ခေတ်သမိုင်းအဆက်ဆက် ပြည်သူ့အတွက် တပ်မတော်

Posted_Date

Image

ခေတ်သမိုင်းအဆက်ဆက် ပြည်သူ့အတွက် တပ်မတော်

Body

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်၍အချုပ်အခြာ အာဏာပိုင်နိုင်ငံသို့ ဂုဏ်ယူဝင့်ကြွားစွာ ရောက်ရှိလာသည်။ လွတ်လပ်ရေးရရှိသည့် အချိန်တွင် ပထမဦးဆုံးသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းဖြစ်သည်။ သူသည် ၁၉၄၈ ခုနှစ်မှ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ၃၁ ရက်နေ့အထိ   တာဝန်ထမ်းဆောင်ခဲ့သည်။   ပြည်တွင်းသောင်းကျန်းမှု အရှိန်အဟုန်မြင့်တက်လာချိန်သည့်အချိန်တွင်  ကာကွယ်ရေးဦးစီးချုပ်တာဝန်အား  ဗိုလ်ချုပ်ကြီးနေဝင်းက တာဝန်ယူခဲ့ရသည်။

မြန်မာ့သမိုင်းကြောင်းတွင်   လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူပေါ်ပေါက်လာခဲ့သည့် တပ်မတော်သည်  လွတ်လပ်ရေးရရှိသည့် ကာလတွင်လည်း ရရှိထားသော လွတ်လပ်ရေးကြီးပြန်လည် မဆုံးရှုံးစေရေးအတွက် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်ခဲ့ရသည်။ လွတ်လပ်ရေးရရှိပြီးချိန်တွင်  လက်နက်စွဲကိုင်ကာ နိုင်ငံတော်အစိုးရကို ပုန်ကန်တိုက်ခိုက်သည့် သောင်းကျန်းသူအဖွဲ့များ အများအပြားပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေးရရှိသည်ဟု ဆိုသော်လည်း မြန်မာပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်ရသည်မဟုတ်ပေ။ ရောင်စုံသောင်းကျန်းသူတို့ကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများ ပေါ်ပေါက်လာသည်။ နိုင်ငံတစ်ခုလုံး၏ နယ်မြေအများအပြားသည် သောင်းကျန်းသူများ၏ ထိန်းချုပ်ခြင်းကိုခံရသည့်အတွက် ပြည်ပနိုင်ငံအချို့က ဖဆပလ အစိုးရကို ရန်ကုန်အစိုးရဟုပြက်ရယ်ပြုခဲ့သည်။

ထိုစဉ်က မြန်မာ့တပ်မတော်၏အင်အားမှာ ၂၀၀၀၀ ခန့်သာရှိပြီး သောင်းကျန်းသူများ၏ အင်အားမှာ ၄၅၀၀၀ ခန့်ရှိသည်။ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်တပ်မတော်သည် ဖိုးသာအောင်ကုန်းတံတား၊ ဝက်ကော်တံတား၊ ပဲခူးကတုတ်ကြီးဘုရား၊ အင်းစိန်၊ သာစည်  စသည့်နေရာများတွင် တိုက်ပွဲကြီးများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲကြီးများမှာ နိုင်ငံတော်၏ကံကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်သည့် တိုက်ပွဲကြီးများဖြစ်သည်။ ၁၉၄၉ ခုနှစ်တွင် သောင်းကျန်းသူများလက်မှ မြို့ကြီးများနှင့်မြို့ငယ်များကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သည်။

