မျက်မှောက်ခေတ်တွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများသည် လူတို့၏ကျန်းမာရေးနှင့် အသက်အန္တရာယ်ကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့်သော်လည်းကောင်း ထိခိုက်မှုများရှိနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ပြောင်းလဲလာသော ရာသီဥတုအခြေအနေများသည် လူတို့တွေ့ကြုံနေရသည့် တစ်ခုတည်းသော အကြီးမားဆုံးကျန်းမာရေး ခြိမ်းခြောက်မှုဖြစ်သည်။ ရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်မှုများကို လူတိုင်းရင်ဆိုင်ရသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနည်းသောနိုင်ငံများသည် အခက်ခဲဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်။
မကြာသေးမီနှစ်များအတွင်းတွင် ရာသီဥတုသုတေသီများက ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်လာခြင်းသည် ပြင်းထန်သော ရာသီဥတုပြောင်းလဲမှုများကို ဖြစ်စေကြောင်း တွေ့ရှိခဲ့သည်။
ရာသီဥတုပြောင်းလဲမှုသည် သဘာဝအတိုင်း ဖြစ်ပေါ်နိုင်သော်လည်း မကြာသေးမီနှစ်များအတွင်းက တွေ့ကြုံခဲ့ရသည့် ရာသီဥတုပြောင်းလဲမှု အများစုသည် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့သော ရုပ်ကြွင်းလောင်စာများကို မီးရှို့ခြင်းကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေနေခဲ့ကြသည်။ ရာသီဥတုဖောက်ပြန်မှုများနှင့် လိုက်လျောညီထွေဖြစ်ရန်အတွက် အဓိကစိန်ခေါ်မှုများ ရှိနေသော်လည်း ရေရှည်တည်တံ့သော ကမ္ဘာမြေကြီးကိုတည်ဆောက်ရန် အခွင့်အလမ်းများစွာရှိကြောင်း လေ့လာမှုများက တွေ့ရှိခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများ
ပြောင်းလဲလာသော ရာသီဥတု အခြေအနေများသည် လူတို့၏ကျန်းမာရေးကို တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းများဖြင့် သက်ရောက်မှုရှိနိုင်သည်။ ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များဖြစ်သည့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ တောမီးများ၊ အပူလှိုင်းများ၊ မိုးခေါင်မှုနှင့် အပူပိုင်းဆိုင်ကလုန်းများ စသည့် သဘာဝဘေးအန္တရာယ်များနှင့် တခြားပြင်းထန်သော ရာသီဥတုဖြစ်ရပ်များသည် ထိခိုက်ဒဏ်ရာရခြင်းနှင့် လူတို့၏ရောဂါများ သို့မဟုတ် ကျန်းမာရေး အခြေအနေများကို ဆိုးရွားစေနိုင်ပြီး သေဆုံးမှုများ တိုးမြင့်လာနိုင်သည်အထိ ဖြစ်စေနိုင်သည်။
အပူလှိုင်းများနှင့် အပူချိန်များ မြင့်တက်လာခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ နှလုံးရောဂါရှိသူများအတွက်လည်း နှလုံးအမောဖောက်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ အပူချိန်မြင့်မားမှုကြောင့် ဝတ်မှုန်များထုတ်လုပ်မှုကို တိုးမြင့်လာစေနိုင်ပြီး ဓာတ်မတည့်မှုများကိုဖြစ်စေကာ ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်သည်။ လေထုညစ်ညမ်းမှု တိုးမြင့်လာခြင်းကြောင့် အရေပြားရောဂါ၊ အဆုတ်ရောဂါနှင့် တခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည်။ ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများနှင့် ကပ်ပါးပိုးများသည် မြင့်မားသောအပူချိန်တွင် ပေါက်ပွားရန်ပိုမိုလွယ်ကူပြီး အစာအိမ်ရောဂါ၊ အစာအဆိပ်သင့်ခြင်း၊ အူရောင်ငန်းဖျားရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထက်လှန်အောက်လျှောရောဂါနှင့် ကလေးများတွင် ပိုလီယိုရောဂါများ ပိုမိုပျံ့နှံ့လာနိုင်သည်။
ရာသီဥတုပြောင်းလဲမှုသည် သောက်သုံးရေ သန့်ရှင်းမှုအရည်အသွေးကို နည်းလမ်းများစွာဖြင့် သက်ရောက်မှုရှိသည်။ ဥပမာ-မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်ရေကြီးခြင်းသည် မိလ္လာများကို လျှံတက်စေနိုင်ပြီး သောက်သုံးရေကိုညစ်ညမ်းစေသည်။ သောက်သုံးရေမသန့်ရှင်းမှုကြောင့် ရေမှတစ်ဆင့် ကူးစက်ရောဂါများကို ဖြစ်ပွားစေနိုင်သည်။ အပူချိန်တိုးလာသည်နှင့်အမျှ ခြင်နှင့်တခြားအင်းဆက်ပိုးမွှားများမှ ကူးစက်ပျံ့နှံ့သော ရောဂါများဖြစ်သည့် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဂျပန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါနှင့် အသားဝါရောဂါကဲ့သို့သော ရောဂါများ ပိုမိုပျံ့နှံ့လာသည်။
မကြာသေးမီနှစ်များက ရာသီဥတုနှင့်ဆက်စပ်သောစိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် တခြားစိတ်ကျန်းမာရေး ပြဿနာများ သိသာထင်ရှားစွာ မြင့်တက်လာခဲ့သည်။ စိတ်ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် နောက်ဆက်တွဲရောဂါနှင့် သေဆုံးမှုကိုဖြစ်စေနိုင်သည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ အများဆုံးရှိသူများ
ရာသီဥတုဖောက်ပြန်ခြင်း၏ ဆိုးကျိုးများကို လူတိုင်းရင်ဆိုင်ရသော်လည်း မွေးကင်းစကလေးများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ လူမှုစီးပွားရေးအရ ချို့တဲ့သောအသိုင်းအဝိုင်းများ၊ မြို့ပြတွင်နေထိုင်သူများ၊ အပြင်တွင်အချိန်ကြာကြာ လုပ်ရသူ အထွေထွေ အလုပ်သမားများ၊ မီးသတ်သမားများ၊ သယ်ယူပို့ဆောင်ရေးလုပ်သားများ၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေး လုပ်သားများသည် ကျန်းမာရေးထိခိုက်မှု အန္တရာယ်များကို တွေ့ကြုံရနိုင်ခြေပိုများသည်။ ထို့ကြောင့်ကျန်းမာရေးထိခိုက်မှု အန္တရာယ်များကို ကာကွယ်ရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် လက္ခဏာများကို သတိထားရန် အရေးကြီးပါသည်။
ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုမှကာကွယ်ရန် နည်းလမ်းများ
ရာသီဥတုပြောင်းလဲမှုသည် မျက်မှောက်ခေတ်တွင် လူသားအားလုံးခံစားရမည့် အလားအလာရှိသော်လည်း ကျန်းမာနေစေရန်အတွက် နေ့စဉ်လုပ်ဆောင်နိုင်သည့် ကြိုတင်ကာကွယ်မှုများရှိကြောင်း လူတိုင်းသိရှိရန် အရေးကြီးပါသည်။
ပြောင်းလဲနေသောရာသီဥတု အခြေအနေများကို သတိပြုပြီး အလွန်အမင်း အပူချိန်မြင့်မားသော အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားပါ။ အပူချိန်လွန်ကဲနေချိန်တွင် အိမ် သို့မဟုတ် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော အရိပ်ထဲတွင် နားနေပြီး ပြင်ပလှုပ်ရှားမှုများကို တစ်နေ့တာ၏ အပူချိန်လျော့နည်းသော အချိန်များတွင်ပြုလုပ်ပါ။ ခန္ဓာကိုယ်တွင် ရေဓာတ်ပြည့်၀နေရန် ရေများများသောက်ပေးပါ။ အပြင်ထွက်လျှင် နေရောင်ကာခရင်မ် (SPF 30 နှင့်အထက်) လိမ်းရန်၊ ဦးထုပ်နှင့် အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ၀တ်ဆင်ပါ။
ပြင်ပလေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုကို လျှော့ချရန် မြို့ကြီးများနှင့် စက်မှုဇုန်များ၌ နေထိုင်သူများသည် အပြင်ဘက်တွင် အချိန်များစွာနေခြင်းကို ရှောင်ကြဉ်သင့်သည်။ အိမ်တွင်းလေထု ညစ်ညမ်းမှုများကို ဖယ်ရှားရန် အတွက် ပုံမှန်လေ၀င်လေထွက်ရရန် ပြင်ဆင်ပါ။ ပြင်ပလေထုညစ်ညမ်းမှုသည် မော်တော်ယာဉ်များ၊ လောင်စာဆီလောင်ကျွမ်းမှုနှင့် စက်မှုလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာသောဓာတ်ငွေ့များကြောင့် ဖြစ်သည်။ ထို့ကြောင့် မြို့ပေါ်တွင် နေထိုင်ပါက လူရှုပ်သောလမ်းများအနီးတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ရှောင်ကြဉ်ပါ၊ လေ့ကျင့်ခန်းပြုလုပ်သည့် အချိန်ပမာဏကို ကန့်သတ်ပြီး လမ်းလျှောက်ခြင်းအစား ပြေးခြင်းကဲ့သို့သော ပြင်းထန်သော လှုပ်ရှားမှုကို ပြုလုပ်ရန် ရည်ရွယ်ပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးသတိပြုရန်နှင့် အစားအသောက်ဘေးကင်းရေး လက်ပုံမှန်ဆေးကြောခြင်းကို လေ့ကျင့်ရန်အရေးကြီးပါသည်။ အစားအသောက်ပြင်ဆင် ချက်ပြုတ်ခြင်းမပြုမီ၊ အစာမစားမီနှင့် သန့်စင်ခန်းအသုံးပြုပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ရေ သို့မဟုတ် ရေမလိုလက်သန့်ဆေးရည် အသုံးပြု၍ စနစ်တကျဆေးရန်ဖြစ်သည်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကိုမစားမီ ဆားနှင့် ရှလကာရည်တွင် မိနစ် ၃၀ ခန့်စိမ်၍ ဆေးကြောခြင်း သို့မဟုတ် အခွံခွာခြင်း၊ အသားများကို သေချာစွာချက်ပြုတ်ခြင်းနှင့် မီးဖိုချောင်နှင့် အစားအစာပြင်ဆင်သည့်နေရာများကို သန့်ရှင်းသပ်ရပ်စွာ ထားရှိခြင်း စသည့်အစားအသောက်ဘေးကင်းရေး သတိပေးချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်ပါသည်။
သောက်ရေသန့် သို့မဟုတ် ရေသန့်စင်ဆေးပြား ခတ်ထားသောရေ သို့မဟုတ် ကျိုချက်ထားသောရေကိုသာ သောက်သုံးပါ။ သောက်သုံးရေသန့်စင်ခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် အလေ့အကျင့်များကို ပျိုးထောင်ပါ။ သန့်ရှင်းသောသောက်သုံးရေ အရင်းအမြစ်များကို ရှာဖွေစုဆောင်းပါ။ ရေကိုထိန်းသိမ်းပါ။ မိုးတွင်း၌ ရေကို ကျိုချက်၍သောက်ပါ။
ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ရန် ခြင်ထောင်ဖြင့် အိပ်ပါ။ အိမ်အတွင်းသို့ ခြင်များဝင်ရောက်ခြင်းမှ တားဆီးရန် တံခါးများ၊ ပြတင်းပေါက်များ၊ လေဝင်ပေါက်များနှင့် မီးခိုးခေါင်းတိုင်များတွင် ခြင်လုံဆန်ကာတပ်ထားပါ။ ခန္ဓာကိုယ်ကို တတ်နိုင်သမျှ ဖုံးအုပ်နိုင်သော အကာအကွယ်အဝတ်အစားများ ဝတ်ဆင်ပါ။ နေအိမ်အနီးတွင် ခြင်များပေါက်ပွားနိုင်သည့်ရေအိုင်များ၊ ရေဝပ်သောနေရာများ မရှိစေရန်ရှင်းထားပြီး ရေများစုပုံခြင်းမှ ကာကွယ်ရန်၊ ရေဆိုးများကို ဖယ်ရှားရန်နှင့် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်လိုအပ်ပါသည်။
စိတ်ကျန်းမာရေးအတွက် နေ့စဉ်လုံလောက်စွာအိပ်စက်ပါ။ ချစ်ခင်နှစ်သက်သည့် အပေါင်းအသင်း မိတ်ဆွေများ၊ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စရာကောင်းသော လှုပ်ရှားမှုများအတွက် အချိန်ပေးပါ။
ရယ်မောခြင်းဖြင့် ဦးနှောက်မှပျော်ရွှင်စေသော ဟော်မုန်းပမာဏကို များစေသဖြင့် စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုများကို လျော့ကျစေသည်။ စိတ်ကျန်းမာရေးကို ထိခိုက်စေသည်ဟု ခံစားရပါက ကျွမ်းကျင်ပညာရှင်ထံမှ အကူအညီရယူပါ။
ရာသီဥတုပြောင်းလဲမှု၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် လက်တွေ့ကျသော လူနေမှုပုံစံ အလေ့အကျင့်များကိုလည်း အပြောင်းအလဲများပြုလုပ်နိုင်ပါသည်။
အိမ်တွင်အသုံးပြုသော စွမ်းအင်ကို ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့မှရယူမည့် အစား လေသို့မဟုတ် နေရောင်ခြည်ကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့်အသုံးပြုပါ။ အိမ်တွင်စွမ်းအင်ချွေတာပါ။
LED မီးသီးများနှင့် စွမ်းအင်သက်သာသော လျှပ်စစ်ပစ္စည်းများကို ပြောင်းလဲအသုံးပြုပါ။ အဝတ်အစားများနှင့် တခြားလူသုံးကုန်ပစ္စည်းများကို လျှော့ဝယ်ခြင်းက ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်သည်။ တစ်ခါသုံးပလတ်စတစ် အသုံးပြုမှုကို လျှော့ချရန် ပြန်သုံး၍ရသော ဈေးဝယ်အိတ်ကို ယူလာပါ။ ကားမောင်းမည့်အစား လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချပေးမည်ဖြစ်ပြီး ကျန်းမာရေးနှင့် ကြံ့ခိုင်မှုကို အထောက်အကူဖြစ်စေပါသည်။ ဓာတ်ဆီ သို့မဟုတ် ဒီဇယ်စွမ်းအင်သုံးကားမှ လျှပ်စစ်ကားသို့ ပြောင်းခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးစေပြီး လေထုညစ်ညမ်းမှုကို လျှော့ချပါ။
သစ်ပင်စိုက်ပါ။ သစ်ပင်များသည် အစာနှင့် အောက်ဆီဂျင်ကိုပေး၍ လေထုကို သန့်ရှင်းစေပြီး ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ကူညီပေးသည်။ အသားနှင့်နို့ထွက်ပစ္စည်းများကို လျှော့စားပြီး အပင်အခြေခံအစားအစာများနှင့် ဒေသထွက်အစားအစာများကို စားသုံးခြင်းဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနည်းပါးစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုကို သိသိသာသာလျော့ကျစေနိုင်သည်။ အိမ်တွင်အစားအစာစွန့်ပစ်မှုကို လျှော့ချခြင်းဖြင့် ကာဗွန်ခြေရာကိုလျှော့ချနိုင်သည်။ ထို့ကြောင့် အမှိုက်ကို မှန်ကန်စွာစွန့်ပစ်ပါ။ ပတ်ဝန်းကျင်ကို သန့်ရှင်းပါ။
အချုပ်အားဖြင့်ဆိုသော် ရာသီဥတုဖောက်ပြန်မှုနှင့် ပတ်ဝန်းကျင်ကိုကာကွယ်ရန် လူသားအားလုံးတွင် တာဝန်ရှိသည်။ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်လာနိုင်သောကျန်းမာရေးအန္တရာယ်များမှ ကာကွယ်ရန်အတွက် လူသားအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့ကြောင့် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကို အသိပညာပေးခြင်းဖြင့် အနာဂတ်မျိုးဆက်များ အားလုံး၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။
Source: https://myawady.net.mm/stories
ပဲပုပ်သည် အာဟာရဓာတ်ပြည့်ဝသော သီးနှံဖြစ်ပြီး ယေဘုယျအားဖြင့် ပရိုတင်းဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၂၀ ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်၏မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံပေါင်း ၁၀၄ နိုင်ငံထိရှိပြီး နှစ်စဉ်တန်ချိန် ၃၄၈ ဒသမ ၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည်။ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့သည် ပဲပုပ်အဓိကထုတ်လုပ်သော နိုင်ငံများဖြစ်ပြီး ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပဲပုပ်ကို အဓိကအားဖြင့် လူသားတို့ စားသုံးရန်အတွက် ၂၀ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာအတွက် ၇၆ ရာခိုင်နှုန်းနှင့် စက်ရုံသုံးအတွက် ၄ ရာခိုင်နှုန်း အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် ပဲပုပ်ကိုစိုက်ပျိုးခဲ့ပြီး ပဲမျိုးစုံသီးနှံများတွင် အထွက်နှုန်းအလားအလာရှိသော သီးနှံဖြစ်သည်။ ပဲပုပ်သီးနှံကို မိုးရာသီတွင် ရှမ်းပြည်နယ်၌ အဓိကစိုက်ပျိုးပြီး မြစ်ရေကျချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မိုးနှောင်းရာသီတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် စိုက်ပျိုးထုတ်လုပ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဲပုပ်သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်မှုအနေဖြင့် စုစုပေါင်း ၃ ဒသမ ၄ သန်းဧကရှိပြီး မိုးရာသီတွင် ၁ ဒသမ ၁ သန်းဧက (စုစုပေါင်းစိုက်ဧက၏ ၃၀ ရာခိုင်နှုန်း)၊ မိုးနှောင်း/ ဆောင်းရာသီတွင် ၂ ဒသမ ၃ သန်းဧက (စုစုပေါင်းစိုက်ဧက၏ ၇၀ ရာခိုင်နှုန်း) ရှိသည့်အတွက် ပဲပုပ်သီးနှံကို မိုးနှောင်း/ဆောင်းရာသီတွင် အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။ ပဲပုပ်သီးနှံ၏ ပျမ်းမျှအထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၁၈ ဒသမ ၇ တင်းနှုန်းဖြင့် စုစုပေါင်းတန်ချိန် ၅ ဒသမ ၈ သန်းကျော်ထွက်ရှိပြီး ၆၁၈၀ မက်ထရစ်တန်ချိန်ကို ပြည်ပသို့တင်ပို့လျက်ရှိသည်။
