ဆောင်းပါးများ

(ဤကဏ္ဍတွင် ပါဝင်သော ဆောင်းပါးများသည် ဆောင်းပါး ရေးသားသူ၏ အာဘော်သာ ဖြစ်ပါသည်။)

“အာရောဂျံပရမံလာဘံ” ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ လူအများစုသည် ကျန်းမာခြင်း၏တန်ဖိုးကို  မကျန်းမာသောအချိန်မှသာသိရှိကြသည်။ ကျန်းမာနေချိန်တွင်  ဖြစ်သလို နေထိုင်စားသောက်ကြသည်။ လူတစ်ဦးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ  မျှတအောင် ပြုမူနေထိုင်စားသောက်နေမှသာလျှင်  ကျန်းမာချမ်းသာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ လူသားအားလုံး၏ တောင့်တမှုသည် သက်ရှည်ကျန်းမာပြီး ကြွယ်ဝချမ်းသာစွာနေထိုင်နိုင်ရေးပင်ဖြစ်သည်။ လက်ရှိအချိန်တွင်  သွေးလွန်တုပ်ကွေးရောဂါသည် လူကြီးလူငယ် အသက်အရွယ်ပေါင်းစုံကိုခြိမ်းခြောက်လာ လျက်ရှိသဖြင့်တင်ကာကွယ်ရေးနည်းလမ်းများအတိုင်းလိုက်နာကျင့်ကြံနေထိုင်သွားရန်လိုအပ်သည်။

သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါသည်ဗိုင်းရပ်ပိုးကူးစက်ခြင်းကြောင့်ဖြစ်ပွားပြီး  သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်သည့် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားသည်။ ထိုခြင်များ၏ ခန္ဓာကိုယ်တွင် အဖြူအစက်များပါရှိသည့်အတွက် ခြင်ကျားဟုခေါ်ခြင်းဖြစ်သည်။ ခြင်ကျားများသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားကြပြီး နေ့အခါတွင် လူများကိုကိုက်လေ့ရှိသည်။

သွေးလွန်တုပ်ကွေးရောဂါတွင် Dengue Fever၊ သွေးလွန်တုပ်ကွေး(Dengue Hemorrhagic Fever) နှင့်သွေးလန့်ခြင်း (Dengue Shock Syndrome) ဟူ၍အဆင့်ဆင့်ဖြစ်ပွားတတ်သော ရောဂါ ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၁၅ နှစ်အောက်တွင် အများဆုံး ဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိသည်။ ကျား၊ မ မရွေး တောရောမြို့ပါ  နေရာမရွေးဖြစ်ပွားလေ့ရှိသောရောဂါဖြစ်သည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အဖြစ် အများဆုံးဖြစ်သည်။

ရောဂါလက္ခဏာများ

သွေးလွန်တုပ်ကွေးလက္ခဏာများသည် ရောဂါပိုးသယ်ဆောင်ထားသည့်  ခြင်ကိုက်ခံရပြီး  ပျမ်းမျှ လေးရက်မှ ခြောက်ရက်အကြာတွင် စတင်ပြသပြီး အောက်ပါအတိုင်း တွေ့ရှိရသည်-

Dengue Fever  ရောဂါတွင် ရုတ်တရက် လတ်တလော အဖျားတက်လာခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊    မစားချင်/ မသောက်ချင်ဖြစ်ခြင်းနှင့် တစ်ခါတစ်ရံ တွင် ခန္ဓာကိုယ်၌ အစက်အပြောက်များပေါ်လာခြင်းတို့ဖြစ်တတ်သည်။  ထို့ကြောင့် ပုံမှန်ရာသီအကူး အပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါနှင့်  ကွာခြားမှုမရှိသောကြောင့်များသောအားဖြင့် Dengue Fever မှန်းမသိလိုက်ကြပေ။ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်စစ်ဆေးတိုင်းတာကြည့်ပါက လက်ဖျံတွင်အစက်အပြောက်များပေါ်လာသည်မှလွဲ၍ အခြားစိုးရိမ်ရသည့်လက္ခဏာများ မရှိပါ။ မိဘအုပ်ထိန်းသူများအနေဖြင့် တုပ်ကွေးဖျား (အထူးသဖြင့် ကလေးသူငယ်များ)     ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေကို ထည့်သွင်း စဉ်းစားသွားရန်လိုအပ်ပေသည်။

သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever)နှင့် သွေးလန့်ခြင်း (Dengue Shock Syndrome)စိုးရိမ်ရသည့်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပြီး ၎င်းလက္ခဏာတစ်ခုခုတွေ့ရှိခဲ့လျှင် နီးစပ်ရာဆေးရုံ/ဆေးခန်းသို့ ချက်ချင်းခေါ်ဆောင်ပြသရန်လိုအပ်သည်-

ခန္ဓာကိုယ်တွင်းသွေးယိုစီးသည့်အတွက်ကြောင့်  ကော်ဖီမှုန့်ရောင်၊ အညိုရောင်အဖတ် အမျှင်လေး များပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓာကိုယ်တွင် သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း၊ ကိုယ်အပူချိန် ရုတ်တရက် ကျဆင်းသွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ သုံးရက်မြောက်တွင် ဖြစ်တတ်သည်။) ရုတ်တရက် ဗိုက်အောင့်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း သို့မဟုတ် အရမ်းမှိန်းလာခြင်း၊  ခြေဖျား၊ လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း၊  သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍မရသည့်အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် ၂ဝ မီလီမီတာ မာကျူရီ  သို့မဟုတ် ထို့ထက်နည်းခြင်း၊ အစာနှင့်ရေမဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း တို့ဖြစ်ပြီး  ကလေးကိုယ်အပူချိန်ကျဆင်းသွား၍  မှိန်းလျှင်/အိပ်နေလျှင် အန္တရာယ်ရှိသောအခြေအနေ ဖြစ်နိုင်သည်။

ကုသမှုနည်းလမ်းများ

ကလေးငယ်များသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျှင် အောက်ဖော်ပြပါအတိုင်း စနစ်တကျစောင့်ကြည့် ကုသမှုများလုပ်ဆောင်သွားရန်လိုအပ်ပေသည်-

ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေ စောင့်ကြည့်ခြင်း)၊ ကိုယ်အပူချိန် အတွက် ပါရာစီတမော(Paracetamol) တိုက်ကျွေးနိုင်ခြင်းနှင့်   ရေဖတ်တိုက်ပေးခြင်း၊ အရည်ပြန်လည် ဖြည့်တင်းပေးရန်  လိုအပ်သဖြင့်  ဓာတ်ဆားရည်သောက်ခြင်း၊ အသီးအနှံဖျော်ရည်များ သောက်ပေးခြင်း၊  နို့တိုက်ကလေးငယ်များကို မိခင်နို့ဆက်လက်တိုက်ကျွေးခြင်းတို့လုပ်ဆောင်ရန်လိုအပ်သည်။

ဖျားနေသည့်ကလေးကိုအစားအသောက်မကျွေးခြင်းမျိုးကို မပြုလုပ်သင့်ပါ။   ကလေးစားချင် သောက်ချင်စိတ်ရှိမည်ဆိုပါက မည်သည့်အစားအစာမဆို ကျွေးနိုင်သည်။ သို့သော် ကလေးကို အညိုရောင်အရည်များ(ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ မိုင်လို၊ အိုဗာတင်း) တိုက်ကျွေးခြင်းကို ရှောင်ရမည်။ အကြောင်းမူကား သွေးလွန်တုပ်ကွေးဖြစ်သည့်ကလေးများသည် အစာအိမ်လမ်းကြောင်း တစ်လျှောက်တွင် သွေးကြောလေးများမှ သွေးယိုစိမ့်ပြီး အညိုရောင်များ အန်တတ်သဖြင့် ကော်ဖီကဲ့သို့ အညိုရောင်ရှိသည့်အရည်များ  တိုက်ကျွေးသည့်အခါ ခွဲခြားရခက်ခဲသောကြောင့်ဖြစ်သည်။

Dengue Fever တွင် သွေးဥမွှားအရေအတွက် ၁ဝဝ အောက်ကျနေသူများ၊ သွေး လန့်သည့်   လက္ခဏာ ရှိသူများ၊ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို  စသည့်သွေးယိုစီးသည့်လက္ခဏာ   ရှိနေသူများ၊အလွန် အမင်းအန်နေခြင်း၊အရည်မသောက်နိုင်ခြင်းတို့ဖြစ်နေသည့်သူများ၊သက်ဆိုင်ရာတာဝန်ခံ ဆရာ ဝန်မှ ဆေးရုံတက်ရန်လိုအပ်သည်ဟုဆုံးဖြတ်ပေးထားသူများ၊ ဆေးရုံနှင့် အသွားအလာခက်သည့် နေရာတွင်နေသူများ၊ပို့ဆောင်ရေးခက်ခဲသည့် ဒေသတွင်နေသူများကို ဆေးရုံတင်ရန်လိုအပ်သည်။ ဆေးရုံ၊ ဆေးခန်းသို့အချိန်မီမရောက်ရှိနိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံး သည်အထိဖြစ်နိုင်သည်။ ထို့ပြင် သက်ဆိုင်ရာဆေးရုံမှ တာဝန်ခံဆရာဝန်၏ ခွင့်ပြုသည့်အချိန်မတိုင်သေးဘဲ ဆင်းပါက ဆိုးကျိုးများဖြစ်ပြီး ကလေးကို ထိခိုက်မည်ဖြစ်ကြောင်း မိဘ သို့မဟုတ် မိသားစု ဝင်များကို သတိပေးပြောကြားထားသင့်သည်။ ဆေးရုံဆင်းပြီးပါက တစ်ပတ်ခန့် အနားယူရန်လိုအပ်သည်။

ကာကွယ်နှိမ်နင်းရန်လို

ခြင်ကျားကိုက်ခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါသည် ယခင်က မိုးရာသီတွင် လူငယ်များ၌သာအဖြစ်များသော်လည်း လက်ရှိအချိန်တွင် အသက်အရွယ်ပေါင်းစုံ၌ ရာသီမရွေး ဖြစ်ပေါ်လျက်ရှိသည်။ အထူးဂရုစိုက်ကာကွယ်သွားရန်လိုအပ်ပေသည်။  အထူးသဖြင့်   ကျန်းမာရေး အသိပညာပေး ခြင်းနှင့် မှန်ကန်သောအလေ့အကျင့်များပေါ်ထွန်းလာစေရေးအတွက် သွေးလွန် တုပ်ကွေးရောဂါ လက္ခဏာများကို ကျန်းမာရေးအသိပညာပေးခြင်း၊  ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းစဉ်များသင်ကြားပေးခြင်း (ဥပမာ- ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ် လုပ်ငန်းစဉ်များ)၊ ရောဂါဖြစ်ပွားမှုများလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီသတင်းပေးပို့ရန် အသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးလူနာရှိသောနေအိမ်နှင့် ပတ်လည်တွင် သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင်များသေစေရန်အတွက် ခြင်ဆေးမှုတ်လုပ်ငန်းများကိုလုပ်ဆောင်သွားရန်လိုအပ်သည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာအလိုက်  တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊ ခြင်ကျား၊ ပိုးလောက်လမ်း အဓိကပေါက်ပွားတတ်သော အိမ်တွင်း၊ အိမ်ပြင်ရှိ ရေသိုလှောင်ထားသည့် အိုးခွက်များ (ဥပမာ- စဉ့်အိုး၊ အုတ်ရေကန်၊ ဘုရားပန်းအိုး၊ နတ်စင်အိုး စသဖြင့်)ကို ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ မလိုအပ်သည့် အိုး၊ ခွက်၊ ဘက်ထရီအိုး၊ တာယာဟောင်း စသည်တို့ကို စနစ်တကျမြေမြှုပ်ပစ်ခြင်း၊ ရေအောင်းပြီး ခြင်ပေါက်ပွားနိုင်သော ဝါးငုတ်၊ သစ်ခေါင်းများကို ရှင်းလင်း၊ မြေဖို့ခြင်း၊  မသွန်နိုင်၊  မလှယ်နိုင်သော  ရေစည်၊  ရေကန်များတွင် ပိုးလောက်လမ်းသတ်ဆေး(အဘိတ်ဆေး)ခတ်ခြင်း၊ ကျောင်း များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ခြင်ကျား ကင်း စင်သည့် ကျောင်းများထူထောင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးပညာပေးခြင်း၊  သောကြာနေ့တွင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ပိုးလောက်လမ်း စစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ ကျောင်းတွင်  တစ်ပတ်လျှင်တစ်ကြိမ် နာရီဝက်ခန့် အချိန်ပေး၍ ပိုးလောက်လမ်းရှာဖွေစေခြင်း၊ ရေလှယ်ခြင်း၊ သွန်ခြင်း၊ တစ်ပတ်အတွင်း နောက်ဆုံး ကျောင်းတက်ရသည့်နေ့ (သောကြာ)တွင် သောက်ရေအိုးများနှင့် တခြားအိုးများကို ပွတ်တိုက်ဆေးကြော၍ ကျောင်းပိတ်ရက်များတွင် မှောက်ထားခဲ့ခြင်းတို့ကိုဆောင်ရွက်သွားသင့်သည်။

ထို့ပြင် တစ်ဦးချင်းအနေဖြင့်လည်း ခြင်ကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားခြင်း၊   အိပ်သည့်အခါတိုင်း   နေ့/ည မရွေး ခြင်ထောင်ဖြင့်အိပ်ခြင်း(ဖြစ်နိုင်ပါက)   ဆေးစိမ်ခြင်ထောင် ဖြင့်အိပ်ခြင်း၊ ခြင်နိုင်ဆေးလိမ်းခြင်း၊ အိမ်များတွင် ခြင်လုံဆန်ခါတပ်ဆင်ခြင်းတို့ ပြုလုပ်သင့်သည်။

မိုးရာသီနှင့်သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်

ဆိုရလျှင် သွေးလွန်တုပ်ကွေးသည် ရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ အကောင်းဆုံးကာကွယ်နည်းမှာ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းနှင့် ခြင်ကျား မပေါက်ပွားနိုင်အောင် ပြုလုပ်ခြင်းတို့ဖြစ်သည်။ မိုးတွင်းကာလသာမက မည်သည့်အချိန်တွင်မဆို ကလေးများဖျား နာလျှင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို  သတိပြုသွားရန်လိုအပ်သည်။ 

အသက်အန္တရာယ်ရှိသည့်ရောဂါဖြစ်သော်လည်းအလွယ်တကူကာကွယ်နိုင်သော ရောဂါဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးသံသယရှိပါကဆေးရုံ၊ ဆေးခန်းများတွင် ချက်ချင်းသွားရောက် ပြသသင့်သည်။

အထူးဂရုပြုသင့်သောအချက်မှာ သွေးလွန်တုပ်ကွေးသည် ယခင်ဖြစ်ဖူးသည့်သူများတွင် နောက်တစ်ကြိမ်ဖြစ်လျှင် ပိုမိုဆိုးရွားတတ်သောကြောင့် အထူးသတိထားရန်လိုအပ်သည်။ရာသီတစ်ခုတည်း မှာပင်နှစ်ကြိမ်ပြန်ဖြစ်နိုင်သည့်အတွက်ပထမတစ်ကြိမ်ဖြစ်ပြီးဟု သဘောထားပြီး ပေါ့ဆ၍မရ သည့် ရောဂါဖြစ်သည်။   ထို့ကြောင့် မိုးရာသီတွင် အဖြစ်များတတ်သည့်  သွေးလွန်တုပ်ကွေးရောဂါ   ကြိုတင်ကာကွယ်နိုင်ရေးအတွက်  စေတနာဖြင့်တိုက်တွန်း အကြံပြုရေးသား အပ်ပါသည်။   ။

MWD Web Portal

မောင်သောင်းဝင်း(တမန်ဟောင်း)

နိုင်ငံတကာဆက်ဆံရေးမှာ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိဆိုသလို နိုင်ငံရေးမှာလည်း ထိုနည်းတူတူ၊ ရန်သူမိတ်ဆွေဆိုတာ ခဏတာပါ။ နိုင်ငံတကာအရေး၊ နိုင်ငံရေးတွေမှာ ထိုသဘောတရားက အတူတူပါ။ အကျိုးစီးပွားချင်းမတူကြခြင်းကြောင့်ဖြစ်ပါတယ်။ ယခုနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ ပိုထင်ရှားလာသလို ယခုလတ်တလော အမေရိကန်နိုင်ငံရေးမှာ သိသိသာသာကြီး ပြောစရာဖြစ်လာတဲ့ ကမ္ဘာ့အာဏာအရှိဆုံး သမ္မတထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး အီလွန်မက်စ်တို့ဆက်ဆံရေး ခွာပြဲ၊ ကတ္တီပါလမ်းခွဲက သင်ခန်းစာယူစရာဖြစ်လာတယ်။ ဘုံရည်မှန်းချက်နဲ့ အကြံတူတုန်း ခဏမိတ်ဆွေ၊ ရည်မှန်းချက်မြောက်ပြီးမှ အကျိုးစီးပွားချင်းမတူတဲ့အပြင် အာဏာရမ္မက်ကြားမှာ ရန်သူတွေဖြစ်ကြရ။ ဖြစ်တတ်တဲ့သဘောဆိုပေမယ့် ထာဝရအကျိုးစီးပွားအတွက် ထာဝရခိုင်မြဲတဲ့ မိတ်ဆွေဖြစ်ကြမယ်ဆိုရင်တော့ ပိုအောင်မြင်မယ်။ ဒါပေမဲ့ ယနေ့အခြေအနေများအရတော့ အမြဲတမ်း မိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာ မရှိသလောက်ဖြစ်လာကြပါပြီ။

အကျိုးစီးပွားချင်းမတူကြတဲ့အခါ

ထရမ့်နဲ့ အီလွန်မက်စ်ပြဿနာကတော့ စကတည်းက ယဉ်သကိုဆိုသလို နိုင်ငံရေးသမားနဲ့ စီးပွားရေးသမား၊ အမြဲတမ်းပေါင်းစပ်ဖို့ ခဲယဉ်းကြောင်း သဘောတရားတစ်ခုကို ရှင်းရှင်းလင်းလင်းသိမြင်လိုက်ရတယ်။ နိုင်ငံရေးသမားက နိုင်ငံရေးလိုတွက်မယ်၊ စီးပွားရေးသမားက စီးပွားရေးအမြင်နဲ့တွက်မယ်။ တစ်သဘောချင်း ဘယ်ဖြစ်နိုင်ပါ့မလဲ၊ အကျိုးစီးပွားထိခိုက်တယ်ထင်ရင် တိုက်ကြခိုက်ကြမယ်ဆိုတာချည်း။ ယခုခေတ် နိုင်ငံရေး၊ စီးပွားရေးသမားတွေကပဲ ပြောနေတာ။

ဒါပေမဲ့ သူတို့ဆိုတာက သမ္မတရွေးကောက်ပွဲမတိုင်ခင်ကော၊ ပြီးပြီးချင်းမှာပါ ညီအစ်ကိုတမျှ ချစ်ခဲ့ကြသူတွေ၊ မက်စ်ကထရမ့်အောင်နိုင်ဖို့ ပုံအောပြီး ငွေသုံးပေးခဲ့သူ၊ ဒါပေမဲ့ ယခုအခါမှာတော့ သူတို့အချင်းချင်း စကားစစ်ထိုးကြ၊ ဆိုရှယ်မီဒီယာမှာ အပြန်အလှန်တိုက်ကြခိုက်ကြ၊ ငယ်ကျိုးငယ်နာဖော်ကြတဲ့အထိ ရန်သူတွေဖြစ်သွားရပြီ။ လတ်တလောအကြောင်းရင်းက မက်စ်ရဲ့ Tesla EV ကိစ္စ၊ Space X ရဲ့ ကန်ထရိုက်တွေကိစ္စမှာ ထရမ့်ဘက်ကကြပ်လိုက်တာပါမယ်။ အစိုးရရဲ့အသုံးစရိတ် ဒေါ်လာဘီလီယံများစွာကို ထိန်းချုပ်မယ့် သမ္မတထရမ့်ရဲ့အစီအစဉ်မှာ အီလွန်မက်စ်ရဲ့ လုပ်ငန်းတွေပါသွားခြင်းကို မက်စ်က အတော်မကျေမချမ်းဖြစ်ရာကနေ ထရမ့်ကိုပြန်တုံ့ပြန်ခဲ့တယ်။ မက်စ်က သမ္မတထရမ့် ပါဝင်ပတ်သက်မှုပါတဲ့ Jeffery Epstein file ကို ပြည်သူ့ရှေ့မှောက် ဖွင့်ချလိုက်မယ်ဆိုတဲ့အခါမှာတော့ ထရမ့်နဲ့မက်စ်ကြားက ဆက်ဆံရေးအကွဲအပြဲက ပိုမိုဆိုးရွားသွားပုံရပြီး ပြဿနာအကြီးကြီးအထိ ဖြစ်သွားရပါတော့တယ်။

မီးလောင်ရာလေပင့် သွေးခွဲသူတွေရှိတယ် သတိထား

နောက်တစ်ခု မီးလောင်ရာလေပင့် သတင်းတစ်ခုအရဆိုရင် လက်ရှိသမ္မတထရမ့်ရဲ့ အဘိုးက ဂျာမန်ကြီးတစ်ဦးပါတဲ့။ US ကိုရောက်လာတဲ့ ဂျာမန်အဓိပတိ မားဇ်ကပြောခဲ့တာကြောင့် ထရမ့်က ဂျာမန်သွေးနှောသူကြီးဖြစ်သွားခဲ့ရပြီ။ ထရမ့်ကို ပါးပါးလေးပုတ်ပြီး ရုရှားသမ္မတနဲ့ သွေးခွဲလိုက်တဲ့သဘော၊ Migrants နဲ့ပတ်သက်ရင်အထိမခံတဲ့ သမ္မတကြီးကို သာသာလေးပညာပေးတဲ့သဘော တွေ့ရလိမ့်မယ်။ ထို့အတူ တောင်အာဖရိကနွယ်ဖွားဖြစ်တဲ့ အီလွန်မက်စ်အပေါ်မှာလည်း လူမျိုးရေးအရသွေးခွဲမှုတွေက ထရမ့်နဲ့ မက်စ်အကြားမှာ အလွယ်တကူ သွေးကွဲနိုင်တဲ့အနေအထားဖြစ်နေတယ်။ ယူတတ်ရင်သင်ခန်းစာဖြစ်တဲ့အတွက် နိုင်ငံအတွင်းက တိုင်းရင်းသားတွေအနေနဲ့ ပညာယူတတ်ရလိမ့်မယ်။

ကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့ နိုင်ငံအားလုံးလိုလို ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေအရပါ။ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ပထဝီဝင်အနေ အထားအရ၊ ဆင်းရဲချမ်းသာ ကွာဟချက်အရ၊ ကျင့်သုံးတဲ့နိုင်ငံရေးစနစ်တွေအရ ကွဲပြားမှုတွေအပေါ် မြှောက်ပင့်သွေးထိုးခံရတဲ့အခါ မူလမိတ်ဆွေ အဖြစ်ကနေရန်သူဖြစ်သွားရတဲ့ သာဓကပေါင်းများစွာရှိခဲ့ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း လက်ဝဲဆန်ဆန် ဒီမိုလစ်ဘရယ်ကြောင်တွေကြောင့် မိဘနဲ့သားသမီး၊ ညီအစ်ကိုမောင်နှမချင်း၊ အလွန်ချစ်ခင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေကြား အယူအဆ မတူ၊ ကွဲကြ၊ ခွဲကြ၊ အခေါ်အပြောမလုပ်၊ ရန်သူမည်သည်အထိ ဖြစ်သွားရတဲ့ ခါးသီးမှုများစွာရှိပါတယ်။ သိပ်နီးကပ်လွန်းရင်လည်း သွေးထိုးခံရတတ်တယ်။ နီးရာကနေ ဝေးသွားရင်လည်း ပိုဝေးသထက်ဝေးအောင် သွေးခွဲသူကအလိုလိုပေါ်လာတတ်တယ်။ သတိထား ရှုမြင်ဆင်ခြင်နိုင်အောင်ဖြစ်ပါတယ်။

အတ္တနဲ့ပါဝါ အခြေခံနေသရွေ့

တွဲလွန်းရင် ကွဲသွားတတ်တဲ့ သဘောတရားတစ်ခု။ လူမှုဆက်ဆံရေးနယ်ပယ်မှာ တွေ့ရတတ်တဲ့ ဘာမှအမြဲမရှိတတ်တဲ့ ဒီလိုသဘောတရားမျိုးဟာ ကမ္ဘာ့သမိုင်းစနစ်တိုင်းမှာလည်း ရှိခဲ့ကြဖူးတယ်။ ဥပမာ ကမ္ဘာ့ကွန်မြူနစ်သမိုင်းမှာ ဆိုဗီယက်ကွန်မြူနစ်နဲ့ ယူဂိုဆလားဗီးယားကွန်မြူနစ်၊ ဟန်ဂေရီ ကွန်မြူနစ် အချင်းချင်းအကွဲအပြဲ၊၊ အကြောင်းရင်းက သူ့မူဝါဒ ၊ ငါ့မူဝါဒ ၊ မူဝါဒချင်း၊ အတွေးအခါ်ချင်း၊ ရပ်တည်ချက်ချင်း အပြိုင်အဆိုင်တွေကြောင့်ပါပဲ။ ကမ္ဘာမှာ အာဏာအရှိဆုံးဖြစ်ချင်ကြတယ်၊ ခေါင်းဆောင်ဖြစ်ချင်ကြတယ်။ ယခင်ကတော့ ဘုံရန်သူအရင်းရှင်စနစ်ဆိုးကြီးကို တိုက်ဖျက်ဖို့ဆိုပြီး စည်းလုံးခဲ့ကြတာပေါ့၊၊ ဒါက အတိတ်ဥပမာများဖြစ်ပြီး ယနေ့ခေတ်မှာလည်း ထာဝရမိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာမျိုးတွေ မရှိတော့တာ တွေ့လာရတယ်။ ဒီနေ့ရန်သူဟာ နောက်တစ်နေ့ မိတ်ဆွေဖြစ်နိုင်သလို ဒီနေ့မိတ်ဆွေကလည်း ချက်ချင်းဆိုသလို ရန်သူဖြစ်သွားနိုင်ပါတယ်။ ဒီဘက်ခေတ်တွေမှာ အများကြီးသတိထားရတော့မယ့် အနေအထားမျိုးတွေဖြစ်ပါတယ်။

ယနေ့ခေတ် ဥပမာပေးရရင် NATO အဖွဲ့ကြီးကို မြင်ကြည့်လို့ရတယ်။ ဒီအဖွဲ့အတွင်း US က ရုရှားဘက် ယိမ်းလာတဲ့သဘောတွေ၊ တူကီယဲ၊ ဟန်ဂေရီတို့လို အယူအဆမတူတဲ့ နိုင်ငံတွေကြောင့် NATO အတွင်း ခွာပြဲမှုတွေဖြစ်လာနိုင်တယ်။ Trade War ဆိုပြီး အကြီးအကျယ် ကုန်သွယ်စစ်ဆင်နွှဲဟန် ဟန်ရေးတပြပြရှိခဲ့တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးတောင်မကြာမီ ဘေဂျင်းမှာ State Visit ခေါင်းဆောင်ချင်းတွေ့ဖို့အထိ ဖြစ်လာခဲ့ကြပြီ။ အစိုးရတယ်ရယ်လို့ ဘယ်မှာရှိနိုင်အံ့ပါ့နည်း။

အကြောင်းတရားကို ရှာကြည့်ရင် မိမိအကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားအခြေခံတဲ့ အတ္တတွေကြောင့်ပဲ မဟုတ်ပါလား။ အာဏာပါဝါတွေကြောင့်ပဲ မဟုတ်ပါလား။ ချမ်းသာလာတဲ့သူက အာဏာကို ပိုတပ်မက်လာတယ်။ အာဏာရှိသူကလည်း ပိုပြီးချမ်းသာချင်လာတယ်။ နိုင်ငံရေးနယ်ပယ်ကော၊ စီးပွားရေးနယ်ပယ်မှာပါ ဒီသဘောတရားက အများစုတွေ့ရတတ်တဲ့သဘော ဖြစ်တတ်တဲ့သဘောတွေမို့ အထူးအဆန်းကြီးမဟုတ်ပေမယ့် လူ့အဖွဲ့အစည်းကို ဦးဆောင်ရသူတွေ၊ နိုင်ငံကိုဦးဆောင်ရသူတွေအကြား သည်းမခံနိုင်၊ အကဲဆတ်လွန်းကြရင် တွက်ကိန်းမှားနိုင်ခြေကို တွက်ချက်ဆင်ခြင်နိုင်ရပါမယ်။ ဘယ်အရာကိုမှ ယုံကြည်မှုမလွန်ကဲဖို့နဲ့ အစွဲတွေလွန်ကဲမသွားဖို့လိုပါတယ်။

ထာဝရအကျိုးစီးပွားဖြစ်မှသာ

သုံးသပ်ရရင်တော့ ထရမ့်နဲ့မက်စ်တို့ပြဿနာက ဘယ်လိုဆက်သွားမလဲ မပြောနိုင်ပါဘူး။ လင်နဲ့မယား လျှာနဲ့သွားလို ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်လည်းဖြစ်နိုင်တာပဲ။ ပြန်တည့်ရင်လည်း ကိုယ်စီအကျိုး စီးပွားကြောင့်သာဖြစ်ပါလိမ့်မယ်။ အတ္တနဲ့လောဘနဲ့ ငါအစွဲမဖြုတ်နိုင်ရင်ကြတော့ ယာယီအကျိုးစီးပွားအတွက် ယာယီပြန်ပေါင်းတာပဲဖြစ်နိုင်မယ်။ နှစ်ဦးနှစ်ဖက်အကျိုး၊ နိုင်ငံအကျိုးစီးပွားအတွက်ပါ မျှမျှတတကြည့်နိုင်မှသာ ထာဝရအကျိုးစီးပွားကို ရနိုင်မယ်ဆိုတာ သက်ဆိုင်သူအားလုံး မြင်သွားရင်ငြိမ်းချမ်းပြီ။ မဟုတ်ရင်အားလုံးအတွက် အကျိုးယုတ်သွားနိုင်တယ်၊၊ ယနေ့ အမေရိကန်နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ လုပ်နေပြောနေပုံအရတော့ သူတို့တွေက နိုင်ငံ့အရေးထက် နိုင်ငံရေးလုပ်နေတာကများတယ်။ ငါနဲ့မတူ ငါ့ရန်သူ၊ အမြင်မတူရင် ရှင်းမယ်ဆိုတာချည်းပဲ။ အမုန်းအာဃာအားကြီးလာတဲ့အခါ ဒီမိုကရေစီယဉ်ကျေးမှုလည်း ပါးလျလာတဲ့ သဘောပဲ။

အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွား၊ အမေရိကန် ပြည်သူတွေရဲ့အကျိုး ရှေ့တန်းတင်နိုင်ရေးကို ယနေ့ အမေရိကန်နိုင်ငံရေးသမားတွေ မြင်ပုံမရသေးဘူး။ ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအကျိုး ကြည့်တဲ့သူက သူရဲကောင်းဖြစ်နိုင်မယ်၊ အနာဂတ်နိုင်ငံ့ခေါင်းဆောင်အထိ မှန်းလို့ရသွားမယ်၊ ဒါပေမဲ့ ဒီနေရာမှာ တရားသဘောအရ သံဝေဂဖြစ်စရာတွေက အများကြီးပါ။ အများအတွက် မမြင်နိုင်လောက်အောင် ဖုံးလွှမ်းနေတဲ့ အဝိဇ္ဇာမောဟသဘောတွေ၊ အမှန်လည်းမမြင်၊ အမှားလည်းမမြင်နိုင်လောက်အောင် ပိန်းပိတ်နေတဲ့ အတ္တမာန်မာနနဲ့ လောဘဒေါသတွေ၊ ဒီတရားတွေ အဆိုးဘက်သိပ်ရောက်သွားရင် လုပ်သင့်တဲ့အလုပ်ကိုတောင် မမြင်နိုင်တော့တဲ့အထိ ဖြစ်နေကြတယ်၊၊ နိုင်ငံရေးဘက်ကကြည့်ရင် ရေတိုအောင်မြင်မှု Quick Win ကိုလည်း ရှာနိုင်ရမယ့်သဘော၊ စီးပွားရေးဘက်ကကြည့်ရင် ရေရှည်အကျိုးစီးပွားကိုလည်း တွက်နိုင်ရမယ့်သဘော၊ ဒီလိုသဘောတရားတွေကို တစ်ချိန်က မိတ်ဆွေအရင်းဖြစ်ခဲ့ကြတဲ့ ထရမ့်နဲ့ မက်စ်တို့အနေနဲ့ ဝေဖန်ဆင်ခြင်သင့်ပါတယ်။ အချင်းချင်းမတည့်ကြလို့ ညီညွတ်မှုမရှိတော့တဲ့ မိတ်ဆွေတွေကြားမှာ ရန်သူဘက်က ခလောက်ဆန်လို့ ပိုလွယ်နေတယ်၊ မလိုသူတွေ သွေးခွဲမှုကြောင့် ပိုပြီးသွေးကွဲသွားနိုင်ကြောင်း သတိပြုသင့်တယ်။ အချင်းချင်းအကြားမှာ နားလည်မှုထားပြီး သည်းခံနိုင်ကြရင်သာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိပါလားဆိုတာလည်း တွေ့ရလိမ့်မယ်။

သင်ခန်းစာယူစရာ များစွာရှိပါတယ်

ယနေ့ခေတ် နိုင်ငံတကာရေးရာအဖြစ်အပျက်တွေကြည့်ပြီး သင်ခန်းစာယူစရာ များစွာရှိနိုင်ပါတယ်။ အထူးသဖြင့် မိမိပြည်တွင်းရေးမှာ အစဉ်အဆက် ပြည်ပစွက်ဖက်မှုတွေကို အထူးအလေးထားရမယ်။ ခွဲလို့၊ ကွဲချင်သူတွေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာ ပါးပါးလေးခွဲလိုက်ရုံနဲ့ အကြီးအကျယ်ကွဲသွားနိုင်ကြောင်း သတိပြုသင့်ပါတယ်။ တိုင်းရင်းသားတွေကြားမှာ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ နယ်မြေ ဒေသအခြေအနေအရ အလွန်အမင်းကွဲပြားသွားအောင်လုပ်ဖို့မသင့်ပါဘူး။ နိုင်ငံရေးလုပ်ကြတဲ့ နိုင်ငံရေးသမားတွေလည်း ထိုနည်းအတိုင်းပါ။ တိကျခိုင်မာတဲ့မူဝါဒ၊ အပြောင်းအလဲမများတဲ့မူဝါဒ၊ လက်တွေ့ကျတဲ့မူဝါဒနဲ့ စေတနာပါတဲ့လုပ်နည်းလုပ်ဟန်တွေအတိုင်းဆိုရင် နိုင်ငံ့အရေးလုပ်နေတဲ့ နိုင်ငံရေးသမားတွေအဖြစ် ပြည်သူတွေက ကြည်ညိုလေးစားကြမှာပါ။ အရေးအကြောင်းရှိခဲ့ရင်လည်း ကူညီဖို့အသင့်က ကိုယ့်အနီးဆုံး မိတ်ဆွေတွေပဲဖြစ်ပါတယ်။

ပြည်ပအရေးကြည့်ရင် အနီးအဝေးနိုင်ငံအားလုံးဟာ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်မို့ မိမိအရေးသာ ဦးစားပေးစဉ်းစားကြမှာ ဖြစ်ပါတယ်။ ကိုယ့်အရေးချည်း စဉ်းစားလာတဲ့အခါ ကိုယ့်အပေါ် ရှိနေတဲ့သူ့ကျေးဇူးကို မေ့သွားတတ်ကြတယ်။ ဒါကြောင့် မိတ်ဆွေတွေဖြစ်ခဲ့ကြသူချင်း ကွဲကြ၊ ခွဲကြဖို့ အစပျိုးလာတဲ့အခါ ရှိခဲ့ကြဖူးတဲ့ ကျေးဇူးတရားတွေကို မမေ့လျော့ကြဖို့လိုပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ထိုနည်းလည်းကောင်းပါ။ အိမ်နီးချင်းကောင်း ပီသစွာနဲ့ သူ့ကျေးဇူး၊ ကိုယ့်ကျေးဇူး အပြန်အလှန်သိတတ်ကြရင် အမြဲတမ်းမိတ်ဆွေတွေအဖြစ်နဲ့ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းစွာတည်ဆောက်သွားနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ ရေရှည်မိတ်ဆွေ၊ ထာဝရမိတ်ဆွေရဖို့ဆိုတာတော့ အလွန်ခဲယဉ်းတတ်ပါတယ်။ မိမိအကျိုး၊ အများအကျိုးရည်မျှော်ပြီးတော့ မိမိဘက်ကလည်း ယုံကြည်စိတ်ချရကြောင်း ပြနိုင်မှ၊ ဟန်ချက်ညီညီနဲ့ လက်တွဲပြနိုင်မှ ရေရှည်ထာဝရမိတ်ဆွေတွေအဖြစ် လက်ခံကြမှာပါ။ တကယ်တော့ ပွတ်တိုက်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုတာ အပြန်အလှန်နားလည်ပေးနိုင်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်မှု၊ ရေရှည်နှစ်ဦးနှစ်ဖက် အကျိုးဖြစ်မယ့်အမြင်ကို မြင်နိုင်စွမ်း ဒီအချက်တွေပေါ်မှာ အဓိကမူတည်ပါတယ်၊၊ ဒီလိုသာ တည်ဆောက်နိုင်ကြရင် ကတ္တီပါလမ်းခွဲကိစ္စမျိုးတွေလည်း ဘယ်တော့မှရှိလာနိုင်မှာမဟုတ်ကြောင်းနဲ့ ထာဝရရန်သူ၊ ထာဝရမိတ်ဆွေဆိုတာမရှိ၊ ထာဝရအကျိုးစီးပွားသာရှိနေမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။

MOI

မြင့်မြတ်

ကမ္ဘာကြီးမှာ ဆူဆူညံညံဖြစ်နေတာ ကြာပါပြီ။ အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီး နောက်ပိုင်း အဲဒီအသံတွေ ပိုကျယ်လာတာပါ။ ပြောမယ်ဆို ကမ္ဘာကြီးက အတော်ကိုကွဲနေတာပေါ့။ ညှိနှိုင်းလို့မရနိုင်လောက်အောင် ကွဲနေတာပါ။ လူတွေက ဘာတွေများဖြစ်လာဦးမလဲဆိုပြီး စိုးရိမ်ကြတယ်။

အကိုင်အတွယ်မတတ်ရင် တတိယကမ္ဘာစစ်အထိ ဖြစ်သွားနိုင်တယ်လို့ ထရမ့်ကိုယ်တိုင်က တစ်ကြိမ်မကပြောထားတော့ လူတွေက ပိုစိုးရိမ်ကြတယ်။ အခုက အမေရိကန်ကော ဥရောပမှာပါ နိုင်ငံရေးအခြေအနေက တော်တော်ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနေတယ်။ ရုရှား - ယူကရိန်းစစ်က ကြာရှည်နေသလို ပိုပြီးတင်းမာလာနေတယ်။ တရုတ်နဲ့ အမေရိကန်၊ အီးယူတို့လို အနောက်နိုင်ငံတွေအကြား တင်းမာမှုကတိုးလာနေတယ်။ ဘာမှ မှန်းဆလို့မရအောင်ဖြစ်လာတယ်။ နိုင်ငံရေးသီအိုရီတွေ ဘေးရောက်ကုန်တယ်။ ကမ္ဘာ့စနစ်ကြီးကို ထိန်းကျောင်းတယ်ဆိုတဲ့ အမေရိကန်တို့၊ ဥရောပတို့ကိုယ်တိုင် သူတို့အတွင်းထဲမှာ အကွဲအပြဲတွေ ကြီးမားနေတယ်။ ကုလသမဂ္ဂတို့၊ နိုင်ငံတကာအဖွဲ့အစည်းတို့ဆိုတာလည်း သူတို့ကိုယ်သူတို့ အနိုင်နိုင်လိုဖြစ်နေတယ်။ တစ်ခုခုကြီးကြီးမားမားဖြစ်လာရင် ကြားဝင်မယ့်သူကလည်းမရှိဘူး။ အထိန်းအကွပ်တွေ ပြုတ်ထွက်သလို ဖြစ်နေတယ်။

ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေ

အကွဲအပြဲတွေဆိုတာ နိုင်ငံတိုင်းမှာရှိတယ်။ အာဏာရှင်နိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိသလို ဒီမိုကရေစီနိုင်ငံတွေမှာလည်း အကွဲအပြဲဆိုတာရှိတယ်။ အာဏာရှင်နိုင်ငံတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေဆိုတာ အရင်ကတည်းက စည်းခြားပြီးသား၊ ကွဲနှင့်ပြီးသားဖြစ်တယ်။ အာဏာပိုင်နိုင်ငံတွေမှာ အကွဲအပြဲကမသိသာပေမယ့် အမေရိကန်၊ ဥ‌‌ရောပလို ဒီမိုကရေစီနိုင်ငံတွေမှာ အကွဲအပြဲက သိသာတယ်။ အခုကဒီမိုကရေစီနိုင်ငံတွေထဲမှာကို သူတို့အချင်းချင်း အကွဲအပြဲက ကြီးမားနေတာဖြစ်တယ်။ အာဏာရှင်နိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေရယ်၊ ဒီမိုကရေစီနိုင်ငံတွေထဲက ထရမ့်တို့လို အာဏာရှင်ဆန်သူတွေရယ် ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်နေတယ်။

ဒီကြားထဲ ဘာသာရေးအစွန်းရောက်၊ လူမျိုးရေးအစွန်းရောက်၊ အကြမ်းဖက်သမားအုပ်စုတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအခွင့်အရေး၊ လိင်တူသူများအခွင့်အရေး၊ တက်ကြွလှုပ်ရှားသူဆိုတာတွေကလည်း ရှိသေးတယ်။ အားလုံးကသူတို့အခွင့်အရေး တောင်းဆိုနေကြတယ်။ အားလုံးဟာ အစွန်းတွေဆီသွားနေကြတယ်။ လူတွေဟာ ခေတ်တွေ၊ စနစ်တွေပြောင်းတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာကြပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တိုးတက်မလာဘူး။ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို အထိအခိုက်မခံနိုင်ကြဘူး။ စေ့စပ်ညှိနှိုင်းဖို့ထက် လက်ဦးမှုရဖို့ပဲ အားသန်လာနေကြတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာ

သမိုင်းကိုပြန်ကြည့်ရင် ကမ္ဘာကြီးမှာ ကွဲပြားမှုတွေ သိပ်များလာရာ၊ သိပ်ကြီးလာရာကနေစစ်ကြီး တွေဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉-၁၉၄၅) ပြီးတော့ အဲဒီကွဲပြားမှုတွေ လျော့နည်းဖို့၊ အပြန်အလှန်နားလည်ဖို့ဆိုပြီး နိုင်ငံတကာဥပဒေမူဘောင်တွေ ထုတ်ပြန်တယ်၊ လူ့အခွင့်အရေး မူဘောင်တွေချမှတ်တယ်၊ နိုင်ငံတကာအဖွဲ့အစည်းတွေဖွဲ့စည်းတယ်၊ ကုလသမဂ္ဂဆိုတာရှိလာတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးဆိုတာတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ နေရာအနှံ့ပေါ်လာတယ်။

ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက လူသားရင်းမြစ်များစွာ မွေးထုတ်ပေးတယ်။ နိုင်ငံတကာ သုတေသနဌာနတွေက စာတမ်းပေါင်းများစွာ ရေးသားတယ်။ ဝိုင်းဝန်းချိတ်ဆက်လုပ်ဆောင်ကြတယ်။ ကမ္ဘာကြီးငြိမ်းချမ်းဖို့၊ တရားမျှတဖို့ ပုံစံအမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုးနဲ့ လုပ်လိုက်ကြတဲ့ ပရောဂျက်တွေ၊ ပရိုဂရမ်တွေဆိုတာထောင်နဲ့ သောင်းနဲ့ချီပြီးရှိတယ်။ သုံးလိုက်တဲ့ပိုက်ဆံတွေဆိုတာ ဒေါ်လာ ဘီလီယံ‌ထောင်သောင်းချီရှိတယ်။ အခု ၂၀၂၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးတာ နှစ် ၈၀ ပြည့်ပြီ။ နောက်အနှစ် ၂၀ ဆို စစ်ကြီး ပြီးတာ နှစ် ၁၀၀ ပြည့်လိမ့်မယ်။ အဲဒီနှစ် ၁၀၀ မပြည့်ခင် ကမ္ဘာကြီးက ပိုပြီးငြိမ်းချမ်းလာဖို့လိုတယ်။ သဘောထားကွဲပြားမှုတွေ လျော့နည်းလာဖို့ လိုတယ်။ နောက်ထပ် နှစ် ၂၀ ပဲ အချိန်ရတော့တယ်။ မဟုတ်ရင် ဒီကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်ကြီး ဒါမှမဟုတ်လည်း ကြီးမားတဲ့စစ်ပွဲကြီးတွေ လာမယ့်နှစ် ၂၀ အတွင်း ထပ်ပြီးရင်ဆိုင်ရလိမ့်မယ်။

လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရ

အခုဆို အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီးဟာ သူ့သမိုင်းမှာ လူ့အဖွဲ့အစည်းအတွင်း အကွဲပြားဆုံးလို့ ပြောနိုင်တဲ့အခြေအနေကို ရင်ဆိုင်နေရတယ်။ နိုင်ငံရေးလည်း နိုင်ငံရေးမို့၊ စီးပွားရေးလည်း စီးပွားရေးမို့၊ လူမှုရေးလည်း လူမှုရေးမို့အကုန်ရှုပ်ထွေးနေတယ်။ သံသယတွေကြီးနေတယ်။ ယုံကြည်မှုတွေပျောက်ဆုံးနေတယ်။ ဒီလိုအခြေအနေတွေမှာ ကမ္ဘာကြီးကို ထိန်းကျောင်းဖို့ အာဏာရှိတဲ့အစိုးရတွေ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တာဝန်ရှိတယ်ဆိုပေမယ့် အခုကအဲဒီအစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်က အနိုင်နိုင်ဖြစ်လာနေတယ်။

အစိုးရတွေဟာ လူသားချင်းစာနာမှု၊ ဖွံ့ဖြိုးရေးအကူအညီတွေဆိုတာထက် လုံခြုံရေး၊ စစ်ရေးစတဲ့ နေရာတွေမှာ သူတို့ငွေကြေးတွေကို ပိုမိုသုံးစွဲဖို့ ဖြစ်လာတယ်။ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥရောပဆက်ဆံရေးအခြေအနေ ရုတ်ခြည်းဆိုးရွားလာတာကြောင့် ဥရောပကသူ့ကာကွယ်ရေးအတွက် အသုံးစရိတ်တွေ ပိုတိုးသုံးစွဲဖို့ စီစဉ်လာနေရတယ်။ စစ်ရေးအသုံးစရိတ်တွေ တိုးသုံးရတဲ့အတွက် အခြားနေရာက ဥပမာ-နိုင်ငံတကာဖွံ့ဖြိုးရေး၊ လူသားချင်းစာနာမှု အကူအညီတွေ လျှော့ချဖြတ်တောက်ဖို့ဖြစ်လာတယ်။ လူတွေဟာ ဘယ်သူ့ဘယ်သူမှ မယုံကြတော့ဘူး။ ဘယ်သူ့ဘယ်သူကို အားကိုးရမှန်း မသိကြတော့ဘူး။ သဘောထားကွဲလွဲမှုတွေကို စေ့စပ်ဖြေရှင်းဖို့ထက် အားလုံးက ခံစစ်ပြင်နေကြပြီ။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ဖြစ်တည်လာတဲ့ ကမ္ဘာ့စနစ်ကြီးဟာ အခုဆိုရင် အကြီးမားဆုံး စိန်ခေါ်ခံနေရတယ်။ နိုင်ငံတကာဥပဒေမူဘောင်တွေ၊ နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းတွေဆိုတာ ဘေးရောက်သလို ဖြစ်လာနေတယ်။ နိုင်ငံတကာ ဥ‌ပဒေမူဘောင်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို အဓိကထိန်းကျောင်းတာ အနောက်နိုင်ငံတွေ ဖြစ်တယ်။ အခုဆိုအဲဒီအနောက်နိုင်ငံတွေကိုယ်တိုင် သူတို့အတွင်းမှာတင် သဘောထားကွဲပြားမှုတွေက ညှိနှိုင်းလို့မရအောင်ဖြစ်လာနေတယ်။ အရင်ကအမေရိကန်၊ ဥရောပဆိုတာ ညီညွတ်တယ်။

အမေရိကန်နဲ့ ဥ‌ရောပ စည်းလုံးညီညွတ်မှုက သိသိသာသာ ယိုယွင်းလာ

အမေရိကန်မှာ ထရမ့်တက်လာပြီးနောက်ပိုင်း အမေရိကန်နဲ့ ဥ‌ရောပစည်းလုံးညီညွတ်မှုက သိသိသာသာယိုယွင်းလာတယ်။ လူသိရှင်ကြားကတောက်ကဆတ်ဖြစ်ကြတယ်။ အမေရိကန်နဲ့ ဥရောပအကြားမှာတင်မဟုတ်ဘူး။ အမေရိကန်အတွင်းနဲ့ ဥရောပအတွင်းမှာလည်း အကွဲအပြဲတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေတယ်။ အမေရိကန်နိုင်ငံမှာ အာဏာရရီပတ်ဘလစ်ကင်ပါတီနဲ့ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီအကြား အားပြိုင်မှုက အရှိန်မြင့်လာနေသလို ဥရောပမှာလည်း အာဏာရလက်ဝဲယိမ်းလစ်ဘရယ်အစိုးရတွေနဲ့ အတိုက်အခံအမျိုးသားရေး လက်ယာစွန်းပါတီတွေအကြား ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာနေတယ်။ အမေရိကန်မှာ ဒီမိုကရက်တွေက ထရမ့်ကို အတော်မုန်းကြတယ်။ တေးထား၊ ကြိမ်းထားတာပေါ့။ မိုးကောင်းတုန်းတော့ ရွာထားဦးပေါ့။ ထရမ့်ဆိုတဲ့သူကလည်း မိုးရွာရုံတင်မဟုတ်ဘူး။ လေပါတိုက်တာ၊ လေပါတိုက်ရင်းမိုးကြိုးပါပစ်တာ၊ လိုအပ်ရင် လေဆင်နှာမောင်းပါ ထည့်သုံးတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်အပြီး တည်ရှိခဲ့တဲ့ နိုင်ငံတကာအထိုင်ကြီးတစ်ခုလုံးကို ဆွဲဖြုတ်ဖို့အထိ ကြိုးစားလာတယ်။

ဥရောပမှာလည်း လစ်ဘရယ်တွေက လက်ယာစွန်းတွေကို အတော်သတိထားကြတယ်။ တစ်ချိန်က ဂျာမနီက ဟစ်တလာတို့၊ အီတလီက မူဆိုလီနီတို့ဆိုတာ လက်ယာစွန်းဖက်ဆစ်တွေဖြစ်တယ်။ ဒါကြောင့် ဥရောပအစိုးရတွေဟာ လက်ယာစွန်းပါတီတွေ ဘယ်‌လောက်အားကောင်းပါစေ၊ သူတို့ကိုဖယ်ချန်ပြီး အခြားပါတီတွေနဲ့သာ ညွန့်ပေါင်းအစိုးရဖွဲ့လေ့ရှိတယ်။ အခုက ဥရောပမှာ လယ်ယာစွန်းတွေ အားကောင်းလာနေတာကို အသိအမှတ်မပြုလို့မရနိုင်လောက် အောင်ဖြစ်လာနေတယ်။ သူတို့ဆီမှာက ရွေးကောက်ပွဲတွေက လေးနှစ်၊ ငါးနှစ်တစ်ကြိမ်မို့ အပြောင်းအလဲတွေ၊ သဘောထားကွဲမှုတွေက မဆန်းပါဘူးဆိုပေမယ့် အခုက အရင်နဲ့မတူတော့ပါဘူး။ ကမ္ဘာ့ နိုင်ငံ‌ရေးက ပြောင်းနေပါပြီ။ အချိန်တွေကို အများကြီးစောင့်မနေကြတော့ပါဘူး။ အရင်က တစ်ပါတီကနိုင်ရင် သူ့အရင်ပါတီလုပ်ခဲ့ တာတွေဖျက်ပစ်တယ်။ နောက်တစ်ပါတီက ပြန်နိုင်ရင် သူ့အရင်ပါတီလုပ်တာ ဖျက်ပစ်တယ်။ ဘတစ်ပြန်ကျားတစ်ပြန်ပဲ။ အခုကဖျက်ရုံတင်မဟုတ်ဘူး။ အမြစ်ပါလှန်၊ အစပါဖျောက်နေတဲ့သဘောတွေ မြင်နေရပါတယ်။

ဥပဒေတွေကို လိုရာစွဲသုံးလာနေကြပါတယ်။ ကြိုတင်လက်ဦးမှုရယူ၊ အငြိုးတကြီးလုပ်ဆောင်မှုတွေပါ တွေ့လာနေရပါတယ်။ ပေဖြစ်တုန်းခံကြပြီးတူဖြစ်ရင် ထုကြတဲ့သဘောပါပဲ။ ထရမ့်က သူ့အရင် ဘိုင်ဒင်အစိုးရခန့်ထားခဲ့တဲ့ ဖက်ဒရယ်အစိုးရ တာဝန်ရှိသူတွေကို ဖယ်ရှားရှင်းလင်းနေသလို ဂျာမနီမှာလည်း အာဏာရအလယ်အလတ်ဝါဒီ အစိုးရက ရွေးကောက်ပွဲမှာ ဒုတိယအများဆုံးနေရာရခဲ့တဲ့ လက်ယာစွန်း Afd ပါတီကို အစွန်းရောက်တံဆိပ်ကပ်ပြီး တားဆီးပိတ်ပင်ဖို့ ကြိုးစားနေတယ်။ နောက်ဆုံးအားလုံးပျက်သုဉ်းခြင်းဆီအထိ ရောက်သွားနိုင်တာပေါ့။ နောက်ဆုံးနိုင်ငံတွေဟာ စကားတွေသာ လှလှလေးပြောပြီး ကိုယ့်အကျိုး စီးပွားပဲကြည့်ကြတော့မှာပဲ။ ကိုယ်ရှင်သန်အောင်ပဲ ကြိုးစားကြတော့မှာပဲ။ လျင်သူနိုင်စတမ်း၊ လည်သူစားစတမ်းဖြစ်သွားတော့မှာပဲ။ လူ့အခွင့်အရေးတွေပြောရင် ထိုင်ရယ်နေကြလိမ့်မယ်။ မကွဲပြားအောင်လုပ်ရင်းကပဲ ကမ္ဘာကြီးက ပိုပြီးကွဲပြားသွားတယ်။ ဆက်လည်းကွဲပြားနေဦးမယ်။

တစ်ချိန်တုန်းက စစ်အေးတိုက်ပွဲ (Cold War) ဆိုတာ ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၅ ခုနှစ်ကနေ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲတဲ့ ၁၉၉၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ မြင့်ခဲ့တယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေဟာ ပြိုင်ဘက်ဆိုဗီယက်ကွန်မြူနစ်တစ္ဆေကြောင့် ညီညွတ်ခဲ့ကြတယ်။ အဲဒီတုန်းက အနောက်နိုင်ငံတွေမှာလည်း သူ့ပြဿနာသူရှိနေပေမယ့် အချိန်ကြာတာနဲ့အမျှ တစ်ဖက်ပြိုင်ဘက် ဆိုဗီယက်ဟာ သူ့ပြဿနာနဲ့သူ လုံးချာလည်လိုက်ပြီး အားနည်းပြိုကွဲသွားခဲ့တယ်။ အခုအချိန်က အရင်လိုမဟုတ်တော့ပါဘူး။

ဆိုဗီယက်ကိုဆက်ခံတဲ့ ရုရှားတို့၊ အာရှကတရုတ်တို့က အချိန်ကြာတာနဲ့အမျှ အားအင်ပြည့်ဖြိုးလာနေပြီး လစ်ဘရယ်ကမ္ဘာဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပက အားနည်းသလိုဖြစ်လာနေပါတယ်။ အင်အားကြီးနိုင်ငံတွေအကြား ပြဿနာတစ်ခုခုဖြစ်လာရင် ကြားဝင်ပေးနိုင်မယ့် အဖွဲ့အစည်းမရှိသလောက်ဖြစ်နေပါတယ်။

UN ဆိုတာလည်း အသံလောက်ပဲရှိပါတော့တယ်။ တုတ်စု၊ ဓားစု၊ လက်နက်စုနေကြတဲ့အချိန် ဖြစ်လာပါတယ်။ တုတ်ကိုင်၊ ဓားကိုင်၊ လက်နက်ကိုင်ပြီး စကားပြောကြတဲ့အခြေအနေ ဖြစ်လာနေပါတယ်။ စကားမပြောခင်ကတည်းက မင်းအဆင့်ကဘာ၊ ငါ့အဆင့်ကဘာဆိုတာ တင်ကြိုသတ်မှတ်တဲ့ သဘောတွေ မြင်တွေ့လာနေရပါတယ်။ ကမ္ဘာကြီးဟာ ကွဲသည်ထက်ကွဲလာနေပါတယ်။ နောင်လည်း ဆက်ကွဲဖို့သာရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။

MOI

နိုင်ငံတကာရေးရာ သုတေသီတစ်ဦး

အသက်ငယ်ငယ်ကလေးမတစ်ယောက် ဖုန်ထူထပ်နေသော ကြမ်းပြင်ပေါ်ထိုင်ပြီး သူမ ဖခင်၏ ဖိနပ်ကို ရင်ဘတ်တွင်ဖက်ထားလျက် ဒေါသထွက်ငိုကြွေးနေပါသည်။ ဘီဆန် ကွိုင်ဒါး (Bisan Qwaider) ကို မည်သူမျှ မနှစ်သိမ့်နိုင်ခဲ့ပေ။ သူမ၏ဖခင်သည် သူမနှင့် သူမ၏ဆာလောင်နေသည့် မောင်နှမငယ် ၁၀ ယောက်အတွက် အစားအစာရှာဖွေရင်း သေဆုံးသွားခဲ့ရသည်။

အဆိုပါအခိုက်အတန့်ကို တနင်္ဂနွေနေ့ (ဇွန် ၁၅) က ဓာတ်ပုံရိုက်ကူးခဲ့သည့် ဓာတ်ပုံဆရာ ခါလစ်ဒ် ရှာအာသ် (Khaled Sha’ath) က CNN ကို ပြောပြချက်အရ ဘီဆန်၏ဖခင် ရှာဒီ (Shadi) သည် မိသားစုနှင့်အတူ ဂါဇာတောင်ပိုင်း မာဝါစီ (Mawassi) ဒေသရှိ တဲတစ်လုံးထဲတွင်နေထိုင်ပြီး မကြာသေးမီ ကပင် ခါန်ယူနစ် (Khan Younis) ၏အရှေ့ဘက် မာအန် (Ma’an) ဒေသကို ထွက်ခွာသွားခဲ့သည်ဟု သိရပါသည်။

အဆိုပါဒေသကို သွားခြင်းသည် အန္တရာယ်များသည်ဆိုခြင်းကို ရှာဒီသိရှိထားပြီး မာအန်ဒေသသည် အစ္စရေး၏ ရွှေ့ပြောင်းအမိန့်အောက်တွင် ကြာမြင့်စွာရှိနေကာ အစ္စရေးတပ်များ၏ ဗုံးကြဲတိုက်ခိုက်မှု များလည်း ခံနေရသောနေရာဖြစ်သည်။သို့သော် အန္တရာယ်ရှိသည်ကို သိရှိထားသော်လည်း ၎င်း၏ကလေး ငယ်များ ဆာလောင်ငတ်မွတ်နေခြင်းကြောင့် အဆိုပါနေရာတွင် အစားအစာရနိုင်မည်ဟု ယုံကြည် ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဂါဇာသည် ယခုအချိန်တွင် အစာရေစာပြတ်လပ်မှု အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရပြီး ဧပြီလကုန်ပိုင်းက ကုလသမဂ္ဂထောက်ခံသည့် အစီရင်ခံစာတစ်ခု၌ ဂါဇာရှိ လူငါးယောက်တွင် တစ်ယောက်သည် အငတ်ဘေးနှင့် ရင်ဆိုင်နေရပြီး ဒေသတစ်ခုလုံးနီးပါး အစာငတ်မွတ်ခေါင်းပါးမှု ဘေးနှင့် နီးစပ်နေပြီဟု သတိပေးထားပါသည်။ ကုလသမဂ္ဂအဆိုအရ လက်ရှိအချိန်တွင် အခြေအနေများ ပိုဆိုးရွားလာနေပါသည်။

ရှာအာသ်ပြောပြချက်အရ ရှာဒီသည် လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးခဲ့ပြီး တနင်္ဂနွေနေ့ (ဇွန် ၁၅) က ၎င်း၏အလောင်းကို အမှိုက်ပုံထဲမှ ထုတ်ယူခဲ့ရခြင်းဖြစ်သည်။ ဂါဇာကျန်းမာရေးဌာန၏ အဆိုအရ ၎င်းသည် မကြာသေးမီကပင် အစားအစာရှာဖွေစဉ် သေဆုံးခဲ့သော ရာနဲ့ချီသည့် လူများထဲမှ တစ်ဦးဖြစ်ပါသည်။

CNN က အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) ထံ Ma’an ဒေသရှိ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ IDF မှ ဂါဇာမြေပုံတစ်ခုကို ပြန်လည်ပေးပို့ခဲ့ပြီး “စစ်မက်ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိ ဇုန်များ” ကို အနီရောင်ဖြင့် မှတ်သားထားသည်။ ၎င်းတွင် Ma’an ဒေသ အပါအဝင် ဂါဇာ၏ တစ်ဝက် ကျော်မျှပါဝင်နေသည်။ မေလနှောင်းပိုင်းတွင် အစ္စရေးသည် ဂါဇာကို ၁၁ ပတ်ကြာ လုံးဝပိတ်ဆို့ ထားမှုကို ယာယီရုတ်သိမ်းခဲ့သော်လည်း လူသားချင်းစာနာမှုအဖွဲ့များက ဝင်ရောက်လာသော အကူအညီမှာ လိုအပ်ချက်၏ အနည်းငယ်မျှသာ ဖြစ်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ Tom Fletcher က “အသက်ရှင်ရန် အခြေခံ လိုအပ်ချက်များကို ချက်ချင်းနှင့် အများအပြား ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပါက ငတ်မွတ်ခေါင်းပါးမှု၊ ကပ်ဘေးနှင့် လူအသက်ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်” ဟု လွန်ခဲ့သည့်သီတင်းပတ်က သတိပေးခဲ့သည်။

ဂါဇာရှိ လူသားချင်းစာနာမှုအရေးပေါ်အခြေအနေသည် ကမ္ဘာတစ်ဝှမ်း ဒေါသမီးများကို လှုံ့ဆော်ပေး ခဲ့ပြီး အစ္စရေး၏ မိတ်ဖက်နိုင်ငံများကပါ ဝေဖန်မှုများ စတင်လာသည်။

လွန်ခဲ့သည့်လက ပြင်သစ်၊ ဗြိတိန်နှင့် ကနေဒါတို့မှ အစ္စရေးကို ဝေဖန်သည့် ရှားပါးသော ပူးတွဲ ထုတ်ပြန်ချက်ထုတ်ပြန်ကာ ဂါဇာအခြေအနေ မတိုးတက်ပါက “ထိရောက်သော အရေးယူမှုများ” ချမှတ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဗြိတိန်သည် အစ္စရေးနှင့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို ယာယီ ရပ်ဆိုင်းခဲ့ပြီး အနောက်ဘက်ကမ်းခြေရှိ နယ်မြေချဲ့ထွင်အခြေချသူများကို ဒဏ်ခတ်အရေးယူခဲ့သည်။ ဥရောပသမဂ္ဂကလည်း အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို ပြန်လည်သုံးသပ် မည်ဟု ကြေညာခဲ့သည်။

အစ္စရေးနှင့် အီရန်ကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေချိန်တွင် ဂါဇာပြည်သူများက ၎င်းတို့၏ ဒုက္ခကို ကမ္ဘာကအာရုံမစိုက်နိုင်တော့ဘဲ အစ္စရေးအပေါ် ဖိအားလျော့နည်းသွားမည်ကို စိုးရိမ်နေ ကြသည်။

“အစ္စရေးနဲ့ အီရန်စစ်ပွဲက လူတွေကကျွန်တော်တို့ကို အပြီးမေ့သွားစေတယ်။ အခုဘယ်သူမှ ကျွန်တော်တို့ဘက်ကို မကြည့်ကြတော့ဘူး။ အစားအစာ၊ ရေသန့်၊ ဘာမှမရှိတော့ဘူး။ နေ့တိုင်း လူတွေက အစားအစာ အရှာထွက်ကြတယ်၊ အဆုံးမှာတော့ သူတို့အလောင်းတွေကို အိတ်ထဲထည့် ပြန်သယ်လာရတယ်” ဟု မိုဟာမက်အမည်ရှိ ဂါဇာသားတစ်ဦးက တနင်္လာနေ့ (ဇွန် ၁၆) တွင် CNN ကို ပြောကြားခဲ့သည်။

အခြားဂါဇာသူတစ်ဦးဖြစ်သူ အွမ်မွတ်စ်တာဖာက “အီရန်နဲ့ အစ္စရေးကြား ပဋိပက္ခက ကျွန်မတို့ရဲ့ ဒုက္ခတွေကို နိုင်ငံတကာသတင်းတွေကနေ ပျောက်ကွယ်သွားစေတယ်” ဟု ရှင်းပြခဲ့သည်။

မွတ်စ်တာဖာက “ဂါဇာကမ်းမြောင်ဒေသကို မြေပုံကနေဖျက်ပစ်လိုက်ပြီလို့ဆိုရမယ့်တိုင် အခုလူတွေရဲ့ အာရုံက အစ္စရေး-အီရန်စစ်ပွဲကိုပဲ လှည့်သွားတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဂါဇာမြို့တော်နေသူ အဘူဂျူမာအာက “ဂါဇာအတွက် လူသားချင်းစာနာမှုအကူအညီတွေ ဝင်ခွင့်ပြုဖို့ တောင်းဆိုနေတဲ့အသံတချို့ရှိပေမယ့် အစ္စရေး-အီရန်စစ်ပွဲကြောင့် ဂါဇာမှာ အစားနဲ့ရေရရှိဖို့ တောင်းဆို နေသူ ဘယ်သူမှမရှိတော့ဘူး” ဟု ဝမ်းနည်းစွာရှင်းပြခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့မှစတင်၍ ဂါဇာတွင် လူဦးရေ ၅၅,၃၀၀ ကျော်သေဆုံးပြီး 

