ လက်ဖက်ဆီကိုအိမ်မှာ ဆောင်ထားနိုင်ပါတယ်။ သွားဖုံးရောဂါနဲ့ သွားပိုးစားတာတွေအတွက် လက်ဖက်ဆီကိုအသုံးပြုနိုင်ပါတယ်။ ကြက်သီးနွေးရေတစ်ခွက်ထဲလက်ဖက်ဆီနှစ်စက်ထည့်ပြီး ပလုတ်ကျင်းပေးသင့်ပါတယ်။
ဆားရည်နှင့်ပလုတ်ကျင်းခြင်း
သွားဖုံးသွေးယိုတဲ့အခါ အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးအိမ်သုံးနည်းလမ်းကဆားရည်နဲ့ ပလုတ်ကျင်းတာ ဖြစ်ပါတယ်။ ကြက်သီးနွေးရေထဲကို ဆားအနည်းငယ်ထည့်ပြီး တစ်နေ့ကို သုံးကြိမ်ပလုတ်ကျင်းပေးသင့်ပါတယ်။ ရေက အရမ်းပူနေတာမျိုးမဖြစ်သင့်ဘဲ နွေးရုံနွေးပြီး ဆားဇွန်း ဝက်ခန့်ပျော်တဲ့ဆားရည်ကို သုံးနိုင်ပါတယ်။
ဆေးလိပ်သောက်တာက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင်ရေရှည်သောက်သုံးတာကြောင့် ခံတွင်းပြဿနာတွေကိုလည်းဖြစ်ပွားစေပါတယ်။ ဆေးလိပ်သောက်တာ ကြောင့်ဖြစ်တတ်တဲ့ သွားပြဿနာတွေက ခံတွင်းနံ့ဆိုးတာ၊ သွားအရောင်မကောင်းတာ၊ တံတွေးဂလင်း ရောင်တာ၊ ဆေးလိပ်ချိုးတွေတက်တာ၊ မေးရိုးသိပ်သည်း ဆလျော့နည်းတာ၊ သွားဖုံးရောဂါဖြစ်နိုင်ခြေ မြင့်မားတာ၊ သွားကျိုးတာ၊ နဲ့တာ၊ အနာကျက်တဲ့ဖြစ်စဉ်ကိုနှေးစေတာ၊ သွားတုစိုက်ရာမှာ အောင်မြင် နိုင်ခြေနည်းတာ၊ ခံတွင်းကင်ဆာဖြစ်နိုင်ခြေမြင့်မားတာတို့ ဖြစ်စေနိုင် ပါတယ်။
သွားရောဂါတွေကို ဆက်စပ်ကြည့်ရင် ဆေးလိပ်သောက်သုံးပါက အရိုးနဲ့သွားမှာတွယ်ကပ်နေတဲ့ တစ်သျှူးတွေကို လျော့ရဲသွားစေတယ်။ ဆေးလိပ်သောက်တာက သွားဖုံးမှာရှိတဲ့တစ်သျှူးတွေရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ပိုးမွှားတွေပေါက်ပွားမှုကို အားပေးပါတယ်။ သွားဖုံးတစ်သျှူးတွေဆီကို သွေးထောက်ပံ့မှုကန့်သတ်လိုက်တာကြောင့် အနာကျက်နှေးပြီး ပျက်စီးစေပါတယ်။
ဆေးပြင်းလိပ်သောက်တာနဲ့ စီးကရက်သောက်တာ အန္တရာယ်ပေး နိုင်တာချင်းမကွာခြားပါဘူး။ လေ့လာမှုတွေအရ ဆေးပြင်းလိပ်သောက်တာက စီးကရက်သောက်သုံးသူတွေထက် သွားရဲ့အခြေမှာရှိတဲ့အရိုးနဲ့သွားတွေဆုံးရှုံးနိုင်ခြေပိုများနိုင်ပါတယ်။ ဆေးပြင်းလိပ်သောက်တာက ခံတွင်းပြဿနာတွေဖြစ်တဲ့ အနံ့ဆိုးထွက်တာနဲ့ သွားအရောင်မလှတာစတာတွေဖြစ်စေပါတယ်။
ဆေးရွက်ကြီးထုတ်ကုန်တွေက အန္တရာယ်မကင်းပါဘူး။ ဆေးရွက်ကြီးထုတ်ကုန်တွေကိုအသုံးပြုရင် သူ့ထဲမှာပါဝင်တဲ့ဓာတုပစ္စည်း ၂၈ မျိုးက ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာတွေနဲ့ ဆက်စပ်နေပါတယ်။ အစာရေမျိုကင်ဆာနဲ့လည်း ဆက်စပ်နေပါတယ်။ ဆေးရွက်ကြီး ဝါးတာက စီးကရက်ထက် နီကိုတင်းဓာတ်ပိုမိုရရှိတာကြောင့်စွဲလမ်းမှုလည်းပိုများစေပါတယ်။ ဆေးရွက်ကြီးတစ်ကြိမ်ဝါးတာက စီးကရက်အလိပ် ၆၀ သောက်တာနဲ့ညီမျှတဲ့ နီကိုတင်းဓာတ်ကိုရရှိစေပါတယ်။
ဆေးရွက်ကြီးဝါးတာကြောင့် သွားဖုံးတွေ ထိခိုက်ပျက်စီးစေပါတယ်။ သွားအမြစ်တွေနဲ့လည်း ထိတွေ့တာကြောင့် သွားတွေဆုံးရှုံးနိုင်ခြေလည်းပိုများပါတယ်။ ပူတဲ့အရည်၊ အေးတဲ့အရည်တွေသောက်တဲ့အခါ သွားကမခံနိုင်တာတွေဖြစ်နိုင်ပါတယ်။