ပဲပုပ်သီးနှံသည် ပူနွေးစွတ်စိုသော ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း၍ မိုးရေချိန် ၂၄ မှ ၆၀ လက်မအတွင်းရရှိရန် လိုအပ်သည်။
နေ့တာတိုသီးနှံဖြစ်ပြီး စိုက်ပျိုးသည့် ဒေသ၏ လတ္တီကျုနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်တို့ပေါ်တွင် တုံ့ပြန်မှုရှိသောကြောင့် ဒေသရေမြေရာသီဥတု၊ စိုက်ပျိုးရာသီ၊ စိုက်ပျိုးချိန်တို့နှင့် သင့်လျော်ကိုက်ညီသော အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်သည်။
မျိုးစေ့အပင်ပေါက်စမ်းသပ်၍ ရာခိုင်နှုန်း ၈၀ အထက်ရှိမှသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုးရမည်ဖြစ်သည်။ မိုးရာသီတွင် စိုက်ပျိုးပါက တောင်ပေါ် / မြေပြန့်ဒေသအားလုံးအတွက် သင့်လျော်သောမျိုးများမှာ ရေဆင်း - ၃၊ ရေဆင်း - ၆၊ ရေဆင်း - ၁၁၊ ရေဆင်း - ၁၂ ၊ ရေဆင်း - ၁၄ နှင့် ရေဆင်း - ၁၅ တို့ဖြစ်သည်။ မိုးနှောင်းရာသီ ကိုင်းကျွန်းမြေများ၌ အောက်တိုဘာလတွင် စိုက်ပျိုးနိုင်ပါက ရေဆင်း - ၃၊ ရေဆင်း - ၆၊ ရေဆင်း - ၁၁ နှင့် ရေဆင်း -၁၅ မျိုးတို့ကိုစိုက်ပျိုးနိုင်သည်။
စပါးပြီး သီးထပ်စိုက်ပျိုးသောဒေသများ အတွက် ရေဆင်း - ၆၊ ရေဆင်း - ၁၁ နှင့် ရေဆင်း - ၁၅ မျိုးတို့ကို စိုက်ပျိုးသင့်သည်။ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ သုတေသနတွေ့ရှိချက်များအရ အဆိုပါ ပဲပုပ်မျိုးများသည် အထွက်နှုန်း တစ်ဧကလျှင် ၂၈-၃၀ တင်းထွက်ရှိသော အထွက်ကောင်းမျိုးများဖြစ်ပြီး တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပဲပုပ်သီးနှံသည် ရေသွင်းရေထုတ်ကောင်း၍ အစိုဓာတ်ထိန်းနိုင်သည့် မြေဖြစ်ပါက သဲနုန်းမြေမှ မြေစေးအထိ စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ဓာတ် (pH) ၅ ဒသမ ၅ မှ ၇ အတွင်းသည် အကောင်းဆုံးဖြစ်ပြီး pH ၅ ဒသမ ၅ ထက်နည်းပါက ထုံးထည့်၍ မြေပြုပြင်ပေးရန် လိုအပ်သည်။
အပင်ပေါက်ကောင်းမွန်စေရန် အစိုဓာတ်လုံလောက်စွာ ရရှိရန်လိုအပ်ပြီး သီးတောင့်ဖြစ်ထွန်းချိန်နှင့် သီးတောင့်အစေ့အဆန် တည်ချိန်တို့တွင်လည်း အစိုဓာတ်လုံလောက်စွာရရှိမှသာ အထွက်နှုန်း ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။ မိုးရာသီတွင် ကြာရှည်စွာရေဝပ်ပါက ပဲပုပ်ပင်ကြီးထွားမှုကို ထိခိုက်နိုင်သောကြောင့် သင့်လျော်သော ရေနုတ်မြောင်းများ ပြုလုပ်ထားရန်လိုအပ်သည်။
စိုက်ချိန်အနေဖြင့် တောင်ပေါ်ဒေသ ရှမ်းပြည်နယ်တွင် မေလအတွင်း အများဆုံးစိုက်ပျိုးကြပြီး အရည်အသွေးကောင်း မျိုးစေ့ထုတ်လုပ်မည်ဆိုပါက ဇူလိုင်လကုန်မှ သြဂုတ်လအတွင်း စိုက်ပျိုးသင့်သည်။ကိုင်းကျွန်းဒေသများ၌ မြစ်ရေကျချိန် အောက်တိုဘာလအတွင်း စိုက်ပျိုးနိုင်ပြီး စပါးသီးထပ်စိုက်ပျိုးသော ဒေသများတွင် နိုဝင်ဘာလအတွင်း အပင်ရေတိုး၍ စိုက်ပျိုးရန်လိုအပ်သည်။ အကယ်၍ ရေသွင်းနိုင်ပါက ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးနိုင်သည်။ အမြင့်ဆုံးအထွက်နှုန်းရရှိရန် မိုးရာသီတွင် တန်းကြား ၁ ဒသမ ၅ - ၂ ပေနှင့် ပင်ကြား ၄-၆ လက်မဖြင့် တစ်ဧက အပင်ရေ ၁၀၀၀၀၀-၁၃၀၀၀၀ ရှိသင့်သည်။ မိုးနှောင်းရာသီ စိုက်ပျိုးပါက တန်းကြား ၁ ပေနှင့် ပင်ကြား ၄-၆ လက်မဖြင့် စိုက်ပျိုးနိုင်သည်။ စပါးအပြီး သီးထပ်အဖြစ် ကြဲပက်စိုက်ပျိုးလျှင် ၃ ပေပတ်လည်တွင် အနည်းဆုံး ၂၅-၃၀ ပင် ရှိရမည်။ မျိုးစေ့ အတိမ်အနက်ကို ၁ ဒသမ ၅ -၂ လက်မအနက်ထိသာ စိုက်ပျိုးသင့်သည်။ ပေါင်းမြက်များကြောင့် အထွက်နှုန်း ၄၀-၅၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင်သည့်အတွက် စိုက်ပြီး ၃၀-၄၅ ရက်ကြား မဖြစ်မနေ ပေါင်းမြက်ရှင်းလင်းရန် လိုအပ်သည်။ ပိုးမွှားရောဂါကျရောက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆေးဖျန်းရန်နှင့် ကြိုတင်ကာကွယ်ရန် လိုအပ်သည်။ ပင်စည်မှ အရွက်များကြွေကျပြီး သီးတောင့်၏ ၉၅ ရာခိုင်နှုန်းခန့်ရင့်မှည့်ကာ အရောင်ပြောင်းသည့်အချိန်တွင် ရိတ်သိမ်း၍ နေလှန်းပြီးခြွေလှေ့ရမည်ဖြစ်သည်။
ပဲပုပ်သည် အာဟာရဓာတ်ပေါကြွယ်ဝစွာ ပါဝင်သော သီးနှံတစ်ခုဖြစ်ပြီး ပျမ်းမျှအားဖြင့် အသားဓာတ်ပါဝင်မှု ၃၆ ရာခိုင်နှုန်း၊ ဆီပါဝင်မှု ၂၀ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၃၀ ရာခိုင်နှုန်း၊ ရေပါဝင်မှု ၉ ရာခိုင်နှုန်းနှင့် ပြာဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်းတို့ အသီးသီးပါဝင်သည်။ ပဲပုပ်သည် လူသားတို့အတွက် အသားဓာတ်ကြွယ်ဝသော အစားအစာဖြစ်သောကြောင့် သက်သတ်လွတ် စားသုံးသူများ၊ အသားကိုလျှော့၍ စားသုံးလိုသူများအတွက် စားသုံးသင့်သော အစားအစာတစ်ခုဖြစ်သည်။ ပဲပုပ်သည် ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသောကြောင့် ရှမ်းရိုးရာအစားအစာ (ရှမ်းပဲပုပ်)ဟူ၍ လူသိများခဲ့သော်လည်း ယနေ့ခေတ်တွင် ရှမ်းတိုင်းရင်းသားများသာမက တိုင်းရင်းသားမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာကြသည်။ ပဲပုပ်မှထုတ်လုပ်သည့် လူကြိုက်များ ထင်ရှားသော အစားအသောက်များမှာ ပဲပုပ်စေ့အား အချဉ်ဖောက်ပြုလုပ်သည့် ပဲငါးပိ၊ ပဲငံပြာရည်၊ ဆီတိုဟူး၊ ပဲနို့၊ တိုဟူးနှင့် အသားတုတို့ဖြစ်သည်။ ပဲပုပ်စားသောက်ကုန်များသည် အာဟာရ ဓာတ်ပြည့်ဝပြီး နှလုံးကျန်းမာရေး၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ အရိုးကျန်းမာရေးနှင့် သွေးတွင်းသကြားဓာတ် ထိန်းခြင်းအပါအဝင် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးဆောင်သည်။
မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံနှင့် ဆက်စပ်ထွက်ကုန်များကို ထုတ်လုပ်ရန် အလားအလာကောင်း များစွာရှိသည်။
ပဲပုပ်ကိုဆီကြိတ်သည့်အခါ ပိဿာ ၁၀၀ ကြိတ်လျှင် ပဲပုပ်ဆီ ၂၀ ရာခိုင်နှုန်းနှင့် ပဲပုပ်ကြိတ်ဖတ် ၈၀ ရာခိုင်နှုန်း ထွက်ရှိသည်။ ပဲပုပ်ကြိတ်ဖတ်သည် တိရစ္ဆာန်များအတွက် လိုအပ်သည့် အမိုင်နိုအက်စစ် မြောက်မြားစွာ ပါဝင်သည့်အတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ ၎င်းသည် အစာချေဖျက်မှုလွယ်ကူခြင်း၊ အမျှင်ပါဝင်မှုနည်းခြင်း၊ အသားဓာတ်မြင့်မားစွာ ပါဝင်ခြင်းတို့ကြောင့် ကြက်၊ ဝက်၊ ငါး စသည့်တိရစ္ဆာန်များအတွက် အစာအဖြစ် အသုံးပြုကြသည်။ မွေးမြူရေးလုပ်ငန်းသည် ဆီကြိတ်ဖတ်ကဲ့သို့သော လူတို့စားသုံး၍ မရနိုင်သည့် တန်ဖိုးနိမ့်အသားဓာတ်များကို လူတို့အတွက် အာဟာရဖြစ်စေသည့် တန်ဖိုးမြင့်အသားဓာတ် (အသား၊ နို့၊ ဥများ) အဖြစ် ပြောင်းလဲပေးရသည့် လုပ်ငန်းဖြစ်ပြီး နှစ်စဉ်ဆီကြိတ်ဖတ်တန်ချိန် ၅-၇ သိန်းခန့်အထိ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နေသည့် အလျောက် အလားတူ ကုန်ပစ္စည်းများ တင်သွင်းနေမှုကိုလည်း အစားထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ စားသုံးဆီသုံးစွဲမှုပမာဏမှာ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် မက်ထရစ်တန်ချိန် ၁ ဒသမ ၁၇ သန်းရှိသည့်အနက် နှစ်စဉ်တင်သွင်းနေမှု ပမာဏမှာ မက်ထရစ်တန်ချိန် သုည ဒသမ ၆၉ သန်းရှိသည်။ တစ်နည်းဆိုရသော် ပြည်တွင်းစားသုံးမှုအတွက် နှစ်စဉ် တင်သွင်းနေရသော စားသုံးဆီပမာဏမှာ ၅၈ ရာခိုင်နှုန်းရှိနေသည်။ အဓိကတင်သွင်းနေရသည့် စားသုံးဆီများမှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီနှင့် သံလွင်ဆီတို့ဖြစ်ကြသည်။ ထို့အတူ မွေးမြူရေးကဏ္ဍအတွက် ပဲပုပ်ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် နှစ်စဉ်တင်သွင်းနေမှုပမာဏမှာ မက်ထရစ်တန်ချိန် သုည ဒသမ ၆ သန်းရှိသည်။ ပဲပုပ်သီးနှံကို ဟင်းချက်ဆီအဖြစ် ကြိတ်ခွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ စားသုံးဆီဖူလုံမှုအား အထောက်အကူဖြစ်စေမည့်အပြင် တိရစ္ဆာန်အစာအတွက် ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ ပြည်တွင်းတိရစ္ဆာန် အစာထုတ်ကုမ္ပဏီများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိရစ္ဆာန်အစာထုတ်လုပ်မှု ၂၁၄၁၄၂၈ တန်ဖြစ်ပြီး ရောစပ်ရာတွင်အသုံးပြုရန် ပဲပုပ်ကြိတ်ဖတ် လိုအပ်ချက်မှာ ၅၃၅၃၅၇ တန်ရှိသည့်အတွက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပဲပုပ်ကြိတ်ဖတ်ကဲ့သို့သော အစာကုန်ကြမ်းသည်လည်း မရှိမဖြစ် လိုအပ်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများမှ တင်သွင်းမှု လျှော့ချပြီး ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် နိုင်ငံတော်မှ စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပဲပုပ်သီးနှံသည် ပြည်တွင်းစားသုံးဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့်အပြင် ပြည်ပမှ ပဲပုပ်ကြိတ်ဖတ် တင်သွင်းမှုကို လျှော့ချပေးနိုင်သည့် အလားအလာကောင်းသော သီးနှံတစ်ခုဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးရမည် ဖြစ်သည်။ ပြည်တွင်းထွက်ကုန်များဖြင့် အစားထိုးအသုံးပြုရန် ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးခြင်းများကို လက်ရှိစိုက်ပျိုး ထုတ်လုပ်ခြင်းများအပြင် မိုးလယ်ရာသီတွင် ပြောင်းရိတ်သိမ်း အပြီးသာမက မိုးနှောင်းရာသီတွင် စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် သီးနှံစိုက်စွမ်းအားမြှင့်တင်၍ စိုက်ရန် လိုအပ်မည်ဖြစ်သည်။
ပဲပုပ်သည်အာဟာရဓာတ်ပြည့်ဝသောသီးနှံဖြစ်ပြီး ဒေသအစားအစာများ ပြုလုပ်စားသောက် နိုင်သည်သာမက ပဲနို့နှင့် မိခင်နို့အစားထိုး ကလေးဖြည့်စွက်စာ အပါအဝင် စားသောက်ကုန်အမျိုးမျိုး ကိုလည်း ထုတ်လုပ်နိုင်သည့်အတွက် အရည်အသွေးပြည့်မီသည့် ပဲပုပ်မျိုးများဖြင့် စိုက်ပျိုးထုတ်လုပ်၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်ပါ၍ ပဲပုပ်သီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်းဖြင့် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်တင်သွင်းခြင်းကို အစားထိုးလျှော့ချခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်သည်။ ။
အယ်လ်နီညို၏အကျိုးဆက်အဖြစ် ကမ္ဘာကြီးတွင် မကြုံစဖူး ပူနွေးလာလျက်ရှိသည်။မြန်မာနိုင်ငံ၏ယခုနွေရာသီကာလအပူချိန်မှာ ယခင်နှင့်မတူပိုမိုပူပြင်းမှုကို တွေ့ကြုံနေရသည်။
နေပူထဲမှ နေရိပ်ထဲသို့ ရုတ်ခြည်းဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊ အအေးခန်းတွင်းမှ ရုတ်တရက် ပူပြင်းသောနေပူထဲသို့ထွက်ခြင်းများကြောင့် လူ့ခန္ဓာကိုယ်တွင် အပူအအေး ရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်ခံစားရတတ်သည်။ ယင်းကို ဆေးသိပ္ပံနည်းအရ Heat Stroke (အပူဒဏ်ကြောင့်သတိလစ်ခြင်း) ဟုခေါ်၍ ဒေသအခေါ်အရ အပူလျှပ်သည်ဟု ဆိုကြသည်။
အပူလျှပ်ခြင်းဖြစ်ပါက အပူအအေး ရုတ်ခြည်းပြောင်းလဲသွားသည့်အတွက် အပူဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကျယ်သွားခြင်း၊ အအေးဒဏ်ကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ကျုံ့သွားခြင်း စသည့် သွေးစီးကြောင်းအကျဉ်းအကျယ်ဒဏ်ကိုခံစားရကာ သတိလစ်ခြင်းကိုဖြစ်စေသည်။ပြင်းထန်သောအခြေအနေတွင်သွေးကြောအကျဉ်းအကျယ်ဒဏ်ကို မခံစားနိုင်တော့ဘဲ သွေးကြောကြီးများ အက်ကွဲလာပြီး သွေးကြောငယ်လေးများ ပြတ်ထွက်သွားသည်အထိ ဖြစ်စေနိုင်သည်။
ထို့ပြင် အပူလျှပ်ခြင်းသည် မပေါ့ဆဘဲ အလေးထားဂရုစိုက်သင့်သည့် ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ကာ တချို့သူများတွင် အပူလျှပ်ခြင်းဖြစ်ပေါ်သည့်အခါ ခန္ဓာကိုယ်အရေပြားသည် မီးကဲ့သို့ပူခြစ်ပြီး ချွေးလုံးဝမထွက်တော့ပေ။ ထိုအခြေအနေသည် အရေးပေါ်ကုသမှုခံယူရမည့်အခြေအနေဖြစ်ပြီး ကုသမှုခံယူရန် နှောင့်နှေးပါက ဦးနှောက်၊ အဆုတ်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးစေကာ အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သည်။
အပူဒဏ်အန္တရာယ်ကာကွယ်ရေး
နေ့အပူချိန်မြင့်တက်ခြင်းကြောင့် အပူလျှပ်ခြင်း၊ ကြွက်တက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ မူးမေ့လဲကျခြင်း၊ မိတ်ထွက်ခြင်းတို့ဖြစ်တတ်သည်။ ထို့ပြင် အပူဒဏ်လွန်ကဲခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် ပန်းနာ၊ ရင်ကျပ်၊ လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်း စသည့်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်တတ်သည်။ မျက်စိနာခြင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောခြင်းတို့လည်း ဖြစ်ပွားနိုင်သည်။
နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်၍ ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာကာ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားနာဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့ကို ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်သည်။
ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ဖော်ပြပါအချက်အလက်များကို လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
- ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့်နေ့လယ်နေ့ခင်း အချိန်တွင် အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေပါ။
- ပူပြင်းသည့်နေရောင်အောက်တွင် ပြင်းထန်စွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကိုရှောင်ကြဉ်ပါ။
- ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါက အရိပ်လုံလောက်စွာရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏ ပြုလုပ်ပါ။
- အလင်းပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့သော ပွပွချောင်ချောင် ချည်ထည်များကိုဝတ်ဆင်ပါ။
-နေပူထဲမှပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့်နံနက် ၁၀ နာရီမှညနေ ၅ နာရီအထိလွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း စသည်တို့ကို ရှောင်ကြဉ်ပါ။
- အရက်သေစာသောက်သုံးခြင်းကြောင့်အပူဒဏ်အန္တရာယ်ကိုပိုမိုခံစားရစေနိုင်သဖြင့် အရက်သေစာသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
- ခန္ဓာကိုယ်တွင်း ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင်သောက်သုံးပါ။
-မိတ်နှင့်ယားနာဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ ပြုလုပ်ပါ။
-အပူဒဏ်အန္တရာယ်ခံစားရသောလူနာအားအရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာတွင် ထားရှိခြင်း၊ ရေနှင့် ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ခန္ဓာကိုယ်အပူချိန် အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြားနှစ်ဖက်နှင့် ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးဖတ်တိုက်ပေးခြင်း စသည်တို့အား ဦးစွာဆောင်ရွက်၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူသင့်သည်။
အပူလျှပ်ခြင်းမဖြစ်စေရေး
အပူလျှပ်ခြင်းမဖြစ်စေရန် နေပြင်းချိန် အပြင်ထွက်ခြင်းမှ ရှောင်ကြဉ်သင့်သည်။ မလွှဲသာ၍ အပြင်ထွက်ရမည်ဆိုပါက အဆောင်း၊ အကာ၊ ထီး၊ဦးထုပ်၊ နေကာမျက်မှန်၊ သောက်ရေဘူးယူသွားပါ။ စောင့်ဆိုင်းရသောအလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အမိုးအကာအောက်တွင်စောင့်ပါ။ ရိုးရိုးရေသောက်ပါ။ ရေခဲရေမသောက်ပါနှင့်။ အဲကွန်းကားစီးပြီး နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုပါက မဆင်းမီ ကြိုတင်ရေသောက်ထားပါ။
အပူဒဏ်ကိုရင်ဆိုင်ရာတွင်လူတို့၏ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်များကို ထိန်းချုပ်နိုင်ရန် ရေက မရှိမဖြစ်လိုအပ်သည်။ အပူဒဏ်ကြောင့်တစ်နာရီကြာချွေးထွက်ခြင်းအတွက် သန့်ရှင်းသောသောက်ရေကိုတစ်လီတာခန့် သောက်သုံးပေးသင့်သည်။ ချွေးထွက်လွန်နေသော အရွယ်ရောက်ပြီးသူ လူတစ်ဦးအတွက် သန့်ရှင်းသောသောက်ရေငါးလီတာမှ ရှစ်လီတာခန့်ကို ဓာတ်ဆားရည်နှင့်ရော၍ သောက်သုံးပေးသင့်သည်။
အပူဒဏ်ခံရမှုကြောင့် ကိုယ်အပူချိန်ကျစေရန် ရေများများသောက်ခြင်း၊ ခန္ဓာကိုယ်တွင်းအပူငြိမ်း၍ အေးမြစေသောအစားအစာများဖြစ်သည့် နွားနို့၊ အုန်းစိမ်းရည်၊ ကြံရည်၊ ထန်းရည်ချို၊ ဖရဲသီး၊တလည်းသီး၊ သံပရာသီး၊ သခွားသီး၊ သခွားမွှေးသီး၊ ဘူးသီး၊ ပူဒီနာရွက်၊ မုန်လာဥအဖြူ စသည်တို့ကို စားပေးသင့်သည်။
အထူးသတိပြုရမည့်အချက်မှာHeat Stroke ခံစားနေရချိန်တွင် ဂက်စ်ပါသည့်အချိုရည်များ၊ အားဖြည့်အချိုရည်များ၊ အဖျော်ယမကာများနှင့် ရေခဲရေများ သောက်သုံးခြင်းကို အထူးရှောင်ကြဉ်ရမည်။ထို့ပြင် စိတ်ရောဂါအတွက် သောက်သုံးသောဆေးဝါးများ၊ ဆီးဆေးများနှင့် သွေးကျဲဆေးများကိုလည်း အလွန်ပူပြင်းသောရာသီဥတုတွင် သတိထားသုံးစွဲသင့်ပေသည်။
အပူဒဏ်ခံနိုင်အောင် ရေချိုးနည်း
အပူဒဏ်ကာကွယ်သည့်အနေဖြင့် အထက်ဖော်ပြပါအတိုင်း ကျန်းမာစွာ နေထိုင်စားသောက်ရမည့်အပြင် ရေချိုးနည်းမှန်ကန်ရန်လည်း အထူးအရေးကြီးပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို တဖြည်းဖြည်းအေးစေခြင်းမျိုးဖြင့် ရေချိုးပါ။ ရေချိုးနည်းမှန်ကန်မှသာလျှင် Heat Stroke ကို ကာကွယ်နိုင်မည်ဖြစ်သည်။ အပူဒဏ်ခံနိုင်စေရန် ရေချိုးနည်းအဆင့်ဆင့်ကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။
- အရိပ်ထဲတွင် ရေချိုးပါ။
- ရေမချိုးခင် သောက်ရေတစ်ဖန်ခွက်အပြည့်သောက်ပါ။
- ပြီးနောက် ဦးနှောက်ထဲရှိ အပူထိန်းအာရုံကြောနေရာများဖြစ်ကြသော ခြေထောက်အောက်ပိုင်း၊ လက်ဖျား၊ လက်မောင်း စသည့် သုံးနေရာမှ အာရုံကြောများကို အသိပေးနှိုးဆော်သည့်အနေဖြင့် ရေဆွတ်ကာ ပက်ဖျန်းပေးပါ။
- ပြီးမှ မျက်နှာသစ်ပါ။ တစ်ဆက်တည်းမှာပင် လည်ကုပ်နှင့်လည်ပင်းတို့ကိုရေဖြင့်ပက်ပေးပါ။
အထက်ပါနည်းအဆင့်ဆင့်အတိုင်း ရေဆက်ချိုးပါ။
အရေးပေါ်ရှေးဦးပြုစုနည်း
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပေါ်နေသောသူတွင်အောက်ဖော်ပြပါရောဂါလက္ခဏာများ တွေ့ကြုံခံစားရနိုင်သည်။
- အရေပြားပူ၍ ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးအလွန်အကျွံ ထွက်ခြင်း။
- စိတ်ရှုပ်ထွေးခြင်း။
- သတိလစ်ခြင်း။
- တက်ခြင်း။
- ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း စသည်တို့ဖြစ်သည်။
အထက်ပါ အပူဒဏ်လက္ခဏာများခံစားနေရသော လူနာအားတွေ့ရှိပါက-
- လူနာအား အရိပ်ရသောနေရာသို့ပို့ဆောင်ပါ သို့မဟုတ် အရိပ်ရအောင်ဆောင်ရွက်ပေးပါ။
- အေးမြသောနေရာ သို့မဟုတ် လေပန်ကာရှိသောနေရာ သို့မဟုတ်လေအေးပေးစက်ရှိသောအခန်းသို့ရွှေ့ပြောင်းပါ။
- လူနာ၏ခြေရင်းဘက်အားမြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ။
- လူနာ၏အဝတ်အစားများအား ချွတ်ပေးပါ။
- လူနာကောင်းစွာသတိရနေပါက ရေအေးအေး သို့မဟုတ် ဓာတ်ဆားရည်တိုက်ပေးပါ။
- လူနာ၏ကိုယ်ပေါ်သို့ ရေအေးအေးဖျန်းပေးပါ။
- လူနာ၏လည်ပင်း၊ ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တို့အား ရေအေး အေး သို့မဟုတ် ရေခဲစိမ်ထားသောအဝတ်များဖြင့် ရေဖတ်အုပ် ပေးပါ။
- လေပန်ကာရှိပါက လူနာအား ပန်ကာလေမှုတ်ပေးပါ သို့မဟုတ်ယပ်ခတ်ပေးပါ။
- အရေးပေါ်ရှေးဦးပြုစုခြင်းများဆောင်ရွက်ပြီးလျှင် ဆေးရုံ၊ ဆေးခန်း၊ ကျေးလက်ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ဆောင်၍ ကုသမှု ခံယူပါ။
လက်ရှိတွင် မိမိတို့နေထိုင်ရာရပ်ရွာဒေသများ၌ အပူချိန်မြင့်တက်ခြင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်း၊ အပူလှိုင်းဖြတ်သန်းခြင်းတို့ တွေ့ကြုံနေရတတ်ပေရာ မိုးလေဝသသတင်းအချက်အလက်များကို စောင့်ကြည့်သတိပြုကာကျန်းမာရေးဝန်ကြီးဌာန၏နွေရာသီတွင် အပူဒဏ်ကာကွယ်ရေးကျန်းမာရေးဆိုင်ရာသတိပေးနှိုးဆော်ချက်များကိုသတိမူအပ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
Source: https://myawady.net.mm/stories
နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို အမှန်တကယ်ပိုင်စိုးသူများမှာ ယနေ့လူငယ်များဖြစ်သည်။ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုစကားသည် အစဉ်အမြဲမှန်ကန်သည့်စကားဖြစ်သည်။ လူငယ်တွေကိုအကောင်းဆုံးဖြစ်အောင် ပြုစုပျိုးထောင်နိုင်မှသာ အနာဂတ်နိုင်ငံတော်အတွက် စိတ်ချရမည့်အနေအထားဖြစ်သည်။ လူငယ်များ၏အခန်းကဏ္ဍကို စဉ်ဆက်မပြတ်သတိထားကာ မြှင့်တင်နိုင်သမျှ မြှင့်တင်ပေးနေရမည်ဖြစ်သည်။ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ လူငယ်များအား ပညာပြည့်ဝနှလုံးလှအောင် ပျိုးထောင်ပေးခြင်းဖြစ်သည်။ လူငယ်သည် နိုင်ငံတော်၏အရင်းအနှီးဟုဆိုလျှင်မမှားနိုင်ပါ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုဦးဆောင်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်ကို ဘက်စုံထောင့်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ပေးလျက်ရှိသည်။ ထိုသို့တည်ဆောက်ပေးလျက်ရှိရာတွင် လူမှုရေးဦးတည်ချက်၌ “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး” နှင့် “ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး” ဟူသောဦးတည်ချက်များမှာ လူငယ်များကို မြှင့်တင်ပေးရန်ဖြစ်သည်။
လူငယ်တိုင်းအတွက် အရေးကြီးဆုံးသောအချက်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်သည် အမှန်ပင်အရေးကြီးလှပေသည်။ စာရိတ္တကောင်းမွန်သော လူငယ်များဖြစ်လာမှသာ နိုင်ငံတော်အတွက် အားကိုးရသူများဖြစ်လာပေလိမ့်မည်။ လူငယ်တိုင်းတွင်ရှိနေရမည့်စိတ်ဓာတ်မှာ“ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်မြတ်နိုးသည့်စိတ်”ဖြစ်သည်။ လူငယ်တိုင်းက မိမိတို့နေထိုင်သည့်နိုင်ငံကို ချစ်မြတ်နိုးနေရမည်။ နိုင်ငံတော်အတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရမည်။ ထိုသို့တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် လူငယ်အဖြစ် ရှင်သန်နေစဉ်ကာလအတွင်း အသိပညာ၊ အတတ်ပညာများ ပြည့်ဝအောင်ဖြည့်ထားကြရမည်ဖြစ်သည်။
ထိုသို့ပညာပြည့်ဝစေရန်အတွက် ကျောင်းစာများကိုလေ့လာသင်ယူရသကဲ့သို့ ကျောင်းပိတ်ရက်များတွင်လည်း မိမိဘဝအတွက်၊ ထိုမှတစ်ဆင့် နိုင်ငံတော်အနာဂတ်အတွက် တတ်သင့်တတ်ထိုက် သည့် ပညာရပ်များကို လေ့လာဆည်းပူးသင်ယူကြရမည်ဖြစ်သည်။ ယခုဖွင့်လှစ်သည့် ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၅)သည် မိမိကစိတ်ဆန္ဒရှိသော်လည်း ပြင်ပတွင်သင်ယူရန် ခက်ခဲလှသည့် ရေကြောင်းအတတ်ပညာများအားအကျိုးရှိစွာ သင်ယူတတ်မြောက်နိုင်သည့်သင်တန်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်အနေဖြင့် နွေရာသီကျောင်းပိတ်ရက်များအတွင်းလူငယ်များအား ရေကြောင်းလူငယ်သင်တန်း၊ လေကြောင်းလူငယ်သင်တန်းများဖွင့်လှစ်ကာသင်ကြားပေးနေခြင်းမှာ မိဘများအတွက်၊ လူငယ်များအတွက် လွန်စွာကောင်းမွန်သည့်ဆောင်ရွက်ချက်ဖြစ်သည်။ တက်ကြွရွှင်လန်းသော လူငယ်များကို တူညီဝတ်စုံကလေးများနှင့် မြင်တွေ့ရသည်မှာ တကယ့်ကို ကြည်နူးပီတိဖြစ်ဖွယ်ကောင်းလှသည်။ အသက်အရွယ်ရလာသူများအဖို့ ပြန်လည်၍ပင် အသက်ငယ်ချင်သေးသည်။ လူငယ်တို့၏ အားမာန်ပြည့်ဝနှလုံးလှသည့် သွက်လက်လျင်မြန်လှုပ်ရှားဟန်တို့သည် နိုင်ငံတော်၏အနာဂတ်အတွက် ကျေနပ်စရာများဖြစ်သည်။
နိုင်ငံတစ်နိုင်ငံအတွက် မရှိလျှင်လုံးဝမဖြစ်သောအဖွဲ့အစည်းသည် တပ်မတော်ဖြစ်သည်။ ထိုမရှိမဖြစ်သည့် တပ်မတော်ကို ဆက်လက်အမွေခံရမည့်သူများမှာ လူငယ်များဖြစ်သည်။ တပ်မတော်နှင့် လူငယ်၊ လူငယ်နှင့်တပ်မတော်သည် ခွဲခြား၍မရနိုင်သည့်အရာများဖြစ်သည်။ ထို့ကြောင့် တပ်မတော်(ရေ) နှင့် တပ်မတော်(လေ)တို့က ယင်းတို့နှင့်သက်ဆိုင်သည့် အသိပညာ၊ အတတ်ပညာများကို လူငယ်များသို့ ပြန်လည်ဖြန့်ဝေပေးခြင်းမှာ အလွန်ကောင်းမွန်သည့်အစဉ်အလာကောင်းတစ်ရပ်ဟု ဆိုချင်ပါသည်။
တပ်မတော်(ရေ)သည် နိုင်ငံတော်ကို ပင်လယ်ပြင်မှ ရှေ့တန်းကျကျကာကွယ်ရေး၊ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးနှင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိရေးဆိုသည့် ရည်မှန်းချက်တာဝန် (၃) ရပ်ဖြင့်လည်း မမှိတ်မသုန် အားကောင်းမောင်းသန်ချီတက်လျက်ရှိသည်။
ထိုသို့ချီတက်လျက်ရှိသည်ကို လူငယ်များသိရှိစေချင်သည်။ တပ်မတော်(ရေ)အကြောင်း ပိုမိုပြည့်စုံစွာ လူငယ်များသိရှိစေချင်သည်။ ထို့ကြောင့် လူငယ်များအတွက် တပ်မတော်(ရေ)က ရေကြောင်းလူငယ်သင်တန်းများကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်သည်-
(က) ရေကြောင်းပညာရပ်များကို လေ့လာခြင်းဖြင့်ရေကြောင်းသွားလာရေးဆိုင်ရာ အတတ်ပညာရပ်များတွင် စိတ်ပါဝင်စားမှုတိုးပွားလာစေရန်။
(ခ)စိတ်ဓာတ်၊ စည်းကမ်းနှင့် ကိုယ်လက်ကြံ့ခိုင်မှုကောင်းမွန်မြင့်မားပြီး စည်းလုံးညီညွတ်စွာဖြင့်စုပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ကောင်းများရရှိလာစေရန်။
(ဂ) ခေတ်မီနိုင်ငံတည်ဆောက်ရေးတွင် ရေကြောင်း ပို့ဆောင်ရေးအခန်းကဏ္ဍ အရေးပါကြောင်းလူငယ်များသိရှိနားလည်လာစေရန်။
(ဃ) တိုင်းရင်းသားညီနောင်အချင်းချင်း ချစ်ခင်ရင်းနှီးစွာဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတာဝန်များအား လက်တွဲညီညီဆောင်ရွက်တတ်စေရန်။
(င)နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်သည့်ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်လာစေရန်။
ရေကြောင်းလူငယ်သင်တန်းများပို့ချပေးခြင်း၏ကောင်းမွန်သောရည်ရွယ်ချက်များမှာ ယနေ့လူငယ်များနှင့် နိုင်ငံတော်၏ ကောင်းကျိုးကိုရှေးရှုသောရည်ရွယ်ချက်ကောင်းများဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်သည်နှင့်အညီ အဆိုပါတာဝန်ကို နိုင်ငံသားအဆက်ဆက်၊ တစ်နည်းဆိုရလျှင် မျိုးဆက်သစ်အဆက်ဆက်တို့က ဂုဏ်ယူဝင့်ကြွားစွာထမ်းဆောင်ကြရမည်ဖြစ်သည်။ တပ်မတော်(ရေ)နှင့်ပတ်သက်သောပညာရပ်များကို လူငယ်များအားသင်ကြားပေးထားခြင်းအားဖြင့် လူငယ်တို့အတွက်အဖိုးတန်အမွေကို လက်ဆောင်မျှဝေပေးလိုက်ခြင်းဖြစ်သည်။
ရေကြောင်းလူငယ်သင်တန်းများဖွင့်လှစ်ခဲ့ခြင်းအတိတ်သမိုင်းကိုလေ့လာကြည့်ပါက ရေကြောင်း လူငယ်သင်တန်းကို ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှစတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကလူငယ်(ရေကြောင်း)သင်တန်း၊ကန်တော်ကြီးစခန်းအမည်ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်တို့ကို ရေကြောင်းပညာနှင့်ရေကြောင်းလုပ်ငန်းများတွင် စိတ်ပါဝင်စားလာစေရေးနှင့် မြေတောင်မြှောက်ပေးရန်ရည်ရွယ်ပြီး နိုင်ငံတော်မှချမှတ်ထားသော မူဝါဒနှင့်အညီ တပ်မတော်(ရေတပ်)၊ တပ်မတော်စိတ်ဓာတ်မြှင့်တင်ရေးနှင့် လူမှုဆက်ဆံရေးညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်းကာ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ ၁၉၆၄ ခုနှစ်တွင် လူငယ်(ရေကြောင်း)သင်တန်းမှ ရှေ့ဆောင်လူငယ်(ရေကြောင်း) သင်တန်းအမည်သို့လည်းကောင်း၊ ၁၉၉၅ ခုနှစ်တွင် ရှေ့ဆောင်လူငယ်(ရေကြောင်း)သင်တန်းအမည်မှ တပ်မတော်(ရေ)ရဲညွန့်လောင်း (ရေကြောင်းမျိုးဆက်)သင်တန်းအမည်သို့လည်းကောင်း ပြောင်းလဲ၍ ၂၀၀၄ ခုနှစ်အထိဖွင့်လှစ်ခဲ့ပြီး ခေတ္တရပ်နားထားခဲ့သည်။ ၂၀၁၄ ခုနှစ်မှစတင်၍ ရေကြောင်းလူငယ်အခြေခံသင်တန်း/ ရေကြောင်းလူငယ်တန်းမြင့်သင်တန်းဟူသောအမည်ဖြင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ယနေ့အချိန်ထိဖြစ်သည်။
မည်သည့်အတတ်ပညာရပ်မဆို မိမိတို့လူငယ်များအတွက် အကျိုးရှိပြီးအသုံးဝင်သည့် ပညာရပ်များသာဖြစ်သည်။ ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်ပေးခြင်းကြောင့် သိနိုင်ရန်၊ တတ်နိုင်ရန် ခက်ခဲလှသောပညာရပ်များကို လူငယ်များသိ၊ တတ်သွားကြသည်။၎င်းလူငယ်များအနေဖြင့် နောင်တစ်ခေတ် နိုင်ငံတော်ကို တာဝန်ယူချိန်တွင် မျိုးဆက်သစ်တို့ကို ကောင်းမွန်သောအမွေများ လက်ဆင့်ကမ်းနိုင်ကြမည်ဖြစ်သည်။ သင်ကြားပို့ချချိန်သည် ကာလအားဖြင့် သင်တန်းကာလ ငါးပတ်ဖြစ်ပြီး ပထမသင်တန်းကာလသုံးပတ်တွင် သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားပေးသည်။စစ်ရေးပြဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်ဘာသာရပ်၊ ဆက်သွယ်ရေးဘာသာရပ်၊ ရေကူးဘာသာရပ်နှင့် လှေလှော်/ရွက်တိုက်ဘာသာရပ်တို့ဖြစ်သည်။