၁၂၈,၇၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ထုတ်ပြန်ထား သည်။

ဤအရေအတွက်များသည် လုံးဝအံ့အားသင့်စရာဖြစ်ပြီး ဂါဇာလူဦးရေ၏ ၂.၅% နီးပါးသေဆုံးခဲ့ ရပြီဖြစ်သည်။ (စစ်မဖြစ်မီ ဂါဇာတွင်နေထိုင်သူ ၄၀ တွင် ၁ ဦး သေဆုံးနေပြီဖြစ်သည်) The Lancet ဂျာနယ်တွင် ဖော်ပြခဲ့သော လေ့လာမှုအရ သေဆုံးသူအရေအတွက်သည် ဂါဇာအာဏာပိုင်များ ထုတ်ပြန်သည်ထက် ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။ အောက်တိုဘာ ၇ ရက်နေ့မှစ၍ အစ္စရေးက နိုင်ငံတကာသတင်းသမားများအား ဂါဇာသို့ လွတ်လပ်စွာသွားရောက်ခွင့်ကို တားမြစ်ထား ခြင်းကြောင့် CNN အနေဖြင့် အဆိုပါကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က အစ္စရေး၏ ကန့်သတ်မှုများကြောင့် အခြေခံ လိုအပ်ချက်ပစ္စည်းမျာရရှိရန် ပြည်သူများအခက်တွေ့နေကြောင်းထုတ်ပြန်ခဲ့သည်။အမေရိကန်နှင့် အစ္စရေးထောက်ခံသော Gaza Humanitarian Foundation (GHF) အဖွဲ့သည် အကူအညီ ဖြန့်ဖြူးရေးတွင် အခက်အခဲများရှိနေသည်။ GHF ကို အစ္စရေးက ဟားမက် အကူအညီများကို ခိုးယူ ရောင်းချပြီး အမြတ်ထုတ်နေသည်ဟူသော စွပ်စွဲချက်များကြားတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဤအဖွဲ့သည် အငြင်းပွားဖွယ်ရာဖြစ်ပြီး ၎င်း၏လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရုန်းကန်နေရသည်။ Gaza Humanitarian Foundation (GHF) အဖွဲ့အပေါ် နိုင်ငံတကာအကူအညီအဖွဲ့များက “လုပ်ငန်းတာဝန်နှင့် မကိုက်ညီ” ဟု ဝေဖန်မှုများ ဆက်လက်ရှိ နေသည်။

မေလနှောင်းပိုင်းမှစ၍ GHF ၏ အကူအညီဖြန့်ဖြူးရေးစခန်းများ ဖွင့်လှစ်ခဲ့သော်လည်း ထိုနေရာ များသည် စစ်မက်ဖြစ်ပွားနေသော အန္တရာယ်ရှိဇုန်များ အနီးတွင် တည်ရှိပြီး၊ ဂါဇာကျန်းမာရေး အာဏာပိုင် များအဆိုအရ လူဦးရေ ၃၀၀ ကျော် သေဆုံးခဲ့သည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုရေးရာ ညှိနှိုင်းရေးရုံး (OCHA) ၏ ပြောကြားချက်အရ အစ္စရေး အာဏာပိုင်များက အချို့သော ကုလသမဂ္ဂအဖွဲ့များနှင့် NGO များကိုသာ ဂါဇာသို့ အကူအညီ သယ်ယူခွင့် ကန့်သတ်ပေးထားသည်။ “အစားအစာ၊ အာဟာရထောက်ပံ့မှု၊ ကျန်းမာရေးပစ္စည်းနှင့် ရေသန့်စင်ပစ္စည်းအနည်းငယ်သာ” ဝင်ရောက်ခွင့်ပြုထားပြီး၊ခိုလှုံရန် ပစ္စည်း၊ သန့်ရှင်းရေးပစ္စည်းနှင့် ဆေးဘက်ဆိုင်ရာကိရိယာများကိုမူ ဆက်လက်တားမြစ်ထားသည်။

ဂါဇာတွင်နေထိုင်သူ အဘူမိုဟာမက် က “လူတွေမှာ စားစရာ၊ သောက်စရာ ဘာမှမရှိတော့ဘူး။ ဂျုံအိတ် တစ်အိတ်ရဲ့ ဈေးဟာ အရင်ကထက် အဆ ၃၀၀ ကနေ ၅၀၀ ပိုများနေပြီ... ကမ္ဘာကြီးက ကျွန်တော် တို့ကို အမှန်တကယ်မေ့သွားသလိုပဲ” ဟု CNN သို့ ဝမ်းနည်းစွာ ဖွင့်ဟလေသည်။

ဖခင်ဆုံးရှုံးခဲ့ရသည့် ဘီဆန် ကွိုင်ဒါး သည် သူမ၏ဖခင်၏ ဖိနပ်တစ်ဖက်ကိုသာ ဆုပ်ကိုင်ထားနိုင်ခဲ့ သည်။ ဖခင်အတွက် ငိုကြွေးရင်း၊ မိုးကုတ်စက်ဝိုင်းကို ကြည့်ကာ “ဘုရားသခင်က သင်တို့ကို တရားစီရင် ပါစေ” ဟု ကြွေးကြော်ခဲ့သည်။

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ကိုးကား - https://edition.cnn.com/2025/06/16/middleeast/gaza-forgotten-israel-iran-conflict-latam-intl

Ivana Kottasova

နိဒါန်း


“ငြိမ်းချမ်းရေး” ဟုဆိုရာတွင် မြန်မာစာပေအားဖြင့် ဗျည်းအက္ခရာ သုံးလုံး ဖြစ်သော “ငခရ” ဖြင့် ပေါင်းစုထားသော စကားစုကလေးဖြစ်ပါသည်။ စာရေးသူအနေဖြင့် ထို “ငခရ” ကို ငါ့ခရီး ဟု ရေးသားရမည်ဆိုပါကလည်း “ငါ့ခရီး” – “ငါသွားရမယ့်ခရီး ၊ အဲ့ဒီ ငါ့ခရီး ဘေးကင်းဖို့လိုတယ်” ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုပါသည်။ ငြိမ်းချမ်းရေးဆိုသည်မှာလည်း ထို့အတူပင်၊ “ငြိမ်းချမ်းခြင်းကို ဘေးအန္တရာယ် ကင်းခြင်းဟုတစ်မျိုး၊ လုံခြုံခြင်းဟုတစ်ဖုံ၊ အေးမြခြင်းဟုတစ်လီ၊ ပျော်ရွှင်စေခြင်းဟုလည်း တစ်သွယ် ဆက်စပ် အဓိပ္ပါယ်များ ဖွင့်ဆိုနိုင်ပေလိမ့်မည်။ မြန်မာလို “ငြိမ်းချမ်းရေး”၊ အင်္ဂလိပ်ဘာသာဖြင့် “Peace” ကို ဖော်ပြသော စကားစုများ၏ အဓိပ္ပါယ်များသည် စင်စစ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော အချက်များသာ ဖြစ်နေပေရာ၊ အနုတ်လက္ခဏာဆောင်သော မငြိမ်းချမ်းမှု၊ မလုံခြုံမှု၊ အန္တရာယ်ရှိမှု၊ မအေးမြမှု စသည် တို့သည်လည်း ငြိမ်းချမ်းရေး၏ အခြားတစ်ဖက်တွင် ရှိနေပေသည်။

တကယ်တမ်းဆိုလျှင် ငြိမ်းချမ်းရေးဆိုသည်မှာ လူသားတို့ လိုလားတောင်းတတဲ့ အရာတွေ များစွာထဲက တန်ဘိုးဖြတ်လို့မရနိုင်သည့် မြင့်မြတ်သည့် အရာတစ်ခုဟုလည်း ဆိုနိုင်ပါသည်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးသာ ရမည်ဆိုလျှင် လူသားမျိုးနွယ်စု တစ်ခုကစပြီး နိုင်ငံတစ်ခု၊ နယ်ပယ်တစ်ခုမှ တစ်ကမ္ဘာလုံးတိုင်အောင် မဆုံးနိုင်သည့် ပျော်ရွှင်မှုများနှင့်ပြည့်ဝပြီး လှပသည့် အနာဂါတ်ပေါင်းများစွာကို ဖန်တီးတည်ဆောက်နိုင်ကြောင်း မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းများတွင် သာဓကပေါင်းများစွာ ရှိခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိဖို့သည် လူ့အဖွဲ့အစည်း တစ်ခုအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခုဟု အခိုင်အမာ ဆိုရမည် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးမရှိရင် တိုင်းပြည်တစ်ပြည်သည် စည်ပင်သာယာ ဝပြောမှုများ မရရှိနိုင်သည့်အပြင် တိုင်းရင်သား ပြည်သူများ၏ လူမှုစီးပွား ဘဝ (Socioeconomic Situation)များ အားလုံးသည်လည်း ပြိုလဲပျက်စီး သွားနိုင်သည်ဆိုသည်ကို သမိုင်းသင်ခန်းစာ များက သက်သေပြခဲ့ပြီး ဖြစ်ပါသည်။

“ငြိမ်းချမ်းရေးရှိဖို့ဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခု”

ဤသို့ဆိုလျှင် မိမိတို့ မှီတင်းနေထိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အနေနှင့် ငြိမ်းချမ်းရေး ဆိုသည့် စကားလုံးနဲ့ပတ်သက်ပြီး မည်သို့ မည်မျှ တန်ဖိုးသတ်မှတ် နှိုင်းယှဉ် ချိန်ထိုးကြည့်နိုင်မည်နည်း ဆိုသည့် မေးခွန်း ရှိလာမည် ဖြစ်ပါသည်။ တချိန်က မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစု ပေါင်းစုံသည် အေးအတူပူအမျှ လွတ်လပ်စွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြရာမှ  ဗြိတိသျှနယ်ချဲ့ တို့၏ ကျူးကျော်မှု များကြောင့်  ရာစုနှစ်တစ်ခုနီးပါး သူ့ကျွန်ဘဝကျရောက်ခဲ့ရပါသည်။

“၁၉၄၈ခုနှစ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်းမြန်မာနိုင်ငံသမိုင်းကြောင်းဟာ အကောင်းအဆိုးတွေနဲ့ရောပြွန်းရှုပ်ထွေးခဲ့တာကြောင့် အရှေ့တောင်အာရှမှာ ပြည်တွင်းပဋိပက္ခဖြစ်ပွားမှု သက်ဆိုး အရှည်ဆုံးနိုင်ငံဟု ပြောစမှတ်ပြုခံနေရပါတယ်”

စင်စစ် မြန်မာနိုင်ငံသည် ပြည်တွင်းပဋိပက္ခ အရှည်ကြာဆုံးနိုင်ငံအဖြစ် ငြိမ်းချမ်းရေး၏ အခြားတစ်ဖက်တွင် ရောက်ရှိနေခဲ့သည်မှာ ဗြိတိသျှတို့ ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှ စတင်ရေတွက်လျှင်  ၇၅ နှစ်ပင်ရှိခဲ့ပေပြီ။

တနည်းအားဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သည်မှာ “စိန်ရတု”ပင် တိုင်လေပြီဟု ဆိုရပေတော့မည်။ အမှန်တော့ ဒီလိုစိန်ရတုသည် ဂုဏ်ယူစရာမဟုတ်။ ၇၅နှစ်တည်း ဟူသော အချိန်ကာလသည် ငြိမ်းချမ်းရေးသာ ရနေမည်ဆိုပါက ကိုယ့်နိုင်ငံရေမြေသဘာဝ သယံဇာတများနှင့်ဆိုလျှင် နိုင်ငံဖွံ့ဖြိုးရေးသည် အတိုင်းအတာ တစ်ခုထိ ခရီးပေါက်နေမည်ဆိုသည်ကို မှန်းဆကြည့်လျှင် မြင်နိုင်‌‌မည်ဖြစ်သည်။ အဓိက အချက်မှာ ကိုလိုနီအမွေဆိုး အနေအဖြစ် လွတ်လပ်ရေး မရမီကတည်းက ပြည်တွင်းသောင်းကျန်းမှုများ စတင်ခဲ့ပြီး ရောင်စုံသူပုန်များဟု ခေါ်တွင်ရလောက်အောင် လူများစွဲ၊ ဝါဒစွဲများဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပေါ််ပေါက်လာခဲ့ခြင်း‌ကြောင့် ငြိမ်းချမ်းရေးခရီးစဉ်မှာ ထင်သလိုမပေါက်ခဲ့ရကြောင်း နိဒါန်းအနေဖြင့်ဦးစွာ တင်ပြလိုခြင်းဖြစ်ပါသည်။

“ငြိမ်းချမ်းရေးဆိုသည်မှာ”

မြန်မာအဘိဓာန်၌ ငြိမ်းချမ်းရေးဆိုသည်မှာ ဆူပူလှုပ်ရှားထကြွခြင်း၊ စစ်မက်စသည်တို့ကင်းမဲ့ သောအဖြစ် ဟူ၍ ဖော်ပြထားပြီး အောက်(စ်)ဖို့ဒ်အဘိဓာန် (၇)ကြိမ်မြောက် ရိုက်နှိပ်မှုတွင်မူ “A situation or a period of time in which there is no war or violence in a country or an area” ဟူ၍ အနက် အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

ငြိမ်းချမ်းရေးဟူသည် ဆူပူလှုပ်ရှားမှုများ၊ ပုန်ကန်ထကြွမှုများမရှိသော၊ အကြမ်းဖက်ရက်စက်မှုများ မရှိသော၊ စစ်ပွဲများမရှိသော၊ ပဋိပက္ခကင်းသောကာလ (သို့မဟုတ်) အခြေအနေဟု မြန်မာဘာသာပြန်ဆိုနိုင်ပါမည်။

မြန်မာ့ငြိမ်းချမ်းရေးပျက်စီးရခြင်း

   

 မိမိတို့မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်လှန်လေ့လာကြည့်မည်ဆိုပါက နှစ်ပေါင်း ၁၀၀ ကျော် တိုင်အောင် ကိုလိုနီ စနစ်ဆိုးအောက် ကျရောက်နေခဲ့ရသည့်ဘဝမှ တိုင်းရင်းသားများအားလုံး၏ သွေးစည်းညီညွတ်မှုဖြင့် တွန်းလှန်ခဲ့ကြပြီး၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်တို့၏ ခေတ်ဆိုးများကို ခါးစည်းခံပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ကိုအခြေခံပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလယ်တွင် ဝံ့ထည်စွာ ရပ်တည်နိုင်ခဲ့လေသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိရန် နှစ်ပေါင်းများစွာ ကြိုးပမ်းနေခဲ့ရခြင်းကြောင့် ငြိမ်းချမ်းရေး၏ အနှစ်အရသာကို ကောင်းမွန်စွာ ခံစားခဲ့ရခြင်းမရှိခဲ့ဘဲ လွတ်လပ်ရေးရပြီးနောက် ငြိမ်းချမ်းရေးကို တည်ဆောက်မည် ကြံစည်ဆဲ တိုင်းတစ်ပါးတို့၏ သွေးခွဲမှုများကြောင့် စည်းလုံး ညီညွတ်မှုပျက်ပြားကာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ တဖန်ပေါ်ပေါက်လာခဲ့ပြန်ပါသည်။ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့၌ သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ တောခိုသွားသည်မှအစပြု၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ သည်လည်း ရှေ့ဆင့် နောက်ဆင့်လိုက်၍ ခါးသီးခြင်း အရသာများအဖြစ် အရသာ ပေးစွမ်းကြလေတော့သည်။ မညီညွတ်မှု၊ မရိုးသားမှု၊ အာဃာတ တရားထားရှိမှုများဖြင့် ပြည့်ဝနေသော ပဋိပက္ခကြီးသည် ၁၉၄၈ ဧပြီ ၂ ရက်နေ့တွင် ပဲခူးခရိုင်ပေါက်ကုန်းကြီး တိုက်ပွဲမှ စတင်၍ လက်နက်စွဲကိုင်ပြီး ငြိမ်းချမ်းရေးကို စတင်ဖျက်ဆီးခဲ့လေတော့သည်။

ဝန်ကြီးချုပ်ဦးနုလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ

ဖဆပလ အစိုးရလက်ထက်မှစ၍ လေ့လာကြည့်လျှင် ၁၉၅၅ ခုနှစ် ဗကပနှင့် ဖဆပလအစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက်ပင် ညှိနှိုင်း၍ မရရှိနိုင်ခဲ့။ ဝန်ကြီးချုပ်ဦးနု၏ သင်ပုန်းချေရေးဥပ‌‌ဒေကြောင့် ၁၉၅၈ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ပြည်သူ့ရဲဘော်အဖွဲ့၊ မွန်ပြည်သူ့တပ်ဦးအဖွဲ့၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ သထုံဦးလှဖေနှင့် ဗိုလ်ချန်ဇုံအဖွဲ့တို့ အလင်း ဝင်ရောက်လာခဲ့ကြပြီး အခြားပါတီ အချို့လည်း ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုများရှိခဲ့လေသည်။

သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးသမားများ၏ ဂိုဏ်းဂဏစွဲပဋိပက္ခများ ပေါ်ပေါက်လာမှု၊ နိုင်ငံရေးပါတီများအကြား စည်းလုံးညီညွတ်မှု ပြိုကွဲလာမှုတို့နှင့်အတူ နိုင်ငံရေးအာဏာ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အရာမရောက်ဘဲ အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။

တော်လှန်ရေးကောင်စီအစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ

တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ပေရာ ၁၉၆၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကိုထုတ်ပြန်ပြီး တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံတော်ထူထောင်ရေးလုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်နိုင်ရန် ဥပဒေဘောင်အတွင်းသို့ ဖိတ်ခေါ်ခဲ့သည်။ တော်လှန်ရေးကောင်စီက ထုတ်ပြန်သော လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံအရပ်ရပ်ရှိ အကျဉ်းထောင်များမှ အကျဉ်းသား စုစုပေါင်း ၁၂၀၀၀ ခန့် လွတ်ငြိမ်း ချမ်းသာခွင့်ကို ခံစားခဲ့ကြရသည်။ ထိုလွတ်ငြိမ်းချမ်း သာခွင့်အမိန့်ကို ယုံကြည် လက်ခံသော တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများမှ သောင်းကျန်းသူ အများ အပြားမှာလည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက် လာခဲ့ကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ

     အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးအတွက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရေး ကြိုးပမ်း ခဲ့ကြသော်လည်း အခါးအရသာ မပျောက်နိုင်သေးသည့် ဟင်းတစ်ခွက်အလား ပဋိပက္ခများဖြစ်ပွားဆဲ ခါးသီးမြဲပင်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့် (၂/၈၀)ကို ၁၉၈၀ ပြည့်နှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ပြေးအဖွဲ့များကို ဥပဒေဘောင်အတွင်း ဝင်ရောက်စေခဲ့ပြီး ပြည်ပြေးအဖွဲ့၏ လှုပ်ရှားမှုများလည်း ချုပ်ငြိမ်းသွားခဲ့လေသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ

ထို့နောက် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ လက်ထက်၌ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များတွင် တောတွင်းလက်နက်ကိုင်အဖွဲ့များနှင့် တရားဝင် လက်မှတ် မရေးထိုးနိုင်ခဲ့သော်လည်း အဖွဲ့ပေါင်း (၁၇)ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ခဲ့သော ကြောင့် တစ်နိုင်ငံ လုံးနီးပါး အေးချမ်းမှုရရှိခဲ့လေသည်။

ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးအပေါ် ထားရှိသည့်  စိတ်ရင်းစေတနာများကြောင့် တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာကြသော  အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ထိရှိလာခဲ့ပါသည်။  ၂ဝဝ၉ ခုနှစ် ဧပြီလမှ စပြီး တပ်မတော်ရဲ့  ကွပ်ကဲမှုအောက်မှာ  နယ်ခြားစောင့်တပ် (BGF) နဲ့  ပြည်သူ့စစ် အဖွဲ့များအဖြစ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို  အသွင်ကူးပြောင်းရေး ဆောင်ရွက်ပေးခဲ့ပြီး  နယ်ခြားစောင့်တပ် ၂၃ တပ်နှင့် ပြည်သူ့စစ် ၈၃ ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါသည်။  လက်နက် အပြီးအပိုင် စွန့်လွှတ်ခဲ့သည့် အဖွဲ့များလည်း (၁၀)ဖွဲ့အထိ ရှိခဲ့ပါသည်။ ထို့ပြင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများ အဆင့်ဆင့် ဖွဲ့စည်းကာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ပါသည်။

သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ

၂၀၁၀ ပြည့်နှစ်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် “ငြိမ်းချမ်းရေးမရရှိဘဲ ဒီမိုကရေစီစနစ် မထွန်းကားနိုင်သလို ငြိမ်းချမ်းရေးမရရှိဘဲ ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်”ဟုခံယူကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်းလုပ်ကိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၆)ဖွဲ့ဖြင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဖြစ်ပေါ်လာအောင် စတင်ကြိုးပမ်းခဲ့ပါသည်။

၂၀၁၄ ခုနှစ်၊ မတ်လမှစပြီး  NCA သဘောတူညီမှု မူကြမ်း ရရှိရေးအတွက်  အလွတ်သဘော ဆွေးနွေးမှု (၂၂) ကြိမ်၊ တရားဝင်ဆွေးနွေးမှု (၇) ကြိမ်  တွေ့ဆုံဆွေးနွေးခဲ့ကြပြီး  NCA သဘောတူစာချုပ် အတည်ပြု မူကြမ်းကို နှစ်ဖက်သဘောတူညီမှုရရှိကာ သမိုင်းဝင် (NCA) စာချုပ်အား ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့  ဖြစ်သည့် ABSDF ၊ ALP ၊ CNF ၊ DKBA ၊ KNU၊ KNU/ KNLA-PC ၊ PNLO ၊ RCSS/SSA တို့သည် နိုင်ငံတကာအသိသက်သေများ၏ ရှေ့မှောက်တွင်  လက်မှတ် ရေးထိုးခဲ့ကြပါသည်။ NCA တွင်ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မည့် အဆင့်(၃)ဆင့် ပါဝင်သော လမ်းပြမြေပုံ (Road Map) ပါဝင်နေပါသည်။ NCA စာချုပ်သည်လွယ်လွယ်နှင့် ရရှိခဲ့ခြင်းမဟုတ်ဘဲ ၎င်းစာချုပ်ရရှိဖြစ်ထွန်းလာစေဖို့ ငြိမ်းချမ်းရေး စတင် ဖိတ်ခေါ်ခဲ့သည့်နေ့ကစပြီး NCA သဘောတူစာချုပ် အပြီးသတ် ရရှိတဲ့နေ့အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့ပေသည်။  ၎င်းကာလအတွင်းမှာ အစည်းအဝေးငယ်များ၊ တွေ့ဆုံ ညှိနှိုင်းမှုများ အကြိမ်ပေါင်း ၅၀၀၀ ထက်မနည်း ဆောင်ရွက်ခဲ့ကြရပါသည်။ ဤသို့ဆိုလျှင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် အုတ်မြစ်ချနေသည့်အတိုင်းအတာမှ အနည်းငယ် ရုပ်လုံးပေါ်ပေါက် လာခဲ့လေပြီဟု ဆိုနိုင်ပါသည်။

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ

၂၀၁၅ ခုနှစ်  NLD အစိုးရလက်ထက်တွင် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံဟူသော အမည်ဖြင့် လေးကြိမ်တိုင် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့  (၂)ဖွဲ့  ဖြစ်သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ဖြင့်သာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် တွင် ထပ်မံသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်ချက်များ