ကွမ်းစားခြင်းက သွားနဲ့ခံတွင်းဆိုးကျိုးဖြစ်စေပါတယ်။ အံသွားတွေ အရောင်ပြောင်းစေတယ်။ ကွမ်းစားတာက ဆေးရွက်ကြီးတွေ၊ မဂ္ဂနီ စီယမ်တွေမပါရင်တောင် အစာရေမျိုကင်ဆာဖြစ်စေတယ်။ ကွမ်းသီး မှာပါတဲ့ Alkaloid နဲ့ ပိုလီဖီနောတို့က ကင်ဆာရောဂါဖြစ်စေနိုင်ပါတယ်။ ကွမ်းစားပါများတဲ့အခါ ခရိုမိုဆုမ်းတွေ ပုံမှန်မဟုတ်တဲ့အနေအထားဖြစ်နိုင်ခြေများလာပြီး ခံတွင်းကင်ဆာဖြစ်နိုင်ခြေကို ပုံမှန်ထက်ပို များစေပါတယ်။ ကွမ်းစားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ထုံးနဲ့ကွမ်းသီးတို့ပေါင်းစုသွားတဲ့အခါ ခံတွင်းကင်ဆာဖြစ်နိုင်ခြေတိုးစေပါတယ်။
ကွမ်းစားတာကြောင့် စကားပြောဆိုရာမှာ အခက်ကြုံတာ၊ အပူဒဏ်၊အအေးဒဏ်နဲ့ အရသာပြင်းတာတွေကို ခံနိုင်စွမ်းလျော့ကျလာတာ၊သွေးတိုးတာ၊ စိတ်ဆိုးလွယ်တာ၊ စိတ်ဖိစီးတာ၊အာရုံစိုက်နိုင်စွမ်းလျော့နည်းတာ၊ ကောင်းကောင်းအိပ်မပျော်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့အခါ ပီကေ၊ ချိုချဉ်ဝါးပြီး ဆေးလိပ်ဖြတ်နိုင်ပါတယ်။ ကွမ်းကိုအကြာကြီးငုံတာမျိုး၊ အများကြီးစားတာမျိုးက လျှာကင်ဆာ၊ပါးစောင်ကင်ဆာ၊ ခံတွင်းကင်ဆာဖြစ်စေပြီး အော့အန်တာ၊ ဝမ်းလျှော တာ၊ တံတွေးအထွက်များတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူနှုန်းနှေး တာ၊ နှလုံးရပ်တာ သေဆုံးတဲ့အထိဖြစ်နိုင်လို့ ဆေးလိပ်နဲ့ ကွမ်းကိုရှောင် ကြဉ်သင့်ပါကြောင်း သွားကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရေးသားလိုက်ရပါတယ်။
Source- Myawady Webportal
Image- Hello ဆရာဝန်
ပင်လယ်ပျော်လူမျိုးများဟု တင်စားခေါ်ဆိုသည့် ဆလုံများကို မော်ကင်းဟုလည်းခေါ်ကြသည်။ ဆလုံများကိုဒေသခံများက မော်ကယ်ဟုခေါ်၍ မြန်မာတို့က ဆလုံဟု ခေါ်ဆိုသည်။ လှေများပေါ်တွင်အိမ်ကဲ့သို့ နေထိုင်ကာ ပင်လယ်အတွင်း၌ သားငါး၊ပုစွန်နှင့်ပုလဲရှာဖွေကာ အသက်မွေးသည့် ဆလုံလူမျိုးများကို မြန်မာနိုင်ငံ မြိတ်ကျွန်းစုဒေသတွင် အများဆုံးတွေ့ရသည်။
ဆလုံများသည် နေရာတစ်ခုတွင် အတည်တကျနေထိုင်ခြင်းမရှိဘဲ ပင်လယ်ပြင်၌ လှည့်လည်သွားလာကြကာ ရေကူးရေငုပ်ကျွမ်းကျင်သောကြောင့် Sea Gypsy ဟု ခေါ်ဆိုကြသည်။ ဆလုံများသည် လှေတွင် အသုံးအဆောင်များ၊ အစာရေစာများနှင့် ခွေး၊ကြောင်၊ ကြက်စသည့် အိမ်မွေးတိရစ္ဆာန်များကို တင်ဆောင် သွားလာကြသဖြင့် ဆလုံသစ်ထွင်းလှေသည် ဆလုံအိမ်ပင်ဖြစ်သည်။
ဆလုံများသည် မိမိတို့လှေကို ပေါ့ပါးသည့် သစ်လုံးကိုထွင်းကာပြုလုပ်ကြပြီး ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားချိန်၌ နီးစပ်ရာကျွန်းတစ်ခုခုတွင် ခြေတံရှည်ဝါးတဲများဆောက်၍ နားခိုနေထိုင်ကြသည်။ ရှေးအခါက ဆလုံလူမျိုးများသည် လှေပေါ်တွင်သာ နေထိုင်ကြသော်လည်း ယခုအခါတွင် ဆလုံ အများစုသည် ကော့သောင်းမြို့နယ်အတွင်းရှိ ကျွန်းအချို့အပါအဝင် ကျွန်းများပေါ်တွင် အခြေချ နေထိုင်ကြသည်။ ၂၀၁၃ ခုနှစ်တွင် ဆလုံယဉ်ကျေးမှုပွဲတော်ကို ကော့သောင်းမြို့နယ် မကြုံဂလက် ကျေးရွာ၌ကျင်းပခဲ့သည်။
