သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးအသိပညာပေး

Posted_Date

Image

သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးအသိပညာပေး

Body

သဘာဝဘေးအန္တရာယ်အမျိုးအစားများ

မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ (Natural Disasters) ဖြစ်ပွားလေ့ရှိပြီး လူကြောင့်ဖြစ်သော  ဘေးအန္တရာယ်များလည်း   ဖြစ်ပွားလေ့ရှိသည်။    ဘေးအန္တရာယ်များကို    အောက်ပါအတိုင်း  အမျိုးအစားခွဲခြားထားသည်။

(က)မိုးလေဝသနှင့် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ

ဆိုင်ကလုန်းမုန်တိုင်း၊ မိုးသည်းထန်ခြင်းကြောင့်  လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်း၊   မြစ်ရေကြီးနှင့်    မြို့ပြရေလွှမ်းမိုးခြင်း၊ မိုးသီးကြွေခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း၊   အပူလှိုင်း၊   အအေးလှိုင်းဖြတ်ခြင်း၊  မိုးခေါင်ရေရှားခြင်းတို့ဖြစ်သည်။

(ခ)   မြေမျက်နှာပြင်ဆိုင်ရာ     ဘေးအန္တရာယ်များ

ငလျင်လှုပ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေနိမ့်ဒေသများ ရေလွှမ်းမိုးခြင်း၊ ကမ်းရိုးတန်းဒေသများ ဒီရေလွှမ်းမိုးခြင်း၊ ဆူနာမီရေလှိုင်းနှင့်   ရေလွှမ်းမိုးခြင်းတို့ဖြစ်သည်။

(ဂ)  ဇီ၀ဗေဒဆိုင်ရာ   ဘေးအန္တရာယ်များ

ကူးစက်ရောဂါ  ကပ်အသွင်ဖြစ်ပွားခြင်း၊ အင်းဆက်ပိုးမွှားကျရောက်ခြင်းနှင့်   ဇီဝလက်နက်များ ဖြစ်သည်။

(ဃ) မတော်တဆမှုများနှင့်   စက်မှုနည်းပညာဆိုင်ရာ ဘေးအန္တရာယ်များ

မီးလောင်ခြင်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ယာဉ်မတော်တဆမှုများ  ဥပမာ-ခရီးသည်ယာဉ်၊  ရထားတိမ်းမှောက်ခြင်း၊ ရေယာဉ်နစ်မြုပ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ မိုင်းတွင်းနှင့် အဆောက်အအုံပြိုကျခြင်း၊ ဓာတုစက်ရုံများနှင့် နျူကလီးယားဓာတ်အားပေးစက်ရုံများ ပေါက်ကွဲခြင်း၊ ဓာတုလက်နက်နှင့် နျူကလီးယားလက်နက်များဖြစ်သည်။

