အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ပင်မှုများ ရုတ်သိမ်းလိုက်ပြီးနောက် TikTok App သည် Apple ၊ Google store တွင် ပြန်လည် ရောက်ရှိလာ

News Image

  • အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိတ်ပင်မှုများ ရုတ်သိမ်းလိုက်ပြီးနောက် TikTok App သည် Apple ၊ Google store တွင် ပြန်လည် ရောက်ရှိလာ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တရုတ်ပိုင်ဆိုရှယ်မီဒီယာအက်ပ် TikTok အက်ပ်ပိတ်ပင်မှုကို ရွှေ့ဆိုင်းလိုက်ပြီးနောက် TikTok အက်ပ်သည် ကြာသပတေးနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မှစတင်၍ အမေရိကန် အက်ပ်စတိုးများတွင် ပြန်လည်ဒေါင်းလုဒ်ရယူနိုင်ပြီဖြစ်သည်ဟု သိရပါသည်။

အမေရိကန်နိုင်ငံသား ထက်ဝက်နီးပါးအသုံးပြုလျက်ရှိသည့် နာမည်ကြီး ဗီဒီယိုအတို အက်ပ် TikTok သည် ဇန်နဝါရီ ၁၉ ရက်တွင် အမေရိကန်က နိုင်ငံတော်လုံခြုံရေးအတွက်ဟုဆိုကာ တားမြစ်ပိတ်ပင်လိုက်ခြင်းကြောင့်ခေတ္တရပ်ဆိုင်းခဲ့ရပါသည်။ သို့သော်လည်း နောက်တစ်နေ့တွင် အမေရိကန် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ဒေါ်နယ်ထရမ့်က တားမြစ်ချက်ကို ရွှေ့ဆိုင်းရန် အမှုဆောင်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် TikTok သည် အမေရိကန်၌ ယာယီဆက်လက် အသုံးပြု ခွင့်ရခဲ့ပါသည်။ ထရမ့်ကြောင့် TikTok အက်ပ် ပြန်လည်လည်ပတ်ခဲ့သော်လည်း အမေရိကန်နိုင်ငံ၏ Google နှင့် Apple များတွင် ဖယ်ရှားခံခဲ့ရခြင်းဖြစ်ပြီး ယခုအချိန်မှ ပြန်လည်ဒေါင်းလုပ်ဒ်ရယူနိုင်ခြင်းဖြစ်ပါသည်။

TikTok သည် ၂၀၂၄ ခုနှစ်အတွင်း ဒေါင်းလုဒ်လုပ်သူပေါင်း ၅၂ သန်း ကျော် ရှိခဲ့ကြောင်း စျေးကွက်ထောက်လှမ်းရေးကုမ္ပဏီ Sensor Tower အရသိရှိရပြီး ဒေါင်းလုဒ် စုစုပေါင်းရဲ့ ၅၂ ရာခိုင်နှုန်းခန့်သည် Apple App Store မှဖြစ်ကာ ၄၈ ရာခိုင်နှုန်းသည် Google Play မှဖြစ်ကြောင်း သိရှိရပါသည်။

ကိုးကား-NP News