ဆလုံလူမျိုးများသည် အခြားလူမျိုးများနှင့်ရောနှောနေထိုင်ခြင်းမရှိဘဲ မိမိတို့၏လူနေမှုစနစ်ကို ထိန်းသိမ်းကာ နတ်ကိုကိုးကွယ်ကြသည်။ ဆလုံလူမှုအသိုက်အဝန်းတွင် နတ်ဆရာသည် အလွန်အရေးပါ သောပုဂ္ဂိုလ်ဖြစ်၍ သာရေးနာရေးကိစ္စများကို နတ်ဆရာစီစဉ်သည့်အတိုင်း ပြုလုပ်လေ့ရှိကြသည်။
မြန်မာနိုင်ငံတောင်ဘက်စွန်းတွင်တည်ရှိသည့် ကော့သောင်းမြို့နယ်မြောက်ဘက် ပင်လယ်ကမ်းစပ်တွင် အောင်ဘာကျေးရွာရှိသည်။ အောင်ဘာရွာ၏တောင်ဘက်တွင် အောင်မြန်မာရွာတည်ရှိ၍ အောင်ဘာ ကျေးရွာ၏ အရှေ့မြောက်ဘက်တွင် မကြုံဂလက်ကျွန်းနှင့် အရှေ့တောင်ဘက်တွင် ညောင်ဝိကျွန်း ရှိသည်။ ထိုကျွန်းနှစ်ကျွန်းသည် ဘင်္ဂလားပင်လယ်အော်အတွင်း၌ တည်ရှိကာကျွန်းများပေါ်၌ ဆလုံ လူမျိုးများနေထိုင်ကြသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ကော့သောင်းမြို့နယ်တွင် ဆလုံလူမျိုး ၁၂၈၀၆ ဦး နေထိုင်လျက်ရှိရာ မြို့နယ်လူဦးရေ၏ ၉ ဒသမ ၈၇ ရာခိုင်နှုန်းဖြစ်သည်။
ကော့သောင်းမြို့နယ်တွင် ကျွန်း ၉၃ ကျွန်းရှိသည့်အနက် ရတနာကျွန်း၊ သူဌေးကျွန်း၊ ဇာဒက်ကြီးကျွန်း၊ဂျလန်းကျွန်း၊ မကြုံဂလက်ကျွန်း၊ ဆလုံကျွန်းနှင့် မွေတော်ကျွန်းအပါအဝင် ကျွန်း ၂၀ တွင်လူများနေထိုင်ကြသည်။ မကြုံဂလက်သည် လန်ပိအမျိုးသားအဏ္ဏဝါကျွန်းစုတွင်ပါဝင်၍ ဆလုံလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။
မကြုံဂလက်ရွာတွင် အိမ်ခြေ ၁၇၀ ကျော်ရှိ၍ ကျေးရွာလူဦးရေ ၆၀၀ ဝန်းကျင်တွင် ဆလုံလူမျိုးများက ၂၅၀ ရှိသည်။ ကျေးရွာလူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည် ဆလုံစကားကို ပြောဆိုကြသည်။ မကြုံဂလက်ကျေးရွာတွင် ဆလုံသင်္ချိုင်းကို သီးသန့်ထားရှိကာဆလုံများကွယ်လွန်လျှင် ဆလုံသင်္ချိုင်း၌သာ သီးသန့် မြှုပ်နှံကြသည်။
ဆလုံများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုရှိကာ မိမိတို့ရိုးရာ ဝတ်စုံ၊ အစားအသောက်၊ ဘာသာစကားနှင့် ထုံးတမ်းဓလေ့များကို အစဉ်အဆက် ထိန်းသိမ်းခဲ့ကြသည်။ ဆလုံယဉ်ကျေးမှုများအနက် ထိမ်းမြား လက်ထပ်သည့်ထုံးတမ်းသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။
ဆလုံများသည် အသက် ၁၈ နှစ်ဝန်းကျင်တွင်အိမ်ထောင်ပြုလေ့ရှိသည်။ ဆလုံလူငယ်တစ်ဦးသည် အိမ်ထောင်ပြုချိန်တွင် မိမိနှစ်သက်မြတ်နိုးသည့် မိန်းကလေးကို သူ၏ မိဘများထံတွင် သွားရောက် တောင်းရမ်းရသည်။ ဆလုံလူငယ်သည် မိမိ၏ မိဘများနှင့်အတူ အမျိုးသမီး၏ မိဘနှစ်ပါးထံသို့ သွားရသည်။ မိန်းကလေးမိဘများက ဆလုံအကြီးအကဲ ရှေ့မှောက်တွင် လက်ခံတွေ့ဆုံသည်။ မိန်းကလေးဘက်ကလက်ခံလျှင် မင်္ဂလာရက်ကို သတ်မှတ်သည်။