တပ်မတော်၏စွန့်လွှတ်စွန့်စားကြိုးပမ်း တိုက်ခိုက်မှုကြောင့် ပြည်တွင်းရောင်စုံ သောင်းကျန်းမှုများ ချုပ်ငြိမ်းဆဲတွင် ပြည်ပကျူးကျော်မှုနှင့် ရင်ဆိုင်ရပြန်သည်။ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလဆန်းမှစ၍ တရုတ်ဖြူအင်အား ၂၀၀ ခန့်သည် မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ရောက်ရှိလာသည်။ ၁၉၅၂ ခုနှစ်အကုန်သို့ ရောက်ရှိသည့်အခါ  အင်အား  ၁၅၂၅၀  ဦးခန့်ဖြစ်လာသည့် အတွက်  မြန်မာ့တပ်မတော်သည်  ကျူးကျော်သူ ကူမင်တန် (တရုတ်ဖြူ)များအား ကျိုင်းတုံစစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ မိုင်းယောင်းစစ်ဆင်ရေး၊ မိုင်းခတ်စစ်ဆင်ရေး အပါအဝင် စစ်ဆင်ရေးကြီး ၂၀ ခုဖြင့် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၅ ခုနှစ်အထိ တိုက်ခိုက်ချေမှုန်းခဲ့ရသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က စစ်ရေးအရ နိုင်ငံတော်ကို ကာကွယ်တိုက်ခိုက်နေရချိန်တွင် နိုင်ငံရေးအရ တိုင်းပြည်ကိုအုပ်ချုပ်နေသည့် ဖဆပလအဖွဲ့ကြီးသည် နှစ်ခြမ်းကွဲသွားခဲ့သည်။ နောက်ဆုံးတွင် ဝန်ကြီးချုပ်ဦးနုက နိုင်ငံရေးထွက်ပေါက်အဖြစ် ကာကွယ်ရေးဦးစီးချုပ်အား  ဝန်ကြီးချုပ် တာဝန်ယူပေးပါရန် မေတ္တာရပ်ခံခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံပေးစာနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်ကြားစာများကို သတင်းစာများတွင် ဖော်ပြကြသည်။

၁၉၅၈ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုသည် အထက်မြန်မာနိုင်ငံသို့ စည်းရုံးရေး ခရီးထွက်သည်။ ခရီးမထွက်မီ  ကြိုတင်အသံသွင်းခဲ့သော မိန့်ခွန်းတစ်ရပ်ကို မြန်မာ့အသံမှ ထုတ်လွှင့်ခဲ့သည်။ အဆိုပါထုတ်လွှင့်ချက်တွင် တပ်မတော်နှင့် ပတ်သက်၍ “ မြန်မာ့တပ်မတော်ကြီးဟာ ပြည်သူလူထုကြီး တစ်ရပ်လုံးရဲ့ ကျေးဇူးရှင် တပ်မတော်ကြီးဖြစ်တယ်။  ပြည်ထောင်စုကြီးဟာ သူပုန်ရောင်စုံတွေကြောင့်  ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်သာလိုတော့တဲ့ နေရာကနေပြီး အခုလို လွတ်မြောက်လာတာဟာ မြန်မာ့တပ်မတော်ကြီးရဲ့ ကျေးဇူးကြောင့် ဖြစ်တယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ ချန်ကေရှိတ်ရဲ့ တရုတ်ဖြူစစ်တပ်တွေက ကျွန်တော်တို့ရဲ့ နယ်နိမိတ်ထဲ ကျူးကျော်စော်ကားခဲ့တာကို အင်မတိအင်မတန်ကြီးကျယ်တဲ့   အခက်အခဲတွေကြားတွေထဲက   မြန်မာ့တပ်မတော်ဟာ အရိုးကြေကြေ အရေခန်းခန်းဆိုတဲ့    ဇွဲတွေ၊   သတ္တိတွေနဲ့  စွန့်စွန့်စားစား တိုက်ထုတ်ခဲ့တယ်ဆိုတာ ဘယ်သူငြင်းနိုင်မလဲ။ အဲဒါကြောင့်သန့်ရှင်းဖဆပလတွေဟာ မြန်မာ့တပ်မတော်ရဲ့ဂုဏ်ကို တခြားလူတွေထက်ပိုပြီး ကာကွယ်နိုင်ကြပါစေ၊ မြန်မာ့တပ်မတော်ကြီးကို ပိုမိုလေးစားကြည်ညိုနိုင်ပါစေ” ဟူ၍ ပြောကြားခဲ့သည်။

ဤသည်မှာ ထင်ရှားသော သမိုင်းမှတ်တမ်းဖြစ်သည်။  ချောက်ထဲကျဖို့ လက်နှစ်လုံးလောက်သာ လိုတော့သည်ဟူသော စကားမှာလည်း ဝန်ကြီးချုပ်ဦးနုက စတင်ပြောဆိုခဲ့ခြင်းဖြစ်သည်။ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၅၈ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စတင်  တာဝန်ထမ်းဆောင်ရသည်။

