ပြည်သူတို့နှလုံး စိတ်ဝမ်းအေးချမ်းစေမည့် ငြိမ်းချမ်းရေး

Posted_Date

Image

ပြည်သူတို့နှလုံး စိတ်ဝမ်းအေးချမ်းစေမည့် ငြိမ်းချမ်းရေး

Body

လူသားတို့မွေးဖွားလာသည်မှစတင်၍ လူ့လောကတွင်  စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့် ဘဝခရီးကို ဖြတ်သန်းလိုကြသည်မှာ တူညီသောဆန္ဒဖြစ်သည်။ တစ်ဦးအပေါ်တစ်ဦး      လက်နက်ကိုင် အားကိုးဖြင့်အနိုင်ကျင့် လွှမ်းမိုးနေခြင်းကို  မည်သူမျှနှစ်သက်သဘောကျမည် မဟုတ်ပါ။ လက်နက်ကိုင်ဆောင်ကာ မတရားမှုများ ကျူးလွန်နေသူများရှိနေသည့်အတွက် ိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် တည်ငြိမ်မှုကင်းမဲ့ကာ  စိတ်သောက များစွာဖြင့် နေထိုင်ရခြင်းမှာ လူ့အခွင့်အရေးဆုံးရှုံးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအဆက်ဆက်ကကြိုးပမ်းဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်၏ တာဝန်ကိုစတင် ထမ်းဆောင်ချိန်မှစ၍ ငြိမ်းချမ်းရေးကိစ္စများကို  အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက်   NCA ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထား လုပ်ဆောင်သွားမည်” ဟူသောလုပ်ငန်းစဉ် အတိုင်း ဆောင်ရွက်လျက်ရှိသည်။   တပ်မတော်အနေဖြင့်  တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို အကြိမ်ပေါင်းများစွာပြုလုပ်ရင်း ရင်းနှီးပွင့်လင်းသော၊  ထင်ရှားမြင်သာသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို  ကျင်းပပေးခဲ့သည်။

အချို့သော လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးရယူရမည်ကို စိုးရွံ့သည့်အတွက် မရေရာမတိကျသောအကြောင်းအချက်များကိုပြ၍ ငြိမ်းချမ်းရေးလမ်းစဉ်မှသွေဖည်လျက်ရှိသည်။ ပြည်သူတို့၏လူမှု စီးပွားဘဝတည်ငြိမ်အေးချမ်းဖို့အတွက်    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရမည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ဆိုလျှင်   တိုင်းပြည်ငြိမ်းချမ်းရမည်။

ထို့ကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အလေးထားဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါစာချုပ်သည်  နိုင်ငံတော်အစိုးရ၊  တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသာမက  ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့်    ပြည်ပနိုင်ငံအချို့မှ ခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုး ထားသည့်  သမိုင်းဝင်စာချုပ်ဖြစ်သည်။

ဤစာချုပ်မှာ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့သည့် “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” မှစတင်ခဲ့ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးမှသည် ထာဝရ ငြိမ်းချမ်းရေးဆီသို့ ရည်ရွယ်ခြင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ လက်နက်ကိုင်ပြီး အစိုးရအဆက်ဆက်ကို တောင်းဆို