ဆလုံမင်္ဂလာပွဲတွင် ဧည့်ခံကျွေးမွေးသည့် ဟင်းလျာသည် ငါးကင်၊ လင်းနို့ကြော်၊ လင်းဆွဲကြော်၊ ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်တို့ဖြစ်၍တစ်ခါတစ်ရံတွင် မျောက်သားကြော်၊ ပျားရည်နှင့် အရက်ကို ထည့်သွင်းဧည့်ခံသည်။
ဆလုံတို့၏ ထုံးတမ်းအရ လက်ထပ်မင်္ဂလာပွဲကို နတ်ဆရာက ဦးဆောင်ကာ ပင်လယ်ကမ်းစပ် သဲသောင်ပြင်တစ်နေရာ၌ ပြုလုပ်သည်။ မင်္ဂလာပွဲတွင်နတ်ဆရာက ဆလုံရိုးရာပလွေကို မှုတ်ပြီး နောက် လက်နှစ်ဖက်ကို ခေါင်းပေါ်သို့မြှောက်လျက် ရိုးရာနတ်ကိုပင့်ဖိတ်သည်။ ထို့နောက် နတ်ဆရာက သတို့သားနှင့် သတို့သမီး လက်ဖဝါးနှစ်ဖက်ကိုကိုင်ပြီး သူ၏ လက်ဝါးနှစ်ဖက်ကို သတို့သားနှင့် သတို့သမီးတို့၏ လက်များပေါ်တွင်အုပ်ထားကာ မင်္ဂလာမောင်နှံကို ရာသက်ပန်စောင့်ရှောက်ရန် ရိုးရာနတ်အား တိုင်တည်ဆုတောင်းခြင်းသည်ပင် ဆလုံမင်္ဂလာပွဲအခမ်းအနားဖြစ်ပေသည်။ သတို့သားနှင့် သတို့သမီးက မိမိတို့ လက်နှစ်ဖက်စီကိုမြှောက်လျက် ရာသက်ပန် ရိုးမြေကျပေါင်းသင်းပါမည်ဟု တိုင်တည်ကြရသည်။
ဆလုံရိုးရာ မင်္ဂလာပွဲတွင် နတ်ဆရာသည် နတ်ကိုတိုင်တည် ပူဇော်ပြီးနောက် တုန်ယင်လာပြီး အရက် သောက်၍ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များကိုစားသည်။ ဆလုံများက ထိုအချိန်တွင်နတ်ဆရာကို နတ်ဝင်နေသည်ဟု ယုံကြည်ကြသည်။ ထို့နောက် နတ်ဆရာကကလျှင် ပရိသတ်ကလည်း လိုက်ကကြရသည်။ နတ်ဆရာနတ်ဝင်ချိန်သည် နာရီဝက်ခန့်သာ ကြာမြင့်၍ ဆလုံမင်္ဂလာဆောင်ပွဲသည် တစ်နာရီဝန်းကျင်သာကြာမြင့်ပြီး ပရိသတ်များက ကျွေးမွေးဧည့်ခံသည့် အစားအသောက်များကို စားသုံးကာမင်္ဂလာပွဲကို အဆုံးသတ်လိုက်သည်။
ဆလုံများက မင်္ဂလာပွဲတွင် ရိုးရာနတ်ကို ပူဇော်ပသပြီးမှသာ လင်မယားအရာမြောက်သည်ဟု ယုံကြည်ကြသည်။
မင်္ဂလာပွဲပြီးလျှင် မိဘများက မင်္ဂလာမောင်နှံကို ရိုးရာလှေတစ်စင်း၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်း ကိရိယာအချို့ကို လက်ဖွဲ့ခြင်းသည် ဇနီးမောင်နှံနှစ်ယောက်ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ကြရန်ဖြစ်သည်။ ဇနီးမောင်နှံနှစ်ဦးသည် အဝေးသို့သွားရန်မလိုဘဲ ဆလုံရွာ၌ပင်နေထိုင်ကြရသည်။ ဤသို့ဖြင့် ဆလုံလူနေမှုအသိုက်အဝန်းသည် မိမိတို့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းလျက် ရှင်သန်ကြီးထွားလာခဲ့ကြပေသည်။ ။
Source- Myawady Webportal
တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍လည်း ခေါ်ဆိုကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရားရှင်က အဇာတသတ်မင်းကို သာမညဖလ သုတ်တော်ဟူသော ရဟန်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးများကို ဟောကြားခဲ့ရာမှ သာမညဖလ အခါတော်နေ့ဟူ၍ ဖြစ်ပေါ်ခဲ့ပါသည်။ အဖသတ်သော အဇာတသတ်မင်းအနေဖြင့် ဤခါဤနေ့တွင် စိတ်ကြည်လင်ခြင်းအလို့ငှာ တရားတော်နာကြားလိုစိတ်ဖြစ်ပေါ်ခဲ့သည်။ ဤတွင် မင်းအပါးခစားမှူးမတ်များက သာသနာမှတစ်ပါးသော အယူဝါဒရှိသူ ထိုစဉ်က ကျော်ကြားသော တိတ္ထိဆရာကြီး ခြောက်ပါးထံတွင် ချဉ်းကပ်ရန် တိုက်တွန်းသော်လည်း အဇာတသတ်မင်းမှာ ခပ်ဆိတ်ဆိတ်သာနေသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့ဆီကို အဇာတသတ်မင်းသွားရောက်ချဉ်းကပ်၍ မေးမြန်းပြီးသားဖြစ်ချေသည်။ လိုချင်သော၊ လိုအပ်သော အဖြေကိုမရရှိခဲ့သောအဖြစ်ကို မှူးမတ်တို့က သိရှိထားခြင်းမရှိပေ။
ဇီဝကသို့ အမေး
ဤတွင် လက်ခံမှုမရှိသော အဇာတသတ်မင်းက ဇီဝကကို အမေးရှိလာသောအခါ ဇီဝကအနေဖြင့် “မြတ်စွာဘုရားကို ဆည်းကပ်တော်မူပါ။ မြတ်စွာဘုရားကိုဆည်းကပ်လျှင် မင်းမြတ်၏စိတ် ကြည်လင်တန်ရာပါ၏” ဟု လျှောက်ထားတော်မူသည်။ ထိုအခါ ဇီဝကအားဆင်တို့ကို ပြင်ဆင်စေပြီး မြတ်စွာဘုရား သီတင်းသုံးသည့် ဇီဝက၏ သရက်ဥယျာဉ်သို့ သွားလေသည်။ ဥယျာဉ်အနီးသို့အရောက်တွင် အဇာတသတ်မင်းမှာ ကြောက်ရွံ့ထိတ်လန့် ကြက်သီးမွေးညင်းထကာ ဇီဝကကို “ငါ့ကို မဖြားယောင်းနှင့်။ ငါ့ကို ရန်သူတို့ထံ အပ်နှင်းမလို့ မဟုတ်လား” ဟုမေးသည်။ မေးရသည့်အကြောင်းမှာ အပါး ၁၂၅၀ မျှသော မြောက်မြားသည့် ရဟန်းသံဃာတို့ စုဝေးနေသည့်နေရာတွင် ချေဆတ်သံ၊ ချောင်းဟန့် သံ၊ စကားပြောသံများ မကြားရသောကြောင့် ဖြစ်သည်။ ဇီဝကက ပြန်လည်လျှောက်ထားသည်မှာ “မင်းကြီးရှေ့သို့ ကြွတော်မူပါ။ တန်ဆောင်းဝင်း၌ ဆီမီးတို့တောက်ပလျက်ရှိနေသည်” ဟု လျှောက်ထားသည်။ အဇာတသတ်မင်းလည်း မြတ်စွာဘုရားအားရှိခိုး၍ လျှောက်ထားခွင့်တောင်းလေသည်။
ဂေါတမမြတ်စွာဘုရားအား လျှောက်ထားခြင်း
ထိုအချိန်တွင် ဇီဝက၏ သရက်ဥယျာဉ်၌ စံပယ်နေတော်မူသော မြတ်စွာဘုရားကို သွားရောက်ဖူးမြော်ရန် ဇီဝက၏ အကြံပြုချက်အရ အဇာတသတ်မင်း လာရောက်ဖူးမြော်ခြင်းကို ခံယူတော်မူပြီး အဇာတသတ်မင်းက တောထွက်ရဟန်းပြုခြင်း၏ အကျိုးထူးများ (သာမညဖလ= ရဟန်းပြုခြင်း အကျိုးကျေးဇူး) ကို မေးမြန်းလျှောက်ထားခဲ့သည်။ မြတ်စွာဘုရားရှင်ကလည်း ဤပြဿနာနှင့်ပတ်သက်၍ မိမိမှအပ အခြားတစ်ပါးသော အဘိဓမ္မာဆရာကြီးတို့အား မေးမြန်းစုံစမ်း၍ ပြီး၊ မပြီးကို အဇာတသတ်အား မေးမြန်းတော်မူခဲ့သည်။ ထိုအခါ အဇာတသတ်မင်းက ဤပြဿနာအား သမဏ ဗြာဟ္မဏဆရာကြီးများဖြစ်ကြသော ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသမ္ဗလ၊ ပကုဓက စ္စာယန၊ နိဂဏ္ဍနာဋပုတ္တနှင့် သဉ္စယဗေလဋ္ဌပုတ္တတို့အား မေးမြန်းပြီးဖြစ်ကြောင်း လျှောက်ထားသည်။
မျက်မှောက်ဘဝ၌ ရအပ်သော ရဟန်းဖြစ်ရသည့် အကျိုးများ