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်မှာလည်း ယခင်ဆောင်ရွက်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သဘော တူညီချက်များ၊ ၎င်းတို့နဲ့ ဆွေးနွေးဆဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကိစ္စရပ်များကို အရှိန်အဟုန် မပြတ် ဆက်လက်ဖော် ဆောင်လျက်ရှိပါသည်။

ထို့ကြောင့် ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့  ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင် အထည်ဖော် နိုင်စေရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်  အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍ လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူ၍လည်းကောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီကို တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ လည်းကောင်း ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီ (၃)ရပ်ကို ဖွဲ့စည်းခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့လေသည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် မိဘပြည်သူများသို့ ၂၀၂၂ ခုနှစ်အား ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ထိရောက်စွာအကောင်အထည်ဖော် နိုင်ရေး မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ခေါင်းဆောင်များအား ရိုးသားပွင့်လင်းစွာဆွေးနွေးနိုင်ရေး ဖိတ်ခေါ် ခဲ့လေသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် (NCA) လက်မှတ်ရေးထိုးထားပြီးသော အဖွဲ့များ ထဲမှ အဖွဲ့ (၇) ဖွဲ့နှင့် လက်မှတ်မရေးထိုးရသေးသော အဖွဲ့များမှ (၃)ဖွဲ့ တို့သည် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြလေသည်။ အဖွဲ့အစည်းအသီးသီးနှင့် (၁၂၃)ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပြီး သဘောတူညီချက်များအား ဆက်လက်လက်မှတ် ရေးနိုင်ခဲ့ကြသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅  ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်  (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် အနှစ်သာရရှိရှိ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့လေသည်။ ထိုမှတစ်ဆင့် အလုပ်ရုံဆွေးနွေးပွဲများကိုလည်း တစ်ဆက်တည်း လုပ်ဆောင်နိုင်ခဲ့ပြီး ထိုဆွေးနွေးပွဲများမှ ရရှိလာသည့် သဘောထားအကြံပြုချက်များကို အခြေခံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်  (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ မြန်မာ့အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် အနှစ်သာရရှိရှိ၊ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်  (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား မှတ်တမ်းဓာတ်ပုံ

NCA နှင့် အနာဂတ်မြန်မာ့ငြိမ်းချမ်းရေးခရီး

NCA တွင် အခန်း (၇) ခန်း၊ အပိုဒ် (၃၃) ပိုဒ်ပါဝင်ပြီး၊ နိုင်ငံရေးဆိုင်ရာ အချက် ၃၅ ချက်၊ စစ်ဘက်ဆိုင်ရာအချက် ၅၅ ချက်၊ လူမှုစီးပွားဘဝနှင့်သက်ဆိုင်သောအချက် (၂၃) ချက်တို့ ပါဝင်ပါသည်။ NCA ၏  အနှစ်သာရများမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်ရန်နှင့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှုသစ် တစ်ရပ် ထူထောင်ရန် အဓိကရည်ရွယ်ရေးဆွဲထားပါသည်။

NCA သည် နိုင်ငံရေးပဋိပက္ခ များကို  နိုင်ငံရေးနည်းဖြင့်သာ ငြိမ်းချမ်းစွာဖြေရှင်းရေး  ဖြစ်ပါသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများဖြင့် နှစ်ပေါင်းများစွာကြာခဲ့သည့်တိုင် ပြေလည်မှုမရရှိခဲ့သော ဖြေရှင်းမှု နည်းလမ်းများအစား  ပြည်သူလူထု အားထိခိုက်မှုမရှိစေဘဲ  အထိရောက်ဆုံးဖြေရှင်းနိုင်သည့်   နည်းလမ်း မှာ NCA ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သာဖြစ်ကြောင်း သတိပြုရပါမည်။ အထူးသဖြင့် NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကတစ်ဆင့် ဒီမိုကရေစီနဲ့  ဖက်ဒရယ် စနစ်တို့ကို အခြေခံသော  ပြည်ထောင်စုတည်ဆောက်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများကို အုတ်မြစ်ချပေးထားခြင်း ဖြစ်ကြောင်း တွေ့ရှိရပေသည်။

လက်ရှိ ကမ္ဘာတစ်လွှားနှင့် မြန်မာပြည်တွင်းရေးတို့တွင်  ပဋိပက္ခများ၊  တင်းမာမှုများနှင့် စစ်ပွဲ များကြောင့် စွမ်းအင်ပြတ်လပ်ခြင်း၊ စွမ်းအင်ဈေးနှုန်းမြင့်တက်ခြင်း၊ ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊  ငွေကြေးဖောင်းပွခြင်းများ  ရင်ဆိုင်နေကြရပါသည်။   ပြည်သူများအနေဖြင့်လည်း စီးပွားရေးအကျပ်အတည်းများ     ဖြစ်ပေါ်နေပါသည်။ ယနေ့မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများ၏ သွေးထိုး၍ ကူညီပေးမှုကို ရယူထားသော အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များ၏ အဘက်ဘက်မှတိုက်ခိုက်မှုများကို နိုင်ငံတော်အနေဖြင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသည့် အချိန်ဖြစ်နေပါသည်။ ယင်းအခြေအနေသည် မည်မျှ ကြာမြင့်၍  မည်သည့် အတိုင်းအတာအထိ ကြီးမားကျယ်ပြန့်မည်ကို ခန့်မှန်းရန်ခက်ခဲသည့် အခြေအနေ ဖြစ်နေပေသည်။ ထိုသို့သောအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရေးအကြပ်အတည်းများ ပြေလည်စေရေးအတွက် လက်နက်ကိုင် လမ်းကြောင်းအစား ငြိမ်းချမ်းရေး ညှိနိုင်းဆွေးနွေးရေး လမ်းကြောင်းပေါ် တွင်လျှောက်လှမ်းနိုင်ရန် ဖိတ်ခေါ်မှုများ ဆက်တိုက်  လုပ်ဆောင်ကြရမည့် အချိန် ဖြစ်ပါသည်။

ပြည်တွင်း ပဋိပက္ခများဖြင့်     သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ   အခက်အခဲ အကျပ်အတည်းများစွာရှိကြစမြဲဖြစ်ပါသည်။ NCA သည် ငြိမ်းချမ်းရေးအတွက် ပင်မတံခါးပေါက်တစ်ချက် ဖြစ်သော်လည်း ပါဝင်ပတ်သက်သူအားလုံး၏  ငြိမ်းချမ်းရေးကို  အမှန်တကယ် လိုလားသည့်ဆန္ဒ၊ နည်းလမ်း မှန်ကန်မှု၊ ငြိမ်းချမ်းစွာ  စေ့စပ်ညှိနှိုင်းလိုမှု၊  စိတ်ရှည်သည်းခံမှု၊  တစိုက်မတ်မတ်  ကြိုးစားအားထုတ်မှု၊ ခိုင်မာအောင် ထိန်းသိမ်းမှုများရှိမှသာ  ငြိမ်းချမ်းရေး၏ လိုရာခရီးပေါက်မည် ဖြစ်ပေသည်။ ထို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းဖြစ်သော်လည်း  နိုင်ငံရေး၏  လက်နက်တစ်ခု မဟုတ်ဘဲ   နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက်  အဓိကဦးတည်လုပ်ဆောင် ရပေမည်။ သို့မှသာ  အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရေးကို  အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။

    

ငြိမ်းချမ်းရေးရရှိမှုသည် တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် များစွာသက်ဆိုင်နေသည်။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မရှိလျှင် အချုပ်အချာအာဏာ တည်တံ့ခိုင်မြဲခြင်းဆိုသည်မှာ မဖြစ်နိုင်တော့သည့်အလျှောက် တို့တာဝန်အရေးသုံးပါးကိုထိန်းသိမ်းစောင့်ရှောက်နိုင်မည်မဟုတ်။ ပြည်ထောင်စု ကြီးလည်း တနေ့ ပြိုကွဲသွားနိုင် မည်သာတည်း။ နိုင်ငံတော်တိုးတက်ရေးဆိုသည်မှာလည်း ရွှေပြည်တော် မျှော်တိုင်းဝေး၊ ငြိမ်းချမ်းရေး ပျက်သုဉ်း၍ စစ်ပွဲများ၊ မီးလောင်ပြင်ကြား မြို့ပျက်ကြီးများဖြင့် တိုင်းသူပြည်သားအားလုံး စစ်ဘေးဒုက္ခ၊ အငတ်ဘေးဒုက္ခ စသည့် ဒုက္ခအတိဖြင့် ကြုံတွေ့ကြရမည် သာဖြစ်ပေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် ရိုးရှင်းသည့်အရာမဟုတ်၊ နက်နဲ သိမ်မွေ့လှသည့် ပညာရပ် တစ်ခုဟုဆိုနိုင်သည်။ တိုင်းရင်းသားအချင်းချင်း သဘောထားကွဲလွဲမှုများအပေါ်တွင် အခြေတည် ဖြစ်ပေါ်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို နှစ်ဦးနှစ်ဘက် အပြန်အလှန် သဘောထားကြီးစွာဖြင့် သည်းခံ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီ၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်၏ ပကတိအခြေအနေကို တိုင်းရင်းသား ပြည်သူများ အားလုံး မှန်မှန်ကန်ကန်သိရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုသာ ရည်မှန်းချက်ထား ဦးတည်ရမည်ဖြစ်သည်။ အထူးသဖြင့် လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အကျိုးစီးပွားစွဲဟူသော အစွန်းရောက်မှုများကို ရှောင်ကြဉ်ကာ တိုင်းရင်းသားပြည်သူများ၏ အန္တိမ ရည်မှန်းချက် ဖြစ်သည့် ရေရှည်တည်တံခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် အားလုံးပါဝင်မှုဖြင့် အဖြေရှာနိုင်ရန် ဆက်လက်ကြိုးပမ်းသွားရမည်ဖြစ်ပါသည်။

နိဂုံး

     

ငြိမ်းချမ်းရေးသည် ထိရှလွယ်သည့်အရာတစ်ခုဖြစ်သည်။ သို့သော် ကိုင်တွယ်ထိန်းသိမ်းတတ်မည် ဆိုပါက ရေရှည်တည့်ခိုင်မြဲအောင် ပြုလုပ်နိုင်ကြောင်း သက်သေ၊ သာဓကများစွာလည်း ကကမ္ဘာ့သမိုင်းများတွင်ရှိနေပြန်သည်။  ကမ္ဘာပေါ်ရှိ ငြိမ်းချမ်းနေပြီးသောနိုင်ငံအများအပြားတွင် နည်းပညာ အသစ်အဆန်းများဖြင့် လူနေမှုဘဝများ တိုးတက်ဖွံ့ဖြိုးနေချိန်တွင် မြန်မာနိုင်ငံသည် ဗုံးသံ သေနတ်သံများကြား စစ်နွံထဲမှ မရုန်းထွက်နိုင်သေးဘဲ ခေတ်နောက်ကျကျန်နေခဲ့မည်ဆိုလျှင် အမှန်စင်စစ် ရှက်ဖွယ်အတိပင် ဖြစ်သည်။ လက်တွေ့မှာတော့ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်းတွင် ငြိမ်းချမ်းရေး ခရီးသည် ခက်ခဲကြမ်းတမ်းဆဲ ဖြစ်နေသည်မှာဝမ်းနည်းစရာ ကောင်းလှသည်။ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမရှိသရွေ့ တိုးတက် ဖွံ့ဖြိုးမှုများမှာ လည်း တိုက်ရိုက်အချိုးကျကာ ခေတ်နောက်ကျ နေဦးမည်သာဖြစ်ပေသည်။

ထို့ကြောင့် မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သောငြိမ်းချမ်းရေး ရရှိရေးထက် ပိုပြီးအရေးကြီးသော လုပ်ငန်း မရှိတော့ဘူးဆိုသည်ကို တိုင်းရင်းသားပြည်သူအားလုံးက ခြွင်းချက်မရှိ နားလည်လက်ခံကြရမည် ဖြစ်ပေသည်။ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းနှင့် အဖြေတစ်ခုကို ဝိုင်းဝန်းကူညီ ရှာဖွေအကြံပြုကြရင်း ရှိပြီးသား သဘောတူပြီးသား NCA လမ်းကြောင်းကို တိုးတက်ခိုင်မာအောင် ပြုလုပ်ကြရမည်မှာ  အစိုးရနှင့် တိုင်းရင်းသား ပြည်သူအဆင့်အတန်းအားလုံးကြား တာဝန်တစ်ခုပင်ဖြစ်ပါသည်။

ဆောင်းပါးအား download ရယူရန်

အကိုးအကား အထောက်အထား

၁။       ခေတ်အဆက်ဆက်နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများ ဆောင်းပါး၊ ဇာနည်ဘွား၊ ကြေးမုံ နေ့စဉ်သတင်းစာ (၁၃-၅-၂၀၂၂ )။

၂။       ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး မျှော်လင့်ချက်၊ စလင်း-စည်သူကျော်ထင်၊ မြန်မာ့အလင်းသတင်းစာ (၁၄-၁၁-၂၀၂၃)။

၃။       NCA မှသည် စဉ်ဆက်မပြတ်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကျဉ်း ချဉ်းကပ် လေ့လာခြင်းစာတမ်း – ရန်ကျော် (မြန်မာ့နိုင်ငံရေး‌လေ့လာသုံးသပ်သူ)။

၄။       ပြည်တွင်းသောင်းကျန်းမှုသမိုင်း- ရဲဘော်သစ်မောင်၊ အပိုင်း(၁၊ ၂၊ ၃၊ ၄၊ ၅)။

၅။       မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးရေးဖြင့်ငြိမ်းချမ်းရေး (၁၉၆၃-၁၉၈၈)၊ ဒေါက်တာစိန်မြင့်။

၆။       ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ သမိုင်းဝင်စာရွက်စာတမ်းများ အမှတ်-၁၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။

၇။       ငြိမ်းချမ်းရေး သို့မဟုတ် နိုင်ငံ့အနာဂတ်ခရီးအတွက် အခြေခံလိုအပ်ချက်၊ ဇင်ဦး၊ MOI.GOV.MM။

စာရေးသူ၏ကိုယ်ရေးအကျဉ်း

  • ကြည်း ၁၈၂၇၂ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မင်းနိုင်သည် OTS အပတ်စဉ် ၆၆ မှ စံပြထူးချွန်ဆု ရရှိခဲ့သည့် သင်တန်းဆင်းအရာရှိတစ်ဦးဖြစ်ပါသည်။
  • ၂၀၁၀ ပြည့်နှစ်တွင် တပ်မ (၁၀၁) တပ်မမှူး၊ ၂၀၁၂ မှ ၂၀၁၇ အထိ တွဲဖက်စစ်ထောက်ချုပ်၊ ဗိုလ်ချုပ် တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၁၇ ခုနှစ် မေလတွင် ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) တာဝန်ကို ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းထံမှ လွှဲပြောင်းဆက်ခံခဲ့ပါသည်။
  • ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၁၆ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် “ဇေယျကျော်ထင်” ဘွဲ့ကို ရရှိခဲ့ပါသည်။
  • ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇  ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌက ချီးမြှင့်သည့် “ စည်သူ” ဘွဲ့ကို ရရှိခဲ့ပါသည်။
  • ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်သည် ၂၀၂၃ ခုနှစ်တွင် အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတွင် အတွင်းရေးမှူး တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
MIN NAING (SECRETARY OF NSPNC, MYANMAR )

မြေဆီလွှာသည် အစားထိုးမရသည့် သဘာဝအရင်းအမြစ်ဖြစ်ပြီး သီးနှံပင်များ ရှင်သန်ပေါက်ရောက်နိုင်ရန် သတ္တုဓာတ်၊ သစ်ဆွေးဓာတ်နှင့် ရေပေါက်လေပေါက်တို့ဖြင့်အချိုးကျဖွဲ့စည်းထားသည့် အပေါ်ယံအလွှာတစ်ခုဖြစ်သည်။ ယင်းမြေဆီလွှာဖြစ်ပေါ်လာမှုကို ရာသီဥတု (အပူချိန်၊  မိုးရေချိန်)၊   သက်ရှိများ/ သဘာဝပေါက်ပင်များနှင့် မြေမျက်နှာသွင်ပြင်အနေအထား၊ မိခင်ကျောက်သားနှင့် အချိန်တို့က    လွှမ်းမိုးမှုရှိသည်။  မြေဆီလွှာသည်    အပင်များကြီးထွား ကုပ်တွယ်နိုင်ရန်၊မြေတွင်းသက်ရှိများအတွက်ခိုအောင်းရာနေရာ၊အပင်၊ အပင်အာဟာရနှင့် သက်ရှိစွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက်ရှိပစ္စည်းများအားဆွေးမြည့်ပြီး အပင်အာဟာရဓာတ်ပြန်လည် ရရှိစေခြင်း၊မြေအောက်ရေကို ထိန်းထားနိုင်ပြီး ရေသန့်စင်ခြင်းနှင့် လေထုအတွင်းဓာတ်ငွေ့များဖလှယ်ခြင်းဖြင့်  လေထုအခြေအနေကို  ထိန်းညှိပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၉ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ထုတ်ပြန်ချက်အရ မြေဆီလွှာ ၁ လက်မဖြစ်ပေါ်လာရန်အတွက် နှစ်ပေါင်း ၁၀၀၀ ကျော်နှင့်အထက် ကြာမြင့်နိုင်ပြီး တောင်သူများထွန်ယက်စိုက်ပျိုးနိုင်သော အပေါ်ယံမြေသား ၆ လက်မ ဖြစ်ပေါ်ရန်အတွက် နှစ်ပေါင်း ၁၀၀၀၀ ကျော် ကြာမြင့်နိုင် သည်။ မြေဆီလွှာတိုက်စားခြင်းကြောင့်၂၀၅၀ ပြည့်နှစ်တွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်းနှင့် အထက်ထိခိုက်နိုင်ကြောင်းနှင့် လက်ရှိ  ၅ စက္ကန့်တိုင်းတွင်  ဘောလုံးကွင်းတစ်ကွင်းနှင့်ညီမျှသည့်  မြေပမာဏကို ဆုံးရှုံးနေကြောင်း သတိပေးထားသည်။ ထို့ကြောင့်မြေဆီလွှာကိုထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရုံသာမက သက်ရှိဘဝများစွာကို ကယ်တင်ခြင်းဖြစ်တယ်လို့ တင်စားပြောဆိုကြခြင်းဖြစ်သည်။

မြေယာကိုထွန်ယက်စိုက်ပျိုးနေသည့် တောင်သူများနှင့် စိုက်ပျိုးထုတ်လုပ်သူအသင်းအဖွဲ့များအနေဖြင့် “မြေဆီလွှာတိုက်စားခြင်းဆိုတာ ဘာလဲ” ဆိုတာကို သိရှိရန်လိုအပ်လာသည်။ သို့မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မြေဆီလွှာထိန်းသိမ်းရန်  သို့မဟုတ် မိမိတို့၏ သဘာဝသယံဇာတအရင်းအမြစ်များအား မည်သို့မည်ပုံထိန်းသိမ်းရမည်ကို  သိရှိနိုင်မည်ဖြစ်သည်။ မြေဆီလွှာတိုက်စားခြင်းဆိုသည်မှာမြေမှုန်များ လေ၊ ရေ သို့မဟုတ်  သက်ရှိများ၊ မိုးရေမိုးပေါက်များ ထိမှန်ခြင်းနှင့် မြေပြုပြင်ထွန်ယက်ခြင်းကြောင့် မြေမှုန်များကွဲထွက်၍ ယင်းအရာဝတ္ထုများ၏ သယ်ဆောင်မှုဖြင့် တစ်နေရာမှအခြားတစ်နေရာသို့ ရွေ့လျားခြင်း သို့မဟုတ် အနည်ကျခြင်းဖြစ်စဉ် ဖြစ်သည်။ မြေဆီလွှာတိုက်စားခြင်းပုံစံနှစ်မျိုးရှိပြီး  သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် မြေဆီလွှာတိုက် စားခြင်းနှင့် လူတို့၏လုပ်ဆောင်ချက်(မြို့ပြများချဲ့ထွင်မှု၊ သစ်တောခုတ်ခြင်းနှင့် ထွန်ယက်စိုက်ပျိုးခြင်း)ကြောင့် ဖြစ်ပေါ်လာသည့် အရှိန်ပြင်းမြေဆီလွှာတိုက်စားခြင်းတို့ဖြစ်သည်။

လေကြောင့်  မြေတိုက်စားခြင်းတွင် အရွယ်အစားသေးငယ်သည့် နုန်း၊ မြေစေးနှင့် သစ်ဆွေးဓာတ်များ အဝေးသို့လွင့်ပါတိုက်စားခြင်း (Suspension)၊ သဲများကိုအနည်းငယ်ဝေးသည့်နေရာသို့ ရောက်အောင် လေဖြင့်ပါသွားခြင်း (Saltation)နှင့် အရွယ်အစားကြီးမားသည့် အရာဝတ္ထုနှင့် ကျောက်ခဲများအလျားလိုက်လေဖြင့်ရွေ့လျားခြင်းတို့ဖြစ်သည်။  လေကြောင့် မြေတိုက်စားခြင်း၏ မျက်မြင်လက္ခဏာအဖြစ် အပင်များယိုင်လဲ၍ အမြစ်များပေါ်နေခြင်း၊ သဲကန္တာရဖြစ်ပေါ်ခြင်းနှင့် အပေါ်ယံမြေမျက်နှာပြင်များ ချောမွေ့လာခြင်းဖြစ်သည်။ လေကြောင့် မြေမှုန်များတစ်နေရာမှတစ်နေရာသို့  ရွေ့လျားခြင်းဖြစ်သည်။ ပူပြင်းခြောက်သွေ့သည့် လေပူများနှင့် လေနှင့်အတူပါလာသည့်သဲများ ပွတ်တိုက်ခြင်းကြောင့် သီးနှံပင်များကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေသည်။

ရေတိုက်စားခြင်းပုံစံတွင် မိုးရေထိမှန်ပြီး ရေတိုက်စားခြင်းနှင့်စီးဆင်းရေကြောင့် ရေတိုက်စားခြင်းတို့ဖြစ်သည်။ စီးဆင်းရေကြောင့်ရေတိုက်စားခြင်းတွင်အပေါ်ယံမြေတိုက်စားခြင်းနှင့် အောက်မြေဆီလွှာတိုက်စားခြင်းတို့ဖြစ်သည်။ စိုက်ပျိုးမြေများတွင်တွေ့ရသော   အပေါ်ယံမြေဆီလွှာ တိုက်စားခြင်းတို့မှာ အလွှာလိုက်မြေဆီလွှာ တိုက်စားခြင်း၊ ကြောင်းလိုက်မြေဆီလွှာတိုက်စားခြင်း၊လျှိုတိုက်စားခြင်းနှင့် မြေလုံးမြေခဲဖြစ်ပေါ်ခြင်းတို့ဖြစ်ပြီး အောက်မြေဆီလွှာတိုက်စားခြင်းမှာ ထူးကျင်း/လိုဏ်ခေါင်းပုံ မြေဆီလွှာတိုက်စားခြင်းနှင့် ဒေါင်လိုက်မြေပြိုကျခြင်းတို့ ဖြစ်သည်။ စိုက်ပျိုးထွန်ယက်ခြင်းကြောင့်  ဖြစ်ပေါ်လာသည့်မြေဆီလွှာတိုက်စားမှုတွင် အလွန်အကျွံ   စိုက်ပျိုးထွန်ယက်ခြင်း၊ အကြီးစားလယ်ယာစက်ကိရိယာများအသုံးပြုခြင်းနှင့် လျှောစောက်အတိုင်း ထွန်ယက်စိုက်ပျိုးခြင်းတို့ကြောင့် ဖြစ်သည်။