ဘာသာရပ်အားလုံးသည် လူငယ်များအတွက် တန်ဖိုးရှိသောပညာရပ်များသာဖြစ်သည်။ စစ်ရေးပြဘာသာရပ်ကို သင်ကြားတတ်မြောက်ခြင်းအားဖြင့် အမိန့်နာခံတတ်မှု၊ စည်းကမ်းကောင်းမွန်မှု၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်မှု စသည့်အလေ့အကျင့်ကောင်းများရရှိမည်။ စည်းလုံးညီညွတ်ခြင်းသည် အင်အားဆိုသည့်အတိုင်း လူငယ်တို့၏ညီညွတ်ခြင်းစွမ်းအားကို စစ်ရေးပြဘာသာရပ်က ဖြည့်ဆည်းပေးလိမ့်မည်။ သင်ကြားရမည့်ဘာသာရပ်များအကြောင်း ရေးသားမည်ဆိုပါက အံ့ဩကုန်နိုင်ဖွယ်ဆိုသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ရေကြောင်းလူငယ်သင်တန်းဆိုင်ရာဘာသာရပ်များကို လက်တွေ့ကျကျသင်ယူကြည့်ကြပါဟု တိုက်တွန်းချင်သည်။
စာရေးသူ လေ့လာမိသလောက်ပြောရလျှင်ရေကြောင်းလူငယ်သင်တန်းများ၏နောက်ဆုံးရက်သတ္တပတ်သည် ပျော်စရာအကောင်းဆုံးဖြစ်သည်။ ရေကြောင်းလူငယ်စခန်း ၁၁ ခုမှ သင်တန်းသား၊ သင်တန်းသူများကို ရန်ကုန်မြို့တွင်စုစည်းစေပြီး စခန်းပေါင်းဆုံ တွေ့ဆုံပွဲကျင်းပခြင်းဖြစ်သည်။ သင်တန်းကာလတစ်လျှောက် သင်ကြားပေးခဲ့သည့် ဘာသာရပ်အလိုက် ပြိုင်ပွဲများ၊ ရန်ကုန်မြို့တွင်း လေ့လာရေး
ခရီးစဉ်များ သွားရောက်ကြရမည်ဖြစ်သည်။မြန်မာနိုင်ငံတစ်နံတစ်လျားမှလာရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ တွေ့ဆုံကြမည်ဖြစ်သည့်အတွက် အသိမိတ်ဆွေတိုးပွားမည့်အပြင်လေ့လာရေးခရီးစဉ်များကြောင့် ဒေသန္တရဗဟုသုတများလည်း ရရှိကြမည်ဖြစ်သည်။လူငယ်များ၏ အပြိုင်အဆိုင်ကြိုးစားလိုစိတ်၊ အဖွဲ့အစည်းစိတ်၊ အချင်းချင်းရိုင်းပင်းကူညီလိုစိတ်များလည်း တိုးပွားလာမည်ဖြစ်သည်။ နိုင်ငံအတွက် တန်ဖိုးရှိသည့်လူငယ်များ ပေါ်ထွန်းလာမည်ဖြစ်သည်။
ရေကြောင်းလူငယ်အခြေခံသင်တန်းနှင့်ရေကြောင်းလူငယ်တန်းမြင့်သင်တန်းများကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်မှ မေလ ၂၃ ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည့်အတွက်သင်တန်းတက်ရောက်ခွင့်ရရှိကြသူ လူငယ်မောင်မယ်များအနေဖြင့် ပညာပြည့်ဝနှလုံးလှသူများဖြစ်အောင် ကြိုးစားသင်ယူကြရမည်ဖြစ်သည်။ တပ်မတော်သားတို့၏မေတ္တာ၊ စေတနာ၊ အနစ်နာနှင့် ဝါသနာ အရင်းခံစိတ်ဓာတ်တို့ကို လူငယ်မောင်မယ်များကိုယ်တွေ့သိရှိနားလည်စာနာသဘောပေါက်ကြမည်ဖြစ်သည်။
ယနေ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကိုအဆင့်မြင့်မြင့် ထမ်းဆောင်နေကြသူများအားလုံးမှာ တစ်ချိန်က ကျောင်းသား၊ ကျောင်းသူ လူငယ်များပင်ဖြစ်သည်။ လူငယ်များအနေဖြင့် အသက်အရွယ်အရ၊ ပညာအရည်အချင်းအရ အဆင့်မြင့်တာဝန်များကို မလွဲမသွေထမ်းဆောင်ကြရမည့်သူများဖြစ်သည်။ ထို့ကြောင့် တပ်မတော်(ရေ)အနေဖြင့် လက်ဆင့်ကမ်း အမွေများကို ပေးနေခြင်းဖြစ်သည်။ နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် လူငယ်များမလွဲမသွေပါဝင်ကြရမည်ဖြစ်သည့်အတွက် မိမိတို့တက်ရောက်သင်ယူရမည့် ရေကြောင်းလူငယ်အခြေခံသင်တန်းများ၊ရေကြောင်းလူငယ်တန်းမြင့်သင်တန်းများတွင် ရိုးသားကြိုးစား၍ ကျွမ်းကျင်စွာတတ်မြောက်အောင် သင်ယူခြင်းဖြင့် မိမိတို့၏အနာဂတ်၊ နိုင်ငံတော်၏အနာဂတ်ပိုမိုလှပအောင် စွမ်းဆောင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် “အနာဂတ်အတွက်ဂုဏ်တင့်တယ် ရေကြောင်းတို့လူငယ်”များအဖြစ် တန်ဖိုးရှိသော၊ တန်ဖိုးမြင့်မားသော၊ နိုင်ငံတော်အတွက်၊ တပ်မတော်(ရေ)အတွက် အားကိုးထိုက်သူများဖြစ်ကြပါစေကြောင်း ဂုဏ်ပြုရေးသားအပ်ပါသည်။ ။
ကုလားပဲ၏ မူရင်းဒေသမှာ ကော့ကေ့ဆပ်နှင့် ဟိမဝန္တာတို့စပ်ကြားဒေသဖြစ်ပြီး ၎င်းမှ ဥရောပ တောင်ပိုင်းပါရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ ပျံ့နှံ့လာခဲ့သည်။ ကုလားပဲသီးနှံကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း အနည်းငယ် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်သည်။ ကုလားပဲသည် မြန်မာနိုင်ငံ အပူပိုင်း ဇုန်ဒေသတွင် စိုက်ပျိုးသော ပဲမျိုးစုံသီးနှံများအနက် ဒေသတွင်း ရိက္ခာဖူလုံရေး၊ အာဟာရပြည့်၀ရေးနှင့် တောင်သူများ၏ဝင်ငွေရရှိရေးအတွက် အရေးပါသောသီးနှံ တစ်ခုဖြစ်သည်။ တောင်အာရှဒေသအတွင်း ကုလားပဲ စိုက်ပျိုးထုတ်လုပ်ရေးတွင် အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် ဒုတိယနေရာ၌ရှိသည်။
သီးနှံကြိုက်နှစ်သက်သည့် သီးနှံဂေဟဗေဒစနစ်
(က) မြေအမျိုးအစား
ကုလားပဲသီးနှံသည် မြေအတန်းအစားမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း လေဝင်လေထွက်ကောင်းမွန်ပြီး အစိုဓာတ်ကောင်းစွာထိန်းသိမ်းထားနိုင်သည့် နုန်းမြေ၊ စနယ်မြေတို့တွင် ပို၍ဖြစ်ထွန်းအောင်မြင်သည်။ ရေပေးသွင်း၍ စိုက်ပျိုးရသည့် အခါတွင် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။
(ခ) ရာသီဥတုနှင့် စိုက်ပျိုးချိန်
ကုလားပဲသီးနှံ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းနိုင်ရန် ရှင်သန်ကြီးထွားနေချိန်တွင် ခြောက်သွေ့၍အေးသောရာသီဥတုရရှိရန်လိုအပ်သည်။ အပင်ကြီးထွားချိန်တွင် နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်တွင် အသင့်လျော် ဆုံးဖြစ်သည်။ ပန်းပွင့်ချိန်တွင် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ပူခြင်း၊ ၁၅ ဒီဂရီစင်တီဂရိတ်ထက်အေးပါက အသီးမတင်ဘဲ အထွက်နှုန်းကျဆင်းနိုင်သည်။ ထို့ပြင် ကုလားပဲသီးနှံသည် နေ့တာတိုသောရာသီကို ကြိုက်နှစ်သက်၍ မြန်မာနိုင်ငံတွင် နေ့တာတိုပြီး အအေးဓာတ်ရှိသော မိုးနှောင်းနှင့် ဆောင်းရာသီ တို့တွင်မြေအစိုဓာတ်အခြေအနေကိုလိုက်၍ သီတင်းကျွတ်လဆန်းမှ တန်ဆောင်မုန်းလမကုန်မီ (အောက်တိုဘာလမှ နိုဝင်ဘာလ) အချိန်အတွင်း စိုက်ပျိုးရသည်။ ကုလားပဲစိုက်ပျိုးရာတွင် မြေဆီလွှာ အတွင်းရှိ လက်ကျန်မြေအစိုဓာတ်ဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သီးနှံသက်တမ်းတစ်လျှောက် မိုးရေချိန် ၁၀-၂၀လက်မခန့်နှင့်ညီမျှသော အစိုဓာတ်အခြေအနေရရှိလျှင် ကောင်းစွာအောင်မြင်ဖြစ်ထွန်းသည်။ လိုအပ်ပါက ဆည်မြောင်းကန်ချောင်းနှင့် အင်းအိုင်တို့မှရေကို စနစ်တကျတင်သွင်းပေးခြင်းဖြင့် ကုလားပဲ သီးနှံကို အောင်မြင်စွာစိုက်ပျိုးနိုင်သည်။
သီးနှံစိုက်ပျိုးမှုစီမံခန့်ခွဲခြင်း
(က) မျိုးရွေးချယ်ခြင်း
ကုလားပဲစိုက်ပျိုးရာတွင် ဒေသရာသီဥတုနှင့်ကိုက်ညီဖြစ်ထွန်းပြီး ရောဂါ၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ကုလားပဲတွင် မျိုးအနေဖြင့်အမျိုးအစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ ဒေစီမျိုးနှင့် ကာဘူလီမျိုးတို့ဖြစ်သည်။ ဒေစီမျိုးသည် အစေ့အရွယ်အစားသေးငယ်၍ အစေ့ရောင်မှာ နက်ညို၊ ညိုဝါ၊ အနက်ရောင်တို့ဖြစ်သည်။ ကာဘူလီမျိုးသည်အစေ့အရွယ်အစားကြီးမား၍ လုံးဝန်းပြီး (အစေ့ ၁၀၀ အလေးချိန် ၂၅ ဂရမ်အထက်ရှိပြီး) အစေ့ အရောင်မှာ နို့နှစ်ရောင်ဖြစ်သည်။ ကုလားပဲအထွက် ကောင်းမျိုးများဖြစ်သော ရွှေနီလုံးကြီး၊ ရေဆင်းကုလားပဲဖြူ-၈၊ ရေဆင်းကုလားပဲဖြူ-၉၊ ရေဆင်း ကုလားပဲနီ-၆ မျိုးတို့ကို ရွေးချယ်စိုက်ပျိုးပါ။ မျိုးစေ့များသည် အပင်ပေါက်ရာခိုင်နှုန်း ၈၀ အထက် ရှိသော မျိုးသန့်မျိုးစေ့ကိုသာ ရွေးချယ်စိုက်ပျိုးရမည်။
(ခ) မြေပြုပြင်ခြင်း
ကုလားပဲကို သီးကြိုအဖြစ်စိုက်ပျိုးလျှင် ထွန်ယက် မြေပြုပြင်ရန်မလိုဘဲ ထွန်ရေးမဲ့စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ စပါးမရိတ်သိမ်းမီ ၁၀ ရက် ၁၅ ရက်ခန့်အလိုတွင် တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲနှုန်း အသုံးပြု၍ ပျံ့နှံ့စွာကြဲပက်စိုက်ပျိုးရမည်။ ဤနည်းဖြင့်စိုက်ပျိုးရာတွင် ဂရုစိုက်ရမည့်အချက်မှာ စပါးခင်းအတွင်းရှိ မြေဆီလွှာတွင် အစိုဓာတ် မများလွန်း၊ မနည်းလွန်းသောအချိန်တွင် ကြဲပက်စိုက်ပျိုးရမည်ဖြစ်သည်။ စပါးခင်းအတွင်း ရေဝပ် နေပါက ကုလားပဲစေ့များ ပျက်စီးပြီး အပင်မပေါက်တော့ပေ။ အကယ်၍ အပင်ပေါက်လာလျှင်လည်း အပင်ငယ်စဉ်မှာပင် ခါးရိ၍သေတတ်သည်။ အစိုဓာတ်နည်းလွန်းလျှင်လည်း အပင်ပေါက်နည်းခြင်းနှင့် ပေါက်လာသည့် အပင်ငယ်များသည် ကောင်းစွာ မကြီးထွားနိုင်ပေ။
စပါးရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးလျှင် စက်ထယ် တစ်စပ်(သို့) နွားထယ် ၁-၂ စပ် ထိုးပြီးနောက် စက်ထွန်နှစ်စပ်(သို့) နွားထွန်လေးစပ်ထိုးပြီး ထယ်မာ ခဲများကို ခြေကာ ထယ်ရေးကောင်းမွန်အောင် ပြုလုပ်ပေးရမည်။
ကုလားပဲသီးနှံကို မြေပြင်ချိန်တွင် နွားချေး မြေဩဇာကို တစ်ဧကလျှင် ၁၀၀-၁၅၀ တင်းနှုန်းထည့်ပါ။ နွားထယ် (သို့) ထွန်စက်ကြီးနှင့် တစ်စပ် ကမ်းပြိုထိုးပြီး အထွက်နှုန်းပိုမိုရရှိစေရန် မြေပြင်ချိန်၌ ယူရီးယား ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည် နှင့် ဂျစ်ပဆမ် ၂၀ ပြည်ကို သမအောင်ရောမွှေပြီး မြေခံတွင်ထည့်သွင်းပေးရပါမည်။
(ဂ) စိုက်ပျိုးခြင်း
ကုလားပဲသီးနှံကို စပါးရိတ်သိမ်းမပြီးမီ သီးကြို အဖြစ် ကြဲပက်၍လည်းကောင်း၊ စပါးရိတ်သိမ်းပြီး နောက် သီးထပ်အဖြစ် ထွန်ယက်မြေပြုပြင်ပြီး အတန်းလိုက် မျိုးစေ့ချ၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ကြဲပက်၍လည်းကောင်း၊ စိုက်ကြောင်း ဆွဲ၍ စိုက်ကြောင်းအတွင်း မျိုးစေ့ကိုလက်ဖြင့်ဖြူးချခြင်း (သို့) နွားဆွဲမျိုးစေ့ချထွန်အသုံးပြု၍ စိုက်ပျိုးနိုင်သည်။ တစ်ဧက အပင်ဦးရေ ၁၃၀၀၀၀ ရရှိရန် တန်းကြား ၁၂ လက်မ၊ ပင်ကြား ၄ လက်မထား၍ မျိုးစေ့နှုန်းတစ်တင်းအထိ အသုံးပြုနိုင်သည်။ အပင် ညှိုးသေနှင့် အခြားရောဂါများကာကွယ်ရန် မှိုသတ် ဆေးဖြင့် မျိုးစေ့တစ်ပြည်လျှင် ဆေး ၃ ဂရမ်/စီစီနှုန်း လူးနယ်ပြီး စိုက်ပျိုးပေးရမည်။ အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီစေရန် စိုက်ကြောင်းအတွင်း မျိုးစေ့ အတိမ်အနက် ၂ လက်မမှ ၄ လက်မအတွင်းရအောင် စိုက်ပျိုးရမည်။
(ဃ) ပြုစုစောင့်ရှောက်ခြင်း
ကုလားပဲသီးနှံကိုအောင်မြင်ဖြစ်ထွန်းစေရန် အပင် ဖြစ်ထွန်းချိန်၊အပွင့်ပွင့်ချိန်၊ အသီးသီးချိန်တို့တွင်မြေအစိုဓာတ်လုံလောက်စွာရရှိရန်လိုအပ်သည်။ အပင်ဖြစ်ထွန်းနေစဉ် မြေအစိုဓာတ်လျော့နည်းပါက အပင်ကြီးထွားမှုရပ်ဆိုင်းပြီး အပွင့်အသီးတို့ကိုပါ ထိခိုက်စေမည်ဖြစ်သည်။ ဤအချိန်များတွင် မိုး မရွာပါက ရေသွင်းပေးရန်လိုအပ်သည်။ ကုလားပဲသီးနှံ သည် ရေဝပ်သည့်ဒဏ်ကို ခံနိုင်စွမ်းမရှိ သောကြောင့် ရေသွင်းရာတွင် မြေမျက်နှာပြင်စိုရုံသာရှိစေရန် ဂရုစိုက် သွင်းပေးရမည်။
အပင်နှစ်ပတ်သားမှစ၍ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အထိ ရွက်ဖျန်းမြေဩဇာ (သို့) ယူရီးယားဓာတ်မြေဩဇာအား ထမင်းစားဇွန်းလေးဇွန်း၊ လက်ချားမှုန့် (အခဲကိုမီးဖြင့်လှော်၍ အမှုန့်ပြုလုပ်ပါ။) ထမင်းစားဇွန်း တစ်ဇွန်းဖျော်၍ တစ်ဧကလျှင် ၅-၆ ပုံးဖြင့် နံနက်ပိုင်း အရွက်အောက်ဘက်သို့ ဖျန်းပေးပါ။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရမည်။
ကုလားပဲစိုက်ပျိုးမြေများတွင် ဘိုရွန်ချို့တဲ့သည့် လက္ခဏာများတွေ့ရတတ်သည်။ ဘိုရွန်ချို့တဲ့နေလျှင် ကုလားပဲပင်များတွင် အခက်အလက်၊ အရွက်များ အထွက်နည်းခြင်း၊ အဆစ်တိုခြင်း၊ အရွက်များတွန့်လိမ်၍ ပုံပျက်ခြင်း၊ ထူ၍ကြွပ်ဆတ်ခြင်း၊ အညွန့် အဖူးသစ်များ သေဆုံးခြင်း၊ အစေ့များသေခြင်း စသည့်လက္ခဏာရပ်များဖြစ်ပေါ်တတ်သည်။ ထိုလက္ခဏာမျိုးတွေ့လျှင် ဘိုရွန်ဓာတ်ပါသော ရွက်ဖျန်း မြေဩဇာကို မဖြစ်မနေဖျန်းပေးရမည်။
ပဲပင်များ ပန်းပွင့်ချိန်မတိုင်မီနှင့် ပန်းပွင့်ချိန်ကာလတွင်ကျရောက်တတ်သော ရောဂါပိုးမွှားများကြောင့် သီးနှံအထွက်နှုန်းကိုထိခိုက်စေသဖြင့်သေချာစွာ ထိထိရောက်ရောက်နှိမ်နင်းရန်လိုအပ်သည်။ပွင့်ဖူးစတင်ချိန်မှ အစေ့အဆန်တည်သည့်အချိန်ထိ သီးလုံးဖောက်ပိုးကာကွယ်ရန် စိမ့်ပြန့်အာနိသင် ရှိသော ပိုးသတ်ဆေးနှင့် ထိသေအာနိသင်ရှိသောပိုးသတ်ဆေးတို့ကို သတ်မှတ်ထားသော နှုန်းထားများ အတိုင်း တစ်လှည့်စီဖျန်းပေးပါ။
ကုလားပဲတွင်ကျရောက်လေ့ရှိသော ပိုးများမှာ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ လှေး၊ ကျိုင်း၊ပင်စည်ထိုးယင်နှင့် ပဲမျိုးစုံကြမ်းပိုးများ ကျရောက် တတ်သည်။ ပိုးများကိုနှိမ်နင်းရာမှာ ပိုးအမျိုးအစားအလိုက် ပင်လုံးပြန့်ပိုးသတ်ဆေး၊ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ ဓာတုဆေးကိုမသုံးလိုပါက တမာပိုးသတ်ဆေးကဲ့သို့သော သဘာဝပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။ ပိုးမွှားကာကွယ်မှုပိုမိုထိရောက်စေရန် ပိုးမွှားများ ခိုအောင်းနေနိုင်သော စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်း မြက်များ၊ ချုံများကိုပါဆေးဖျန်းပေးခြင်း သို့မဟုတ် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်။
(င) ရိတ်သိမ်းခြင်း
ကုလားပဲသီးတောင့်များ ကောက်ရိုးအရောင်(သို့) ညိုဖျော့ရောင်ပြောင်းသွားချိန် (၇၅- ၈၀ ရာခိုင်နှုန်း) သီးတောင့်များ ရင့်မှည့်လျှင် ရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းချိန်နောက်ကျလျှင် သီးတောင့်များ အက်ကွဲကျ၍ အထွက်ဆုံးရှုံးနိုင်သည်။ ရိတ်သိမ်းပြီး ပဲပင် များကို ၂-၃ ရက်အထိ နေလှန်းပြီး သီးတောင့်များကိုခြွေလှေ့ပါ။ ပဲစေ့များတွင် ဖုန်၊ သဲ၊ ခဲ၊ အရွက်အမှော်များ မပါအောင် သန့်စင်ပါ။ သန့်စင်ပြီးသော ပဲစေ့များအား အစိုဓာတ် ၉-၈ ရာခိုင်နှုန်းအထိ အခြောက်ခံပြီးမှ သိုလှောင်ပါ။
ဈေးကွက်အခြေအနေ
ကုလားပဲသီးနှံသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အရောင်းအဝယ်ရှိသည်။ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ကုလားပဲများကို တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်၊ ပဲမှုန့် (အစိမ်း၊ အကျက်) ထုတ်လုပ်သောလုပ်ငန်းရှင်များမှ အများအားဖြင့် ဝယ်ယူကြသည်။ အချို့ဒေသများတွင် ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ပဲဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ် အမြဲတမ်း သွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့အများဆုံးတင်ပို့ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်ဖြစ်သည်။ မြန်မာနိုင်ငံမှ မတ်ပဲ၊ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ(စွန်တာနီ)၊စွန်တာပြာ၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်စေ့၊ ပဲနီ ကျား၊ နိုင်လွန်ပဲတို့ကို တင်ပို့လျက်ရှိသည်။
ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့သည် ကုလား ပဲကို အဓိကစားသုံးသောနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမှကုလားပဲများကို ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့သို့တင်ပို့လျက်ရှိသည်။ပြည်ပဈေးကွက်အနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သောထိုင်း၊တရုတ်၊အိန္ဒိယနိုင်ငံတို့သို့တင်ပို့ရောင်းချလျက်ရှိ သည်။ ကုလားပဲ၏အရည်အသွေးသည် နိုင်ငံတကာ တွင် အသိအမှတ်ပြုခံရ၍ ဝယ်လိုအားမြင့်မားသည်။
ကုလားပဲစေ့များကို ကုန်ကြမ်းအဖြစ် ဈေးကွက် သို့တင်ပို့ရောင်းချနိုင်ပြီး ကုလားပဲခွံ၊ ပဲရိုး ၊ ပဲမှော်များကို ဆွေးမြည့်အောင်ပြုလုပ်ပြီး သဘာဝမြေဩဇာ အဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သကဲ့သို့ ကျွဲ၊ နွားစာအဖြစ်လည်း အသုံးပြုနိုင်သည်။ ကုလားပဲကို တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်သောပစ္စည်းများမှာ ကြာဆံ၊ မုန့်အမျိုးမျိုး၊ ပဲကြော်၊ ပဲမုန့်၊ စည်သွတ်ဘူး၊ ကုလားပဲမှုန့်၊ ဆပ်ပြာတို့ဖြစ်သည်။ကုလားပဲကို မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိပြီး အထူးသဖြင့် မန္တလေး၊ ရန်ကုန်၊ မကွေးစသည့်မြို့ကြီးများတွင် ဝယ်လိုအားမြင့်မားသည်။ ကုလားပဲသည် မြန်မာနိုင်ငံ၊ ဥရောပနိုင်ငံများ၊ တရုတ်နှင့် ကမ္ဘာ့ဈေးကွက်တွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်သည်။ ကုလားပဲသီးနှံသည် ပရိုတင်းပါဝင်မှုများသောကြောင့်သက်သတ်လွတ် စားသုံးသူများအတွက် အသားဓာတ်ရရှိစေနိုင်သော အစားအစာ တစ်ခုဖြစ်သည့်အပြင် သွေးတွင်းအချိုဓာတ်ကိုထိန်းညှိ နိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရ ဓာတ်များကို ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။
ကုလားပဲသီးနှံသည် မြန်မာနိုင်ငံအတွက် အာဟာရ ပြည့်ဝပြီး စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်၍ လူထု၏အာဟာရဓာတ်ကိုဖြည့်တင်းပေးသည့်အပြင် စီးပွားရေးအရလည်း အထောက်အကူ ပြုသည်။ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းနှင့် ခေတ်မီနည်းစနစ်များအသုံးပြုခြင်းဖြင့် အထွက်နှုန်းနှင့် သီးနှံထွက်ကုန်အရည်အသွေးကိုမြှင့်တင်ပြီး တောင်သူဦးကြီးများ င်ငွေတိုးပွားစေရေးနှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေးတို့အတွက် အထောက်အကူပြုနိုင်သည်။ ထို့ကြောင့် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုကိုပိုမိုမြှင့်တင်ပေးခြင်းဖြင့် တောင်သူဝင်ငွေတိုး၍ လူနေမှုဘဝမြင့်မားမှုမှသည် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကို ပိုမိုတိုးတက်စေနိုင်မည်ဖြစ်ပါသည်။ ။
၂၁ ရာစုခေတ်မှာ ကလေး၊ လူကြီး မျက်မှန်တပ်သူဦးရေ နှစ်ဆတိုးလာပါတယ်။ ဖုန်းမျက်နှာပြင်(Screen)သေးသေးလေးကိုကြည့်ရာကနေ ကြာလာတဲ့အခါ မျက်စိအမြင်အာရုံအားနည်းလာပါတယ်။ဒီအတွက် ကွန်ပျူတာ၊ အင်တာနက်သုံးတဲ့ပုံစံကိုပြင်ပေးတာ၊ အလင်းရောင်ရရှိမှုပြင်ပေးတာတွေလိုအပ်ပါတယ်။
ဆေးလိပ်သောက်တာက ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်သလို အမြင်အာရုံအတွက်လည်း ဆိုးရွားနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့မက်ကူလာချို့ယွင်းမှု(Age Related Macular Degenerater-AMD)နဲ့ဆေးလိပ်သောက်တာ ဆက်စပ်မှုရှိတယ်လို့ သုတေသီတွေကဖော်ပြထားပါတယ်။ ဆေးလိပ်သောက်တာနဲ့ အဆုတ်ကင်ဆာဖြစ်တာဆက်စပ်မှုရှိသလိုမျိုးဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေကဆေးလိပ်မသောက်သူတွေထက် AMD ကြောင့် မျက်စိကွယ်နိုင်ခြေနှစ်ဆပိုပြီးများပါတယ်။ ဆေးလိပ်ဖြတ်အပြီး ၁၀ နှစ်လောက်ကြာတဲ့အထိ အဲဒီသက်ရောက်မှုရှိတယ်လို့သိရပါတယ်။
လေအေးပေးစက်ကထွက်တဲ့ အအေးဓာတ်ကခြေထောက်နေရာမှာ ရှိသင့်ပါတယ်။မော်တော်ကားထဲကလေအေးပေးစက်ကြောင့်ရရှိတဲ့ လေအေးတွေဝင်တဲ့ လေဝင်၊ လေထွက်ပေါက်ကို ကိုယ့်မျက်စိနေရာမဟုတ်ဘဲ ခြေထောက်နေရာရောက်ရှိအောင်ချိန်ထားသင့်တယ်။မော်တော်ကားလေအေးပေးစက်ကနေထွက်ရှိတဲ့ခြောက်သွေ့တဲ့လေတွေကမျက်စိထဲကအရည်တွေကို စုပ်ယူလိုက်တာကြောင့်မျက်စိခြောက်သွေ့သွားတဲ့အတွက် မျက်စိထဲ ရောဂါပိုးဝင်နိုင်ခြေနဲ့မျက်စိအနာဖြစ်နိုင်ခြေများပါတယ်။ လေယာဉ်၊ ရထား၊ ဘတ်စကားနဲ့ရုံးခန်းတွေမှာလည်း လေအေးပေးစက်ကလာတဲ့လေအေးတွေကိုခြေထောက်နေရာလောက် ချိန်ထားသင့်ပါတယ်။
မျက်စိခြောက်သွေ့မှုမဖြစ်အောင် ငါးစားသင့်ပါတယ်။ အဆီများတဲ့ငါးကိုစားသုံးတာက မျက်စိပျက်စီးခြောက်သွေ့တဲ့လက္ခဏာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိပ္ပံသုတေသီတွေက တွေ့ရှိထားပါတယ်။အဲဒီအခြေအနေက အသက်ကြီးသူတွေမှာ အဖြစ်များပြီး မျက်ရည်ကိုအလုံအလောက်မထုတ်လုပ်နိုင်တာဒါမှမဟုတ်မျက်ရည်တွေကအငွေ့ပြန်လွယ်တာကြောင့်ဖြစ်ပါတယ်။ မျက်စိယားယံပြီး နီရဲနာကျင်နိုင်ပါတယ်။ အမျိုးသမီးထောင်ပေါင်းများစွာရဲ့အစားအစာကိုလေ့လာခဲ့တဲ့ အမေရိကန်နိုင်ငံ ဟားဗတ်မှ သုတေသီတွေက အဆီပါဝင်မှုများတဲ့ငါးတွေကိုစားသုံးမှုနည်းတာကြောင့် Omega-3 Fatty acid ရရှိမှုအနည်းဆုံးဖြစ်သူတွေက မျက်စိခြောက်သွေ့တဲ့လက္ခဏာဖြစ်နိုင်ခြေအများဆုံးဆိုတာတွေ့ရှိရပါတယ်။ ကိုယ်က ငါးဟင်းမကြိုက်ရင် Omega-3 အားဖြည့်ဆေးမှီဝဲသင့်ပါတယ်။
ခရမ်းလွန်ရောင်ခြည်ကို ၉၉-၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့မျက်မှန်အမျိုးအစားရွေးချယ်တပ်ဆင်သင့်တယ်။ နေရောင်ထဲရောက်ရင် အရောင်မည်းသွားတဲ့ မှန်အမျိုးအစားကိုရွေးချယ်သင့်ပြီး မှန်အရွယ်အစားကြီးမားတာကို ရွေးချယ်သင့်ပါတယ်။ မျက်စိတစ်ခုလုံးကိုဖုံးအုပ်နိုင်တဲ့မျက်မှန်က အကောင်းဆုံးဖြစ်ပါတယ်။
ကွန်ပျူတာနဲ့အလုပ်လုပ်စဉ်မှာ မျက်စိခြောက်သွေ့မှုဖြစ်နိုင်ခြေနည်းအောင် ကွန်ပျူတာစခရင်ကို မျက်စိနေရာအောက် နှိမ့်ထားသင့်တယ်။ ဒီလိုပြုလုပ်တာကြောင့် မျက်စိက ကွန်ပျူတာကိုကြည့်နေစဉ်မှာ နည်းနည်းလေးပိတ်ထားတဲ့အနေအထားဖြစ်နေတဲ့အတွက်မျက်ရည်တွေ အငွေ့ပြန်နှုန်းလျော့နည်းသွားနိုင်ပါတယ်။
နာရီနှိုးစက်လုပ်ထားသင့်ပါတယ်။ ကွန်ပျူတာအသုံးပြုရာကနေခေတ္တအနားယူချင်ရင် မျက်စိကို မိနစ် ၃၀ ကြာတိုင်း ကွန်ပျူတာအသုံးပြုရာကနေထပြီး လမ်းလျှောက်တာ၊ အဝေးတစ်နေရာကို စက္ကန့်၃၀ ကြာအောင် ကြည့်ရှုတာတွေပြုလုပ်နိုင်အောင် နှိုးစက်ထားသင့်ပါတယ်။ မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးကို စက္ကန့် ၂၀ ကြာကြည့်ပေးခြင်း(၂၀:၂၀:၂၀)စည်းမျဉ်းရှိပါတယ်။ မျက်စိညောင်းတာနဲ့ပင်ပန်းတာတွေသက်သာအောင်ပြုလုပ်နိုင်ပါတယ်။
ကလေးတွေ အမြင်အာရုံကောင်းစေဖို့ လုပ်နိုင်တဲ့ သဘာဝနည်းလမ်းတွေ အများကြီးရှိပါတယ်။ အမြင်အာရုံကိုကောင်းမွန်စေပြီး ကျန်းမာစေဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအသောက်တွေ၊ ကျန်းမာရေးနဲ့ညီညွတ်တာတွေကျွေးဖို့ အရေးကြီးပါတယ်။ အာဟာရပြည့်ဝအောင်စားမယ်။ လေ့ကျင့်ခန်းလုပ်မယ်။ မျက်စိစမ်းသပ်မှုမှန်မှန်လုပ်မယ်ဆိုရင်အမြင်အာရုံထိခိုက်မှုကိုကာကွယ်နိုင်ပါတယ်။
ဗီတာမင် A ကြွယ်ဝတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာကယ်လ်စီယမ်၊ ဗီတာမင် C၊ ဗီတာမင် B12 စတဲ့ တခြားဓာတ်တွေလည်းပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ပန်းဂေါ်ဖီစိမ်း၊ မုန်ညင်းရွက်၊ မုန်ညင်းစိမ်း၊ ကိုက်လန်တို့ များများကျွေးသင့်ပါတယ်။
မုန်လာဥဖြူနဲ့ ခရမ်းချဉ်သီးကလည်း အမြင်အာရုံကိုထိခိုက်စေတဲ့အမြင်စူးစိုက်တဲ့ မက်ကူလာ (Macula) လွှာ ယိုယွင်းခြင်း၊ အတွင်းတိမ်ဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥနီနဲ့ ကန်စွန်းဥတို့ကလည်း မျက်စိကို နေရောင်ခြည်ကနေကာကွယ်နိုင်မယ့် ဘီတာကယ်ရိုတင်းတွေ အများကြီးပါဝင်တယ်။ ငရုတ်ပွကလည်း ကလေးတွေမျက်စိအတွက်ကောင်းပါတယ်။
မြေပဲ၊ သီဟိုဠ်စေ့၊ သစ်ကြားစေ့တွေက ဗီတာမင် E ကြွယ်ဝတာကြောင့်ကလေးတွေအဝေးမှုန်တာကိုကာကွယ်ပေးပါတယ်။အစေ့အဆန်တွေမှာ Omega 3,6 Fatty acid တွေ ပါဝင်ပါတယ်။ နှမ်းကြတ်စေ့၊ ချီယာစေ့တို့ကလည်း အမြင်အာရုံကိုကောင်းမွန်စေပါတယ်။
ဆယ်လ်မွန်၊ မက်ကရယ်၊ တူနာငါးတွေကနေရရှိတဲ့ငါးကြီးဆီတွေမှာDNA လို့ခေါ်တဲ့ မျက်စိအမြင်လွှာ(Retina)မှာပါတဲ့ အဆီတစ်မျိုးပါဝင်ပါတယ်။ မျက်စိအမြင်လွှာမှာ DNA ဓာတ်ချို့တဲ့တဲ့အခါ မျက်စိခြောက်တာနဲ့ တခြားမျက်စိပြဿနာတွေဖြစ်စေနိုင်ပါတယ်။
ပဲမျိုးစုံမှာ အများကြီးတွေ့ရတဲ့ Bioflavonoid နဲ့ဇင့်တို့က မျက်စိအမြင်လွှာ(Retina)ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေကိုပဲကြီး၊ ပဲနီလေး စတဲ့ပဲအမျိုးမျိုးကျွေးသင့်ပါတယ်။
ဇင့်ဓာတ်က မပြုပြင်ထားတဲ့ ပေါင်မုန့်ညို၊ ဆန်လုံးညိုတို့မှာ အများကြီးပါဝင်တယ်။ ဒါ့ပြင် ဗီတာမင်၊ နိုင်ယာစင်တို့ အလျှံပယ်ပါဝင်တယ်။ဒါကြောင့် ကလေးတွေကို ပေါင်မုန့်ဖြူ၊ ပါစတာ၊ ထမင်းဖြူချည်းမကျွေးဘဲ ပေါင်မုန့်ညို၊ ဆန်လုံးညိုထမင်းကျွေးသင့်ပါတယ်။
ဥတွေမှာ ဗီတာမင် A နဲ့ ပရိုတင်းဓာတ်တွေ အများကြီးပါဝင်တယ်။ဒါ့ပြင် အမြင်အာရုံစူးစိုက်ပေးတဲ့ မက်ကူလာ (Macula) ပျက်စီးတာကိုလည်းကာကွယ်ပေးနိုင်တဲ့လူတိန်းအင်တီအောက်စီးဒင့်(LuteinAntioxidants)လည်းပါဝင်ပါတယ်။ မျက်စိရဲ့ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်မှုကိုထိန်းသိမ်းပေးပြီး ကောင်းကောင်းအလုပ်လုပ်နိုင်အောင်လည်း ပံ့ပိုးပေးပါတယ်။ ဒါကြောင့် ကလေးတွေကို ဥများများကျွေးပြီး မျက်စိအမြင်အာရုံကိုကာကွယ်နိုင်ပါတယ်။ အသီးအနှံတွေ၊အမဲသား၊ ထောပတ်သီး၊ ဗီတာမင်ဖြည့်စွက်ဆေးတွေကျွေးနိုင်ပါတယ်။
အချုပ်ဆိုရရင် "မျက်စိအဆုံး၊ နားအရှုံး" ဆိုတာနဲ့အညီကိုယ့်ရဲ့မျက်စိရေရှည်အသုံးပြုနိုင်ရေးအတွက်အထက်ပါနည်းလမ်းတွေကို လိုက်နာလုပ်ဆောင်သင့်ပြီးကျန်းမာရေးနဲ့အညီ စားသောက်နေထိုင်ကြရင်း မျက်စိအမြင်အာရုံကို ကာကွယ်နိုင်ကြပါစေကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
Source: https://myawady.net.mm/stories
မိရိုးဖလာမှသည် စီးပွားဖြစ်ဆီသို့
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်း အချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တိရစ္ဆာန်မွေးမြူသည့် အိမ်ထောင်စုဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဝက်မွေးမြူ သူများဖြစ်သည်ကို တွေ့ရှိရသည်။ ယခင်က ဒေသဝက်များကို တစ်နှစ်ကျော်ကြာထိ မိရိုးဖလာအနေဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူကြသော်လည်းယခုအခါ မျိုးစပ်ဝက်များကို အသားတိုးအဖြစ် ထိန်းကျောင်း ကျွေးမွေး၍ ကာလတိုအတွင်း ဈေးကွက်ရောင်းချနိုင်သဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိလာကြသည့်အပြင်ဒေသအနှံ့ အပြားတွင် တစ်အုပ်တစ်မစီးပွားဖြစ်မွေးမြူ လာကြပြီဖြစ်သည်။ မျိုးကောင်းမျိုးသန့်မျိုးရင်း အထီးနှင့်အမများဝယ်ယူ၍ ပြည်တွင်း၌ မျိုးစပ်ထုတ်လုပ်ဖြန့်ဖြူးသူ လုပ်ငန်းရှင်များလည်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဆောင်ရွက်နေကြပြီဖြစ်သည်။
မျိုးသန့်ဝက်ထီး၏ မျိုးရည်ကို မေထုန်မဲ့သားစပ်ကျွမ်းကျင်သူတို့က ဝယ်ယူ၍ ဒေသအလိုက်မေထုန်မဲ့ သားစပ်၍ ထုတ်လုပ်မှုကောင်းသောမျိုးထုတ်မွေးမြူခြင်းကိုပါ ဆောင်ရွက်လာပြီဖြစ်သည်။ မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနမှလည်း ထုတ်လုပ်မှုကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်စေရန် မွေးမြူသူများလိုအပ်သော ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးနည်းပညာ အထောက်အကူပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။
သို့ဖြစ်ပါ၍ ဝက်သားထုတ်လုပ်မှု ပိုမိုတိုးမြင့်စေရေးအတွက် ထုတ်လုပ်မှု ကောင်းသောမျိုးများနှင့် မျိုးရွေးချယ်မွေးမြူနည်း၊ ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်အကြောင်းကို သိရှိလေ့လာမှတ်သားနိုင်ရန် ရှင်းလင်း ဖော်ပြပါမည်။
ထုတ်လုပ်မှုကောင်းသောဝက်မျိုးများ
မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းအောင်မြင် နေသော မျိုးမြှင့်ဝက်မျိုးများအနက် မွေးမြူသူအကြိုက် ဝက်မျိုးငါးမျိုးရှိသည်။ ယင်းတို့အနက် ဂျူးရော့ဂျာစီ (Duroc Jersey)၊ ယော့ရှိုင်းရား (Yorkshire)နှင့် လင်းဒရေ့ (Landrace) မျိုးသုံးမျိုး၏ ထုတ်လုပ်မှုကောင်းသော အားသာချက် များကိုရယူ၍ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ (DYL) စပ်မျိုးဟူ၍ မျိုးစပ် ထုတ်လုပ် ဖြန့်ဖြူးခဲ့သည်။
ယနေ့အချိန်တွင်လည်း ၎င်းမျိုးများအပြင် အခြား မျိုးစစ်များနှင့် မျိုးစပ်၍ ထုတ်လုပ်မှုကောင်းပြီး ဒေသတွင်း ရေ၊ မြေ၊ ရာသီဥတု နှင့်ကိုက်ညီသည့် မျိုးမြှင့်စပ်မျိုးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။ မျိုးစစ် ဝက်မျိုးငါးမျိုးမှာ-
ဂျူးရော့ဂျာစီ (Duroc Jersey)
မူရင်းဇာတိမှာ အမေရိကန်နိုင်ငံဖြစ်သည်။ နီညိုရောင်၊ နားရွက်လဲ ဝက်မျိုးဖြစ်သည်။ အခြားဝက်မျိုးများထက် ကြီးထွားနှုန်းပိုမြန်သည်။ သားပေါက်နှုန်း၊ သားထိန်းနှုန်းကောင်းပြီး အခြားမျိုးများနှင့် မျိုးစပ်ရာတွင် မျိုးထီးအနေဖြင့်အသုံးများသည်။
ရော့ရှိုင်းရား (Yorkshire)
အင်္ဂလန်နိုင်ငံ ရော့ရှိုင်းရားနယ်မှ စတင်မွေးမြူသည်။ အဖြူရောင်၊နားရွက်ထောင်၊ ခန္ဓာကိုယ်ရှည်သည့် ဝက်ဖြူကြီးမျိုးဖြစ်သည်။သားထိန်းကောင်းပြီး သားခွဲနှုန်းလည်းမြင့်သည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင်မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်းသားဖောက်လေ့ရှိကြသည်။ ဒေသမျိုးများကိုမျိုးမြှင့်တင်ရာတွင် အသုံးပြုကြသည်။
လင်းဒရေ့(Landrace)