မြတ်စွာဘုရားက ရဟန်းဖြစ်ရခြင်း၏ မျက်မှောက် အကျိုးများဟောကြားရာ ရဟန်းဖြစ်ခြင်း ပထမ လက်ငင်းအကျိုးအနေဖြင့် ယခင်က မိမိကျွန်ဖြစ်စေ ဦးတော့ ယခုအချိန်တွင် သင်၏ကျွန်ယောကျ်ားသည် ဆံပင်၊ မုတ်ဆိတ်တို့ကို ပယ်ရှားပြီး ဖန်ရည်ဆိုးသော ဝတ်သင်္ကန်းကို ဝတ်ဆင်ကာ လူ့ဘောင်ကိုဖယ်ခွာ၍ ရဟန်းအဖြစ်ပြောင်းလျက် ရဟန်း၏အခြေခံစည်းမျဉ်းဖြစ်သော ကိုယ်နှုတ်စိတ်တို့အား စောင့်ထိန်းသည်။ ရသလောက်သော အစာရေစာ၊ အဝတ်တို့ဖြင့် ခြိုးခြံချွေတာကာ ရောင့်ရဲလျက် တိတ်ဆိတ်ငြိမ်သက်သောနေရာ၌ တရားဓမ္မဖြင့် ပျော်ရွှင်စွာနေလျှင် သူ့ကိုပြန်ပြီး တာဝန်ထမ်းဆောင်စေမလားဟူသော မြတ်စွာဘုရား၏ အမေးကို အဇာတသတ်အနေဖြင့် “ထိုသူကို မခေါ်တော့ပါ။ ထိုသူကိုရှိခိုးမည်။ နန်းတော်ကိုကြွလာပါက ခရီးဦးကြိုပြု၍ ထိုင်ရန်နေရာပြင်ပေးမည်။ သင်္ကန်း၊ ဆွမ်း၊ ကျောင်းနှင့် မနာမကျန်းဖြစ်ပါက ဆေးအသုံးအဆောင်များ အလိုရှိကလည်း ကျွန်ုပ်တို့အား အလှူခံပါရန်ဖိတ်ရမည့်အပြင် တရားဥပဒေနှင့် ကာကွယ် စောင့်ရှောက်ပြီး လုံခြုံရေးကိုလည်း စီမံပေးမည်” ဟု လျှောက်ထားခဲ့သည်။ ထိုအခါ မြတ်စွာဘုရားက ဤသည်မှာ ရဟန်းဖြစ်ခြင်း၏ ကိုယ်တိုင်မျက်မှောက်ဘဝ၌ သိမြင်နိုင်သော ရဟန်းအကျိုးဟု ဟောသည်။
ဒုတိယလက်ငင်းအကျိုးအနေဖြင့် “ဤတိုင်းပြည်၏အခွန်ကို အမြဲပေးဆောင်နေရသော တိုင်းပြည် ဘဏ္ဍာနှင့် မိမိ၏စီးပွားဥစ္စာတို့ကို တိုးတက်များပြား စေတတ်သော အိမ်ပိုင်ရာပိုင်ရှိသည့် လယ်သမားယောကျ်ားသည် ရဟန်းအဖြစ်ကို ရောက်ရှိပြီးပါက ထိုသူအားပြန်ခေါ်၍ အခွန်အခကောက်ခံမည်လော” ဟု မြတ်စွာဘုရားက မေးမြန်းတော်မူရာ အဇာတသတ်မင်းက ပထမမေးခွန်းပါအတိုင်း “စောင့်ရှောက်ကြည်ညိုသွားမည်ဖြစ်ကြောင်း” လျှောက်ထားရာ မြတ်စွာဘုရားက သင့်အား နှစ်ကြိမ်မြောက်ဟောပြသည့် မျက်မှောက်ဘဝ၌ သိနိုင်မြင်နိုင်သော ရဟန်းဖြစ်ခြင်းအကျိုးဟု မိန့်ခဲ့သည်။
တတိယလက်ငင်းအကျိုးအနေဖြင့် “ကိလေသာ မြူဆိုင်း၍ တရားထူးမရနိုင်သော လူ့ဘောင်ကိုစွန့်၍ ရဟန်းဘောင်သို့ဝင်ကာ ပါတိမောက္ခသံဝရမည်သည့် ဖြူစင်သန့်ရှင်းသော ရဟန်းတို့၏ အကျင့်သီလကိုစောင့်ထိန်းကာ ကောင်းသောအကျင့်၊ ကောင်းသောနေရာတို့ကိုလည်း ပိုင်ဆိုင်ပြည့်စုံတော် မူသည်။ အနည်းငယ်မျှသော အပြစ်တို့ကိုလည်း ဘေးအန္တရာယ်အဖြစ်ရှုမြင်ပြီး ရှောင်ကြဉ်ကာ သိက္ခာပုဒ်သီလတို့အား ဆောက်တည်ကျင့်ကြံကြသည်။ ကောင်းသောအလုပ်၊ ကောင်းသောအပြောနှင့် ပြည့်စုံကြသဖြင့် ကောင်းမွန်စင်ကြယ်သော အသက်မွေးမှုကိုလည်း ကျင့်ကြံပြီးသားဖြစ်သည်။ ကောင်းမွန်သောသီလနှင့် ပြည့်စုံသည်။ စေ့ထားသောတံခါးကဲ့သို့ ကိုယ်နှုတ်စိတ်တို့ကို အမြဲဆင်ခြင်၍ ထိန်းသိမ်းသည်။ အစားအသောက် စားသောက် ရာ၌လည်း အတိုင်းအတာနှင့် စားသောက်သည်။ ရသမျှအစား၊ အဝတ်နှင့်သာ ရောင့်ရဲတင်းတိမ်သည်။ တရားကို အမြဲအောက်မေ့ကာ သတိတရားထား၍ အမြဲဆင်ခြင်လေ၏”ဟု မိန့်ခဲ့သည်။
သီလကဏ္ဍ