ခဲ့သည်မှာ   “အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ရေး” ဖြစ်သည်။ ဤအချက်များကို NCA တွင် မူအားဖြင့် သဘောတူထားပြီး နိုင်ငံရေးဆွေးနွေးပွဲများ  ဆွေးနွေးနေကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာရယူလိုပါက တရားဝင်နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ရမည်ဖြစ်သည်။ စီးပွားရေးလုပ်ချင်လျှင် ကုမ္ပဏီထောင်ရမည်ဖြစ်သည်။ နိုင်ငံတော်ကိုကာကွယ်မည့် စစ်မှုထမ်း လုပ်ချင်ပါက    နိုင်ငံတော်၏ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်သို့ ဝင်ရောက်ကြရမည်ဖြစ်သည်။ ဤသည်မှာနည်းမှန်လမ်းမှန်ဖြစ်သည်။   ဤသည်ကိုမျက်ကွယ်ပြုကာ တစ်ဖက်က ငြိမ်းချမ်းရေးကို  အကြောင်းပြလျက် လက်နက်စွဲကိုင်လျက်  နိုင်ငံရေးတည်ဆောက်နေခြင်းမျိုး၊  လက်နက်အင်အား၊ လူအင်အား တည်ဆောက်နေခြင်းမျိုး၊ နယ်မြေတည်ဆောက်နေခြင်းမျိုး၊ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့်ကာ ပြည်သူများလိုလားသည့် ဒီမိုကရေစီကိုဆန့်ကျင်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုကိုဆန့်ကျင်ခြင်း၊    လက်နက်ကိုင်ပြီး သူတစ်လူငါတစ်မင်း၊     နယ်တစ်နယ် ဓားတစ်စင်းစနစ်ကို တည်ထောင်နေခြင်းတို့မှာ ပြည်သူ့ ဆန္ဒကို ဆန့်ကျင်နေခြင်းဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်းဖြင့်  မိမိတို့လိုလားချက်များကို တင်ပြကြရမည်ဖြစ်သည်။

ထိုသို့ဆွေးနွေးတင်ပြနိုင်ရန် အတွက် ငြိမ်းချမ်းရေးဖိုရမ်- Peace Forum 2025 “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲ နှင့် ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို့” သုံးသပ်ဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်မှ ၂၇ ရက်အထိ နေပြည်တော်တွင်ကျင်းပခဲ့သည်။ အဆိုပါငြိမ်းချမ်းရေးဖိုရမ်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မြှင့်တင်နိုင်ရန်၊ ယုံကြည်မှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ တည်ဆောက်ရန်၊ လူသားချင်းစာနာမှု  အကူအညီများနှင့် လူမှုစီးပွားဘဝစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊  နိုင်ငံတော်တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရန် တို့အတွက် စုပေါင်းအဖြေရှာ ဖော်ထုတ်ရန်ကျင်းပခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင်     မိမိတို့၏ဆန္ဒ၊ အကျိုးစီးပွားထက်      ပြည်ထောင်စုတိုင်းရင်းသား ပြည်သူများ  အားလုံး၏ အကျိုးစီးပွားကိုရှေးရှု၍  စိတ်ရင်းစေတနာ မှန်ကန်စွာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် ကြသည်ကို တွေ့မြင်ရသည်။ ငြိမ်းချမ်းရေးဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ဧည့်သည်တော်ပညာရှင်များ ပါဝင်ဆွေးနွေးကြသည်။  ငြိမ်းချမ်းရေးဖိုရမ်-Peace Forum 2025 ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှ  ဧည့်သည်တော်များ၊ နိုင်ငံခြားသံရုံးအသီးသီးမှ သံတမန်များ၊ ဖိုရမ်မှာပါဝင်ဆွေးနွေးကြမည့် ပြည်တွင်းပြည်ပ  ပညာရှင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊  အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊  အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။    နိုင်ငံတကာက ပညာရှင်ကြီးများ၊  သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်   ပုဂ္ဂိုလ်များကိုယ်တိုင်    ပါဝင်တက်ရောက်    ဆွေးနွေးသည့်ပွဲဖြစ်၍ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုကဏ္ဍတွင် ထူးခြားသည့်သမိုင်းမှတ်တိုင်အဖြစ် မော်ကွန်းတင်နေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပြဿနာကလည်း ဒွန်တွဲပါလာခဲ့သည်ကို ထင်ရှားစွာမြင်ကြပြီးဖြစ်သည်။ ခေတ်အဆက်ဆက် အစိုးရများက  တတ်နိုင်သမျှ သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးချိန်တွင် ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်။ ထို့နောက် နိုင်ငံတော်၏သမိုင်းကြောင်းအ‌ခြေအနေများအရ ၁၉၆၂ခုနှစ်တွင်    တော်လှန်ရေးကောင်စီက  နိုင်ငံတော် တာဝန်များကိုရယူခဲ့ရသည်။