မြေဆီလွှာအား ရေနှင့်လေတိုက်စားခြင်းကြောင့်   မြေစိုင်မြေခဲများကြေမွပျက်စီးကာ လေပေါက်ရေပေါက်များကို ပိတ်ဆို့ပြီး ရေစိမ့်ဝင်မှုလျော့နည်းခြင်း၊ ခြောက်သွေ့သည့်အခါတွင်လည်း မြေမှုန်များ ဖွဲ့စည်းမှုအားနည်းခြင်းကြောင့် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ပျက်စီးစေသည်။အကြီးစားလယ်ယာသုံး စက်ကိရိယာများအသုံးပြုခြင်း၊ ထွန်ယက်စိုက်ပျိုးမှုစနစ်မမှန်ကန်ခြင်းတို့ကြောင့် မြေကျပ်ခြင်းကို ဖြစ်ပေါ်စေသည်။

မြေဆီလွှာတိုက်စားခြင်းကြောင့် မြစ်ချောင်း၊ ဆည်ကန်များတွင်နုန်းပို့ခြင်း၊ ရေသွင်းစိုက်ပျိုးသည့်နေရာများတွင် စီးဆင်းရေနှင့်အတူမြေတိုက်စားခြင်း၊ ရေလွှမ်းခြင်း၊ ကျန်းမာရေးဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာစေခြင်း၊မြေဆီလွှာအရည်အသွေးကျဆင်းလာခြင်း၊ သစ်ဆွေးဓာတ်ပါဝင်မှုနည်းပါးလာပြီး မြေဆီလွှာအရောင်ပြောင်းလဲလာခြင်း၊ မြေဆီလွှာ၏ရုပ်ဂုဏ်သတ္တိများ(မြေသားအနုအကြမ်း၊မြေချဉ်ခြင်း၊ ဆား/ဆပ်ပြာပေါက်မြေများဖြစ်ပေါ်လာခြင်း၊ အာဟာရဓာတ်မညီမျှခြင်း၊ မြေဆီလွှာအာဟာရဓာတ်များ ချို့တဲ့လာခြင်း၊ မြေဆီလွှာညစ်ညမ်းခြင်း၊ ဇီဝဂုဏ်သတ္တိများ ပျက်စီးလာခြင်း၊ မြေတွင်းရှိသက်ရှိများ/ အဏုဇီဝသက်ရှိများနည်းပါးလာခြင်းတို့ကြောင့် သီးနှံအထွက်နှုန်းကို သိသိသာသာလျော့နည်းလာစေသည်။

မြေဆီလွှာတိုက်စားခြင်း၏ဆိုးကျိုးများ

အနေဖြင့် မြေ၏ထုတ်လုပ်မှုစွမ်းအားကျဆင်းခြင်း၊ စိုက်ပျိုးမြေဧရိယာများလျော့ကျလာခြင်း၊ အထွက်နှုန်းလျော့နည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် ပြောင်းရွှေ့လုပ်သားများပြားလာခြင်း၊  ဆည်၊ မြောင်း၊ ကန်ချောင်းတိမ်ကော လာခြင်း၊ရေကြီးရေလျှံမှုဖြစ်ခြင်း၊ သီးနှံအရည်အသွေး ညံ့ဖျင်းခြင်းနှင့် သဘာဝဂေဟစနစ်   ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ကြောင့် တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများတွင် မြေဆီလွှာတိုက်စားမှု ရှိ/မရှိ စစ်ဆေးကြည့်ရှုရန် လိုအပ်သည်။ မြေဆီလွှာတိုက်စားခြင်း၏ပထမဆုံးလက္ခဏာမှာ သာမန်မျက်စိ ဖြင့်မြင်နိုင်သည့် မြေဆီလွှာအရောင်ပြောင်းလဲမှုဖြစ်ပြီး သစ်ဆွေးဓာတ်များရာမှနည်းလာသဖြင့် အရောင်ရင့်ရာမှ ဖျော့လာခြင်း၊ မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ်နည်းလာပါက သဘာဝပေါက်ပင်များ၏အရောင်သည် စိမ်းရာမှအဝါရောင်သို့ ပြောင်းလဲလာခြင်း၊ အပေါ်ယံမြေဆီလွှာတိုက်စားခြင်းကြောင့် အောက်ခံကျောက်သားများပေါ်လာခြင်း၊ ကျောက်သားအရွယ်အစားကြီးလာခြင်း၊ ပေါင်းမြက်မျိုးစိတ်အသစ်များလာခြင်းနှင့် ပေါင်းမြက်ပေါက်ရောက်မှုများပြားလာခြင်း၊ ထွန်ယက်စိုက်ပျိုး ပြီးစ မိုးမိသောစိုက်ခင်းများတွင် အလွှာလိုက်မြေတိုက်စားခြင်းနှင့် ထယ်ကြောင်းအလိုက် မြေတိုက်စားခြင်းတို့အား တွေ့ရှိနိုင်သည်။ရွှေ့ပြောင်းတောင်ယာနှင့် လျှောစောက်အတိုင်း ထွန်ယက်စိုက်ပျိုးသည့် တောင်စောင်းဒေသများတွင်လည်း မြေဆီလွှာတိုက်စားမှုအား သိသိသာသာ တွေ့ရှိ နိုင်သည်။ လူတို့၏စနစ်မကျသည့်မြေယာအသုံးပြုမှုကြောင့်ဖြစ်ပေါ်သည့် မြေဆီလွှာတိုက်စားမှုသည် မြေဆီလွှာဖြစ်ပေါ်ခြင်းဖြစ်စဉ်ထက် အဆ ၁၀၀၀ ကျော်ရှိပြီး ရေရှည်သီးနှံစိုက်ပျိုးမှုအတွက် အဟန့်အတားတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် မြေဆီလွှာတိုက်စားခြင်းကို လျော့နည်းသက်သာစေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသည့် ရေကြီးခြင်း၊မိုးခေါင်ခြင်း၊အပူချိန် လွန်ကဲခြင်းနှင့်ရေရှားပါးသည့်ဒေသများတွင်ပိုလျှံနေသောမိုးရေများအား စုဆောင်းရန်အတွက်   တောင်သူများအနေဖြင့်  မိမိတို့ဒေသနှင့်ကိုက်ညီသည့် မြေဆီလွှာနှင့်  ရေထိန်းသိမ်းရေးလုပ်ငန်းများအား    ဆောင်ရွက်ရန်လိုအပ်လာသည်။

မြေဆီလွှာထိန်းသိမ်းရေးဆိုသည်မှာ မြေဆီဩဇာထိန်းသိမ်းရန်အတွက်ဒေသနှင့်ကိုက်ညီသည့် မြေဆီလွှာနှင့်ရေထိန်းသိမ်းရေးလှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းဖြစ်သည်။ မြေဆီလွှာထိန်းသိမ်းခြင်းအားဖြင့်မြေတိုက်စားခြင်းကို ကာကွယ်လျှော့ချနိုင်ခြင်း၊ စီးဆင်းရေနှင့် ယင်းရေ၏အရှိန်ကို ထိန်းချုပ်နိုင်ခြင်း၊ မြေကျပ်ခြင်းအားလျှော့ချနိုင်ပြီး   မြေဆီလွှာအာဟာရဓာတ်များ တိုးတက်ကောင်းမွန်လာစေပြီး ပိုလျှံနေသောရေများအား စုဆောင်းနိုင်မည်ဖြစ်သည်။

လက်ရှိစိုက်ပျိုးရေးဦးစီးဌာနတွင် ဆောင်ရွက်လျက်ရှိသည့် မြေဆီလွှာနှင့် ရေထိန်းသိမ်းရေးနည်းလမ်းများမှ (၁) ရုပ်ဝတ္ထုများတည်ဆောက်၍ မြေဆီလွှာထိန်းသိမ်းခြင်း၊ (၂)သက်ရှိအပင်များ စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းနှင့်  (၃)စိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းတို့ဖြစ်သည်။

ရုပ်ဝတ္ထုများနှင့် ထိန်းသိမ်းခြင်း(Physical Measures)

ရုပ်ဝတ္ထုများတည်ဆောက်၍ မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ  ကုန်းစောင်းဒေသများတွင် ကျောက်သားမြေသားကန်သင်းများတည်ဆောက်ခြင်း၊ နုန်းတားဆည်များတည်ဆောက်ခြင်း၊ ရေကျော်ကျောက်တန်း၊ ရေထိန်းဆည်များတည်ဆောက်ခြင်း၊ စိုက်ကျင်းများတူး၍စိုက်ပျိုးခြင်း၊ ကွန်တိုအလိုက်စိုက်ပျိုးခြင်း၊ ရေစုကျင်းနှင့်ရေစုကန်များတည်ဆောက်ခြင်းနှင့် သစ်တော/နှစ်ရှည်ပင်များစိုက်ပျိုးရန် စိုက်ကျင်းများတူး၍ မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

ကွန်တိုကန်သင်းတည်ဆောက်ခြင်း

ကုန်းစောင်းဒေသများတွင်  မြေသားထူပါက မြေသားကန်သင်း၊  မြေသားပါးပါက ကျောက်စီကန်သင်း  ကွန်တိုအလိုက်ပြုလုပ်၍  မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

နုန်းတားဆည်/ကန်သင်းတည်ဆောက်ခြင်း

Catchment Area ဧက ၁၀၀ ထက် မကျော်သောနေရာများတွင် အမာခံကျောက်များဖြင့် ကန်သင်းပြုလုပ်၍ မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်သည်။

ရေကျော်ကျောက်တန်း တည်ဆောက်ခြင်း လျှိုလက်တက်များတွင် ရေစီးနှုန်းနှေးသွားစေရန် ရေကျော်ကျောက်တန်းများတည်ဆောက်ခြင်းဖြစ်သည်။

ရေစုကျင်း၊ ရေစုကန်များ တည်ဆောက်ခြင်း

အပူပိုင်းဒေသ၊ မိုးရေချိန်လက်မနည်းပါးသောနေရာများတွင် မိုးရေကိုစုဆောင်းနိုင်သော ရေစုကန်များတူးဖော်ပြီး သီးနှံများရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေပေးသွင်းခြင်းဖြစ်သည်။

သစ်တောပင်/နှစ်ရှည်ပင် စိုက်ကျင်းများပြုလုပ်ခြင်းအပူပိုင်းဒေသ လျှောစောက် ၅၀ ရာခိုင်နှုန်းအောက် ကျောက်မရှိသည့်တောင်စောင်းများတွင် ရေစုကျင်းငယ်များတူးဖော်၍ ရေထိန်းခြင်းဖြစ်သည်။

သက်ရှိများနှင့်ထိန်းသိမ်းခြင်း (Biological Measures)

သက်ရှိအပင်များစိုက်ပျိုး၍ မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ ထည့်သွင်းခြင်း (အဏုဇီဝမြေဩဇာ)၊ မြေဆွေးနှင့်သက်ရှိအပင်များစိုက်ပျိုး၍ မြေဆီလွှာထိန်းသိမ်းခြင်းတွင် မြေဖုံးပင်များစိုက်ပျိုးခြင်း၊ မြက်ရိုးတန်းများစိုက်ပျိုးခြင်း၊ လေကာပင်များ၊ စည်ရိုးတန်းပင်များစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းနှင့်သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းတို့ဖြစ်သည်။

တောင်စောင်းစိုက်ပျိုးရေးစနစ်

လျှောစောင်းရာခိုင်နှုန်း > ၁၅-၂၅ ရာခိုင်နှုန်း အထိရှိသည့် တောင်စောင်းမြေများတွင် ကွန်တိုလိုင်း အလိုက် အကန့်လိုက်သီးနှံများစိုက်ပျိုးခြင်းဖြစ်သည်။

ကွန်တိုလိုင်းအတိုင်း သီးနှံပင်များ၊ မြက်များကိုစိုက်ပျိုးခြင်း

လျှောစောင်း ၃-၅ ရာခိုင်နှုန်းရှိသည့် နေရာများတွင် နှစ်ရှည်ခံမြက်များ၊ နွားစာမြက်များ (နေဗီယာမြက်၊

မွန်ဘားစားမြက်)၊  Vetiver grass၊ စပါးလင်နှင့် နာနတ်ကဲ့သို့သီးနှံများ မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးရန် ကွန်တိုအလိုက်စိုက်ပျိုးခြင်းဖြစ်သည်။

မြေဖုံးပင်များစိုက်ပျိုးခြင်း

မြေဆီလွှာအပေါ်မျက်နှာပြင်အားတိုက်စားခြင်းမှ ကာကွယ်ရန်၊ အစိုဓာတ်ထိန်းထားနိုင်ရန်၊ အာဟာရပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပဲမျိုးရင်းဝင်အပင်များအား မြေဖုံးပင်အဖြစ်စိုက်ပျိုးခြင်းဖြစ်သည်။

လေကာပင်များစိုက်ပျိုးခြင်း

လေတိုက်စားခြင်းမှကာကွယ်ရန်   စိုက်ခင်းနယ်နိမိတ်တစ်လျှောက်တွင် ဝါး၊ မိုးမခ၊ မြေပြန့် ချယ်ရီ၊ ပဲစင်းငုံ၊ နှံစားပြောင်း၊ ဘောစကိုင်း၊ ထန်း၊ သီဟိုဠ်သရက်၊ ငှက်ပျော၊ နှစ်ရှည်သီးနှံပင် စသည်တို့ကို စိုက်ပျိုးခြင်းဖြစ်သည်။

စိုက်ပျိုးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း (Agronomic Measures)

သီးနှံစိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းဆိုသည်မှာ သီးနှံများကိုရောနှောစိုက်ပျိုးခြင်း၊ သီးလှည့်စိုက်ခြင်း၊ အကန့်လိုက်စိုက်ခြင်း၊ ပဲမျိုးရင်းဝင်အပင်များထည့်သွင်းစိုက်ပျိုးခြင်း၊ မြေလှပ်ခြင်း၊ ထယ်ရေးမဲ့စိုက်ပျိုးခြင်း၊ သီးနှံပင်အကြွင်းအကျန်များဖြင့် မြေဖုံးအုပ်ခြင်းနှင့် သီးနှံသစ်တောရောနှော စိုက်ပျိုးခြင်းတို့ဖြစ်သည်။

သီးနှံရောနှောစိုက်ပျိုးခြင်း

သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်း၊ ရောနှောစိုက်ပျိုးခြင်းအားဖြင့် ရောဂါ၊ ပိုးမွှားများ၏ မျိုးဆက်သံသရာစက်ဝန်းကို ဖြတ်တောက်ပေးပြီး မြေဆီလွှာဖွဲ့စည်းမှုကောင်းမွန်စေ၍ မြေဆီဩဇာထက်သန်စေသည်။

သီးနှံအကြွင်းအကျန်များဖြင့် မြေကိုဖုံးအုပ်ကာကွယ်ခြင်း

ပင်ကြွင်းပင်ကျန်များဖြစ်သည့် ကောက်ရိုး၊ စပါးခွံ၊ မြေပဲရိုး၊ မြေပဲခွံ၊ နှမ်းရိုး၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်ခြောက်များဖြင့် မြေကြီးကိုဖုံးအုပ်ခြင်းဖြစ်သည်။ 

ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်းရွာသွန်းသောမိုးရေကိုထိန်းထားနိုင်ပြီး ရေနုတ်မြောင်းပါရှိသဖြင့် ရေဝပ်ခြင်းမရှိစေဘဲ ရေထုတ်ရလွယ်ကူစေသည်။ မြေတိုက်စားမှုကို လျှော့ချပေးနိုင်ပြီး ခြောက်သွေ့ရာသီတွင် အစိုဓာတ်ကို ထိန်းထားပေးနိုင်သည်။ 

သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း

စားကျက် သို့မဟုတ် ရာသီသီးနှံများကိုနှစ်ရှည်သီးနှံပင်များနှင့် ရောနှော၍ စိုက်ပျိုးသည့် “ဘက်စုံသီးနှံစနစ်” အမျိုးအစားဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် သီးနှံများထိခိုက်ပျက်စီးမှုအား လျော့နည်းသက်သာစေသည့် စိုက်ပျိုးခြင်းနည်းစနစ်ဖြစ်သည်။

မြေလှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်း

လှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်းအားဖြင့် မိုးရေကို ထိန်းသိမ်းပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး လေဝင်လေထွက်ကောင်းမွန်ခြင်း၊ မြေတွင်းအစိုဓာတ်နှင့် အာဟာရဓာတ်ဆုံးရှုံးမှုကို ထိန်းထားပေးနိုင်သည်။

ထို့ပြင် မိုးခေါင်ရေရှားသည့်အပူပိုင်းဒေသများတွင် မိုးရွာသွန်းပြီးနောက် မြေမျက်နှာပြင်ပေါ်တွင်စီးဆင်းလာသည့်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုရန်ရည်ရွယ်၍ စုဆောင်းခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုအပ်လာသည်။ပိုလျှံနေသောမိုးရေနှင့်အရှိန်ဖြင့်စီးဆင်းလာသည့်ရေစီးအား ဖမ်းယူသိုလှောင်ခြင်းသည် မြေတိုက်စားခြင်းကို သက်သာစေရုံသာမက စိမ့်ဆင်းရေကို များစေသည်။ ထို့ကြောင့် မိုးရေကို အသုံးချသည့် အစီအစဉ်များတွင် ရေနှင့်မြေဆီလွှာထိန်းသိမ်းခြင်းအား တစ်ပါတည်းဆောင်ရွက်ရန်လိုအပ်သည်။

သီးနှံစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ၏ မြေတိုက်စားခြင်းကိုကာကွယ်လိုသည့်စိတ်အားထက်သန်မှုနှင့်လက်ခံမှု၊အနီးဝန်းကျင်ရှိတောင်သူများ၏ ပူးပေါင်းဆောင်ရွက်လိုမှု၊ ငွေကြေးအထောက်အပံ့နှင့် အဆိုပါလုပ်ငန်းများကို ရေရှည်ထိန်းသိမ်းလိုသော ဆန္ဒသဘောထားများသည် မြေဆီလွှာထိန်းသိမ်းရေးတွင် အလွန်အရေးကြီးသည့်အတွက် မြေဆီလွှာအား တန်ဖိုးထားထိန်းသိမ်းပေးကြရန် လိုအပ်လာသည်။ ထို့ကြောင့်တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးမြေများ ဆုံးရှုံးမှုမှကာကွယ်ရန်အတွက် မိမိတို့ဒေသနှင့်ကိုက်ညီသည့်  မြေဆီလွှာနှင့်ရေထိန်းသိမ်းရေးစနစ်များကို လုပ်ကိုင်ကြရန်လိုအပ်လာသည်။ သို့မှသာ တောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာပြီး စားနပ်ရိက္ခာဖူလုံသည့်အပြင်ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် တောင်သူများအနေဖြင့် တောင်သူစီးပွားတိုးတက်ရေး၊ စိုက်ပျိုးသီးနှံများပိုမိုထုတ်လုပ်နိုင်ရေးအတွက် သဘာဝအရင်းအမြစ် မြေကြီးမှရွှေသီးစေဖို့ မြေဆီလွှာကို ဝိုင်းဝန်းထိန်းသိမ်းပေးကြဖို့ လိုအပ်ပါကြောင်းနှိုးဆော်တိုက်တွန်းအပ်ပါတယ်ရှင်။   ။     

MWD Web Portal 

မြင့်မြင့်ထွန်း(စိုက်ပျိုးရေးဦးစီးဌာန)

သင် တစ်ခါတစ်ရံ အစာစားချင်စိတ် ကင်းမဲ့နေပါ လိမ့်မည်။ ဘာစားချင်သလဲမေးလျှင် ဘာပြောရမှန်း မသိ၊ စားချင်စိတ်မရှိသဖြင့် စားချင်တာကို မသိခြင်း ဖြစ်သည်။ အိမ်ရှင်မက ဈေးခြင်းကိုင်ပြီး ဈေးသွားခါနီး လျှင်  ဒီနေ့ဘာစားချင်သလဲဟု  မေးလေ့ရှိသည်။ ထိုအခါ ဘာပြောရမှန်းမသိဖြစ်ပြီး-"ကြုံတာသာ ဝယ်ချက်ပါကွာ၊ ဘာမှ စားချင်စိတ် မရှိဘူး" ဟု ပြောလိုက်ရသည်။

လူကိုအစာစားချင်စိတ်ဖြစ်စေသောအရာမှာ အစာအိမ်မှ ဝမ်းမီးဖြစ်သည်။ ဝမ်းမီးတောက်နေပြီဟု ပြောလျှင် ဗိုက်ဆာလှပြီ၊ ခြေဖို့အစာကို အစာအိမ်က တောင့်တနေပြီ၊ မြန်မြန်စားပါတော့ဟု ဆိုလိုသည်။

ဝမ်းမီးငြိမ်းသွားပြီဆိုလျှင် ယနေ့အဖို့ အစာဝပြီ၊ ပြည့်စုံပြီ၊ နောက်ထပ်စားရန်မလိုတော့သဖြင့် အစာ အိမ်မှ  မီးဖိုကြီးကို ငြှိမ်းလိုက်ပြီဟု သဘောပေါက် ရလေသည်။ သို့သော် ဝမ်းမီးငြိမ်းခြင်းသည် တစ်နေ့တာအတွက်သာ   ငြိမ်းခြင်းဖြစ်ပြီး  နောက်တစ်နေ့အချိန်တန်လျှင် ဗိုက်ပြန်ဆာပြီး ဝမ်းမီးပြန်တောက်ဖို့လိုသည်။  အမြဲငြိမ်းသွားဖို့မဟုတ်။ ဝမ်းမီး အမြဲငြိမ်းသွားသည်ကား လူသေဆုံးခြင်းပင်ဖြစ်သည်။