(င) လူမှုရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ

စစ်ပွဲများ၊  အကြမ်းဖက်မှုများ၊ လူမှုအဓိကရုဏ်းများဖြစ်သည်။

သဘာဝဘေးနှင့်ပတ်သက်၍ သိထား သင့်သောအချက်များ

သဘာဝဘေးအန္တရာယ်များတွင်  ကြိုတင်ခန့်မှန်းနိုင်သော    ဘေးအန္တရာယ်များရှိသကဲ့သို့      ခန့်မှန်းရန် ခက်ခဲသော ဘေးအန္တရာယ်များလည်းရှိသည်။  ဥပမာ- ဆိုင်ကလုန်းမုန်တိုင်းနှင့် ရေလွှမ်းမိုးခြင်းကဲ့သို့  တချို့သောဘေးအန္တရာယ်များကို    ကြိုတင်ခန့်မှန်း၍     ရနိုင်သော်လည်း ဥပမာ - မြေငလျင်လှုပ်ခြင်းနှင့်  လေဆင်နှာမောင်းတိုက်ခတ်ခြင်း ကဲ့သို့သော ဘေးအန္တရာယ်များမှာ ကြိုတင်ခန့်မှန်းရန် ခက်ခဲသည်။ သို့ဖြစ်ရာ ကြိုတင်ခန့်မှန်း၍ ရနိုင်သော   ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ ဘေးအန္တရာယ်များအတွက်မိုးလေဝသသတင်းများကိုအမြဲနားထောင်သင့်သည်။ မြန်မာနိုင်ငံ၌ မိုးလေဝသသတင်းများကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  သတိပေးချက်များနှင့်အတူ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသဖြင့် အဆိုပါမိုးလေဝသသတင်းများကို   အမြဲမပြတ်နားထောင်ပြီး  ဘေးအန္တရာယ် အသိပေးချက်များကို  လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ်    ကျရောက်သောဒေသများရှိ   ပြည်သူများအတွက် ကျန်းမာရေး သတိပေးနှိုးဆော်ချက်

- မိုးလေဝသသတင်းများ၊     ဘေးအန္တရာယ်  သတိပေးချက်များနှင့် ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ပါ။

- ဘေးအန္တရာယ်မကျရောက်မီအချိန်ကတည်းက  အစားအစာ၊ သောက်သုံးရေနှင့် ပုံမှန်သောက်သုံးနေကျ ဆေးဝါးများအား အသင့်ကြိုတင်စုဆောင်းထားပါ။ ဆေးဝါးပြတ်လပ်မှုရှိပါက  ကျန်းမာရေးဌာနနှင့် ဆက်သွယ်၍ ဆေးကုသမှုခံယူပါ။

- တာဝန်ရှိသူများ၏ညွှန်ကြားချက်များအတိုင်း  မိုးဒဏ်၊ လေဒဏ်ခံနိုင်သော အဆောက်အအုံ၌နေထိုင်ပါ။

- ရာသီဥတုနှင့်လျော်ညီပြီး ကျန်းမာရေးနှင့်ညီညွတ်အောင်  ဝတ်စားဆင်ယင်ပါ။

- ရေမျောစာများ၊   အမှည့်လွန်အစာများ၊   ယင်နားစာများ   မစားပါနှင့်။ အစားအစာများကို  ယင်မနားစေရန် ဖုံးအုပ်ထားပါ။

- ရေသန့်ဆေးထုပ်၊   ကလိုရင်းခတ်ထားသောရေ  သို့မဟုတ် ကျိုချက်ထားသောရေ သို့မဟုတ် ယုံကြည်စိတ်ချရသောရေသန့်ကိုသာ သောက်ပါ။

- ယင်လုံအိမ်သာကို စနစ်တကျသုံးစွဲပါ။

-တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ပါ။  အစာမစားမီ၊ အစားအစာ ချက်ပြုတ်ပြင်ဆင်ခြင်းမပြုမီ၊     အညစ်အကြေးကိုင်တွယ်ပြီးတိုင်း၊      အိမ်သာသွားပြီးတိုင်း လက်ကို ဆပ်ပြာဖြင့်  စင်ကြယ်စွာဆေးကြောပါ။

- အမှိုက်များကို မြေမြှုပ်ခြင်း၊ မီးရှို့ခြင်း၊    အမှိုက်ပုံကို  ထုံးဖြူးခြင်း စသည်ဖြင့်    အမှိုက်များကို  စနစ်တကျစွန့်ပစ်ပါ။

-  ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ပါ။  မည်သည့်အချိန်တွင်မဆို   ခြင်ထောင်ဖြင့်သာ  အိပ်စက်ပါ။    ပိုးလောက်လမ်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ (ဖုံး၊ သွန်၊ လဲ၊ စစ်) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ။

- မြွေဆိုးအန္တရာယ်၊     ဓာတ်လိုက်မှုအန္တရာယ်နှင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အခြေအနေတို့ကို  ဂရုပြုနေထိုင်ပါ။