ထို့နောက်မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား ၁၀၄ ခွန်းသော ဂါထာတော်များဖြင့် တန်ဆာဆင်အပ်သော တရားတော်များအား ဆက်လက်ဟောကြားခဲ့ရာ သီလကဏ္ဍတွင် အခြေခံ အဆင့်(စူဠသီလ)၊ အလယ်တန်းအဆင့်(မဇ္ဈိမသီလ)၊ အထက်တန်းအဆင့်(မဟာသီလ)တို့ ရှိကြောင်း၊ ဤလောက၌ ရဟန်းတို့သည် အသက်သတ်ခြင်းကို ပယ်ခွာရှောင်ကြဉ်၍ တုတ်၊ ဓား၊ လက်နက်တို့ကို ကိုင်ဆောင်ရန် ရှက်ကြောက်ရွံ့ပြီး သနားသောကြောင့် မကိုင်ဆောင်ဘဲ ခပ်သိမ်းသောသတ္တဝါတို့၏ အစီးအပွားအား အလိုရှိခြင်းသည်လည်း ရဟန်းတို့၏ အခြေခံသီလဖြစ်သည်။ ပေးလှူသောပစ္စည်းကိုသာအလိုရှိခြင်း၊ မေထုန်အကျင့်ရှောင်ခြင်း၊ မှားသော/ ကုန်းတိုက်သော/ ကြမ်းတမ်းသော/အကျိုးမရှိသော စကားများရှောင်ခြင်း၊ မျိုးစေ့အပင် ချိုးယူဖျက်ဆီးခြင်းကို ရှောင်ခြင်း၊ ကခြင်း/သီဆို တီးမှုတ်ခြင်း/ပွဲကြည့်ခြင်း/ပန်းပန်ခြင်း/ နံ့သာခြယ်လိမ်းခြင်း၊ လယ်ယာတိရစ္ဆာန်အလှူခံခြင်းနှင့် ဖမ်းဆီးလုယက်ဓားပြတိုက်ခြင်းတို့မှ ရှောင်ကြဉ်ရန် တို့ပါဝင်ပေသည်ဟု ဟောသည်။
အလယ်တန်းအဆင့်သီလတွင် မျိုးစေ့အပေါင်း၊ အပင်အပေါင်းကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သိုမှီးသုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပွဲကြည့်ခြင်းမှရှောင်ကြဉ်ခြင်း၊ လောင်းကစားခြင်းမှ ရှောင်ကြဉ်ခြင်း၊ မြင့်သောနေရာ မြတ်သောနေရာမှရှောင်ကြဉ်ခြင်း၊ လိမ်းခြယ်ခြင်း ဆင်ယင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဖီလာစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အငြင်းစကားကိုပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ တမန်အမှု အစေအပါးအမှု ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ လာဘ်အလို့ငှာ အံ့ဖွယ်ဖြစ်စေခြင်း မြှောက်ပင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ ပါဝင်ကြသည်ဟု ဟောသည်။
အထက်တန်းအဆင့်သီလတွင် အင်္ဂကျမ်း၊ နိမိတ်ကျမ်း၊ အင်္ဂဝိဇ္ဇာကျမ်း စသည့်အတတ်ဖြင့် အသက် မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကျောက်မျက်လက္ခဏာ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ စစ်ထွက်လတ္တံ့ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ လကြတ်နေကြတ်လတ္တံ့ စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ သတို့သမီးဆောင်ယူ ထိမ်းမြားပေးခြင်း စသောအတတ်ဖြင့် အသက်မွေးခြင်းမှ ရှောင်ကြဉ်ခြင်း၊ နတ်ကိုးနတ်ပူဇော်ခြင်းစသော ဖီလာအတတ် ဖြင့်အသက်မွေးခြင်းမှရှောင်ကြဉ်ခြင်းတို့ ပါဝင်ကြ သည်ဟု ဟောသည်။
သမာဓိကဏ္ဍ