ဝမ်းမီးငြိမ်းခြင်းအပြင် ဝမ်းမီးပျက်ခြင်းဟူသော စကားလည်းရှိသေးသည်။ လူနာက အစာကို လက်မခံ တော့၊ ဘာကျွေးကျွေးမဝင်၊ ဝင်လျှင်လည်း ပြန်အန် ထုတ်သည်။ ဝမ်းသွားလျှင် မကြေသောအစာများမှာအဖတ်များအတိုင်း ပြန်ပါလာသည်။

ဝမ်းမီးအလုပ်မလုပ်တော့သောအခြေအနေကို ဝမ်းမီးပျက်သည်ဟုဆိုသည်။ အိမ်တွင် မီးမလာသောအခါ  မီးစက်နှိုးကြသည်။  မီးစက်နှိုးမရသောအခါ မီးစက်ပျက်သွားပြီဟု ဆိုကြသည်။ ပူအိုက်ခြင်း၊ မှောင် မည်းခြင်းဒဏ်အမျိုးမျိုးကို ခံစားကြရသည်။

ထို့အတူ  ဝမ်းမီးပျက်လျှင်လည်း ထိုလူနာမှာ ပူလောင်ခြင်း၊ ရေငတ်ခြင်း၊ သွေးထွက်ခြင်း၊ ဝမ်းပျက်ခြင်း၊ သတိလစ်ခြင်းတို့ကို ခံစားရလေသည်။ ထို့ ကြောင့် ရှေးသမားတော်ကြီးများကရေးသော ဆေးကျမ်းများတွင် ဝမ်းမီးပျက်သော် သိကြားမင်းဆင်းကုသော်မှ မရဟု ဆိုကြသည်။ဝမ်းမီးငါးမျိုးရှိသည်ဟု ဆေးကျမ်းများက ဆိုသည်။

မန္ဒဝမ်းမီး-အားပျော့သော ဝမ်းမီး၊ တိက္ခဝမ်းမီး- ထက်သော ဝမ်းမီး၊ သမဝမ်းမီး-မျှတသော ဝမ်းမီးတို့ ဖြစ်သည်။ဤသုံးမျိုးသည် လူတို့တွင် အခြေအနေ၊ အချိန်အခါ၊ အသက်အရွယ်လိုက်၍ အစာအိမ်အတွင်း မကြာခဏ ပြောင်းလဲဖြစ်တတ်သော ဝမ်းမီးများဖြစ်သည်။ဆေးကျမ်းများအဆို ကျန်ဝမ်းမီးနှစ်မျိုးမှာကား ရောဂါဖြစ်နေသူများအဆင့်တွင် တွေ့ရလေ့ရှိသော ဝမ်းမီးမျိုးဟု ဆိုရမည်ဖြစ်သည်။

ယင်းနှစ်မျိုးမှာ  ဝိသမဝမ်းမီး-ပျက်စီးနေသော ဝမ်းမီးနှင့် ဘဿဝမ်းမီး-ပြာကျအောင် လောင်သော ဝမ်းမီးဟု ဆေးပညာကျမ်းများအဆိုအရ သိရသည်။ဤဝမ်းမီးငါးမျိုးအနက်   မန္ဒဝမ်းမီး ခေါ် နုံ့သော ဝမ်းမီး  တစ်နည်းအားဖြင့်  အားလျော့သောဝမ်းမီး အကြောင်းကိုသာ ဤဆောင်းပါးတွင် တင်ပြလိုက် ရပါသည်။သမုဒ္ဒရာဝမ်းတစ်ထွာဟုဆိုရာဝယ်  ကိုယ့်ဝမ်း အတွက်သာမက သူတစ်ပါးဝမ်းအတွက်၊ မိသားစု ဝမ်းအတွက်ပါ ရှာဖွေကြရသူများတွင် စားချိန်တန်၍ မစားရ၊   အချိန်လွန်မှစားရသောနေ့များရှိကြပေ လိမ့်မည်။

လူတချို့ပြေလည်နေကြသော်လည်း မပြေလည် ကြသူများမှာ အစာကို စားရပြန်သော်လည်း ဝဝလင် လင်မစားရ၊ ခွဲတမ်းနှင့်သာ စားရသူများရှိကြသည်။ဝမ်းမီးဟူသည် စိတ်နှင့်ဆက်နွှယ်နေသော သဘာဝ ရှိသဖြင့် စားစရာမရှိတော့၊ မကျန်တော့သဖြင့် အာသီသ မပြည့်ဝဘဲ ရပ်လိုက်ရသောအခါတွင် ဝမ်းမီးကလည်း အားလျော့သွားရလေသည်။

ဈေးရောင်းရသူမိတ်ဆွေတစ်ဦးက  ပြောဖူးသည် မှာ သူတို့မိသားစု ထမင်းစားလျှင် ဘယ်သောအခါ တွင်မျှ စုံစုံညီညီမစားရ။ တစ်ဦးစားလျှင် ကျန်သူ များက ဈေးရောင်း၊ အလှည့်ကျစားရသဖြင့် ထမင်းက မမြိန်၊ တစ်ခါတစ်ရံ စားလက်စကို ရပ်လိုက်ရသည့်အခါ များလည်းရှိသည်။အလုပ်ရှုပ်သူ၊ အလုပ်များသူ၊ အလုပ်မအားလျှင် အစာမစားသူများ သတိထားရန်မှာ ဝမ်းမီးအားလျော့ သွားခြင်းကြောင့် မန္ဒဝမ်းမီးရောဂါရရှိလာနိုင်ခြင်း ဖြစ်သည်။ ဘယ်အချိန်မှာ ငါအစာစားမလဲ၊ စားမည့် အချိန်တွင် အလုပ်နှင့်မတွဲဘဲ လွတ်လပ်စွာစားသောက် နိုင်မည့်အနေအထားကို ကြိုတင်စဉ်းစားထားပါ။

"အစာက အရေးမကြီး၊ အလုပ်က အရေးကြီးသည်။ အလုပ်ကသာ   အောင်မြင်မှုကို  ပေးနိုင်သည်"  ဟု ယူဆထားသူများထဲမှ ထင်ရှားအောင်မြင်သော ပုဂ္ဂိုလ် ကြီးတစ်ဦးသည် အစာအိမ်ရောဂါ နှစ်ရှည်ခံစားပြီးမှ ကွယ်လွန်သွားရသည်ကို တွေ့မြင်ဖူးသည်။အစာအိမ်ကင်ဆာရောဂါဖြစ်နေသူ အတော်များ များကို လေ့လာကြည့်ရာ ဖြစ်စတွင် အစာမကြေ၊ စားလျှင် ပြန်ပြန်အန်ထွက်ရာမှ စသည်။ မန္ဒဝမ်းမီး ကြောင့် အစာခြေရည်မထွက်၊ မခြေနိုင်ခြင်းက စတင် ခြင်းဖြစ်သည်။

အစာမကြေလျှင် အစာကြေဆေးသောက်ရမည်။ အစာကြေဆေးသောက်လိုက်လျှင် အစာကြေသွား မည်ဟုထင်လျှင်မှားမည်။မူလဝမ်းမီးအားဖြင့် ခြေထားသောအစာကို ၇၀ ရာခိုင်နှုန်းကြေပြီးမှ ခန္ဓာကိုယ်အားနည်း၍အစာခြေရည်ဆက်ထွက်မလာလျှင် ကျန် ၃၀ ရာခိုင်နှုန်းကို အစာခြေဆေးများက ကူညီပေးနိုင်သည်။ ဝမ်းမီးအားလျော့ပြီး မန္ဒဝမ်းမီးနုံ့နေလျှင်  အစကတည်းက မကြေသောအစာများကို အစာကြေဆေးက ခြေပေးနိုင်မည်မဟုတ်ပါ။အစာကြေ‌ခြင်းတွင် ကျမ်းများအဆိုအရ အဆင့် ခုနစ်ဆင့်အထိ ကြေချက်ရသည်။

ခန္ဓာကိုယ်ကြီးအတွက် ပထမအဆင့် အစာကြေလျှင်ရသရည်ဖြစ်သည်။ ဒုတိယအဆင့် အစာကြေလျှင် သွေးဖြစ်သည်။ တတိယအဆင့် အစာကြေလျှင်အသားဖြစ်သည်။ စတုတ္ထအဆင့်အစာကြေလျှင်အဆီ ဖြစ်သည်။ ပဉ္စမအဆင့်အစာကြေလျှင် အရိုးဖြစ်သည်။ ဆဋ္ဌမအဆင့်အစာကြေလျှင် ခြင်ဆီဖြစ်သည်။ သတ္တမ အဆင့်အစာကြေလျှင် သုက်ဖြစ်သည်။

အကျယ်ကိုမဖော်ပြနိုင်သော်လည်း ဝမ်းမီးအား မကောင်းလျှင် အဆင့်ဆင့်မကြေချက်နိုင်သဖြင့် ရသ ရည်အဆင့်တွင်ပင်ကြေပြီး နောက်အဆင့်များမရောက် နိုင်လျှင် အသွေး၊ အသား၊ အရိုး အားရှိသောဓာတ်များ ခန္ဓာကိုယ်က ရရှိတော့မည်မဟုတ်ပါ။

လမ်းလျှောက်ပေးခြင်းသည် ဝမ်းမီးကိုတောက် စေသော သတ္တိအပြည့်ရှိသည်။ လူတိုင်း လမ်းလျှောက်ချိန် တစ်ရက်လျှင်နှစ်နာရီပေးသင့်သည်။ သီးသန့် လမ်းလျှောက်ချိန်မရှိပါက အလုပ်နှင့်မဝေးလွန်းလျှင် လမ်းလျှောက်ပြီးသွားပါ။ ဝမ်းမီးပြန်ကောင်းလာရန် ငွေမကုန်သော ဆေးကုသနည်းဖြစ်သည်။

အစာမကြေမန္ဒဝမ်းမီးရောဂါရပြီထင်လျှင် အစာ စားပြီးချိန်တွင် ထိုင်မနေပါနှင့်။ ဝမ်းမီးအားနည်းသော် အစာစားပြီးလျှင် အိပ်ချင်ငိုက်မျဉ်းလာလေ့ရှိသည်။ မအိပ်ပါနှင့်၊ ထပြီး လမ်းအနည်းငယ်လျှောက်လိုက် ပါ။ လမ်းလျှောက်လျှင် အစာအိမ်နံရံကြွက်သားများကို လှုံ့ဆော်သလိုဖြစ်ပြီး အစာခြေရည်ထွက်ကျလာ ပါလိမ့်မည်။ ထိုအခါ မန္ဒဝမ်းမီးရောဂါကို ကုသပေး ရာရောက်ပါလိမ့်မည်။

အစာအိမ်ကျန်းမာမှ လူကျန်းမာမည်။မန္ဒဝမ်းမီးရောဂါဘေး ကင်းဝေးကြပါစေ။

 MWD Web Portal

Photo - Istock

ကြည်လွင်မြင့်(မုဒြာ)

အကျိုးရှိသောအလုပ်

“ဃရာဝါသော ဗဟုကိစ္စော- ကိစ္စမြားမြောင်လူတို့ဘောင်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ နိစ္စဓူဝကိစ္စအမျိုးမျိုးဖြင့် အချိန်ကုန်နေရသည့် လူ့ဘောင်လောကလူ့ဘဝတွင် လူသားတို့အနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်ရန်အတွက် အချိန်ပေးရမည်ဖြစ်သည်။ လူမှုပတ်ဝန်းကျင် အပါအဝင် လူ့ဘောင်လောက လူ့ဘဝကိုအကျိုးပြုနိုင်မည့် အလုပ်ဟုဆိုလိုက်ပါလျှင် “ပေးဆပ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်း” စသည့် ကိုယ်ကျိုး ကိုဘေးဖယ်ထားပြီး အများအကျိုးကို ဦးတည်ဆောင်ရွက်ရသည့် အလုပ်များကိုသာ ပြေးမြင်မိကြသည်။ ထိုကဲ့သို့သော လူမှုပတ်ဝန်းကျင်တွင် အများအကျိုးကိုဦးတည်သည့် ပရဟိတလုပ်ငန်းများအနက် ကိုယ်ကျိုးကိုလည်းပြည့်ဝစေ၊ အများအကျိုးကိုလည်း ဖြစ်စေသည့် အလုပ်များလည်းရှိတတ်သည်။

လူသားတို့ အသက်ရှင်သန်နေထိုင်ရာ ဤကမ္ဘာမြေပေါ်တွင် လူသားတို့ကို “အေးမြသောအရိပ် အာဝါသကို ပေးစွမ်းနိုင်သကဲ့သို့ နားခိုနေထိုင်ရာ အိုးအိမ်တည်ဆောက်ရာတွင်လည်း အသုံးပြုနိုင်သည့်သစ်ပင်” ဆိုသည့်အရာသည် လူသားတိုင်း လွယ်လင့် တကူစိုက်ပျိုးနိုင်သည့် အရာပင်ဖြစ်သည်။ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနေနိုင် သည်” ဆိုသည့်စကားနှင့်အညီ သစ်ပင်ဆိုသည်မှာ လူတို့အတွက် အရိပ်အာဝါသကို ပေးစွမ်းနိုင်ရုံသာမက ကျေးငှက်သာရကာတို့အတွက် ခိုနားစရာ နေရာတစ်ခုဖြစ်သည်။ သစ်ပင်တစ်ပင်၏ ရှင်သန်မှုတွင် လေထုအတွင်းမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီးလူတို့အတွက် မရှိမဖြစ်လိုအပ်သည့် အောက်ဆီဂျင်ကို လေထုအတွင်းသို့ ပြန်လည်ထုတ်လွှတ်ပေးသည်။ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သဖြင့် လူသားအကျိုးပြုလုပ်ငန်းတစ်ခု ပင်ဖြစ်သည်။

ချစ်တတ်ပါစေ ကမ္ဘာမြေ

မြေကြီးကရွှေသီးဆိုသကဲ့သို့ ကမ္ဘာမြေကြီးသည် မြေဆီမြေနှစ်မြေဩဇာကောင်းကောင်းဖြင့် သစ်သီးဝလံ သစ်ပင်ပန်းမန်တို့ကို ရှင်သန်ကြီးထွား၍ လူသားတို့အတွက် အစာအာဟာရကို ဖြည့်စွမ်းပေးသည်။ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဆိုသကဲ့သို့ သစ်ပင်တို့ ရှင်သန်ရန်လိုအပ်သည့် မြေဆီမြေဩဇာနှင့် အစာအာဟာရတို့ကို မြေကြီးကပေးသည်။ မိုးရေတိုက်စားခြင်းကဲ့သို့သော မြေဆီလွှာပြုန်းတီး ခြင်းကို သစ်ပင်တို့က ကာကွယ်ပေးသည်။ ရာသီဥတု ဖောက်ပြန်မှုကိုဖြစ်စေသည့် လေထုအတွင်းက ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူ၍ လူသားအကျိုးပြုဖြစ်စေသည့် အောက်ဆီဂျင်ကို ထုတ်ပေးခြင်းဖြင့် သစ်ပင်တို့က ကမ္ဘာမြေကြီးနှင့် လူသားတို့ အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်ပေးသည်။

လေထုညစ်ညမ်းမှုကို ဖြစ်စေသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များကို လူသားတို့ဘေးထွက် ဆိုးကျိုးဖြစ်စေမည်ဖြစ်သဖြင့် သစ်ပင်တို့က လေထုအတွင်းမှ စုပ်ယူပေးကာ လေထုကိုသန့်စင်ပေးသည်။ သန့်ရှင်းလတ်ဆတ်သော လေကိုရှူသွင်း၍ စိတ်ပင်ပန်းခြင်းတို့ကို ဖြေဖျောက်နိုင်ပြီး ရောဂါဘယကင်းစင်၍ လှပသောလူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြမည်ဖြစ်သည်။ သစ်ပင်တို့ကပေးသော အရိပ်ကိုခို၍ အကျိုးကိုစားသုံးကြသည့် လူသားများက “အရိပ်နေနေ အခက်ချိုးချိုး” ဆိုသကဲ့သို့ သစ်ပင်တို့ကို ပျိုးထောင်ခြင်းမပြုဘဲ သဘာဝအလျောက် ပေါက်ရောက်သည့်အပင်များကိုပါ ခုတ်လှဲနေကြမည်ဆိုပါက ကမ္ဘာကြီး၏ သာယာလှပမှုကို ဖျက်ဆီးနေကြသူများသာ ဖြစ်ပေသည်။

သစ်ပင်တို့ကို ခုတ်လှဲရခြင်း အကြောင်းတရား များစွာရှိနေနိုင်သည်။ တောင်ယာစိုက်ခင်းများ အတွက် သစ်တောခုတ်ထွင်ရှင်းလင်းခြင်း၊ စားကျက်မြေရှာဖွေခြင်း၊ လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်အတွက် ခုတ်လှဲရခြင်း၊ နေအိမ်အဆောက် အအုံဆောက်လုပ်ရေးအတွက် ခုတ်လှဲရခြင်း၊ ထင်းအဖြစ် ခုတ်လှဲရခြင်း စသည့်အကြောင်းပြချက် မျိုးစုံသုံး၍ ခုတ်လှဲနေကြသည်။ လူတို့၏ သဘာဝအရ လူသားလိုအင်ဆန္ဒကို ပြည့်ဝကြရန်အတွက် မဖြစ်မနေခုတ်လှဲနေရပါသည်ဟုဆိုပါလျှင် လူသားနှင့် ကမ္ဘာကိုအကျိုးပြုသည့် သစ်ပင်များကို ပြုစုပျိုးထောင်၍ ပြန်လည်စိုက်ပျိုးရမည်ဆိုသည့် အသိ မျိုး ရှိသင့်ပေသည်။

ကမ္ဘာ့ကုလသမဂ္ဂက နှစ်စဉ်ကမ္ဘာပေါ်၌ သစ်တောဟက်တာ ၁၂ သန်းခန့် ခုတ်လှဲခြင်းခံနေရပြီး သစ်တောပြုန်းတီးမှု၊ စိုက်ပျိုးရေးနှင့်အခြားရည်ရွယ်ချက်များဖြင့် သစ်တောခုတ်ထွင်ရှင်းလင်းမှုတို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ လေးပုံတစ်ပုံခန့်ကို ဖြစ်ပေါ်စေသည်ဟု ထုတ်ပြန်ထားသည်။ “လေထုကို သန့်စင်ပေးနိုင် ခြင်း၊ အပူချိန်ကို ထိန်းညှိပေးခြင်း၊ ရာသီဥတုကို မျှတစေခြင်း၊ ရေလွှမ်းမိုးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများကို ရှင်သန်စေခြင်း” စသည့် အကျိုးကျေးဇူးများကို သစ်ပင်များကသာ ပေးစွမ်းနိုင်သဖြင့် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုများကို ကာကွယ်နိုင်ရေးအတွက် သစ်တောနှင့်သစ်ပင်များကို ထာဝစဉ်ရှင်သန်တည်ရှိနေရေးထိန်းသိမ်းကြရမည်ဟု ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံများသို့ တိုက်တွန်းထားသည်။

ထိန်းသိမ်းကြစို့

၁၉၉၀ ပြည့်နှစ်ဝန်းကျင်ခန့်က ကမ္ဘာပေါ်တွင် သစ်တောဧရိယာ ဟက်တာ ၄ ဒသမ ၂၄ ဘီလီယံခန့်ရှိခဲ့ရာ လက်ရှိအချိန်တွင် ဟက်တာလေးဘီလီယံ ကျော်ခန့်သာရှိတော့သဖြင့် သစ်တောဧရိယာ ဟက်တာ ၅၀ မီလီယံခန့် ဆုံးရှုံးခဲ့ရသည်ဟု ပညာ ရှင်များက ခန့်မှန်းထားသည်။ ရေမြေသဘာဝ သာယာလှပပြီး သစ်တောသယံဇာတများလည်း ပေါကြွယ်ဝသည့် မြန်မာနိုင်ငံတွင် သစ်တောဧရိယာ သည် နိုင်ငံဧရိယာ စုစုပေါင်း၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ ထိုသစ်တောဧရိယာများ ဆုံးရှုံးမှုမရှိစေရေးနှင့် သဘာဝဂေဟစနစ်များ ပျက်စီးယိုယွင်းခြင်း မရှိစေရေးအတွက် နိုင်ငံတော်အစိုးရက အင်တိုက်အားတိုက် ဆောင်ရွက်နေသည်ကို တွေ့ရသည်။

နိုင်ငံတော်အနေဖြင့် ရှိရင်းစွဲသစ်တောဧရိယာများ လျော့ပါးသွားခြင်းမရှိအောင် နည်းစနစ်တကျ ထိန်းသိမ်းနေသကဲ့သို့ တစ်ဖက်တွင်လည်း သစ်တောစိုက်ခင်းအသစ်များကို အကောင်အထည် ဖော်ပေးနေသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး ၁၀ နှစ် စီမံကိန်း (Myanmar Reforestation and Rehabilitation Programme) အရ သစ်တောစိုက်ခင်း ၆၆၈၈၈ ဧက တည်ထောင်သွားရန်နှင့် သဘာဝကျန်သစ်တောဧက ၅၀၀၀၀၀ ခန့်ကိုလည်းထိန်းသိမ်းကာကွယ်သွားရန် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့က ရည်မှန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ သစ်တောများနှင့် ထိစပ်နေသည့်ဝန်းကျင်တွင် ကျင်လည်နေထိုင်ကြသည့် အများပြည်သူတို့အနေဖြင့်လည်း သစ်တောသယံဇာတများ၏တန်ဖိုးကို နားလည်သိရှိကာ ထင်းအစားထိုး အခြားလောင်စာအသုံးပြုခြင်းမှ အစပြု၍ သစ်ပင်ခုတ်လှဲကာ ကိုယ်ကျိုးအတွက် အသုံးပြုခြင်းကို နည်းနိုင်သမျှနည်းအောင် ကြိုးစားကြရပါမည်။

သစ်တောမူဝါဒ

သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဂေဟစနစ်ကို ထိန်းညှိပေးရာတွင် များစွာအရေးပါသည့် သစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းမှ အစပြု၍ သစ်တောသယံဇာတများကို အများ ပြည်သူတို့ တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ သစ်တောမူဝါဒ ၆ ချက်ကိုလည်းချမှတ်ထားသည် ကိုတွေ့ရသည်-

(၁) ကာကွယ်ခြင်း - ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို ကာကွယ်ရမည်။

(၂) ထာဝစဉ်တည်တံ့စေခြင်း - လက်ရှိပြည်သူလူထုနှင့် နောင်လာနောက်သားများကိုပါ သစ်တောများမှရရှိနိုင်သည့် တိုက်ရိုက်နှင့်သွယ်ဝိုက်သော အကျိုးများကို စဉ်ဆက်မပြတ် ခံစားနိုင်ကြစေရန် သစ်တောသယံဇာတ အရင်းအမြစ်များကို ထာဝစဉ်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းရ မည်။