ဗိုလ်ချုပ်ကြီးနေဝင်း  ဦးဆောင်သော အိမ်စောင့်အစိုးရတွင် တပ်မှ ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်မှူးချုပ်တင်ဖေတို့ နှစ်ဦးသာပါဝင်ခဲ့သည်။  အိမ်စောင့် အစိုးရပြန်ပြင်ဖွဲ့သောအခါ ဗိုလ်မှူးချုပ် တင်ဖေ မပါဝင်တော့ပေ။ အိမ်စောင့်အစိုးရသည် သောင်းကျန်းသူများနှင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရေး ကြိုးစားခဲ့သည်။ မရသောအခါ သောင်းကျန်းသူများကို ထိုးစစ်ဆင်ကာ နိုင်ငံတည်ငြိမ်ရေးကိုကြိုးပမ်းသည်။ ထို့အတူရန်ကုန်မြို့တွင် စစ်ဘေးရှောင်များနှင့် ပြည့်နှက်နေပြီး စနစ်တကျနေထိုင်ခြင်း မရှိသည့်အတွက် ကျူးကျော်ရပ်ကွက်များကို ဖျက်သိမ်းကာ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ဝေဘာဂီ စသည့် မြို့သစ်များ တည်ထားပြီး ပြောင်းရွှေ့နေထိုင်စေသည်။

ထို့ပြင် ထူးခြားစွာဆောင်ရွက်နိုင်ခဲ့သည်မှာ ရှမ်းပြည်နယ်တွင်စော်ဘွားများ၏ အာဏာစွန့်လွှတ်နိုင်ရေးအတွက် တလုံးတစည်းတည်းသော   (လျော်ကြေး) ပင်စင်ပေးခဲ့သည်။  ထို့အတူဖဆပလအစိုးရ လက်ထက်တွင် စတင်ဆောင်ရွက်သော်လည်း မပြီးမပြတ်သေးသည့်   တရုတ်-မြန်မာ နယ်နိမိတ်သတ်မှတ်ရေး ကိစ္စများကို အိမ်စောင့်အစိုးရ လက်ထက်တွင်   အောင်မြင်ပြီးမြောက်ခဲ့သည်။ သောင်းကျန်းသူများကြီးစိုးရာ နယ်စပ်ဒေသများတွင် နယ်နိမိတ်တိုင်းတာ သတ်မှတ်နိုင်အောင် တပ်မတော်က စစ်ဆင်ရေးကြီးများဖြင့် ဆောင်ရွက်ခဲ့သည်။  အိမ်စောင့်အစိုးရသည် ၁၉၆၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။

၁၉၆၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင်အိမ်စောင့်အစိုးရက ပါလီမန်အစည်းအဝေး ကျင်းပကာ ဦးနုထံသို့ နိုင်ငံတော်အာဏာကို လွှဲအပ်ပေးခဲ့သည်။ သန့်ရှင်းဖဆပလအဖွဲ့သည် ဦးနုအားဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ကာ အစိုးရအဖွဲ့ကိုဖွဲ့စည်းစေသည်။     သန့်ရှင်းဖဆပလအဖွဲ့ကိုလည်း “ပြည်ထောင်စုပါတီ”  ဟု အမည်ပြောင်းခဲ့သည်။ သို့သော်ပါတီအတွင်း  ဦး၊ ဗိုလ်၊ သခင်အုပ်စုများကွဲပြားခြင်း၊ ရှမ်းပဒေသရာဇ်အနွယ်များက ဖက်ဒရယ်မူကိုပြင်းထန်စွာ တင်ပြဆွေးနွေးပြီး နိုင်ငံတော်မှခွဲထွက်ရန် ပြောင်ပြောင်တင်းတင်းလုပ်ဆောင်လာခြင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် တည်ထောင်ရေးပြဿနာများပေါ်လာခြင်းတို့ကြောင့် ပြည်ထောင်စုကြီးအစိတ်စိတ် အမြွှာမြွှာပြိုကွဲ၍ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ဆုံးရှုံးရတော့မည့် အခြေအနေကြုံလာသည့်အတွက်  ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့်  တော်လှန်ရေးကောင်စီက  ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင်   နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။