မူရင်းနိုင်ငံမှာ ဒိန်းမတ်နိုင်ငံဖြစ်သည်။ အဖြူရောင်၊ နားရွက်လဲ၊ ခန္ဓာကိုယ်ရှည်သည့်ဝက်ဖြူကြီးမျိုးဖြစ်သည်။ သားမွေးနှုန်း၊ သားခွဲနှုန်း၊ အသားတိုးနှုန်း ကောင်းမွန်သည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင် မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်း သားဖောက်လေ့ရှိကြသည်။
ပီထရိန်း(Pietrain)
မူရင်းနိုင်ငံမှာ ဘယ်ဂျီယံနိုင်ငံဖြစ်သည်။ အဖြူရောင်ကိုယ်ပေါ်တွင် အမည်းကွက်များရှိသည်။ နားရွက်ရှေ့သို့ ထိုးထွက်နေသည်။ ပေါင်သား၊ လက်ပြင်သား၊ ကုပ်သားများ ဖွံ့ဖြိုးကြီးထွားသည်။ သားပေါက်နှုန်း၊ ကြီးထွားနှုန်းကောင်းမွန်သည်။
ဟမ်းရှိုင်းယား (Hampshire)
မူရင်းနိုင်ငံမှာ အင်္ဂလန်နိုင်ငံဖြစ်သည်။ ကိုယ်လုံးအမည်းရောင်ရှိပြီး ရှေ့လက်၊ လက်ပြင်နှင့် ကုပ်ပိုးပတ်လည်တို့တွင် အဖြူရောင်ရှိသည်။ နားရွက်သည်အပေါ်သို့ ထောင်နေသည်။ အသားထွက်နှုန်းကောင်းသည်။ ခါးပတ်ကျားဟုလည်းခေါ်ကြသည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင် မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်းသားဖောက်လေ့ရှိကြသည်။
ခြံတည်ထောင်ခြင်း
ဝက်ခြံတစ်ခုတည်ထောင်မည်ဆိုလျှင် အောက်ပါအခြေခံအချက်များအားဆောင်ရွက်နိုင်ရန်ဦးစွာပြင်ဆင်ထားရပါမည်။ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။
၁။ မြေနေရာရွေးချယ်ခြင်း
၂။ အဆောက်အအုံတည်ဆောက်ခြင်း
၃။ သွင်းအားစုများထည့်သွင်းခြင်း
မြေနေရာရွေးချယ်ခြင်း
(က) ဝက်များကိုကျွေးသည့် အစားအစာများ ပေါများစွာရရှိသည့်နေရာဒေသဖြစ်ရမည်။
(ခ) လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသောနေရာဖြစ်ရမည်။
(ဂ)လေကောင်းလေသန့်နှင့် နေရောင်ခြည်ရသော နေရာမျိုးဖြစ်ရန်နှင့်သုံးရေလွယ်ကူ ပေါများစွာရရှိသောနေရာဖြစ်ရန်လိုအပ်သည်။
(ဃ) လူနေအိမ်နှင့် အလှမ်းဝေးသောနေရာဖြစ်ရမည်။ လိုအပ်သောအဆောက်အအုံများဆောက်လုပ်ရန်အပြင် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန် လုံလောက်သောအကျယ်အဝန်းရှိသည့် စိုက်ပျိုးရလွယ်ကူသောမြေဖြစ်ရမည်။
(င)လျှပ်စစ်စွမ်းအင် သို့မဟုတ် ဆိုလာ စွမ်းအင်ရရှိရမည်။
ဝက်ခြံဆောက်လုပ်ခြင်း
(က)မိမိဒေသတွင်အလွယ်တကူရရှိနိုင်သောပစ္စည်းများကိုအသုံးပြုပြီး ကုန်ကျစရိတ်သက်သာအောင် ဆောက်လုပ်နိုင်သည်။ ဝက်များအတွက် သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းရမည်။ လုံလောက်သောအရိပ်ရရှိရမည်။
(ခ)နေရောင်ခြည်ကျရောက်မှုနှင့် လေဒဏ်၊ မိုးဒဏ်တို့မှကာကွယ်နိုင်ရန်အတွက် ဝက်ခြံကို အရှေ့- အနောက်အလျားလိုက်တည်ဆောက်သင့်သည်။
(ဂ)ကြမ်းခင်းသည် ကွန်ကရစ်ကြမ်းခင်း(သို့) သစ်သားကြမ်းခင်း (သို့) ဝါးကြမ်းခင်းဖြစ်ပြီးသန့်ရှင်းရေးပြုလုပ်ရာတွင်လွယ်ကူစေရန်အတွက်အိပ်သည့်နေရာမှ အဝေးသို့ လျှောစောက်ပုံစံဖြစ်ရမည်။ ကြမ်းခင်းသည် ချောမနေရပါ။ သစ်သား (သို့) ဝါးကြမ်းခင်းဖြစ်ပါက ကြမ်းခင်းသည် မြေပြင်မှ အနည်းဆုံးနှစ်ပေအမြင့်ရှိရမည်။
(ဃ )အစာခွက်နှင့် ရေခွက်တို့ကို အစာထည့်ကျွေးရန် လွယ်ကူသောနေရာနှင့် ရေလဲလှယ်ရန်အတွက် လွယ်ကူသောနေရာတွင် ထားရှိသင့်သည်။
(င)ဝက်နှုတ်သီးဖြင့် တွန်းထိုးတတ်သော အလေ့အထကြောင့် ကြမ်းခင်းနှင့်နံရံ တို့ကို အကြမ်းခံနိုင်သောပစ္စည်းများအသုံးပြုပြီး ဆောက်လုပ်သင့်သည်။
(စ) ဝက်ခြံကို ခိုင်ခံ့အောင်ဆောက်လုပ်ရမည်။ တိရစ္ဆာန်တစ်ကောင်ချင်းအတွက် လိုအပ်သောနေရာ၊ အကွာအဝေးသတ်မှတ်ချက်နှင့်အညီဆောက်လုပ်နိုင်ရမည်။
(ဆ)အစာကြမ်း၊ အစာနုများသိုလှောင်ရန်သီးခြားအဆောက်အအုံတည်ဆောက်ရမည်။ အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ သိရှိလိုက်နာဖွယ်ရာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။
သွင်းအားစုများထည့်သွင်းခြင်း
(က)မိမိမွေးမြူမည့် ရည်ရွယ်ချက်နှင့်ကိုက်ညီသော ဝက်မျိုးထည့်သွင်းရန်၊
(ခ)အစာကြမ်း၊ အစာနုနှင့် အစာကြိတ်ခွဲရောစပ်စက်ကိရိယာများ စုဆောင်းရန်၊
(ဂ) ဝက်ခြံတစ်ခြံတွင်ရှိသင့်သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများထားရှိရန် ဥပမာ-အစာသယ်ပို့ရန်နှင့် အညစ်အကြေးသယ်ထုတ်ရန် လက်တွန်းလှည်းငယ်များ၊အညစ်အကြေး သန့်ရှင်းရာတွင် အသုံးပြုရမည့်ပစ္စည်းကိရိယာများ၊တိရစ္ဆာန်ထိန်းချုပ်ပစ္စည်းများ၊
(ဃ)တိရစ္ဆာန်ဆေးကုဆရာဝန်မှ အကြံပြုထားသောဆေးဝါးနှင့်ဆက်စပ်ပစ္စည်းထားရှိရန်၊
(င)မိမိဒေသအခြေအနေနှင့်သင့်လျော်ပြီး ဇီဝလုံခြုံမှုနှင့်ကိုက်ညီသော ခြံစည်းရိုးကာရံရန်နှင့် ခြံအဝင်အထွက်ပေါက်တွင် ပိုးသတ်ဆေးကန်ထားရှိရန်။
ဝက်တစ်ကောင်အတွက်လိုအပ်သည့်နေရာအကျယ်အဝန်းကို ယေဘုယျအားဖြင့်ဖော်ပြပါအတိုင်းသတ်မှတ်မွေးမြူနိုင်သည်
ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာ
စားသောက်ရန်အတွက်ရည်ရွယ်မွေးမြူသည့် မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်တင်ပို့စရိတ်တို့အကြား အမြတ်အစွန်းကျန်သော မွေးမြူရေးဖြစ်ရမည်။ ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင်ဈေးကွက်ဝင် ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့် ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရန်မှာ လွန်စွာအရေးကြီးသည်။
ထုတ်ကုန်အရည်အသွေးနှင့်ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရေး
ဟန်ချက်ညီရန်မှာ မွေးမြူရေးခြံအတွက် သုံးစွဲရသည့် သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရပါမည်။ သွင်းအားစုပေါင်းများစွာအနက်မှ ကျွေးမွေးရသည့်အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို မွေးမြူသူတိုင်းသိရှိကြပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို အဓိကထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာဆက်သွယ်နေမှုကို သိရှိနိုင်ရန် ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန်အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်ရန်ဖြစ်သည်။ အစာကုန်ကြမ်းထွက်ရှိသည့် ရေ၊ မြေ၊ ရာသီဥတုအရ အစာကုန်ကြမ်း၏ အာဟာရတန်ဖိုး ကွာခြားနိုင်ပါသဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိအစာကုန်ကြမ်းများတွင် ပါဝင်သည့် အာဟာရတန်ဖိုးများကို ဌာန၏ဓာတ်ခွဲခန်းဖြင့်စိစစ်ဆောင်ရွက်ပေးနေသည်။
ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ
ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်မှာ အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သည်။ ပြည့်စုံစွာရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သောမွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှ လူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျကာကွယ်ထိန်းချုပ်ရန် လုပ်ငန်းစဉ်များသတ်မှတ်ထားပြီးဖြစ်၍ GAHP လက်မှတ်ရခြံများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြသည်။
လေ့လာသူများသိရှိနိုင်ရန် ဝက်မွေးမြူထုတ်လုပ်ရေးခြံများတွင် ကျွမ်းကျင်ပညာရှင်ဖြင့် မဖြစ်မနေထိုးနှံပေးရမည့်တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးများကို ဖော်ပြလိုသည်။ ယင်းတို့မှာ-
(က)ဝက်ခွာနာလျှာနာရောဂါကာကွယ်ဆေး
(ခ)ဝက်ဝမ်းကျရောဂါကာကွယ်ဆေး
(ဂ )ဝက်နားရွက်ပြာရောဂါကာကွယ်ဆေး
(ဃ)အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေး
တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း
သတ်မှတ်GAHP များနှင့်အညီလိုက်နာဆောင်ရွက်သူတိုင်း ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။
ဝက်သား၊ အေးခဲဝက်သားနှင့် ကလီစာအတွက်စံချိန်စံညွှန်း
ဤဝက်သားစံချိန်စံညွှန်းသည် Swine species မှ ထုတ်လုပ်ထားသော ဝက်သား၊အေးခဲဝက်သားနှင့် ကလီစာ စသည်တို့အားလုံးအတွက် အကျုံးဝင်သည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့်စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။
ထုတ်ပြန်ပြီး ဝက်သားဆိုင်ရာစံချိန်စံညွှန်းတွင်ပါဝင်သည့် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-
(၁) ဝက်သား၊ အေးခဲဝက်သားနှင့်စားသုံးနိုင်သောကလီစာအတွက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း
(၂) သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း
(၃) သားသတ်ပြီးနောက် တိရစ္ဆာန်ထွက်ပစ္စည်းများကို စစ်ဆေးခြင်း
(၄) နမူနာပစ္စည်းပေးပို့ခြင်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း
(၅) နမူနာပစ္စည်းပေးပို့ခြင်း၊ ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း
(၆) သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန် စံညွှန်းများ
(၇) မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ
(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ
(၉) နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း
(၁၀)နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင် ဖော်ပြသည့်တံဆိပ်တပ်ခြင်း
(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း
နိုင်ငံတော်စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍစံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်ပါသည်။ ။
Source: https://myawady.net.mm/stories
အရုဏ်ဖူးစ၊ ရွှေရည်မြသား
ပတ္တမြားရည် စီးထွေလည်ကာ
ရောင်နီခင်းဖြန့် အလင်းဆန့်ခဲ့။
မှန်ပါသည်။ အရုဏ်ဝင်းမြတ် လင်းလက်ခဲ့ပြီပေါ့။ အလင်းသည် ခွန်အားဖြစ်ပါ၏။ ငှက်ကလေးများမြူးကြ၏၊ ပန်းကလေးများဖူးကြ၏၊ ပွင့်ကြ၏။ တကယ့်အရှိတရားပင်၊ အညွန့်အဖူးအပွင့်တို့၏ အလွန့်၊ အလူး၊ အကူး၊ အထ၊ အဦး၊ အစ ရွှန်းမြခြင်းပင်တည်း။ ရှင်သန်ခြင်း၊ ပျိုမျစ်ခြင်း၊ ကြည်လင်ခြင်း၊ သာယာခြင်းတည်းဟူသည့် အလှဗေဒတို့ဖြင့် ထုံမွှေးနေပါ၏၊ မိုးပြင်မှာ ပြာလဲ့လဲ့ဖျော့ဖျော့၊ လေအနော့ဝယ် အထိအတွေ့မှာ လန်းလန်းမွေ့မွေ့ ချမ်းချမ်းမြေ့မြေ့ရှိလှပါ၏။
ရာသီမှာ နွေအဦး၊ မြင်ကွင်းအရတော့ ပြန့်ပြန့်ပြူးပြူးပင်၊ ကွန်ကရစ်သားခင်း လေယာဉ်ပြေးလမ်းတစ်ခုဖြစ်၏။ လေယာဉ်ရုံများနှင့် ရပ်နားထားသည့်လေယာဉ်/ရဟတ်ယာဉ်များမှာ သက်ငြိမ်ပန်းချီကားတစ်ချပ်နှယ်၊ ခပ်လှမ်းလှမ်း အတွင်းဘက်ကျကျတွင် ထီးထီးမားမား အရိပ်ကောင်းလှသည့် ပိတောက်ပင်ကြီးက အထင်းသား၊ ထိုစဉ် ကျွန်တော့်မြင်ကွင်းအတွင်း ဝင်လာနေသည်က အပြာရောင်ကလေးများ၊ လှုပ်ရှားမှုအနေနှင့်တော့ စနစ်တကျရှိလှပါ၏။ဟော ကြည့်ရင်း ကြည့်ရင်းနှင့်ပင် အစုအဝန်းလေးဖြစ်သွားပြီး မိုးပြင်ဝယ်လွင့်မျောလာသည့် တိမ်ပန်းဖူးပွင့်လေးများပမာပင်တည်း။
စင်စစ်လေကြောင်းလူငယ်မောင်မယ်လေးများပင်ဖြစ်ပါ၏။ အပြာရင့်ခံ ကြည်ပြာစုံပြီး လည်စည်းပဝါ ဦးထုပ်ပြာ၏ တန်ဆာဝတ်ဆင် ထူးသစ်လွင်မို့ မိုးမြင့်နောက်ခံ တက်ကြွမာန်လျှင် ငှက်သွင်ပျံကြွမတတ်သော် ဟုပင်ဆိုချင်သည်။ ဆိုလောက်ပါသည်။ ကျွန်တော်ခံစားမိသော အဖွဲ့အနွဲ့ပါ၊ ကြည့်လေ ဝတ်စားဆင်ယင်မှုမှာ အပြာရောင်တစ်မျိုးတည်းကို တစ်လွှာချင်းခွဲကာ အနုအရင့်ဆင့်ကာ ပိုင်းဆစ်ကွဲပြားဆန်းသစ်မှုကို ဖြစ်စေတန်ရာ၏၊ အပြာရောင် မူလ သဘောမှာ အေးချမ်းတည်ငြိမ်ခြင်း ဖြစ်စေရာ အရောင်၏ဆွဲဆောင်မှုကို ပါးပါးလှပ်လှပ် ဆွဲယူ ပြလိုက်သည့်နှယ် စွဲမက်ဖွယ်ဖြစ်စေ၏။ နှစ်ခြိုက်ဖွယ်ဖြစ်စေ၏၊ တကယ်တော့ အရောင်၏လျှို့ဝှက်သောညှို့ဓာတ်သဘော သက်ဝင်စွဲထင်နေခြင်းပင် မဟုတ်ပါလား။
သူတို့၏သဏ္ဌာန်မှာ နုပျိုခြင်း၊ လန်းဆန်းခြင်း၊အားမာန်ပြည့်ဝခြင်းတို့အပြင် စူးစမ်းလိုစိတ်များ အတိအကျရှိနေပါလိမ့်မည်။သူတို့ သူတို့၏ မျက်နှာပြင်ဝယ် ဆန္ဒနှင့်ရည်ရွယ်ချက် ထပ်တူမျှညီနေခြင်းသဘော အရိပ်အယောင်များ တွေ့မြင်ထင်ဟပ်နေခဲ့ပြီဟု ဆိုလောက်ပါ၏၊ ဆိုနိုင်ပါ၏။ သူတို့သည် လူငယ်များဖြစ်ကြသည်ကိုး၊ ဆယ်ကျော်သက်ရွယ် ဆယ့်လေးနှစ်မှ ဆယ့်ရှစ်နှစ်ခန့်ဝန်းကျင်၊ ပညာအရည်အချင်းမှာ Grade-9 မှသည် Grade-12 အဆင့်ထိ ဖြစ်ပေလိမ့်မည်။ လူငယ်ဆိုတော့ ရိုးသား၏၊ ပွင့်လင်းပါ၏၊ အနာဂတ်ကျယ်ပြောပါ၏၊အိမ်မက်ဦးနှင့်ပန်းခူးနိုင်ပါ၏၊ ပန်းနှယ်တူမျှနုမြပါ၏၊အနွမ်းကိုတော့ဖြင့် ငုံ့မခံ၊ အကြမ်းကို လှန်ကာ ကြောက်ရွံ့မှုကို မမှန်ကန်ဟု သူတို့ယူဆပေလိမ့်မည်။ နောက်မတွန့်တတ်သည့် စိတ်ကလေးရှိခြင်းကဖြင့် လေးစားစရာပင်၊ ဤသည်မှာ လူငယ်တို့၏ဘဝရုပ်ပုံလွှာစစ်စစ်ပင်ဖြစ်ပါ၏။
သူတို့ခံယူထားသည်မှာ “လေကြောင်းလူငယ်” တဲ့ ပညတ်နှင့်ဓာတ်သက်ညီမျှခြင်း၊ အရင်းအမြစ်၊ အညွန့်အဖူးရွယ်ရည် လူငယ်မည်၏။ ပညာရပ်နယ်ပယ်နှင့်ယှဉ်ကာ ဖွင့်လှစ်လိုက်သည့် တံခါးတစ်ချပ်ပင်၊ တကယ်လည်း လေကြောင်းပညာရပ်အပေါ် ဗဟိုပြုခြင်း၊ လေ့လာဆည်းပူးသင်ကြားခြင်း၊ နာယူမှတ်သားခြင်း စသည်တို့ဖြင့် စိတ်ပါဝင်စားမှု အာသီသကို ဆန့်ထုတ်ကြည့်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ဤစိတ်ဓာတ်လေးကပင် ချစ်ခင်စရာ၊ နွေရာသီကျောင်းပိတ်ရက်ကို အချည်းနှီးမဖြစ်စေဘဲ ဤပညာရပ်နယ်ပယ်အဝန်းအဝိုင်းအတွင်း တိုးဝင်ကြည့်ချင်သိမြင်လိုလားသည့် သူတို့၏ မနောမယ သဘောသဘာဝကပင် တန်ဖိုးကိုဖြစ်စေတန်ရာ၏။ တန်ဖိုးဟူသမျှ အလုပ်ကဖန်တီးသည်ဟူသော အဆိုအရကြည့်လျှင်တော့ ဤပညာရပ်နှင့် ဤပညာရပ်အပေါ် သက်ဝင်ယုံစားဆည်းပူးလာကြသည့် သူတို့လေးတွေအပေါ်တွင်သာ တည်မှီနေပါလိမ့်မည်။
ပညာရပ်အနေဖြင့် နောက်ခံပုံရိပ်သည် ကြီးမားလွန်းပါ၏၊ ထုထည်ဖြင့် ဟီးနေပါ၏၊ သမိုင်း ခိုင်မာလှပါ၏၊ ဂုဏ်ရည်ချင်း ပြည့်ဝင်းနေပါ၏၊သည်တော့ ဤမျှကြီးမားသည့် ဂုဏ်ဒြပ်နှင့်ဆင့်ထပ်၊ပုံရိပ်ကို ဖွင့်ကြည့်သောအခါ ယနေ့နိုင်ငံတော်၏ စစ်လက်ရုံးဖြစ်သည့် တပ်မတော်(လေ)၏ ပကတိအသွင်ဖြစ်နေပါ၏။ တပ်မတော်(လေ)ခံယူထားသည့် ဆောင်ပုဒ်မှာ “တက်နိုင်ဖျားရောက်” တဲ့။ ဤခံယူချက်ဖြင့် လေကြောင်းပညာရပ်ကို ထဲထဲဝင်ဝင် ခိုင်မြဲ ကိုင်စွဲကာ နိုင်ငံတော်၏ပိုင်နက် ဝေဟင်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေခြင်းပင်ဖြစ်သည်။
