လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ
Posted_Date
Image

Body
ဆရာကြီးခင်ဗျာ။ ကျွန်တော်ကအသက် ၆၈ နှစ်ရှိပါပြီ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးကတည်းက နေထိုင်မကောင်း ပါ။ ဆီးကျိတ်ကြောင့် ဆေးတွေစားနေ တာ ၁၀ လလောက်ရှိပါပြီ။ ပထမတော့ဆီးက ညဘက်မှာ အသွားများရာကနေ အခုနောက်ပိုင်း ညလည်းသိပ်မသွား၊ နေ့မှာလည်း ဆီးနည်းနေပါတယ်။ ခြေခုံနှစ်ဖက်ကလည်း ဖောင်းပြီးရောင်လာလို့ လမ်းကောင်းကောင်း လျှောက်မရပါ။ ဆရာဝန်ကဆီးဆေးပေးတဲ့အခါ အရောင် ကျသွားပါတယ်။ ဆီးဆေးမသောက်ရင် ပြန်ရောင်လာပါတယ်။ ကျောက်ကပ်အဖော ရောဂါနဲ့ သင့်တော်မယ့်ဆေးပင်များနဲ့ အသီးအရွက်များကို ညွှန်ပြပေးစေလိုပါတယ်။
ကျောက်ကပ်ရောဂါအတွက် အစွမ်းထက်တဲ့တိုင်းရင်းဆေးတွေ၊ အသီးအရွက်တွေနဲ့ ဆေးပင်တွေအများကြီး ရှိပါတယ်။တိုင်းရင်းဆေးဆိုတိုင်း လျက်ဆားနဲ့ ဆားပါတဲ့ဆေးတွေကိုပဲမြင်နေရင် အမြင်မှားပါ လိမ့်မယ်။ အထူးသဖြင့် Herbal Medicine ဆေးပင်တွေနဲ့ကုသမှုက ဘေးထွက်ဆိုးကျိုးအနည်းဆုံးလို့ ဆေးပညာရှင်များက လက်ခံထားပါတယ်။ ဖော်စပ်ပြီးသား တိုင်းရင်းဆေးဝါးတွေနဲ့ မကုသချင်ဘူးဆိုရင် ကျောက်ကပ်အတွက် အဆင်ပြေမယ့်နည်း လမ်းတွေကို ပြောပြပေးပါမယ်။
- ကျောက်ကပ်ရောဂါအတွက် ကျောက်ဖရုံသီးကို ထက်ခြမ်းခွဲပြီး အစေ့တွေဖယ်၊ အသားကိုခြစ်၊ ဖျော်ရည်စက်နဲ့ကြိတ်ပြီး အရည်စစ်ယူ၊ ကော်ဖီတစ်ခွက်စာမှာ ချင်းကိုကြိတ်ပြီး အရည်စစ်ယူ၊ ဟင်းစားဇွန်း တစ်ဇွန်းရောထည့် ထိုအထဲမှာ အနည်းငယ် နီအောင်လှော်ထားတဲ့သကြား တစ်ဇွန်း ထည့် အဲဒီနည်းအတိုင်း ကျောက်ဖရုံသီး၊ ချင်း၊ သကြားဖျော်ရည်ဆေးကို ဟင်းစား ဇွန်းသုံးဇွန်းမှ ငါးဇွန်းအထိ နံနက်၊ ည တစ်ရက်နှစ်ကြိမ်သောက်ပေးပါ။ ကျောက်ကပ်ရောဂါ၊ ဆီးကြောင့်ဖြစ်တဲ့အဖောရောဂါ၊ ခန္ဓာကိုယ်အောက်ပိုင်း ဖောရောင်တဲ့ ရောဂါတွေ ပျောက်ကင်းစေနိုင်ပါတယ်။
- တောဆီးဖြူပင်ကလည်း ဆီးကောင်းပြီး အဖောအရောင်ကျစေပါတယ်။ တောဆီးဖြူပင်တွေက မိုးဦးကျမှာပေါပါတယ်။ လယ်ကွင်းပြင်တွေမှာ ပေါက်လေ့ရှိပြီး နွေရာသီမှာတော့ ရှားပါတယ်။ တောဇီးဖြူ ပင်က အသီးသေးသေးလေးတွေ စုပြုံသီးနေတဲ့ အပင်မျိုးပါ။ ဆီးကိုသန့်စင်စေပြီး ကျောက်ကပ်အဖောရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ဆီးပူ၊ ဆီးအောင့်ရောဂါ၊ မီးယပ်ဖြူဆင်းရောဂါတွေအတွက် ကောင်း တဲ့ဆေးပင်မျိုးဖြစ်ပါတယ်။ အပင်တစ်ပင် လုံးနုတ်ပြီး ပဉ္စငါးပါးကို ရေနွေးနဲ့ကျို၊ တစ်ရက်ကို မတ်ခွက်တစ်လုံးကနေ နှစ်လုံးသောက်နိုင်ပါတယ်။