တော်လှန်ရေးကောင်စီ လက်ထက်တွင်   ပြည်တွင်းသောင်းကျန်းမှုအား ထိရောက်စွာ အရှိန်လျှော့ချနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံကိုပြန်လည် ထူထောင်ရာတွင်     တစ်မျိုးသားလုံးစည်းလုံးညီညွတ်စွာ    ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ထို့ပြင် လွတ်ငြိမ်းချမ်းသာခွင့်များကိုလည်း ထုတ်ပြန်ပေးခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုများကို ထိရောက်စွာ ချေမှုန်းနိုင်ရန်အတွက် ၁၉၆၆ ခုနှစ် ဇွန်လ ၆ ရက်တွင် အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်ကို တပ်မတော်၏ ပထမဦးဆုံး ခြေမြန်တပ်မဌာနချုပ်အဖြစ်  ဖွင့်လှစ်သည်။  ၁၉၆၇ ခုနှစ် မေလ ၁ ရက်တွင် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်နှင့် ၁၉၆၈  ခုနှစ် မေလ ၂၀ ရက်တွင် အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်တို့ကို  ဖွင့်လှစ်ခဲ့သည်။

ထိုအချိန်က  တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူ သောင်းကျန်းသူများနှင့်အခြားသောင်းကျန်းသူ မျိုးစုံတို့အား နွေဦးစစ်ဆင်ရေး၊ ရွှေလင်းယုန်စစ်ဆင်ရေးအဆင့် (၁)မှ(၁၀)၊ ရွှေလဝင်းစစ်ဆင်ရေးအဆင့်(၁)မှ(၅)၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖြစ် မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ(၅)နှင့်ထော်ပိုင် စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်ခဲ့ပြီး မုံးကိုးစခန်းတိုက်ပွဲ၊ ကုန်းကြမ်းစခန်းတိုက်ပွဲ၊  ငါးပြေမစားကျက်တိုက်ပွဲ၊  မန်ယုံမော်တိုက်ပွဲ၊ မုံးစီး-နားလယ်တိုက်ပွဲ၊ ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ ဆေးရုံစခန်းတိုက်ပွဲ၊ ပွိုင့်၃၁၂၇ တောင်ကုန်းတိုက်ပွဲ၊ ကောင်းခမ်းတိုက်ပွဲ၊ လောအမ်ကျိုင်းတိုက်ပွဲများမှာ မြန်မာ့တပ်မတော်၏  ထင်ရှားသော တိုက်ပွဲများဖြစ်သည်။

မြန်မာနိုင်ငံတွင် ပါတီအများကြီးဖွဲ့ပြီးစိတ်ဝမ်းကွဲကာ မညီညွတ်ဖြစ်နေခြင်းမှာ တိုင်းပြည်တိုးတက်ရေးကို ထိခိုက်သည်။ ထို့ကြောင့် တစ်ပါတီစနစ်ကိုကျင့်သုံးပြီး    ဆိုရှယ်လစ်စနစ်ဖြင့်ချီတက်ရန်အတွက် ပါတီပေါင်းစုံမှပုဂ္ဂိုလ်များကို ဖိတ်ခေါ်ကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် ပါဝင်စေခဲ့သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲခဲ့သည်။ အဆိုပါဥပဒေမှာ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက နိုင်ငံတော်ကို ဦးဆောင်ခဲ့သည့် ၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိကာလများသည် နိုင်ငံတော်ကိုတပ်မတော်က အုပ်ချုပ်ခြင်းမဟုတ်ပါ။ တပ်မတော်သည်နိုင်ငံတော်အစိုးရတစ်ရပ်၏ ဦးဆောင်မှုအောက်တွင်သာရှိနေပြီး  နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလအတွင်း ၁၉၈၀ ပြည့်လွန်နှစ်ရောက်ရှိချိန် နိုင်ငံ့စီးပွားရေး ကျဆင်းလာပြီး မှောင်ခိုဈေးကွက် ကြီးမားလာခြင်း၊ အကျင့်ပျက်ဝန်ထမ်းများကြောင့် နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးလာခြင်း၊ ကုန်ထုတ်စွမ်းအားကျဆင်းခြင်း၊ မသမာသူနိုင်ငံရေးသမားအချို့၏ ပယောဂနှင့်သွေးထိုး လှုံ့ဆော်မှုကြောင့်  အစိုးရအပေါ်အထွေထွေ မကျေနပ်မှုများဖြစ်ပေါ်လာခြင်း၊    ပြည်ပအသံလွှင့်ဌာနများက အမျိုးမျိုးသော   သတင်းအမှားများထုတ်လွှင့်ကာ သွေးထိုးလှုံ့ဆော်ခြင်း၊ ပြည်သူပိုင်စက်ရုံ၊ အလုပ်ရုံများဖျက်ဆီးခံရပြီး ရဲစခန်းများအားမီးရှို့၊ လူသတ်ခြင်း၊   အရပ်သားပြည်သူများအား ခေါင်းဖြတ်သတ်ဖြတ်သည်အထိ မင်းမဲ့စရိုက်လွှမ်းမိုးလာသည်။  ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် ဆူပူမှုအရေးအခင်းကြီး တစ်ရပ်ပေါ်ပေါက်လာခဲ့သည်။