- ဘေးအန္တရာယ် ကျရောက်သော ဒေသများ၌ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ပါ။

- ဘေးအန္တရာယ်ကျရောက်ပြီးနောက် အဆုတ်ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ မြွေဆိုးအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှု   စသည့်ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်ပြီး အကယ်၍  ဖြစ်ပွားပါက    နီးစပ်ရာဆေးရုံ၊ ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းထံတွင် ပြသပါ။

အရေးပေါ်ဒဏ်ရာကုသမှု သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အခါ  ပြည်သူများတွင်    ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားနိုင်သည့်အတွက် ယင်းဒဏ်ရာများကို    သက်သာပျောက်ကင်းစေရန်နှင့် ရောဂါပိုးဝင်ရောက်ခြင်းတို့မှ   ကာကွယ်နိုင်ရန် အောက်ဖော်ပြပါ အချက်အလက်များကို လိုက်နာဆောင်ရွက်ပါ။

- အရေပြားပွန်းပဲ့/  ပေါက်ပြဲဒဏ်ရာ ဖြစ်ပွားပါက မသန့်ရှင်းသောရေနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

- ဒဏ်ရာအား    ကုသမည့်လက်ကို ဆပ်ပြာနှင့် ရေသန့်တို့ဖြင့် သေချာစွာဆေးကြောပါ။

- ဒဏ်ရာတွင်  အရာဝတ္ထုများ  ဝင်ရောက်နေခြင်းမရှိပါက ဒဏ်ရာကုသနေစဉ်အတွင်း  ယင်းဒဏ်ရာကို လက်နှင့်မထိပါနှင့်။   (ဖြစ်နိုင်လျှင်      ပိုးသတ်ထားသော       တစ်ခါသုံးလက်အိတ်ကို အသုံးပြုပါ)

-  ဒဏ်ရာရနေသော ခန္ဓာကိုယ်အစိတ်အပိုင်းမှ လက်ဝတ်ရတနာများနှင့် အဝတ်အစားများကို ဖယ်ရှားပါ။

- အပူလောင်  ဒဏ်ရာငယ်များအား သန့်ရှင်းသောရေအေးဖြင့်  လောင်းပေးပါ  သို့မဟုတ်  သန့်ရှင်းသောအဝတ်စိုဖြင့် ကပ်ပေးပါ။ အပူလောင်ဒဏ်ရာမှ    အရည်ကြည်ဖုများကို ဖောက်ထုတ်ခြင်း မပြုလုပ်ပါနှင့်။

- အပူလောင်ဒဏ်ရာကို     သန့်ရှင်းသောအဝတ် သို့မဟုတ် ပတ်တီးဖြင့်ညင်သာစွာ ကာကွယ်ထားပါ။ တင်းကျပ်စွာ စည်းနှောင်ခြင်းမပြုပါနှင့်။

- ထိခိုက်/ရှနာ       ဒဏ်ရာများတွင် သွေးထွက်နေပါက သွေးထွက်ခြင်းကို ထိန်းချုပ်နိုင်ရန် ယင်းနေရာကို သန့်ရှင်းသောအဝတ်    သို့မဟုတ် ပတ်တီးဖြင့်ဖိထားပါ။   ဖြစ်နိုင်လျှင် ဒဏ်ရာနေရာကို နှလုံးနေရာထက် မြှင့်ထားပါ။

-  သွေးတိတ်သွားပြီးနောက် ဒဏ်ရာကို ရေသန့် သို့မဟုတ် သန့်စင်သောရေဖြင့် ညင်သာစွာဆေးကြောပါ။