- နောက်တစ်နည်းကတော့ ဟင်းဂလာပင်ကိုရှာပါ။ မြစ်ချောင်းရှိတဲ့နေရာနဲ့ သဲသောင်ခုံတွေမှာကပ်ပြီး ပေါက်တဲ့အပင်မျိုးပါ။ ဟင်းဂလာကို အများစုက ချဉ်ဖတ် ထည့်ပြီးစားသုံးတတ်ကြပါတယ်။ ဟင်းဂလာပင် စငါးပါးကို အရည်ညှစ်ယူပြီး ရေနွေးကြမ်းပန်းကန်တစ်လုံးစာ နံနက်၊ ညသောက်ပေးရင် ကျောက်ကပ်ဖောရောဂါ နဲ့ ခန္ဓာကိုယ်ရောင်ရောဂါတွေ ပျောက်ကင်း စေနိုင်ပါတယ်။
- ကျောက်ကပ်အတွက် ကောင်းတဲ့နောက်ဆေးပင်တစ်မျိုးကတော့ ကန့်ကလာပင်ပါ။ သဲသောင်ခုံတွေပေါ်မှာ၊ ရေ အစိုဓာတ်ရှိတဲ့ ကုန်းမြေတွေပေါ်မှာ ကပ် ပေါက်တဲ့အပင်မျိုးပါ။ ကန့်ကလာရွက်ကို အရည်ညှစ်ယူပြီး သောက်လို့ရပါတယ်။ အပင်တစ်ပင်လုံးနုတ်ယူပြီး ရေနဲ့သုံးခွက် တစ်ခွက်တင် ကျိုပြီးသောက်ရင်လည်း ရပါတယ်။ ကျောက်ကပ်ဖောရောဂါအတွက် အဖောအရောင်ကျစေတဲ့ အပင်မျိုးဖြစ်ပါတယ်။
ကျောက်ကပ်မကောင်းသူတိုင်း ရေကိုများများသောက်ပေးပါ။ မြန်မာ့ရိုးရာရေ နွေးကြမ်း များများသောက်ပေးရင်လည်း ဆီးကောင်းပြီး အဖောအရောင်ကျစေနိုင်ပါတယ်။ ကျောက်ကပ်ဖောရှိသူတွေက ခြေထောက်နှစ်ဖက်ကို တွဲလောင်းချ ထိုင်ရင် ပိုပြီးတော့ ဖောရောင်စေနိုင်တာကြောင့် ထိုင်နေတဲ့အခါမှာ ခြေနှစ်ဖက်ကိုဆန့်ပြီး ခုံတစ်ခုံပေါ်မှာ တင်ထားရပါမယ်။ ခြေထောက်ရောင်ရင် ရေမချိုးမီ တမာရွက်ပြုတ်ရည် စိမ်ပေးပါ။ ကနဖော့ရွက်၊ ကနဖော့ပင်များကိုပြုတ်ပြီး ရေချိုးပေးရင်လည်း အဖောအရောင်ကျစေတယ် လို့ဆိုပါတယ်။
ဆရာကြီးခင်ဗျာ။ ကျွန်တော်မကြာခဏ ခါးနာတတ်ပါတယ်။ အလုပ်မှာလည်း အထိုင်မများဘဲ အသွားအလာများပါတယ်။ နေ့စဉ် မော်တော် ဆိုင်ကယ်တော့ စီးရပါတယ်။ တစ်ခါတစ်ရံ ခါးနာရင်ကျောနဲ့ခါးမှာ ပူအောင့်ပြီး ဆီးလည်းနည်း ပါတယ်။ ကျွန်တော်ကဝမ်းလည်းချုပ်လေ့ ရှိပါတယ်။ ခါးနာရောဂါအတွက် သင့်တော် မယ့်ဆေးနည်းပေးစေလိုပါတယ်။