အဆိုးဆုံးအခြေအနေမှာ ပြည်ထောင်စုကြီးပြိုကွဲကာ  အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးတော့မည်ဖြစ်သဖြင့် တပ်မတော်က  ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင်  နိုင်ငံတော်တာဝန် အရပ်ရပ်ကို  ထိန်းသိမ်းလိုက်ရသည်။ 

တပ်မတော်သည်ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော   ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားနိုင်ငံရေးအဖြစ်   ဦးထိပ်ထားဆောင်ရွက်သည်။  

၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အချိန်ကာလများတွင် တပ်မတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်နေ့မအားညမအား ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။ တပ်မတော်သားတို့သည်မူလပင်မအလုပ်များအပြင် ရထားလမ်း၊ ကားလမ်း၊   လေယာဉ်ပြေးလမ်းများ၊ မြစ်ကူးချောင်းကူးတံတားများ၊ မြို့သစ်များ၊     အခြေခံပညာကျောင်းများ၊  တက္ကသိုလ်များ တည်ဆောက်ခြင်းများတွင် ပါဝင်ဆောင်ရွက်ကြရသည်။

မူလတာဝန်ဖြစ်သည့်  နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရသည်။   မိုင်းယန်း- မဲသဝေါ  စသည့်နိုင်ငံအတွက်အရေးကြီးသည့်တိုက်ပွဲများကို   အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းခဲ့ရသည်။ ပြည်ပသို့ရောက်ရှိကာ   စင်ပြိုင်အစိုးရအဖြစ်ရပ်တည်နေသည့်ပြည်ပြေးများကလည်း လေလှိုင်းကြားမှ အနှောင့်အယှက်ပေးနေသကဲ့သို့ အနောက်နိုင်ငံအချို့ကလည်း  စီးပွားရေးပိတ်ဆို့မှုများကိုတင်းကျပ်စွာ    ပြုလုပ်လျက်ရှိသည်။ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖြစ်ထွန်းနေသည့်ကုမ္ပဏီများ ပြန်လည်ရုပ်သိမ်းသွားကြသည်။  ထိုစဉ်က  နိုင်ငံတော်အစိုးရအနေဖြင့် ၁၉၉၆ ခုနှစ်တွင် မြန်မာ့ခရီးသွားနှစ်အဖြစ်    သတ်မှတ်ကာ ကြိုတင်ပြင်ဆင်ထားသော  လုပ်ငန်း များမှာလည်း   မြန်မာနိုင်ငံတွင်းသို့ပြည်ပခရီးသွားများ လာရောက်ခြင်းမပြုကြရန် စည်းရုံးလှုံ့ဆော်မှုကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမှာ နှောင့်နှေးခဲ့ရသည်။

သို့သော်  နိုင်ငံတော်၏တာဝန်ကို ဦးဆောင်နေရသည့်    တပ်မတော်အနေဖြင့်  နိုင်ငံ့အကျိုးကိုသာရှေးရှုဆောင်ရွက်ပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ပေးကာ  နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကို   အကောင်အထည်ဖော်ပေးခဲ့သည်။  ပြည်သူများ လိုလားတောင့်တသည့်     စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းနိုင်ရန်မှာ  အဓိက လိုအပ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရေးဖြစ်သည်။ ထိုသို့ပေါ်ပေါက်လာရေးအတွက် အမျိုးသားညီလာခံကို ကျင်းပခဲ့သည်။   အဆိုပါအမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ စသည့်ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်းတည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်း ပါဝင်ခဲ့ကြသည်။   ရရှိလာသည့်အခြေခံမူများအပေါ် မူတည်၍ ဥပဒေပညာရှင်များ ပါဝင်သောအဖွဲ့က နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေကို ရေးဆွဲခဲ့ကြပြီး ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