(၃) အခြေခံစားဝတ်နေရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း - ပြည်သူလူထု၏ လောင်စာ၊ နေအိမ်အဆောက်အအုံ၊ အစားအစာနှင့် အပန်းဖြေနားနေမှု အစရှိသည့် အခြေခံစားဝတ်နေရေး လိုအပ် ချက်များကို ဖြည့်ဆည်းပေးရမည်။

(၄) စွမ်းဆောင်ရည် တိုးတက်မြင့်မားစေခြင်း - သစ်တောသယံဇာတများမှ ရရှိနိုင်သည့် စီးပွားရေး အကျိုးအမြတ်တို့အား လူမှုရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ကိုမထိခိုက်စေဘဲ အပြည့်အဝ အသုံးချနိုင်ရန် စီမံရမည်။

(၅) ပြည်သူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်လာစေခြင်း - သစ်တောများ ပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးဆိုင်ရာလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်လာကြစေရန်၊

(၆) ပြည်သူအတွင်း နိုးကြားထကြွသည့်အသိ ရှင်သန်နေစေခြင်း - နိုင်ငံတော်၏ လူမှုစီးပွား‌ရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် သစ်တောများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း နိုးကြားသည့် အသိရှင်သန်နေစေရေး စည်းရုံးလှုံ့ဆော်သွားရမည်။

ထိုမူဝါဒနှင့်အညီ ရှိရင်းစွဲသစ်တောဧရိယာများကို လျော့ပါးသွားခြင်းမရှိအောင် ထိန်းသိမ်း ပေးနေသကဲ့သို့ ပုဂ္ဂလိကသစ်တောစိုက်ခင်း အသစ်များမူဝါဒနှင့်အညီ ခွင့်ပြုပေးခြင်းတို့ကို နိုင်ငံတော်အနေဖြင့် အမြော်အမြင်ကြီးစွာ ဆောင်ရွက်နေသည်။ ရာသီဥတု အနည်းငယ်ပူပြင်း ခြောက်သွေ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ များဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်ကို အပူပိုင်းဒေသဇုန်အဖြစ်သတ်မှတ်ကာ ထိုဒေသများတွင် သစ်ပင်များရှင်သန်ကြီးထွားလာကာရာသီဥတု အေးမြလာစေရေးအတွက် သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့က တာဝန်ယူဆောင်ရွက်နေသည်ကို တွေ့ရသည်။ “အပင်ကြီးစိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မ စိုက်ပျိုးခြင်း၊ ကွန်တိုပေါင်စိုက်ပျိုးခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်း၊ သဘာဝတောထိန်းဧရိယာ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း” စသည့် နည်းလမ်းပေါင်းစုံသုံး၍ အပူပိုင်းဒေသကို အစဉ်ထာဝရအေးမြကာ လှပလာစေရေး အလေးထားဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

မိုးရာသီအလှကို ဖော်ကျူးဖို့ သစ်ပင်စိုက်ကြစို့

ဝသန်ကာလ မိုးရာသီသို့ ချင်းနင်းဝင်ရောက် ကာ ဇွန်လအတွင်းသို့ရောက်ရှိချိန် မိုးစက်မိုးပေါက် တို့က တဖြိုက်ဖြိုက်ရွာသွန်းလာသည့်ကာလတွင် သစ်ပင်ပျိုးပင်များကို စနစ်တကျ စိုက်ပျိုးကြမည် ဆိုပါက ရာနှုန်းပြည့်ရှင်သန်နိုင်သည့်ကာလပင် ဖြစ်သည်။ ထိုကာလကို အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို အစိုးရက ဦးဆောင်ဦးရွက်ပြုကာ နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည်။ “သစ်ပင်စိုက်ပါတို့ကမ္ဘာ သာယာလှပ စိမ်းမြမြ” ဆိုသည့် စကားနှင့်အညီ ကမ္ဘာမြေထာဝရလှပစေရေး ဆောင်ရွက်ချက်များတွင် သစ်ပင်ပျိုးပင်များ စိုက်ပျိုးခြင်းအလုပ်သည်ကား အခြားသော လူမှုအကျိုးပြုလုပ်ငန်းများထက် အချိန်ကုန်ငွေကုန်သက်သာကာ အကျိုးပိုမိုဖြစ်ထွန်းနိုင်သော အလုပ်ပင်ဖြစ်သည်။

သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီအတွင်း အမြင့်နှစ်ပေနှင့်အထက် ပျိုးပင်ပေါင်း ၂၁ သန်းခန့်စိုက်ပျိုးသွားရန် လျာထားသည် ကိုလည်းတွေ့ရသည်။ မြန်မာ့မြေ စိမ်းလန်းစိုပြည် လာအောင်စွမ်းဆောင်ကြရာတွင် မြန်မာနိုင်ငံသားတစ်ဦးလျှင် ပျိုးပင်တစ်ပင်ကျ စိုက်ပျိုးသွား မည်ဆိုပါက ရာသီဥတုမျှတသည့် မြန်မာနိုင်ငံသည် ယခုထက် ပိုမိုစိမ်းလန်းလှပမည်သာ ဖြစ်သည်။

သစ်ပင်တစ်ပင်၏ အရိပ်အာဝါသသည် လူတို့၏စိတ်ကို ကြည်လင်အေးမြလန်းဆန်းစေပြီး စိတ်ခံစားချက်များကို လျော့ပါးစေသည်။ စိတ်ပင်ပန်း နွမ်းနယ်သည့်အခါ တောတောင်စိမ့်စမ်းများနှင့် သာယာလှပသည့် တောင်ပေါ်အရပ်ဒေသများသို့ အပန်းဖြေခရီးထွက်တတ်ကြသည်က သက်သေပင်ဖြစ်သည်။ လူ့ဘဝရလာသည့် အခိုက်အတန့် ကာလသည် အလွန်တိုတောင်းလှသည်။ ဘဝပေးအခြေအနေအရ လူမှုပတ်ဝန်းကျင်အကျိုးပြု လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် အခြေအနေမပေးဟုဆိုပါလျှင် ကမ္ဘာမြေပေါ်တွင် သစ်ပင်တစ်ပင်တော့ စိုက်ပျိုးနိုင်မည်သာဖြစ်သည်။ မိမိစိုက်ပျိုး ပြုစုပျိုးထောင်သည့် သစ်ပင်လေး စိမ်းလန်းစိုပြည်စွာဖြင့် အခက်အလက်ဝေဆာနေသည်ကိုကြည့်ရင်း ကြည်နူးပီတိဖြစ်ခြင်းအရသာသည် ဘယ်အရာနှင့် မျှမလဲနိုင်ပေ။ “တစ်သက်လုံးစိတ်ချမ်းသာချင်လျှင် သစ်ပင်စိုက်” ဆိုသော ရှေးစကားအရ အနာဂတ် ဘဝများလှပရေး သစ်ပင်စိုက်ကြပါစို့ဟု တိုက်တွန်း လိုက်ရပါသည်။         ။

ရည်ညွှန်းကိုးကား -

          -         သစ်တောကြေးမုံ၊ သတင်းဂျာနယ်၊ ၂၀၂၅ ခုနှစ် ဇွန်လ၊

          -         သစ်တောဦးစီးဌာန တင်ပြချက်များ၊ (https://www.forestdepartment.gov.mm/)

          -         https://www.un.org/ (Causes and Effects of Climate Change)

          -         နေ့စဉ်ထုတ်သတင်းစာများ။

MOI

ဘုန်းသန့်စင်

ငြုပ်သီးနဲနဲစားမိရင် ချက်ပတ်လည်က အူတွေလေထိုးသလိုထိုးပြီးအောင့်တာဘာကြောင့်ပါလဲဆရာ

 Abdominal Pain
ငရုတ်သီး ထဲမှာ ပူတာ စပ်တာ အတွက် capsaicin ဆိုတဲ့ ဓာတ်ပစ္စည်းပါဝင်ပါတယ်။
Capsaicin နဲ့ ထိမိတဲ့ အခါ 
👉 အရေပြားဆိုရင် ပူလောင်မှုခံစားရသလို
👉 အစာအိမ်နှင့် အူလမ်းကြောင်း ကိုလည်း ထို နည်းတူတူ ခံစားရစေပါတယ်

ခန္ဓာကိုယ်အရေပြားက မလှုပ်ရှားနိုင်ပေမယ့် အစာအိမ်နှင့် အူလမ်းကြောင်း က လှုပ်ရှားနိုင်တဲ့အတွက် သူကိုလာပြီး ပူလောင်စေတဲ့အရာကို ဖယ်ထုတ်ခါချဖို့ကြိုးစားပါတယ် (မြင်သာအောင် ပြောရရင် တီကောင် ဆား ထိသလို လူးခါနေတာပေါ့)
👉 အဲ့တော့ အထဲကနေ ရစ် ရစ်ပြီးနာပါတယ် 
ငရုတ်သီး စားရင် ပါးစပ်ထဲ သွားရည်တွေထွက်လာသလို အူလမ်းကြောင်းကလည်း အရည်တွေထုတ်ပါတယ်
👉ဝမ်းသွားတော့တာပေါ့

အဲ့လောက် ဒုက္ခပေးတဲ့ ငရုတ်သီး 
- ပူတာ စပ်တာ ကလည်း အလွန်အကျွံ
- ချွေးတွေလည်းပျံ
- ဗိုက်တွေနာ
-ဝမ်းသွား တာ ဘာလို့ ထပ်ထပ်စားချင်နေရတာလည်း ❓
ဒီ သီချင်းလေး သိကြမှာပေါ့
“ငရုတ်သီး လိုမျိုး…. ငရုတ်သီးလိုမျိုး….. မင်းရဲ့အချစ်ကို မရှောင်နိုင်တာ ခက်လှတယ်-- ကိုယ့်နှလုံးသား….. ဒီ ငရုတ်သီးလေး စားမိပြီ 
ရင်ထဲ ပူပြီး တကယ်စပ်တယ် ဒါပေမယ့်လို့ ရှောင်ဖို့ခက်”

ငရုတ်သီး ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ပူလောင်စပ်နေပါပြီ ဒုက္ခရောက်နေပါပြီ ဆိုပြီး ဦးနှောက်ကို သတင်းပို့ပါတယ်
ဦးနှောက်က အူထဲက နာကျင်နေတာကို ပျောက်ကင်းသက်သာအောင်လုပ်မပေးနိုင်ပါဘူး အဲ့တော့ သူ့ဆီမှာရှိတဲ့ အနာသက်သာစေတဲ့ အရာကို ထုတ်ပေးပါတယ် 
👉 Endorphins ဆိုတဲ့ ဓာတ်ပစ္စည်းပါ
Endorphins ကို Feeling Good Hormone လို့ ခေါ်တာ သိကြမယ်ထင်ပါတယ်။  ကျေနပ်သဘောကျပီတိဖြစ်ရင် ထွက်တာပါ။ သမီးရည်းစား စကြိုက်ခါစမှာ Endorphins ထွက်ပါတယ်။ ကျေနပ်သဘောကျမှုကိုဖြစ်စေပါတယ်။

အဲ့တော့ ဘာဖြစ်လဲ ဆိုတော့ ငရုတ်သီးစားရင် ပူတာ စပ်တာ ဗိုက်အောင့်တာဝမ်းသွားတာဖြစ်ပေမယ့် Endorphins ကြောင့် လူကနေလို့ကောင်းတယ်လေ
အဲ့ဒါကြောင့် ကျွန်တော်တို့ အစပ်ကို ကြိုက်ကြတာပါ။

ချစ်တယ်ဆိုတဲ့ အရာကလည်း ကိုယ့်ကို ဒုက္ခပေးမယ်မှန်းသိသိကြီးနဲ့ Endorphins ကြောင့် နာကျင်နေရပေမယ့် မဖြတ်နိုင်တာပါပဲဗျာ

(Photo credit; Medindia)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ                                          

မှတ်ချက် ။ Dr ဘုန်းစည်သူလွင် ၏ Facebook Page မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 

Dr. ဘုန်းစည်သူလွင်

မျက်နှာတစ်ခြမ်းရွဲ့သွားတယ်
ရွဲ့သွားတဲ့တဲ့ဘက်ရဲ့ဟိုဘက်မျက်လုံးကပိတ်လို့မရဘူး
သွားရည်တွေလည်းကျတယ် လေဖြတ်ပြီနဲ့တူပါတယ်

Facial_Palsy
မျက်နှာတစ်ခြမ်းရွဲ့သွားခြင်း

ပထမဆုံးပြောချင်တာက 
- လျှာလေးမသွားဘူး
- ချာချာလည်အောင်မူးမနေဘူး
- အစာကောင်းကောင်းမျိုချလို့ရတယ်
- ခြေ၊လက် (ကိုယ်တစ်ခြမ်း)ကောင်းကောင်းလှုပ်ရှားနိုင်တယ်
- ခြေ၊လက် (ကိုယ်တစ်ခြမ်း) ထုံကျဉ်မနေဘူး
- လမ်းကောင်းကောင်းလျှောက်နိုင်တယ် (အရက်သမားလျှောက်သလို ဒယိုင်းဒရိုင်ဖြစ်မနေဘူး)

မျက်နှာတစ်ခြမ်းရွဲ့သွားတာ ပဲက လေဖြတ်တာ မဟုတ်ပါဘူး
Facial Nerve လို့ခေါ်တဲ့ အာရုံကြောပြဿနာ ဖြစ်တာပါ။

အချိန်အတိုင်းအတာတစ်ခု ယူပြီး ဆေးကုတယ်၊ လေ့ကျင့်ခန်းလုပ်တယ် ဆိုရင် ပြန်ကောင်းပါတယ်

👉👉👉
ကျွန်တော်တို့ ဦးနှောက်ရဲ့အနောက်ပိုင်း ဦးနှောက်အညှာကနေ အာရုံကြော စုစုပေါင်း (၁၂) စုံ (ဘယ်တစ်ခု၊ညာတစ်ခု) ထွက်ပါတယ်။

- အနံခံတဲ့အာရုံကြော (Olfactory Nerve) CN-I
- အမြင်အာရုံကြော (Optic Nerve) CN-II
- မျက်လုံးကြွက်သားတွေကိုထိန်းတဲ့အာရုံကြော (CN-III,IV,VI)
- အစားစားတဲ့ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော(CN-V)
- မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော (Facial Nerve) CN-VII အစရှိသဖြင့် ရှိကြပါတယ်။

CN-VII Cranial Nerve VII (Facial Nerve) မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော ဟာ

- နဖူးတွန့်ခြင်း
- မျက်လုံးအတင်းမှိတ်ခြင်း
- ပါးဖောင်းခြင်း
- ပြုံးရယ်ခြင်း
- နှုတ်ခမ်းစူခြင်း စသည်တို့ကို လုပ်ပေးပါတယ်။

အဲ့ဒီအာရုံကြောဟာ ဦးနှောက်အညှာကနေထွက်လာပြီး ၊ နားအတွင်းဘက်ကိုဖြတ်၊ ခေါင်းရိုးထဲကနေထွက်လာပြီး ပါးချိတ်တံထွေးအိတ်နားကဖြတ်ကာ မျက်နှာကြွက်သားတွေကို ထိန်းချုပ်ပါတယ်။

တကယ်လေဖြတ်တဲ့အခါ ဦးနှောက်တစ်ခြမ်းထိတဲ့ အတွက် Facial Nerve ကို ထိန်းချုပ်တဲ့နေရာပါသွားတဲ့အတွက် လေဖြတ်တဲ့လူတွေမှာလည်း မျက်နှာတစ်ခြမ်းရွဲ့ပါတယ်။

လေဖြတ်တဲ့လူတွေမှာ မျက်နှာတစ်ခြမ်းရွဲ့ရတာ အာရုံကြောပြဿနာမဟုတ်ပါဘူး 👉 အာရုံကြောကို ထိန်းချုပ်တဲ့နေရာပျက်တာ ဖြစ်ပါတယ်။

👉👉👉
အခု ကျွန်တော်ပြောနေတာက

Facial Nerve မျက်နှာက ကြွက်သားတွေကိုထိန်းတဲ့အာရုံကြော ပြဿနာပါ။

- နားထဲမှာပြည်တည်နာဖြစ်လို့ဖြစ်ဖြစ်
- နားထဲမှာ ရေယုန်ပေါက်လို့ဖြစ်ဖြစ်
- ပါးချိတ်ရောင်/ပါးချိတ်တံထွေးအိတ်အကျိတ်ပေါက်လို့ဖြစ်ဖြစ်
- အအေးမိလို့ဖြစ်ဖြစ်

အာရုံကြောဒဏ်ဖြစ်ပြီး ရောင်သွားတဲ့ အခါ။

အာရုံကြောက ထိန်းချုပ်ထားတဲ့ ကြွက်သားတွေ အလုပ်မလုပ်တော့တာပါ။

👉 ဖြစ်တဲ့ မျက်နှာဘက်အခြမ်းက နှာဖူးတွန့်လို့မရတော့ပါဘူး
👉 ဖြစ်တဲ့ မျက်နှာဘက်အခြမ်းက မျက်လုံးက အဆုံးထိပိတ်လို့မရတော့ပါဘူး
👉 နှုတ်ခမ်းကိုလည်း လုံအောင်မပိတ်နိုင်တဲ့အတွက် ပါးဖောင်းလို့မရတော့ပါဘူး၊ လေချွန်လို့မရတော့ပါဘူး
👉 ပါးရွဲ့သွားတယ်ဆိုပြီး ကျွန်တော်တို့ရွှေမြန်မာတွေ ရွဲ့နေတဲ့မျက်နှာကို သံပရာသီးနဲ့ပွတ်ကြပါတယ်
😅 ဒီနေရာမှာ အရေးကြီးတာက ဘက်မှားပွတ်ကြတာပါ။
သံပရာသီးနဲ့ပွတ်လို့ကောင်းမယ်ဆိုရင်တောင် ဘက်မှားပြီးပွတ်နေကြပါတယ်။

ဘာမှားလည်း ပြောပြပါမယ်။ သေသေချာချာဖတ်ပေးကြပါ။

ဥပမာ။  ။ မျက်နှာရဲ့ ညာဘက် က အာရုံကြောမကောင်းတဲ့အခါ။

မျက်နှာညာဘက် အခြမ်းက ကြွက်သားတွေ မကောင်းတော့ပါဘူး
- ညာဘက်မျက်လုံးပိတ်မရဘူးပေါ့
- ပါးဖောင်းလို့မရဘူး

ဒါပေမယ့် ပါးရွဲ့တာကျတော့ ဘယ်ဘက်ရွဲ့သွားပါတယ်၊ အဲ့တော့ သံပရာသီးနဲ့ ဘယ်ဘက်ပါးကိုလှိမ့်ကြပါရောလေ။ (အဲ့မှာလွဲတာ)

ပါးကကြွက်သားတွေက ပါးစပ်ကို ဘယ်/ညာက ဆွဲထားကြတယ်လေ။
အဲ့တော့ရယ်ပြတဲ့အခါ ဘယ်ဘက်ကကြွက်သားရော
ညာဘက်ကကြွက်သားရော ပြိုင်တူအလုပ်လုပ်တဲ့အတွက် နှုတ်ခမ်းဒေါင့်က နှစ်ဖက်လုံးဆီတက်သွားတယ်လေ (ဟုတ်တယ်မလား)
အခုကျတော့
မျက်နှာညာဘက် အခြမ်းက ကြွက်သားတွေ မကောင်း ပေမယ့် 
မျက်နှာဘယ်ဘက် အခြမ်းက ကြွက်သားတွေက ကောင်းတယ်လေ၊
ကောင်းတဲ့အခြမ်းဘယ်ဘက်က ကြွက်သားတွေက ဆွဲပေမယ့် မကောင်းတဲ့အခြမ်းညာဘက်က ကြွက်သားတွေက မဆွဲနိုင်တော့ ပါးကြီးကရွဲ့သွားရော

🤷‍♂️ ဘယ်ဘက်ကို ရွဲ့မလဲ ကြွက်သားတွေကောင်းလို့ဆွဲတဲ့ဘက်အခြမ်း ဘယ်ဘက်ကိုရွဲ့သွားမှာနော်။

သိကြပြီနော် 😅 ဘက်မှားပြီး သံပရာသီးနဲ့ကောင်းတဲ့ဘက်ပွတ်မနေကြနဲ့ဦး။

အာရုံကြောရောင်သွားတာဖြစ်တဲ့အတွက်
1. အရောင်ကျဆေးတွေပေးရပါတယ်
2. အာရုံကြောအားဆေးတွေပေးရပါတယ်
3. ကြွက်သားတွေပြန်သန်လာအောင်လေ့ကျင့်ခန်း လုပ်ပေးရပါတယ်
4. ဖြစ်စေတဲ့အကြောင်းရင်းရှိရင်ကုရပါတယ် (ဥပမာ - ရေယုန်ကြောင့်ဖြစ်ရင် Anti-Viral ပေးရပါတယ်)

အရေးကြီးတာထပ်ပြောချင်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ ကျန်းမာရေးအသိပညာနည်းကြသလို၊ လူလိမ်အရမ်းများပါတယ်။

ဒီရောဂါဖြစ်တဲ့အခါ အကြောပြင်ဆရာ ဘလာ ဘလာ ဆိုတာတွေနဲ့ပြကြပါတယ်။ တစ်ပတ် ဆယ်ရက်လောက်ပြပြီး မသက်သာမှ ကျွန်တော်တို့ဆီရောက်လေ့ရှိပါတယ်။

😰😰😰

စိတ်ညစ်ရပါတယ်။

အပေါ်မှာ ပြောထားတဲ့ အာရုံကြောအရောင်ကျတဲ့ဆေး၊ Anti-viral drugs တွေဟာ ဖြစ်ဖြစ်ချင်းပေးမှ အကျိုးရှိပါတယ်။ အချိန်ကြာသွားရင် အသုံးမဝင်တော့ပါဘူး။

ဆယ်ရက်လောက်ကြာတဲ့အခါ ရောင်နေတဲ့အာရုံကြောက အရောင်လွန်ပြီးပျက်စီးသွားပါပြီ။
👉 ရောဂါကြီး မဟုတ်ပဲ တစ်လ နှစ်လ လောက်နဲ့ပြန်ကောင်းနိုင်တဲ့ရောဂါကို

လပေါင်းများကြာအောင် တစ်ခါတလေ၊ နှစ်ချီပြီး ခံစားရအောင် အချိန်မဆွဲကြပါနဲ့။

တကယ်တတ်ကျွမ်းတဲ့ ကျန်းမာရေးပညာရှင်များနဲ့ပြသပြီး ကုသမှုခံယူကြပါ။

အပ်နဲ့ထွင်းရမှာကို ပေါက်စိန်နဲ့ မပေါက်ရလေအောင်
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

(Original post; Dec,2020 👉 https://www.facebook.com/104993831383029/posts/143939267488485/)
       
(Photo credit - Caring Medical)

Dr. ဘုန်းစည်သူလွင်