ခါးနာရောဂါလို့ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်လို့ဖြစ်တဲ့ ခါးနာ၊ ခါးရိုးဆစ်အကြောအဆစ်ရောင်လို့ဖြစ်တဲ့ ခါးနာ နဲ့ အထိုင်များသူတွေမှာဖြစ်လေ့ရှိတဲ့ ကျီးပေါင်းခါးနာဆိုပြီး အခြေခံအားဖြင့်တော့ သုံးမျိုးတွေ့ရှိ ရတတ်ပါတယ်။ အထိုင်များတာ၊ ကျောက်ကပ်မှာ ကျောက်တည်တာတို့ကြောင့် ရက်ရှည်ခါးနာတတ်ပါတယ်။
- ကျောက်ကပ်ခါးနာဖြစ်ရင် တောဆီးဖြူပင်၊ ထိကရုံးပင်ပြုတ်သောက်ပါ။
ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။မြင်းခွာရွက်အသုပ်ပြုလုပ်စားပါ။ ဟင်းချိုချက်သောက်ပါ။
- အကြောအဆစ်ရောင်ခါးနာဖြစ်လျှင် မုန်ညင်းဆီ၊ နှမ်းဆီကိုနွေးအောင် မီးဖြင့်ချက်လိမ်းပါ။ သက်ရင်းကြီးမြစ်သွေးလိမ်းပါ။ အသက်ကြီးသူတွေ ခါးနာရင်သက်ရင်းကြီးရွက်ကို အိပ်ရာအောက်မှာ ခင်းအိပ်ပေးပါ။
- ကျီးပေါင်းတက် ခါးနာဖြစ်နေရင် မိဿလင်ကို အမှုန့်ပြုလုပ်ပြီး ပိတ်စနဲ့ ထုပ်ပြီးကြပ်ထုပ်ပြုလုပ်ပါ။ ကျီးပေါင်းဖြစ်တဲ့ နေရာမှာ မုန်ညင်းဆီ၊ နှမ်းဆီတစ်မျိုးမျိုး လိမ်း၊ မိဿလင်ကြပ်ထုပ်ကိုရေနွေးငွေ့ခံ အပူပေးပြီး ခံနိုင်သမျှကြပ်ပူထိုးပေးပါ။ ဆီစိမ့်ဝင်အောင်ကြပ်ပူထိုးပေးပါ။ ကျီးပေါင်း တက်တဲ့နေရာ၊ မောက်နေတဲ့နေရာ၌ လိမ်းဆေးအဖြစ် ချင်းခြောက်အမှုန့်နှစ်ဆ၊ လင်းနေအမှုန့် တစ်ဆရောစပ်ပြီး ရေနွေးနဲ့ဖျော်ပြီး လိမ်းပေးပါ။ မိဿလင်ဥအစိုကို ထုထောင်းပြီး အရက်ဦးရည်ဖြင့်စိမ်ထား ပြီးလိမ်းပါ။ ဝံအူမြစ်နဲ့ တောရှောက်မြစ်တို့ကိုသွေးပြီး ပုံမှန်လိမ်းပေးရင် ကျီးပေါင်းတက်ခြင်းကိုသက်သာစေနိုင်ပါတယ်။
ဆရာကြီးခင်ဗျာ။ ကျွန်တော်တို့မိသားစု မှာ ကလေးတွေရော လူကြီးတွေပါ ရာသီ အကူးအပြောင်းဖျားပြီးနောက် အဖျား သက်သာတော့ ချောင်းဆိုးကျန်ခဲ့ပါတယ်။ ချောင်းခြောက်ကြီးဆိုးပြီး လည်ချောင်းတွေ လည်းနာပါတယ်။ အသံလည်းပျက်ပါတယ်။ ပျောက်ကင်းအောင်ကုသနိုင်မယ့် ဆေးနည်းများသိလိုပါတယ်။
ဖျားပြီးနောက် အပူငုပ်ကျန်တဲ့အခါချောင်းခြောက်ဆိုးလေ့ရှိပါတယ်။ ဖျားပြီးနောက် ရေနိုင်နိုင်မချိုးရင်လည်း ချောင်းခြောက်ဆိုးတတ်ပါတယ်။ ချောင်းခြောက် ဆိုးရာမှာ ရိုးရိုးအပူငုပ်ပြီးဆိုးတဲ့ချောင်းမျိုးရှိသလို အဆုတ်မှာရောဂါပိုးကျရောက်ပြီး အဆုတ်မကောင်းလို့ဖြစ်တဲ့ ချောင်းခြောက်ဆိုးခြင်းမျိုးလည်း ရှိပါတယ်။
ဆရာဝန်နဲ့ပြပြီး သေချာစစ်ဆေးဖို့တော့လိုပါတယ်။ အပူငုပ်ပြီးဖြစ်တဲ့ ချောင်းဆိုးရောဂါအတွက် ကုသနည်းတွေကို ဖော်ပြပေးပါမယ်။