ဤတာဝန်ကို ထမ်းဆောင်လာခဲ့သည်မှာလည်းနှစ် ၈၀ နားနီး သံမဏိမော်ကွန်းပင်ထူနိုင်ခဲ့ပြီ၊သမ္ဘာရင့်ခဲ့ပြီ၊ ဤပညာရပ် ပြန့်ပွားရေးဆောင်ရွက်လိုသည်။ အမွေခံအမွေကောင်းမျှဝေချင်သည်၊ ဆန့်ထွက်ဖြန့်ကြက်စေချင်သည်၊ ယင်းတို့မှာ တပ်မတော်(လေ)၏ ဆန္ဒမွန်ပင်ဖြစ်ပါ၏။ ကွန်ရက်အခင်းအဖြန့်အနေဖြင့် ဆောင်ရွက်လာခဲ့သည်မှာလည်း နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။ ယုတ်စွအဆုံး ၁၉၅၄ ခုနှစ်ကပင် သင်တန်းအနေဖြင့် အစပြုခဲ့ကြောင်း မှတ်တမ်းခိုင်ခိုင်ရှိနှင့်ခဲ့ပါသည်။
သင်တန်းကို နှစ်စဉ် ဧပြီလဝန်းကျင်တွင် ဖွင့်လေ့ရှိပါသည်။ တစ်ကြိမ်ကြိမ်တွင်တော့ နှစ်၊ လ၊ ရက် အနေဖြင့် အပြောင်းအလဲ ရှိကောင်းရှိပါမည်။ အကြောင်းကြောင်းအရဖြစ်မည်၊ သို့သော်သင်တန်းအစီအစဉ်ကဖြင့် ရှိမြဲဟုပင်ပြောရပေလိမ့်မည်။ သင်တန်းကာလမှာ ရက်သတ္တ ငါးပတ်ခန့်ဖြစ်ပါ၏၊အခြေခံနှင့်တန်းမြင့် သင်တန်းနှစ်မျိုးပါဝင်သည်။သင်တန်းစခန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ လေတပ်စခန်းဌာနချုပ်များနှင့် လေတပ်စခန်းများတွင် ဖွင့်လှစ်ရန်ဖြစ်၏။
ကျွန်တော်သည် ပုရစ်ဖူးဝေသည့် နှစ်ဦးနွေဧပြီလအတွင်း မိတ္ထီလာမြို့ကလေးသို့ အမှတ်မထင်ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ နွေသရုပ်ဝယ် ကံ့ကော်တို့ ရွှေရည်သောက်ကာ ပိတောက်တို့ ရွှေရည်လိမ်းကျံပေရော့မည်။ အညာဒေသအမှတ်သညာ တမာအညွန့်အဖူးဝေဆာမြူးချိန်ပေါ့၊ တစ်ခုသော လေတပ်စခန်းဌာနချုပ်အတွင်း ကျွန်တော်ရောက်ရှိစဉ် မြင်တွေ့ရသည့် မြင်ကွင်းအမြင်မှာ အရောင်အသွေးယှဉ်လျက်လန်းနေသည်။ အဝါထဲက အပြာဖြစ်၏၊ တန်ခူးမာလာပန်းရွှေဝါတို့နှင့်အပြိုင် အားမောင်းဆိုင်နေကြသည့် လေကြောင်းလူငယ်မောင်မယ်များ၏ သင်တန်းစခန်းပင်တည်း။ လေကြောင်းပညာရပ်အခြေခံမှသည် တန်းမြင့်စသည့် အနှစ်သာရပိုင်းကို စတင်တွေ့သိလေ့လာခွင့်ရခဲ့ကြလေပြီ၊ ကောင်းမြတ်သည့် မနသီစိတ်ဝမ်းဖြင့်ခံစားမှု အတွေးတို့ ဆင့်ထပ်ဆန့်ထွက်လာစေပြန်သည်။
စင်စစ် သူတို့သင်ကြားခွင့်ရရှိခြင်းမှာမဟာအခွင့်အရေးပင်ဖြစ်ပါ၏။သင်တန်းဆိုင်ရာ ဘာသာရပ်များမှာ အလွန်တန်ဖိုးကြီးလှပါသည်။ ပြင်ပတွင် သင်ကြားခွင့်မရနိုင်သည့် ပညာပိုင်းဆိုင်ရာများမို့သူတို့အလွန်ကံကောင်းကြပေသည်ဟုပင် ပြောရပေလိမ့်မည်။ ယနေ့ခေတ်တွင် လေကြောင်းပညာရပ်၏ အရှိန်အဝါသည် အားကောင်းမောင်းသန် ရေချိန်မြင့်မားနေပါ၏။ လေးညှို့မှလွှတ်လိုက်သည့် မြားတစ်စင်းနှယ် မြင့်သထက်မြင့် ချွန်သထက်ချွန်လာနေလေပြီ။ အိုင်တီ၊ အီးတီခေတ်မှသည် အေအိုင်နည်းပညာတိုင်ခဲ့ပြီ။ ဆိုလိုသည်မှာ ပညာနယ်အကျယ် အပြန့်ဖလှယ်အဖြန့်တွင် မောင်းသူမဲ့လေယာဉ်ပင် ဖြစ်လာပါ၏။ ခေတ်ရေစီးမြန်နှုန်းတွင် ဆန်တက်မှုမှာလည်း အရှိန်အဟုန်မြင့်ဖြစ်လာနေလေပြီ။ ထိုအခါပညာဉာဏ်စွမ်းယှဉ်ကာ ပြန်တွန်းနိုင်မှ လိုက်မီရုံဖြစ်လာနိုင်သည်။ ယနေ့နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ပင် စိတ်ဝင်တစားစောင့်ကြည့်လာသည့်နေရာတစ်ခု အနေအထားရပ်တည်ရောက်ရှိနေပြီမို့ ပညာရပ်ဆိုင်ရာအတွန်းအဖွင့်များအနေဖြင့် အခွင့်အလမ်းတွင် အမြင့်အခန်းမသေးလှတော့ပေ။
ပညာရပ်ဆိုင်ရာ အတွန်းအဖွင့်ဟု ဆိုလိုသည်နှင့် သမိုင်းပုံရိပ်၊ ခေတ်ပုံရိပ်တို့ ထင်သာမြင်သာဖြစ်စေလိုပါ၏၊ မနေ့ကသည်အတိတ်သမိုင်းပုံရိပ်ဖြစ်ခဲ့ပြီး ယနေ့နှင့် မနက်ဖြန်သည် ပစ္စုပ္ပန်နှင့် အနာဂတ်တွဲနေသည်မို့ ဖြစ်တည်မှုနှင့် ပြောင်းလဲခြင်းသဘောခေတ်ပုံရိပ်ဟု ကျွန်တော်မြင်၏။ ဆိုလိုသည်မှာ ပညာရပ်ဆိုင်ရာတီထွင်ဖန်တီးမှုများသည် အဆင့်ဆင့်မြင့်တက်မှုဖြစ်စဉ်အရအသစ်အသစ်တို့ဖြစ်ထွန်းလာမြဲ၊ ဤသည်မှာ သမိုင်းပုံရိပ်နှင့်ခေတ်ပုံရိပ်တို့၏ ပွတ်တိုက်မှု အသီးအပွင့်များဟုပင်ဆိုနိုင်ပါ၏၊ ဆိုနိုင်လောက်ပါ၏။ ကောင်းသော၊ ပိုကောင်း၊ အလွန်ကောင်း စသည့် အတန်းအဆင့်များစွမ်းအားပေါ့၊ ပြောင်းလဲခြင်းစက်ဝန်းအတွင်းမှ ပညာရပ်ဆိုင်ရာအတွန်းအဖွင့်နှင့် တည်ဖြစ်ရုပ်ဝတ္ထုပစ္စည်းများ၏ သက်ရောက်မှုပင်တည်း။ မည်သို့ပင်ရှိစေ မျိုးဆက်ချင်းတန်းညှိကာ လှမ်းကြည့်မြင်နိုင်စွမ်းရှိရပါမည်။မျိုးဆက်အမွေဆင့်ကမ်း လမ်းဖွင့်ပေးခဲ့ရမည်။ လေ့ကျင့်ပြုစုပျိုးထောင်မှုပြုပေးခဲ့ရပါမည်။ ယင်းသည် သမိုင်းပေးတာဝန်ဆိုခြင်းထက် လူ့အသိုက်အဝန်းဆိုင်ရာ ကိုယ်ကျင့်တရား အဖျားအချွန် ယုံကြည်မှုတံခွန်ပင်ဖြစ်ပါ၏။
တပ်မတော်(လေ)၏ လေကြောင်းပညာရပ်အမွေဖြန့်ဝေခြင်းအဆင့်အတန်းမှာ ယနေ့ဆိုလျှင် အတော်အတန်ခရီးပေါက်ခဲ့ပြီဟုဆိုချင်ပါ၏၊ ဆိုလောက်ပါ၏။ လက်ရှိ လေကြောင်းပညာနယ်ပယ်တစ်ခွင်ဝယ် ဝန်ထမ်းတာဝန်ပညာရှင်များအဖြစ် တွေ့လာနေရပြီဖြစ်၏။ အနာဂတ်ကို ပိုင်ဆိုင်ထားသည့်လူငယ်တို့အနေဖြင့် ကျိုးကြောင်းဆင်ခြင် မြော်မြင်ကြည့်စေလိုပါသည်။ ထိုအခါ သူတို့၏ဘဝရည်မှန်းချက်များ ခိုင်မာလာမည်၊စိတ်ဓာတ်ခွန်အားပြည့်လာမည်။ ပညာရပ်ဆိုင်ရာအသိစွဲငြိခြင်းနှင့်အတူ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်လာပေလိမ့်မည်။
မြန်မာကဗျာဆရာကြီးတစ်ဦးကမူ “ကောင်းကင်ကြီးဟာကျောက်သင်ပုန်းကြီးပေါ့ ကြယ်ဝလုံးတွေရေးရမယ်” ဟုပညာအခွင့်ထူးစေဖို့ ကဗျာညွန့်ဖူး ဖွဲ့ဆိုခဲ့ဖူးပါသည်။ စင်စစ်ပညာရဲရင့် အတွန်းအပင့် အညွှန်းအဖွင့်မို့ လက်ခံရမည့် အလင်္ကာစာသားလေးပင်ဖြစ်ပါ၏။ မှတ်သားနာယူသင့်ပါ၏၊ ပညာ၏အတန်းအဆင့်ကို အခန်းအခွင့်ယှဉ်ကာ အလှမ်းအမြင့် တံတားခင်းပြလိုက်ခြင်းပင်တည်း။ တကယ်လည်း မိုးကောင်းကင်တိုင်လှမ်းနိုင်လောက်သည့် ပညာအညွန့်အဖူး ခူးဆွတ်ရန် စေတနာလမ်းညွှန်ဟု ဆိုလောက်ပါ၏။
လေကြောင်းပညာရပ်တွင် အသိပညာ၊ အတတ်ပညာစသည်ဖြင့် နှစ်ပိုင်းနှစ်ရပ်ပါဝင်နေသည်ဖြစ်ရာ လေ့လာလိုက်စားဆည်းပူးခြင်းရှိလာသောအခါ နယ်ပယ်အလိုက် ဆန့်ထုတ်ဖြန့်ကြက်မှု၊အဝန်းအဝိုင်းကျယ်ပြောမှု ဝိသေသကိုတွေ့လာရမည်။ အရည်အချင်းနှင့်အရည်အသွေးဟူသည့် ပညာနိဿယများနှင့် နီးကပ်မှုရှိလာမည်။ ထိတွေ့ကျွမ်းဝင်လာမည်။ ဖြည့်ဆည်းနိုင်ပါမှ လူချွန်လူမွန်ဖြစ်လာမည်၊ စာရေးဆရာ ဆရာကြီးတက်တိုး၏အဆိုမှာ အရည်အချင်းသည် “အပေါ်ဂုဏ်” ၊ အရည်အသွေးမှာ “အတွင်းဂုဏ်” ဟု အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်းတွေ့ရသည်။အရည်အချင်းရှိသူတို့သည်အတတ်ပညာရှင်များဖြစ်၍အရည်အသွေးရှိသူတို့မှာ အသိပညာရှင်များဖြစ်ကြသည်။ဤနှစ်မျိုးသည် ဆက်စပ်မှုလည်းရှိသည်ဟုဆို၏၊ အမြဲမပြတ်လေ့လာ၊ ဆည်းပူး၊ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရမြဲဖြစ်ရာ မိမိတို့ကိုယ်စားပြုရာ ပညာရပ်အလိုက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြစ်လာနိုင်ပါ၏။
ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေသည်မှာ သဘာဝ၊ မျိုးဆက်ဟောင်းများနေရာတွင် မျိုးဆက်သစ်များဝင်လာမည်မှာ ပဓာန။ အခြေခံသဘောညီမျှခြင်း၊ အကြောင်းကိုသိခြင်း သီဝရီ၊ ယခုကာလကိုပင်ကြည့် အချိန်ကောင်း၊ အခါကောင်းအဖြစ် တွေ့ရပြန်သည်။ ပုရစ်ဖူးတို့ သစ်ထူးဝေစည်သည့်အခါရာသီ၊ရွက်စိမ်းနုနုပင်တိုင်းစုသည့် နှစ်သစ်ကူးအခါရာသီဤရာသီကာလတွင်အညွန့်အဦးနှင့်တူသည့်လူငယ်တို့၏လေကြောင်းလူငယ်သင်တန်းဖွင့်ပွဲနှင့် ကြုံကြိုက်နေသည်ဆိုပြန်တော့ အလွန်လှပသည့် အခင်းအကျင်းလေးဖြစ်နေပြန်သည်။ သဘာဝတရား၏တွန်းအားအလှအပများဖြင့် ခြယ်မှုန်းဝန်းရံထုံသင်းနေပါ၏။ လူ့ရင်းမြစ်အညွန့်အဖူးတို့၏ ရင့်ကျူးတေးသံညံခဲ့ပြီပေါ့။ တစ်နည်းအားဖြင့်ဆိုလျှင် “လေကြောင်းစံပညာမြှင့်လို့ ရွှေမောင်းသံမင်္ဂလာအဖွင့်” ဟုပင် ပြောရပေလိမ့်မည်။
ကျွန်တော်ထင်ပါသည်။ လူငယ်သည် အညွန့်အဖူးအသစ်အဦးအရုဏ်ဦးနှင့်အတူ ပွင့်လန်းလာသည့်ပန်း မိုးမှာကျူးရင့် ပွင့်မည့်ပန်းကလေးများပေါ့၊ သူတို့၏ ရှင်းသန့်သည့် နှလုံးသားနှင့်အနာဂတ်နိုင်ငံတော်ကို ထုဆစ်ပိုင်ခွင့်ရယူနိုင်ရန် အခွင့်သာခဲ့လေပြီ။ ယင်းသို့ ထုဆစ်ရန်လည်း သူတို့တွင် ခွန်အားစွမ်းရည်၊ အမွေခံပညာရပ် ဆင့်ထပ်ပြည့်စုံ ခိုင်လုံစေသည့်မျှော်လင့်မှုကရှိနေပြီဆိုတော့ ကျွန်တော်ယုံကြည်နေပါသည်။သူတို့သမိုင်းကို သူတို့ ကောင်းကောင်းရေးထိုးနိုင်လိမ့်မည်ဟု။ဟော ကြည့်ရင်း ကြည့်ရင်းမှာပင် သူတို့ရှေ့တွင် သူတို့မိတ်ဆွေပန်းကလေးတွေပေါ့၊ အဖူးအပွင့်စုံလင်စွာဖြင့်အခင်းအဖြန့်၊တစ်ပုံတစ်ပင် ကြိုနေကြပြီ၊ ယင်းသည် နိုင်ငံ၏အနာဂတ်ပန်းခင်းဆိုလျှင် ကျွန်တော်ကျေနပ်ပါသည်။ ။
Source: https://myawady.net.mm/stories
၁၂ လရာသီပန်းများတွင် ကံ့ကော်ပန်း ကို တန်ခူးလရာသီပန်းအဖြစ် သတ်မှတ် ထားသည်။ မည်သို့ပင်ဆိုစေကာမူ သင်္ကြန် မိုးပြေးရွာသည်နှင့် ပိတောက်များ ဖူးပွင့် လာကြသည်။ ထို့ကြောင့် သင်္ကြန်နှင့် ပိတောက်၊ ပိတောက်နှင့် သင်္ကြန်က ခွဲမရပေ။ တန်ခူးလ သင်္ကြန်ပွဲတော်နှင့် အတူ ချစ်စရာကောင်းသော ငုရွှေဝါပန်း များလည်း ပင်လုံးကျွတ်ပွင့်လန်းကြသည်။ ထို့ကြောင့် တန်ခူးလရောက်လျှင် ကံ့ကော်၊ ပိတောက်၊ ငုပန်းတို့သာမက ပျဉ်းမပန်း တို့သည်လည်း အလှချင်းဆိုင်လျက် အပြိုင်ပွင့်ကြသည်။
ထူးခြားသည်မှာ တန်ခူးလတွင်ပွင့်သောပန်းအားလုံး ရွှေဝါရောင်ဖြစ်ကြသည့်အတွက် ရွှေမြန်မာဟူသောအမည်နှင့် လိုက်ဖက်လှပေသည်။ ပျဉ်းမပန်း ကလည်း မဟာဆန်ဆန် မရန်းရောင်ဖြစ်သောကြောင့် တစ်မျိုးချစ်စရာကောင်းနေသည်။ ဖော်ပြပါပန်းတစ်မျိုးစီသည် လူသားတို့ကျန်းမာရေးအတွက် တစ်ဖက် တစ်လမ်းမှ ကောင်းကျိုးပြုနေကြောင်း ကို သိသူအလွန်ရှားသည်။ ထို့ကြောင့် စာရေးသူက တန်ခူးလရာသီတွင် ဖူးပွင့်ကြသောပန်းများနှင့် ၎င်းတို့၏ကျန်းမာရေးအာနိသင်များအကြောင်းကို ရေးသား ဖော်ပြလိုပါသည်။
ကံ့ကော်ပန်းနှင့် ကျန်းမာရေး
အဖြူရောင်ပွင့်ချပ်လေးပေါ် ရွှေမှုန်ရောင်ဝတ်ဆံလေးများနှင့် ကံ့ကော်ပန်းက နှစ်သက်စရာကောင်းသကဲ့သို့ ရနံ့သင်းသည့်အတွက် အမျိုးသမီးတိုင်းနှစ်သက်ကြသည်။ ပန်းခြောက်သွားလျှင်လည်း ကံ့ကော်ဝတ်ဆံလေးများကို သနပ်ခါး သွေးရာတွင် ထည့်သွေး၍ လိမ်းကြသည်။ ကံ့ကော်ဝတ်ဆံသနပ်ခါး ဝါကြင်ကြင်လေး က ညိုသူချောဖြူသူလှစေကာ ချွေးထွက် တိုင်းမွှေးစေသည်။ အပွင့်၊ ဝတ်ဆံ၊ အစေ့၊ အမြစ်၊ အခေါက်၊ အဆီအားလုံး ဆေးဖက် ဝင်သည်။ မြန်မာ့ဆေးကျမ်းများအလို အရ ကံ့ကော်သည် အစာကိုကြေစေသည်၊
သွေးဖောက်ပြန်ခြင်း၊ နှလုံးနာကျင်ခြင်း၊ အဆိပ်သင့်ခြင်း၊ ဆီးအိမ်နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်းတို့ကို ပျောက်ကင်း စေသည်ဟုဆိုထားသည်။
အပွင့်ကို ထောပတ်၊ သကြားရောစပ် ၍ ကြိတ်ပြီးစားပါက ခန္ဓာကိုယ်တွင်း အပူများခြင်း၊ ရေငတ်ခြင်းနှင့် ဒူလာ သွေးကျရောဂါကို ပျောက်ကင်းစေသည်။ အဆိပ်သင့်ရောဂါများအတွက် ကံ့ကော် ပွင့်လတ်လတ်ဆတ်ဆတ်ကို ဝါးစားရသကဲ့သို့ အစာအိမ်မကောင်းခြင်း၊ ဝမ်း လျှော၊ ဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ ချောင်းဆိုး၊ သလိပ်များ ခြင်းတို့အတွက် ကံ့ကော်ပွင့်ခြောက်ကို ပြုတ်စားရသည်။ ကံ့ကော်ဝတ်ဆံကို အဖျား၊ သွေးတိုးရောဂါ၊ အိပ်မပျော်ခြင်း၊ ဦးခေါင်းသို့သွေးဝင်သောအနာ၊ မီးယပ်သွေးလျှံသောအနာ၊ သည်းခြေဖောက်ပြန်သောရောဂါတို့ ကုသသည့် ဆေးဝါးဖော်စပ် ရာတွင်သုံးသည်။ သကြားနှင့် ကံ့ကော် ဝတ်ဆံရောကြိတ်၍ ဆီဦးထောပတ်နှင့် တေပြီး စားသုံးပါက ခြေပူခြေကွဲ၊ ဒူလာ သွေးကျရောဂါပျောက်စေသည်။ အရေပြားပေါ်တွင်ပေါက်သော အပူဖုများ၊ ယားနာများအတွက်ကိုလည်း ကံ့ကော်ဝတ်ဆံကို သနပ်ခါးနှင့်ရောသွေး၍ လိမ်းပါက ပျောက်ကင်းစေသည်။ ကံ့ကော်အမြစ်နှင့်အခေါက်ကို အားဆေးအဖြစ်အသုံးပြုနိုင်သည်။ အစေ့မှရသောအဆီကို အဆစ်အမျက်ရောင်ရောဂါ၊ ဝဲ၊ ယားနာ စသော ရောဂါများပျောက်ကင်းစေရန် လိမ်းဆေး အဖြစ် အသုံးပြုနိုင်သည်။
ပိတောက်ပန်းနှင့် ကျန်းမာရေး
ပိတောက်ပန်းကို မြင်လိုက်ရသည်နှင့် တဒင်္ဂအတွင်းမှာပင် စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေသည်။ လတ်ဆတ်သော ပိတောက်ပွင့်၏မွှေးမြမြရနံ့က အာရုံခံအင်္ဂါအဖွဲ့အစည်းကို သဘာဝအလျောက် နှိုးဆွပေးသဖြင့် လန်းဆန်းမှုကို ဖြစ်ပေါ်စေသည်။ပိတောက်ပန်းနွမ်းသွားချိန် စိမ်းရွှေရွှေအနံ့က အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေသည်။ ဦးရေပြားဗောက်ထခြင်း၊ ကိုယ်ရေ ပြားယားယံခြင်းတို့အတွက် ပိတောက် ရွက်ပြုတ်ရည်ဖြင့် ခေါင်းလျှော်၊ရေချိုးပေးပါကသက်သာပျောက်ကင်းစေသည်။ အပင်မှထွက်သောအစေးကို ပါးစပ်အတွင်း ဖြစ်သောရောဂါများပျောက်ကင်းစေရန် ရှေးလူကြီးများက အသုံးပြုကြသည်။ အမြစ်ကို တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုသည်။ ပိတောက်ပန်းက သလိပ် အားကြီးသောအနာ၊ဝမ်းသွားသောအနာ၊ လေတိုက်၍ နှလုံးဆို့တောင့်သော အနာ၊ ခပ်သိမ်းသောအဖျားနာတို့ကိုနိုင်၏ဟု မြန်မာ့ဆေးကျမ်းတွင် ဆိုထားသည်။
ငုရွှေဝါပန်းနှင့် ကျန်းမာရေး
ငုရွှေဝါပင်၏ ပဉ္စငါးပါး(အမြစ်၊ အခေါက်၊ အသီးအနှစ်၊ အပွင့်၊ အရွက်) စလုံး ဆေး ဖက်ဝင်သည်။ မြန်မာ့ဆေးကျမ်းများတွင် ငုနှစ်ဟုဖော်ပြလျှင် ငုအသီး၏အတွင်းမှ အနှစ်များကို ထည့်သွင်းဖော်စပ်ရသည်။ ဆေးအမည်တို့တွင် ဖွားဖက်ဟုဖော်ပြလျှင် အပွင့်ပွင့်သော ငုကြီးပင်၏အခေါက်ကို ဆိုလိုခြင်းဖြစ်သည်။ မြန်မာ့ဆေးကျမ်းများ အလိုအရ အသီးသည် ချိုသက်သက်ဖြစ် ၏၊ လေး၏၊ ဝမ်းကိုစင်ကြယ်စေ၏။ အရွက် သည် နူးညံ့စွာဝမ်းသက်စေ၏။ အပွင့် သည် အေး၏၊ ခါး၏၊ ဖန်၏။ အနှစ်သည် ချို၏၊ ဝမ်းသက်စေ၏၊ လေ၊ သည်းခြေကို နိုင်၏။ အသီးသည် နှုတ်မြိန်စေ၏၊ နူနာကို ပယ်တတ်၏၊ သလိပ်ကိုနိုင်၏ဟု ဖော်ပြထားသည်။
ပဉ္စငါးပါးစလုံးကို ရေနှင့်သွေးလိမ်းပါက ပွေး၊ ဝဲခြောက်နှင့် သွေးဆိုးခြင်းကြောင့်ဖြစ်သော အရေပြားရောဂါအမျိုး မျိုးတို့ကို ပျောက်ကင်းစေသည်။ ရေယုန် ကြီးနာအတွက် အရွက်ကို ကြိတ်၍ရသော အရည်ဖြင့် လိမ်းကျံပေးနိုင်သည်။ အနာဆွေး၊ အနာပုပ်များအတွက်ကိုလည်း အရွက်ကြိတ်ရည်လိမ်းပေးခြင်းဖြင့် အနာပြည်ပေါက်၊ အသားနုတက်၍ ပျောက်ကင်းစေသည်။ အဆစ်အမျက်ရောင်ရမ်းခြင်းအတွက် အရွက်ကိုပူအောင်လုပ်၍ ကျပ်ထုပ်ထိုးပါ။ နူနာနှင့် အရေပြားရောဂါများအတွက် အရွက်ကို ရှလကာရည်နှင့် ကျောက်ပျဉ်တွင်ကြိတ်ပြီး ထိုကြိတ်ရည် ကို အသားထဲစိမ့်ဝင်အောင် လိမ်းပေးပါက သက်သာစေသည်။ ဝမ်းချုပ်ပါက အရွက်နု သုံးလေးရွက်ကို ရေဆေး၍ ထမင်းနှင့်စားပါ သို့မဟုတ် ဟင်းချိုချက်သောက်ပါ သို့မဟုတ် မီးမြှိုက်၍စားပါ။ ငုပွင့်ကို ပြုတ်၍တို့စားပါက ဝမ်းပျော့ပျော့သွား စေသည်။ ငုပင်၏အသီးတောင့်ကို ခူးယူပြီး ယင်းအသီးတောင့်ထဲရှိ အစေ့သုံးစေ့ကို ထုတ်၍ ညအိပ်ခါနီးဝါးစားပြီး ရေသောက် လိုက်ရုံဖြင့် နံနက်အိပ်ရာ ထချိန်တွင် ရှောရှောရှူရှူဝမ်းသက်စေသည်။ ဘေးထွက်ဆိုးကျိုးမရှိသောကြောင့် သဘာဝ ဝမ်းနုတ်ဆေးသဖွယ် အားကိုးထိုက်သည်။ မန်ကျည်းမှည့်အနှစ် နှစ်ပဲသားနှင့် ငုနှစ် (ငုအသီး၏အတွင်းမှအနှစ်) နှစ်ပဲသားကို ဆတူရော၍ ညဦးပိုင်းတွင် ရေစိမ်ပြီး ထိုအရည်ကို ညအိပ်ရာဝင် ရေစစ်သောက်ပေးပါက နံနက်တွင် ဝမ်းကောင်းစွာသက်ပြီး ဝမ်းချုပ်ခြင်းကို ပျောက်စေသည်။