ထို့နောက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ၇ ရက်တွင် လွတ်လပ်၍ တရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး ပထမဆုံးသော ဒီမိုကရေစီအစိုးရတစ်ရပ် စတင်ပေါ်ပေါက်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသည့် တာဝန်များနှင့်အညီ  နိုင်ငံရေးတာဝန် များကို   ပါဝင်ထမ်းဆောင်ရသည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ထမ်းဆောင်ရသည်။   ယနေ့မြန်မာနိုင်ငံနေရာအနှံ့အပြားတွင်   တွေ့မြင်နေရသော နေပြည်တော်မြို့တော်   အပါအဝင်မြို့သစ်များ၊ အစိုးရရုံးများ၊ လွှတ်တော်ဆိုင်ရာရုံးများ၊   လမ်းတံတားများ၊ ဆည်မြောင်းတာတမံများ၊ တက္ကသိုလ်များအားလုံးမှာ ထင်ရှားသောအရာများအဖြစ်   တပ်မတော်က တည်ဆောက်ထားခြင်းဖြစ်သည်။

တပ်မတော်သည် နိုင်ငံအတွက်စတင်ပေါ်ထွန်းလာသည်မှ စဉ်ဆက်မပြတ်ပြည်သူလူထု၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ပေးလျက်ရှိသည်။  သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအမျိုးမျိုး ကျရောက်ချိန်တွင် အချိန်နှင့်တစ်ပြေးညီရောက်ရှိကာ ကူညီကယ်ဆယ်ရေးများကိုဆောင်ရွက်ပေးလျက်ရှိသည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 2 .jpg

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 4 .jpg

လူသားတိုင်းတွင် ကျန်းမာရေးသည် အဓိကဖြစ်ပေရာ  ပြည်သူများ ကျန်းမာရေးအတွက်   ဆောင်ရွက်ချက်များတွင် တပ်မတော်နယ်လှည့် အထူးဆေးကုသရေးလည်း ပါဝင်သည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 5 .jpg

တပ်မတော်အထူးကုဆေးအဖွဲ့ဝင်များ ပါဝင်သည့် တပ်မတော်မြစ်တွင်းသွား   ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့အနေဖြင့်  ၂၀၁၃  ခုနှစ်မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့်   မြစ်ကြောင်းများ တစ်လျှောက် ဆေးကုသရန်ခက်ခဲသော ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိရာ ယခုခရီးစဉ်သည်(၁၉)ကြိမ်မြောက်ဖြစ်သည်။   (၁၈)ကြိမ်မြောက်အထိဒေသခံ ပြည်သူစုစုပေါင်း ၁၇၈,၇၃၅ ဦးတို့ကို  ကျန်းမာရေး စောင့်ရှောက်မှုပြုပေးခဲ့သည်။ ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌   ကိုယ်ဝန်ဆောင်မိခင်၂၈ ဦးတို့အား  အောင်မြင်စွာမွေးဖွား ပေးနိုင်ခဲ့သည်။

အလားတူတပ်မတော် အထူးကုဆေးအဖွဲ့ဝင်များပါဝင်သည့် တပ်မတော်ပင်လယ်သွား     ဆေးရုံရေယာဉ်(သံလွင်)သည် ၂၀၁၆  ခုနှစ်မှစ၍ မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးလျက်ရှိရာ  ယခုခရီးစဉ်သည်    (၁၈) ကြိမ်မြောက်ဖြစ်သည်။ (၁၇)ကြိမ်မြောက် အထိ ဒေသခံပြည်သူစုစုပေါင်း ၁၅၇၀၈၇ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ် ရှိသားဖွားခန်းတွင် ကိုယ်ဝန်ဆောင် မိခင် ၂၁  ဦးတို့အား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

Description: C:\Users\TinTunAung\Desktop\26-3-2025\263  Acpo 6 .jpg

ဤသည်မှာထင်ရှားမြင်သာသော ကျန်းမာရေးစောင့်ရှောက်မှုကို ဖော်ပြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်များတွင် တပ်မတော်၏ ဆောင်ရွက်ချက်များကြောင့် ပြည်သူများအသက်ရှင်သန်ခဲ့ကြရသည်။ တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကိုထာဝစဉ် ဦးထိပ်ထားသည့်အပြင် ပြည်သူလူထု၏  အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသည့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင်  နိုင်ငံ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ကို    သမိုင်းစာမျက်နှာများက  ထင်ရှားခိုင်မာစွာ ကမ္ပည်းတင်လျက်ရှိပါသတည်း။    ။