နယူးဒေလီမြို့ရှိ ဘူတာရုံတွင် မီးရထားပေါ် ခရီးသည်များ အလုအယက် တက်ရောက်မှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံး
နယူးဒေလီ၊ မတော်တဆမှု
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ မီးရထားဘူတာရုံ တစ်ခုတွင် မီးရထားများအပေါ် ခရီးသည်များ အလုအယက်တက်ရောက်ရာမှ လူအုပ်ပိမှုကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိသွားကြောင်း NDTV ရုပ်သံက ဖေဖော်ဝါရီလ ၁၆ ရက်တွင်ဖော်ပြသည်။
အဆိုပါမတော်တဆမှုသည် မြို့တော်ရှိ ပင်မဘူတာရုံတွင် ဖေဖော်ဝါရီလ ၁၅ ရက် ည ၈နာရီခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး နိုင်ငံမြောက်ပိုင်းတွင် ကျင်းပမည့် ဘာသာရေးပွဲတော်သို့ သွားရောက်ရန် ခရီးသည် ထောင်ပေါင်းများစွာက ပရာယက်ရက် အမြန်ရထားပေါ်သို့ အလုအယက်တိုးကြိတ်၍ တက်ရောက်ရန်ကြိုးပမ်းရာမှ လူအုပ်ပြိုကျခဲ့ခြင်းဖြစ်သည်။
မတော်တဆမှုဖြစ်ပွားချိန်တွင် အခြားခရီးသည်တင် မီးရထားနှစ်စင်းမှာ ဘူတာရုံသို့ အချိန်မီရောက်မလာဘဲ ကြန့်ကြာခဲ့ခြင်းကြောင့် ခရီးသည်များက ရောက်ရှိ လာသည့် မီးရထားတစ်စင်းပေါ်သို့သာ အလုအယက်တိုးဝှေ့တက်ရောက်ရာမှ လူအုပ်ပြိုကျမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများ အနက်တွင် ခြောက်ဦးမှာ အမျိုးသမီးများဖြစ်ပြီး ကိုးဦးမှာ အမျိုးသားများဖြစ်သည်။ လက်ရှိတွင် အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း မီးရထားဝန်ကြီး အက်ရှဝီနီ ဗိုင်းရှနောက အတည်ပြုခဲ့ကြောင်း သိရသည်။
Source: Myawady Web Portal