ထို့နောက်ဆိုရှယ်လစ်စနစ်ကို ၁၉၈၈ ခုနှစ်အထိ ကျင့်သုံးခဲ့သည်။  ပြည်သူများက ပါတီစုံဒီမိုကရေစီစနစ်ကူးပြောင်းရန်တောင်းဆိုချက်အရ  ၁၉၈၈  ခုနှစ်တွင် တပ်မတော်က  ဒီမိုကရေစီကူးပြောင်းရေးကို တစ်ဆင့်ပြီးတစ်ဆင့်  အသားကျအောင်လုပ်ဆောင်ခဲ့သည်။ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ်တို့ကို ဖြည်းဖြည်းချင်းပြောင်းလဲခဲ့ပြီး ပါတီစုံဒီမိုကရေစီစနစ် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်

ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်  အတည်ပြုဆောင်ရွက်ခဲ့သည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)တွင်ဖက်ဒရယ် အခွင့်အရေးနှင့် ပတ်သက်၍ ဖက်ဒရယ်အခွင့်အရေးများ ပေးထားသည်ကို   လေ့လာတွေ့ရှိနိုင်သည်။ တိုင်းရင်းသားအခွင့်အရေးများ၊ နိုင်ငံရေးအရ တောင်းဆိုမှုများကိုလည်း  ဖွဲ့စည်းပုံအခြေခံဥပဒေ၌  ပြင်ဆင်ရန် လိုအပ်သည်များကို နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြင်ဆင်ပေးမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် ပြည်သူများ၏ဆန္ဒနှင့်

အညီ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်။ မြန်မာ့သမိုင်းတစ်လျှောက်တွင် တပ်မတော်သည်ပြည်သူလူထု၏ အကျိုးစီးပွားကို  အစဉ်ဦးထိပ်ထားကာ ဆောင်ရွက်ပေးခဲ့သည်ချည်းဖြစ်သည်။ 

ပြည်သူများလိုလားသည့် စစ်မှန်၍စည်းကမ်းပြည့်ဝသည့်  ပါတီစုံဒီမိုကရေစီစနစ်ကို ၂၀၁၁ ခုနှစ်တွင်   တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနှင့်  အောင်မြင်စွာ ကူးပြောင်းပေးနိုင်ခဲ့သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တပ်မတော်အနေဖြင့် ဒီမိုကရေစီစနစ်ကို  ယခင်ကတည်းက အလေးထား ဖော်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ကို ထင်ရှားစွာသိမြင်နိုင်သည်။

တပ်မတော်အနေဖြင့် ၂၀၁၅ ခုနှစ် NCA စာချုပ်ကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက်  ငြိမ်းချမ်းရေးမူဝါဒ(၆)ရပ်ကို ချမှတ်ပြီး ယနေ့တိုင် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။  ငြိမ်းချမ်းရေးမူဝါဒများမှာ NCA စာချုပ်၏အနှစ်သာရဖြစ်ပြီး ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်မှုများမှ ရရှိလာသည့် “အသိတရား” ဖြစ်သည်။ လက်ရှိ  ငြိမ်းချမ်းရေး တည်ဆောက်မှု ခိုင်မြဲစေရန်အတွက် လိုက်နာလုပ်ဆောင်ရမည့်   “အရှိတရား” များလည်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ  ပြည်သူလူထုက ရွေးချယ်သည့်အုပ်ချုပ်ရေး စနစ်ဖြစ်ပြီး ဖက်ဒရယ်စနစ်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာနှင့် ရပိုင်ခွင့်များကို မျှဝေခံစားစေခြင်းဖြစ် သည်။ တစ်နည်းအားဖြင့်  ဖက်ဒရယ်ဆိုသည်မှာ မတူကွဲပြားသည့်  တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊   လူမျိုးများနှင့်လူမျိုးစုများ စုစည်းလုပ်ကိုင်ရာကနေ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်းနှင့် မျှဝေခံစားခြင်းတို့ဖြစ်သည်။ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိပြီး       ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုနိုင်ရန်အတွက် ယခုနှစ်    အကုန်ပိုင်းမှာ ကျင်းပမည့် ရွေးကောက်ပွဲတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)အပြင် အချိုးကျကိုယ်စားပြုစနစ်   (PR)စနစ်ကိုလည်း ပေါင်းစပ်ကျင့်သုံးသွားမည်ဖြစ်သည်။