မင်းကြီး ရဟန်းသည် အဘယ်သို့လျှင် ဣန္ဒြေတို့ ၌ ပိတ်ထားသော တံခါးရှိသနည်း၊ စောင့်စည်းသနည်း ဆိုသော် ရူပါရုံကိုမြင်လျှင် မိန်းမ၊ ယောကျ်ားစသော သန္တန်နိမိတ်ကို စွဲယူလေ့မရှိချေ။ စက္ခုန္ဒြေကို မစောင့်စည်းလျှင် မက်မောခြင်း “အဘိဇ္ဈာ”၊ နှလုံး မသာယာခြင်း “ဒေါမနဿ” ဟူသော ယုတ်မာသော အကုသိုလ်တရားတို့သည် မစောင့်စည်းသူတို့ကို နှိပ်စက်ကုန်သည်။ စက္ခုန္ဒြေကို စောင့်စည်းသကဲ့သို့ နားဖြင့်အသံ “သဒ္ဒါရုံ”ကိုလည်းကောင်း၊ နှာခေါင်းဖြင့် အနံ့ “ဂန္ဓာရုံ” ကိုလည်းကောင်း၊ လျှာဖြင့် အရသာ “ရသာရုံ”ကို လည်းကောင်း၊ ကိုယ်ဖြင့် အတွေ့ “ဖောဋ္ဌဗ္ဗာရုံ”ကို လည်းကောင်း၊ စိတ်ဖြင့် သဘော “ဓမ္မာရုံ”ကိုလည်းကောင်း ဣန္ဒြေတို့ကို စောင့်စည်းအပ်ရာသည်ဟု ဟောသည်။
ပညာကဏ္ဍ
ရဟန်းသည်ကာမဂုဏ်၊ အကုသိုလ်တရား၊ ကြံစည်ခြင်း “ဝိတက်”တို့နှင့်တကွ သုံးသပ်ဆင်ခြင်ခြင်း ဝိစာရ နှင့် နီဝရဏတရားငါးပါးတို့ မရှိသောကြောင့် နှစ်သိမ့်ခြင်း “ပီတိ”၊ ချမ်းသာခြင်း “သုခ”ရှိသော ပထမဈာန် သို့ ရောက်သည်။ ဝိတက်ဝိစာရငြိမ်းခြင်းကြောင့် မိမိ သန္တန်၌ စိတ်တည်ကြည်ခြင်း “သမာဓိ” ကြောင့် ဖြစ်သောပီတိသုခရှိသော ဒုတိယဈာန်သို့ ရောက်သည်။ ရဟန်းသည် နှစ်သိမ့်ခြင်း “ပီတိ”ကို မတပ်မက်ခြင်းကြောင့် သတိသမ္ဗဇဉ်နှင့် ပြည့်စုံသည်ဖြစ်၍ လျစ်လျူရှုလျက်နေသည်။ တတိယဈာန်ကြောင့် လျစ်လျူရှုသူ၊ သတိရှိသူသည် ချမ်းသာစွာရှိသည်။ လျစ်လျူရှုမှု “ဥပေက္ခာ” ကြောင့် ဖြစ်သည့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်နေသည်ဟု ဟောသည်။
စိတ်ကဏ္ဍ
မင်းကြီး တည်ကြည်သောစိတ်သည် စင်ကြယ်ဖြူစင်ပြီး ညစ်ကြေးညစ်ညူးခြင်းကင်းကာ နူးညံ့ သင့်လျော်တည်တံ့မတုန်မလှုပ်ခြင်းသို့ရောက်သော် ထိုရဟန်းသည် ဝိပဿနာဉာဏ်အမြင်သို့ ရောက်ပြီဖြစ်သည်။ ထိုရဟန်းသည် စိတ်ဖြင့်ပြီးသောကိုယ်ကို ဖန်ဆင်းပြီး မနောမယိဒ္ဓိဉာဏ်သို့ ရောက်သည်။ ထို့နောက်များပြားသော တန်ခိုးဖန်ဆင်းခြင်း ဣဒ္ဓိဝိဓဉာဏ်သို့ရောက်သည်။ ထိုရဟန်းသည် အထူးသဖြင့် စင်ကြယ်သောလူတို့နားထက် သာလွန်သော နတ်တို့နားနှင့်တူသည့် ဒိဗ္ဗသောတဉာဏ်သို့ ရောက်သည်။ တစ်ပါးသောပုဂ္ဂိုလ်တို့၏ စိတ်ကို မိမိစိတ်ဖြင့် ပိုင်းခြားသိသော စေတောပရိယဉာဏ်လည်းရောက်သည်။ ရှေးဘဝကကိုမြင်နိုင်သော ပုဗ္ဗေနိဝါသာ နုဉာဏ် သို့လည်း ရောက်သည်။ စုတိ “သေခြင်း” နှင့် ဥပပါတ “ပဋိသန္ဓေ” ဖြစ်ခြင်းကိုသိသော စုတူပပါတ ဉာဏ်သို့လည်းရောက်သည်။ အာသဝတို့ကိုကုန်စေသော အာသဝက္ခဉာဏ်သို့ရောက်သည်။ ဆင်းရဲတို့ ချုပ်ရာ နိဗ္ဗာန်ကိုရောက်ကြောင်း အကျင့်မှန်ဖြစ်ပြီး ကာမာသဝ၊ ဘဝါသဝ၊ အဝိဇ္ဇာသဝတို့မှလည်း လွတ်မြောက်ကာ ပဋိသန္ဓေနေမှုကုန်၍ မဂ်ကိစ္စပြုပြီးဖြစ်ကြောင်း အဇာတသတ်မင်းအား ဟောကြားခဲ့သည်တို့ကို နိဗ္ဗာန်အကျိုးမျှော်၍ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ပူဇော်ရေးသားလိုက်ရပါသည်။
ကိုးကား-
၁။ မင်းကွန်း တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ဘုရားကြီး၏ မဟာဗုဒ္ဓဝင် တတိယတွဲ
၂။ ဒေါ်အုန်းမဟာဝိဇ္ဇာ၏ ပါဠိစာပေသမိုင်း
Source- Myawady Webportal