ကလေးများ ဝမ်းဖောဝမ်းရောင်ခြင်း၊ လေထိုး၊ လေအောင့်ခြင်းအတွက် ငုနှစ် ကို ကျောက်ပျဉ်တွင် ပျစ်ပျစ်သွေး၍ ကလေး၏ချက်ပတ်လည်တွင် လူးပေး ပါက ပျောက်ကင်းစေသည်။ ကလေး၊ လူကြီး ဆီးအောင့်၊ ဆီးချုပ်လျှင် ငုသီး အတွင်းမှအနှစ်ကိုခြစ်ယူပြီး ရေနှင့်ရောစပ်ကာ နေ့ဘက်တွင် ချက်ပတ်လည်၌ လိမ်း ပေးလျှင် သက်သာစေသည်။ အရွက်ကို ရေသုံးခွက်တစ်ခွက်တင် ကျိုချက်သောက် ပါက ဆီးကျင်၊ ဆီးအောင့်၊ ဆီးချုပ်ခြင်း ကို သက်သာပျောက်ကင်းစေသည်။ ကျောက်ကပ်မကောင်း၍ ဖောရောင်ခြင်း ကိုလည်း သက်သာစေသည်။ (သို့သော် ရေခဲရေမသောက်ရ) ငုကြီးပင်အခေါက်ကို အမှုန့်ပြုပြီး အုန်းဆီနှင့်ရောစပ်ကာ အရေ ပြား(ပွေး၊ ဝဲ၊ ညှင်း) တွင် နေ့စဉ်လိမ်းပေး ပါက သက်သာစေသည်။ အမြစ်ကို နွားနို့နှစ်ကျပ်သားနှင့်ပြုတ်၍ နံနက်တိုင်း ရေနွေးကြမ်းပန်းကန်လုံးတစ်လုံး ခန့်သောက်ပေးသော် လေရောဂါကို သက်သာစေသည်။ အမြစ်ကိုတူးယူပြီး နုပ်နုပ်စဉ်းကာ သုံးခွက်တစ်ခွက်တင်ပြုတ် ၍ သကြားနှင့် တစ်နေ့သုံးကြိမ် (နံနက်၊ နေ့လယ်၊ ည) လူကြီး အကြမ်းပန်းကန်တစ်လုံး၊ ကလေး ဟင်းစားဇွန်းတစ်ဇွန်း သောက်သုံးပေးပါက အသားဝါရောဂါသက်သာစေသည်။
ပျဉ်းမပင်နှင့် ကျန်းမာရေး
ပင်မြင့်ထက်၌ မရန်းရောင်ပွင့်ဖတ်များ ဖြင့် ဝေဝေဆာဆာဖူးပွင့်သော ပျဉ်းမပန်း လေးများကိုမြင်လျှင် တန်ခူးလရောက်ပြီ ဟု မပြောဘဲနှင့်သိကြသည်။ ပျဉ်းမပန်း လေးများက သင်္ကြန်အငွေ့အသက်ဟု လည်း ဆိုနိုင်သည်။ ပျဉ်းမတစ်ပင်လုံး ဆေးဖက်ဝင်သည်။ အပင်အစိတ်အပိုင်း တစ်ခုချင်းစီ၏ ဆေးဖက်ဝင်ပုံကို ကျန်းမာ ရေးဗဟုသုတအနေဖြင့် သိရှိနိုင်ကြစေရန် ရေးသားဖော်ပြလိုပါသည်။
အသီးထဲရှိ အစေ့ကို အမူးအမော်ပြေ စေရန်အတွက်လည်းကောင်း၊ HIV/ AIDS ရောဂါအတွက် လည်းကောင်း အသုံးပြုသည်။ ထို့ပြင် ထိုအသီးစေ့ကိုလှော်၍ အမှုန့်ပြုပြီးနောက် ရလာသောအမှုန့်ကို သွားနှင့်ခံတွင်းကျန်းမာရေးအတွက် အသုံးပြုသည်။ ပင်စည်၊ အခေါက်နှင့် အရွက်ကို ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုကြသည်။ အမြစ်ကို သွေးထွက်လွန် သောအနာအား သွေးတိတ်စေရန်လည်းကောင်း၊ စိတ်ကြည်လင်တက်ကြွစေရန် လည်းကောင်း၊ အပူပြင်းဖျားနာပျောက် ဆေးအဖြစ်လည်းကောင်း အသုံးပြုသည်။ အရွက်ကို အခြောက်လှန်းပြီး ဆီးချိုရောဂါအတွက် အသုံးပြုသည်။ ကိုယ်တွင်းကိုယ်ပရောင်ရမ်းနာများ၊ နာကျင် ကိုက်ခဲခြင်း၊ အပူပြင်းဖျားနာခြင်း၊ ကင်ဆာ ရောဂါများ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက် ဇရာအကြိုရောဂါ၊ ဆီးချိုရောဂါ၊ အသည်း ပျက်စီးခြင်း၊ သွေးခဲသွေးပျစ်ခြင်းနှင့် ဗက်တီးရီးယားများအန္တရာယ် စသည့်ရောဂါ ဝေဒနာများကို သက်သာပျောက်ကင်းစေ သည်။ အစာခြေစနစ်ကို ကောင်းမွန်စေ သည်။
အဖြူရောင်ပန်းပွင့်သော ပျဉ်းမပင်၏ အမြစ်က သားအိမ်ကင်ဆာအတွက် အလွန်ဆေးစွမ်း ထက်မြက်သည်။ အမြစ်ကို ဆန်ဆေးရည်နှင့်သွေး၍ စတီးဇွန်း တစ်ဇွန်းခန့် တစ်နေ့သုံးကြိမ်သောက်ပါ။ ယင်းအမြစ်ကို အရက်ဆီနှင့်ရော၍ ဝမ်းဗိုက်(သားအိမ်ရှိသောနေရာ) တွင် လိမ်းပါ။ ပျဉ်းမပင်၏အဖူး၊ အပွင့်၊ အရွက် တို့တွင် ဆေးဖက်ဝင်ဓာတုဓာတ်ပေါင်း တစ်မျိုးဖြစ်သော Corosolic အက်စစ်ပါရှိ သည့်အပြင် ဗီတာမင်၊ သတ္တုဓာတ်နှင့် ချေဖျက်လွယ်သော အမျှင်ဓာတ်များလည်း ပါရှိသည့်အတွက် ရောဂါကြီးခြောက်မျိုးကို သက်သာပျောက်ကင်းစေသည်။
ယင်းတို့မှာ (၁) Corosolic အက်စစ်က အင်ဆူလင်အဖြစ် အစွမ်းထက်မြက်ကာ ဆီးချိုပမာဏကို သဘာဝနည်းအတိုင်း ထိန်းသိမ်းပေးနိုင်သည်။ (၂) Corosolic အက်စစ်က သွေးဖိအားကျဆင်းစေသဖြင့် သွေးတိုးရောဂါကျစေသည်။ (၃) Corosolic အက်စစ်က ခန္ဓာကိုယ်ထဲရှိ မကောင်းသော LDL ကိုလက်စထရောကို လျှော့ချပေးသည့်အပြင် သွေးလွှတ်ကြောနံရံများ ပိတ်ဆို့မှုကို ရှင်းလင်းပေးနိုင်သည်။ ထိုဇီဝဖြစ်စဉ်များကနှလုံးကိုကျန်းမာစေကာ နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ် ပေးသည်။ (၄) Corosolic အက်စစ်က အစာစားချင်စိတ်ကို ထိန်းချုပ်ပေးသည့်အတွက် ကိုယ်အလေးချိန်လျှော့ချရာတွင် အသုံးဝင်သည်။ ခန္ဓာကိုယ်ဝဖြိုးခြင်းမဖြစ်စေဘဲ ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် ကောင်းကျိုးပြုသည်။ (၅) Coro-solic အက်စစ်က ကျောက်ကပ်ကိုအား ဖြည့်ပေးကာ ဆီးရွှင်စေသည့်အတွက် ဆီးချုပ်၊ ဆီးအောင့်ရောဂါရှိသူများ ကျန်းမာစေသည်။ ထို့ပြင် ကျောက်ကပ် ကျောက်တည်ခြင်းနှင့် အမျိုးသားများတွင် ဖြစ်တတ်သော ဆီးကျိတ် (သုတ်ရည်ဂလင်း) နှင့်ပတ်သက်သည့်ဝေဒနာများကိုပါ သက်သာစေသည်။(၆) အရွက်တွင်ပါဝင်သည့် Corosolic အက်စစ်သည် သားအိမ်ခေါင်းနှင့်ဆိုင်သော ကင်ဆာရောဂါများ၊ သွေးကင်ဆာ၊ ရင်သားကင်ဆာနှင့် အသည်းကင်ဆာတို့ကို ထိန်းချုပ်ပေးနိုင်သည်။
သတိပြုရန်။
(က) ထူးခြားသည့် ဘေးထွက်ဆိုးကျိုး မရှိသော်လည်း စိတ်ချလုံခြုံမှုရှိစေရန်အတွက် ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
(ခ) ဆီးချိုရောဂါရှိသူများ သောက်သုံးလိုပါက ဆရာဝန်နှင့်ဦးစွာတိုင်ပင်ပါ။ သောက်သုံးနေစဉ်တွင်လည်း သွေးတွင်း သကြားဓာတ်ပမာဏကို အမြဲစစ်ဆေးရန် လိုအပ်သည်။
(ဂ) သွေးဖိအားနည်းသူများ(သွေးပေါင် ချိန်ကျသူများ) သောက်သုံးရန် လုံးဝမသင့်ပါ။
(ဃ) ခွဲစိတ်မှုပြုလုပ်ရန် အစီအစဉ်ရှိပါ က မခွဲစိတ်မီ ရက်သတ္တနှစ်ပတ်အလိုတွင် သောက်သုံးခြင်းကို ရပ်တန့်ထားပါ။
ကမ္ဘာပေါ်ရှိလူမျိုးတိုင်းသည် မိမိတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ နှစ်သစ်ကူးရက်၊ နှစ်ဆန်းရက်များ သတ်မှတ်လေ့ရှိကြသည်။ အင်္ဂလိပ်လူမျိုးများနှင့် ခရစ်ယာန်အယူဝါဒကိုကျင့်သုံးသော လူမျိုးအပေါင်းတို့သည် ဇန်နဝါရီလ ၁ ရက်နေ့ကို နှစ်ဆန်းရက်သတ်မှတ်၍ ဒီဇင်ဘာလ ၃၁ ရက် ညဉ့်သန်းခေါင်မတိုင်မီ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများ ကျင်းပကြသည်။ မြန်မာတို့၏ နှစ်သစ်ကူးအခါ သမယသည် နှစ်စဉ်တန်ခူးလတွင် ကျရောက်သည်။
မြန်မာနှစ်ဟောင်း ၁၃၈၆ ခုနှစ်မှ ၁၃၈၇ ခုနှစ်ဆိုသောနှစ်သစ်သို့ကူးပြောင်းသွားပြီဖြစ်သည်။ ထိုနေ့သည် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် စစ်မှန်သောနှစ်သစ်ကူးနေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ကုသိုလ်ကောင်းမှု ပြုလုပ်ခြင်း၊ ကိုယ်ချင်းစာတရားထားကာ ရိုင်းပင်းကူညီခြင်းစသည့် မင်္ဂလာရှိသော လုပ်ဆောင်မှုများဖြင့်သာ ဖြတ်သန်းသွားမည်ဆိုလျှင် တစ်နှစ်လုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေမည် ဖြစ်သည်။ ကျန်းမာပျော်ရွှင်ကြမည်ဖြစ်သည်။ အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘဝအတွက် အရေးပါသော ဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်သင့်သည်။ နှစ်သစ်အတွက် ဆုံးဖြတ်ချက် မချမှတ်သေးမီ နှစ်ဟောင်းကာလတွင် ဆောင်ရွက်နိုင်ခဲ့မှုများကိုလည်း ပြန်လည်သုံးသပ်သွားသင့်ပေသည်။
မင်္ဂလာရှိသောနှစ်သစ်
ရှေးမြန်မာမင်းများလက်ထက်က နှစ်ဆန်းတစ်ရက်နေ့ကို များစွာအလေးအမြတ်ပြုခဲ့ကြသည်။ ယင်းနေ့တွင် ရတနာသုံးပါးနှင့်တကွ နတ်မြတ်နတ်ကောင်းအပေါင်းတို့အား ရှေးအစဉ်အလာအတိုင်း လှူဖွယ်ဝတ္ထုများဖြင့် ပူဇော်ကြသည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ်တွင် သမိုင်းဝင်ဖြစ်ခဲ့သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသည့် အခါသမယတွင် အဟောင်းတို့ ချုပ်ငြိမ်း၍ အသစ်တို့ ပေါ်ထွန်းလာသည်မှာ လောကနိယာမတစ်ခုပင်ဖြစ်သည်။
နွေရာသီ၏အပူဒဏ်ကို အေးမြစေရန်အတွက်လည်းကောင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်စေရန်အတွက်လည်းကောင်း အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။ မဟာသင်္ကြန်ပွဲတော် ကျင်းပခြင်းနှင့်အတူ ဥပုသ်သီတင်းသီလဆောက်တည်မှုပြုခြင်း၊ ရှင်ပြု အလှူမင်္ဂလာနှင့် ဒုလ္လဘရဟန်းခံပြုကြခြင်း၊ သက်ကြီးရွယ်အိုဘိုးဘွားတို့အား နွေးထွေး ကြင်နာစွာ ရိုသေသမှုပူဇော်မှုပြုခြင်း၊ လယ်ယာလုပ်ငန်းခွင်တွင် အကျိုးပြုခဲ့သော ခိုင်းနွားများကို ဘေးမဲ့စေလွှတ်ခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် ငါးလွှတ်ပွဲများကို မြို့ရွာဒေသအနှံ့ ပြုလုပ်ကြခြင်းဖြင့် ချစ်စရာကောင်းသည့် မြန်မာဓလေ့စရိုက်များကို ဖော်ညွှန်းနေသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် မြန်မာလူမျိုးတို့အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် မြန်မာပြည်သူအပေါင်းတို့သည် မကောင်းမှုရှောင်၊ ကောင်းမှုကိုဆောင်ကြရမည်ဖြစ်သည်။ မိမိတို့နေထိုင်ရာ အရပ်ဒေသဝန်းကျင် အသီးသီးတို့၌ မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန်အတွက် ဒုစရိုက်ဆယ်ပါးဖြစ်သော ကာယဒုစရိုက် သုံးပါး၊ ဝစီဒုစရိုက် လေးပါးနှင့်၊ မနောဒုစရိုက် သုံးပါးတို့ကို အထူးရှောင်ကြဉ်သင့်သည်။ သို့ဖြစ်ရာ ကောင်းမြတ်သောအချိန်
ကာလတို့ကိုညွှန်းဆိုထားသော လရာသီဖြစ်သည့်အတွက် သန့်စင်မွန်မြတ်သော ဒါနတရားတို့ဖြင့် ပီတိဖြာဝေစေသော တန်ခူးလရာသီပင်ဖြစ်သည်။
မေတ္တာအရင်းခံဖြင့်သာ
အမှန်စင်စစ်မှာမူ မေတ္တာတရားသည် အရာအားလုံးကိုလွှမ်းမိုးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နှစ်သစ်တွင် လူတစ်ဦးနှင့်တစ်ဦး၊ ဘာသာတစ်ခုနှင့်တစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား မေတ္တာထားသွားကြရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာလျှင် အချင်းချင်း အမြင်လွဲမှားနေမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လူအချင်းချင်း ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ ရာထူးကြီး၊ ငယ်၊ ဇာတ်နိမ့်၊ ဇာတ်မြင့် မခွဲခြားဘဲ မေတ္တာအရင်းခံဖြင့်သာ ဆက်ဆံသွားမည်ဆိုလျှင် အေးချမ်းသောလူ့အသိုက်အဝန်းကြီးကို ဧကန်မုချတည်ဆောက်နိုင်မည်ဖြစ်သည်။
နှစ်ဟောင်းတွင် အကောင်းနှင့်အဆိုး ဒွန်တွဲ၍ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာ ဖော်ထုတ်ပြီး နှစ်သစ်အတွက်ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံး ကြိုတင်ပြင်ဆင် သွားရန် လိုအပ်မည်ဖြစ်သည်။ အခြေခံအားဖြင့် မိမိတို့၏ စိတ်ဓာတ်များကို ပြင်ဆင်သွားကြရမည်ဖြစ်သည်။ အထူးသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာဖွေစုဆောင်းကြရာတွင် စိတ်ကောင်းရှိရန်လိုသည်။ အရာရာတွင် ကိုယ်ချင်းစာတရားလက်ကိုင်ထားကြမည်ဆိုလျှင် အေးချမ်းသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် မြန်မာနှစ်သစ်တွင် မိမိတို့၏ကိုယ်စီဘဝများတိုးတက်အောင်မြင်ရေးအပြင် မိသားစု၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းပြည်အကျိုးကိုပါ သယ်ပိုးနိုင်ရေးအတွက် ဗြဟ္မစိုရ်တရားကို လက်ကိုင် ထားလျက် ပြုမူကျင့်ကြံနေထိုင်သွားရန် အထူးလိုအပ်သည်။
စိတ်ကူးအိပ်မက်များ
နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီစိတ်ကူးအိပ်မက်များရှိနေရန် လိုအပ်ပါသည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော် သွားရန်လည်း လိုအပ်မည်ဖြစ်သည်။ ဆိုရလျှင် လူတစ်ဦးသည် လွန်ခဲ့သည့်တစ်နှစ်လုံးတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး စသည့် နယ်ပယ်တစ်ခုခုတွင် အောင်မြင်မှုတစ်စုံတစ်ရာမျှ မရရှိခဲ့ပါက ထိုသူသည် တစ်နှစ်ဆိုသော အချိန်ကာလကို အကျိုးမဲ့ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ အမှန်တကယ် မနားမနေ စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်နေမှသာလျှင် အောင်မြင်မှုဆိုသော အရာကို ဆုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။
စင်စစ်အားဖြင့် မျက်မှောက်ခေတ်ကြီးတွင် ပျင်းရိလေးလံတွေဝေ ထိုင်းမှိုင်းနေသောသူများအတွက် နေရာမရှိတော့ပေ။ အထူးသဖြင့် တန်ဖိုးရှိသောအချိန်ကို စနစ်တကျစီမံခန့်ခွဲနိုင်စွမ်းမရှိသူများသည် အဘက်ဘက်မှ နောက်ကျကျန်ရစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။
ထို့ကြောင့် မြန်မာနှစ်သစ်တွင် အချိန်မဖြုန်းဘဲ ကိုယ်စီအလုပ်လုပ်ကြရတော့မည်ဖြစ်သည်။ နှစ်ဟောင်းတွင် အောင်မြင်မှုမ ရရှိခဲ့သည့်တိုင်အောင် နှစ်သစ်အတွက် ခွန်အားများမွေးမြူသွားကြရမည် ဖြစ်သည်။ လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူ့အသိုက်အဝန်းတစ်ခုချင်းမှသည် တိုင်းပြည်တိုးတက်ရေးကို ရည်မှန်းလျက် ကြိုးပမ်းသွားရန် လိုအပ်မည်ဖြစ်သည်။ လူတိုင်းတွင် လုပ်ဆောင်နိုင်သည့် စွမ်းအားများကိုယ်စီရှိနေသည်။ လုပ်မည်ဆိုပါက အောင်မြင်မှုသည် လက်တစ်ကမ်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်တွင် အောင်မြင်မှုတစ်ခုခုကို ရရှိအောင် ကြိုးပမ်းသွားမည်ဆိုသော စိတ်ကူးအိပ်မက်များကို ကိုယ်စီမက်ထားရန်လိုသည်။
အဟောင်းတို့ချုပ်ငြိမ်း၍ အသစ်တို့ပေါ်ထွန်း
မြန်မာနှစ်ဟောင်းကုန်၍ နှစ်သစ်သို့ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်းတွင် အကောင်းနှင့် အဆိုးဒွန်တွဲ၍ ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှသင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံး ကြိုတင်ပြင်ဆင်သွားရန်လိုအပ်မည်ဖြစ်သည်။ နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီစိတ်ကူးအိပ်မက်များ ရှိနေရန်လိုအပ်သည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံသားတိုင်းသည် နှစ်သစ်တွင် လူမှုစီးပွားဘဝများ တိုးတက်စေရန်အတွက် အချိန်ကို အကျိုးရှိစွာ အသုံးချသွားရန်လိုသည်။
အချိန်တိုင်း စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေသူတစ်ဦးသည် မအောင်မြင်စရာအကြောင်းမရှိချေ။ မြန်မာနှစ်သစ်တွင် ပြည်သူအားလုံး ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ပျော်ရွှင်ချမ်းမြေ့သော ဘဝများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ရေးသားလိုက်ရပါသည်။ ။