ရွေးကောက်ပွဲ    ကျင်းပနိုင်ရေးမှာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေပေါ်တွင်  အများကြီးမူတည်သည်။ ရွေးကောက်ပွဲကျင်းပပြီးပါက ဥပဒေနှင့်အညီ လွှတ်တော်အသီးသီး ပေါ်ပေါက်လာမည်။  

လွှတ်တော်ပေါ်ပေါက်လာပြီး   ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းကြရမည်။ ထိုအချိန်အခါမျိုးတွင် လက်နက်စွဲကိုင်ပြီး မိမိတို့လိုချင်သည်ကို တောင်းဆိုခြင်းမျိုး၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ၊ ဒေသစွဲကြီးမားစွာဖြင့် မိမိတို့၏ဆန္ဒကိုသာ ဦးစားပေး လုပ်ဆောင်ဖန်တီးနေခြင်း မျိုးများမှာ    ဒီမိုကရေစီနှင့် ဆန့်ကျင်သွေဖည်နေသည်။  

မိမိတို့၏လိုလားချက်များကို လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ် အတည်ပြု ဆောင်ရွက်ကြရမည်သာဖြစ်သည်။

ဒီမိုကရေစီဖော်ဆောင် ကျင့်သုံးရာတွင်  နိုင်ငံ၏သမိုင်းကြောင်း၊   လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက်လက္ခဏာ၊  ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့်  ဖော်ဆောင်သွားကြရမည်သာဖြစ်သည်။ ထိုသို့ဖော်ဆောင်ရာတွင် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးစီးပွားကို ရှေ့တန်းတင်ပြီး အားလုံးစုဖွဲ့ လုပ်ကိုင်ဆောင်ရွက်သွားကြမည်ဆိုပါက ထိရောက်အောင်မြင်မှာဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ဆန္ဒအစစ်အမှန်မှာ တိုင်းရင်းသားပြည်သူ အားလုံးအတွက် ညီညွတ်မျှတသည့် လူမှုစီးပွားဘဝလုံခြုံရေးနှင့် အာမခံချက်ရရှိရေးတို့သာ အဓိကဖြစ်သည်။ အေးချမ်းစွာနေထိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြင့် မိမိတို့ဘဝတိုးတက်မှုကို ရရှိမှာဖြစ်သည်။ ထိုသို့အခြေအနေမျိုးသို့ရောက်ရှိရန်မှာ  မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ရိုးသားပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ကြရန်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းကို အဓိကကိုင်စွဲပြီး လျှောက်လှမ်းလျက်ရှိပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း ပြည်ပစွက်ဖက်မှုမရှိဖို့လိုသလို ပြည်တွင်းက အဖျက်အမှောင့်ပယောဂတွေ ကင်းကင်းရှင်းရှင်းနဲ့ လုပ်ဆောင်နိုင်ဖို့လည်း    လိုပါတယ်။

တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေး ရရှိအောင်မြင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့အပြည့်အဝ ယုံကြည်ထားပါတယ်” ဟူ၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၂၅ ရက်က ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် အမှာစကားပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီစတင် တာဝန်ယူပြီး အရင်ဆုံး ဦးစားပေးဆောင်ရွက်ခဲ့သည်မှာ ထာဝရငြိမ်းချမ်းရေးပင်ဖြစ်သည်။   ငြိမ်းချမ်းရေးအားကြိုးမာန်တက် ဆောင်ရွက်ရန် ကော်မတီများ  ဖွဲ့စည်းခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်းလမ်းဖွင့်ထားပြီး  ကြိုတင်သတ်မှတ်ချက်မရှိသည့်ဆွေးနွေးပွဲများကို   ဖိတ်ခေါ်ကမ်းလှမ်းမှုများ၊ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့်  မိမိတို့၏ဆန္ဒနှင့် မိမိတို့အဖွဲ့အစည်း အကျိုးစီးပွားထက်   ဖြစ်သင့်ဖြစ်ထိုက်သည့်  ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူများ အားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမှန်နှင့် ရှုမြင်သုံးသပ်ပြီး  ပြည်ထောင်စုငြိမ်းချမ်းရေးကို လိုက်ပါလုပ်ဆောင်ကြရန်ဖြစ်သည်။

နိုင်ငံတော်တွင် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့်အခါမှာ တစ်ဦးနှင့်တစ်ဦး သဘောထားကွဲလွဲမှုများ ရှိနိုင်သည်။ သို့သော်လည်း ကိုယ်စီလိုလားချက်များကို လက်နက်ကိုင်သည့်လမ်းစဉ်ဖြင့် တောင်းဆိုနေကြခြင်းမှာ မှားယွင်းသည့် လုပ်ရပ်သာဖြစ်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းကြမှသာ အမှန်ကန်ဆုံးဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လိုလားချက်များကို နိုင်ငံရေးနည်းလမ်းနှင့် စေ့စပ်ညှိနှိုင်းအဖြေရှာနိုင်ဖို့အတွက် အားပေးဆောင်ရွက်သွားကြရမည်သာဖြစ်သည်။ သို့မှသာ တိုင်းရင်းသားအားလုံး   စည်းစည်းလုံးလုံး၊    ညီညီညွတ်ညွတ်၊ တက်ညီလက်ညီနှင့် ရည်မှန်းထားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည်ဖြစ်သည်။

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန်မှာ ပြည်တွင်းပဋိပက္ခ ချုပ်ငြိမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေး ရရှိရေးသာဖြစ်သည်။ 

လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လုပ်ရပ်များကြောင့်   နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှုပြီး   ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ   လက်တွဲဖော်ဆောင် ကြရန် လိုအပ်သည်။ ထို့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊   အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၊ အကြမ်းဖက် PDF အဖွဲ့အနေဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းနှင့်ရွေးကောက်ပွဲ လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက်လည်း  နိုင်ငံတော်အစိုးရက အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်သည်။ ငြိမ်းချမ်းရေးဆိုသည်မှာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုမှတစ်ဆင့် ရရှိပေါက်ဖွားလာသည့် ရလဒ်ကောင်းများနှင့် ဖော်ဆောင်ကြရမှာသာဖြစ်သည်။  တွေ့ဆုံဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးတံခါးကို  နိုင်ငံတော်အနေဖြင့် အစဉ်ဖွင့်လှစ်ကြိုဆိုလျက်ရှိသည်။

လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကမိမိတို့၏ လိုလားချက်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သည်များကို နိုင်ငံရေးနည်းလမ်းနှင့် စေ့စပ်ညှိနှိုင်းအဖြေရှာကာ  ပြည်သူတို့ နှလုံးစိတ်ဝမ်း အေးချမ်းစေမည့်ငြိမ်းချမ်းရေးကို  ကြိုးပမ်းဆောင်ရွက်ကြရန်  ဖြစ်ပါကြောင်း  တိုက်တွန်းရေးသား လိုက်ရပေသည်။   ။