- ဒဏ်ရာတစ်ဝိုက်ကိုလည်း ဆပ်ပြာနှင့်    ရေသန့်တို့ဖြင့်     ညင်သာစွာ ဆေးကြောပါ။

- ဒဏ်ရာတွင်       အညစ်အကြေးနှင့် အရာဝတ္ထုများ   ဝင်ရောက်နေခြင်း ရှိ/မရှိ စစ်ဆေးပါ။ ရှိနေပါက ဖယ်ရှားပါ။ သေချာစွာမသန့်ရှင်းထားသော ဒဏ်ရာများတွင် ဗက်တီးရီးယားပိုးများ  ခိုအောင်းနိုင်ပြီး   ရောဂါပိုးဝင်နိုင်ပါသည်။

- ဆေးကြောပြီးနောက်  ဒဏ်ရာကို ခြောက်အောင်သုတ်ပြီး    ပတ်တီး သို့မဟုတ် သန့်ရှင်းသောအ၀တ်ဖြင့် စည်းပေးပါ။   ဖြစ်နိုင်လျှင်    ရေစိုခံပတ်တီးကိုသုံးပါ။

- ဖြစ်နိုင်လျှင်      ဒဏ်ရာရရှိသူအား အကိုက်အခဲပျောက်ဆေးတိုက်ပါ။

- ဒဏ်ရာကို အနည်းဆုံး ၂၄ နာရီတိုင်း တစ်ကြိမ် ပြန်စစ်ဆေးပေးပါ။

အောက်ပါလက္ခဏာများ        ရှိပါက အမြန်ဆုံးဆေးကုသမှုခံယူနိုင်ရန် ဆောင်ရွက်ပါ

- မီးလောင်/   အပူဒဏ်ရာရရှိသည့် ခန္ဓာကိုယ်နေရာ များပြားခြင်း၊

- သွေးထွက်နေသောဒဏ်ရာကို အချိန် ငါးမိနစ်ကျော်ကြာ ဖိထားသည့်တိုင် သွေးမတိတ်ခြင်း၊

- ဒဏ်ရာတွင်   အညစ်အကြေးနှင့် အရာဝတ္ထုများ   ဝင်ရောက်နေခြင်း

( ဥပမာ မြေကြီး၊ သစ်သားစ၊ သတ္တုစ သို့မဟုတ် တခြားအရာများ)၊

- တိရစ္ဆာန်အကိုက်ခံရသည့် ဒဏ်ရာဖြစ်ခြင်း၊

- ညစ်ညမ်းသည့်    အရာဝတ္ထုတစ်စုံတစ်ရာဖြင့်    ထိုးဝင်၊     ထိုးဖောက်၊ ထိခိုက်သည့်ဒဏ်ရာဖြစ်ခြင်း၊

- ဒဏ်ရာတွင်   ရောဂါပိုးဝင်သော လက္ခဏာများရှိခြင်း   (ဒဏ်ရာနီရဲရောင်ရမ်းခြင်း၊ ဒဏ်ရာမှ ပြည်နှင့်

အရည်များ  စိမ့်ထွက်ခြင်း၊ အလွန်နာကျင်ခြင်း)၊

-  သွေးဆိပ်တက်သည့် လက္ခဏာများရှိခြင်း  ( ဒဏ်ရာရရှိသူတွင်   ကိုယ်အပူချိန်တက်ခြင်း၊ ချမ်းတုန်ဖျားခြင်း၊ အသက်ရှူမဝခြင်း၊   နှလုံးခုန်နှုန်းမြန်ဆန်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊  ချွေးစေးများထွက်ခြင်း၊ ခြေလက်များ   အေးစက်နေခြင်း)၊

-  မည်သို့သောဒဏ်ရာများ    ရရှိသည်ဖြစ်စေ   မေးခိုင်ကာကွယ်ဆေးထိုးနှံမှုခံယူရန်     ဆောင်ရွက်ရမည်ဖြစ်ကြောင်း   သဘာဝဘေးအန္တရာယ်များအတွက်     ကျန်းမာရေး အသိပညာပေး      ရေးသားတင်ပြလိုက်ရပါသည်။

Source: https://myawady.net.mm/stories