- အပူကုန်စေဖို့ နံနက်စောစောအုန်းသီးအနု အုန်းစိမ်းရည်သောက်ပြီး ရေချိုးပေးပါ။
- အုန်းစိမ်းရည်ထဲ ချင်းပါးပါးလှီးထည့်ပြီး မီးဖြင့်ဆူရုံမျှအပူပေးကာ ခပ်နွေးနွေးသောက်ပေးပါက ရက်ရှည်အပူငုပ် ချောင်းခြောက်ဆိုးခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။
- လောက်သေရွက်ကို လက်တစ်ဆုပ်လောက် ရေနွေးမတ်ခွက်နှစ်လုံးစာထည့်ကျိုပြီး တစ်ရက်လျှင် မတ်ခွက်တစ်လုံးစာ သောက်ပေးပါ။
- မီးကွင်းဂမုန်းရွက်ကို အရည်ညှစ်ယူထားတဲ့ သတ္တုရည်ထဲမှာ ဆားလှော်အနည်း ငယ်ထည့်သောက်ပါက အသံကပ်ပြီး ချောင်းခြောက်ဆိုးတဲ့ရောဂါကို သက်သာ ပျောက်ကင်းစေပါတယ်။
- ချောင်းခြောက်ဆိုးပြီး အသံဝင်နေရင် ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါ။
- ချောင်းအဆက်မပြတ်ဆိုးပြီး အာခေါင်ခြောက်ရင် ရှောက်သီးအရည်သုံးဇွန်း၊ ပျားရည်တစ်ဇွန်းစပ်ပြီး သိန္ဓောဆား အနည်းငယ်ထည့်လျက်ပေးပါ။
- ကြက်သွန်နီဥကြီးကိုမီးအုံးပြီး ပူတုန်း စားပါ။
- သင်္ဘောအဖိုပင်ရဲ့ အရွက်၊ အဖူးကို မီးမြှိုက်ပြီး အတို့အမြှုပ်ပြုလုပ်စားပါ။
- ဥသျှစ်ရွက်ကိုဟင်းချိုချက်သောက်ပါ။ အတို့အမြှုပ်ပြုလုပ်စားပါ။
- ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ခေါက်ပြီးစားပါ။ လေပူထပြီးချောင်းဆိုးခြင်းကို သက်သာစေပါတယ်။
- တိုင်းရင်းဆေးအမှတ် (၁) မက်လင် ချဉ်ဆေးကို တိုင်းရင်းဆေးအမှတ် (၇) နွယ်ချိုကဲဆေးနဲ့ ဆတူရောစပ်ပြီး မကြာခဏလျက်ပေးပါက သလိပ်ကပ်ချောင်းဆိုးခြင်း၊ ချောင်းခြောက်ဆိုးခြင်းတွေကို သက်သာစေပါတယ်။
- ချောင်းခြောက်ဆိုးပြီး ရင်ကျပ်ရောဂါရှိရင် ဇော်ဂျီတောင်ဝှေးပင်အရွက်ရော အရိုးပါနုပ်နုပ်စဉ်းပြီး ပရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်တဲ့ ဒိုဘာလာသကြား (ခေါ်) မှန်ရောင်သကြားခဲ အနည်းငယ် ရောပြုတ်ပြီး တစ်ရက်လျှင် မတ်ခွက် တစ်လုံးစာသောက်ပါ။
- ကလေးငယ်များ ချောင်းခြောက်ဆိုးချွဲကပ်လျှင် ကွမ်းရွက်ကိုမီးကင်ပြီးရင်ဘတ်နဲ့နောက်ကျောမှာ ကပ်ပေးပါ။ကွမ်းရွက်နဲ့ဆားကိုထုပ်ပြီး သံပြားပေါ် မှာ မီးဖုတ်ပြာချ၊ ထိုပြာကိုသံပရာရည်နဲ့ ဖျော်လျက်ပါ။
- ကလေးငယ်များ ကြက်ညှာချောင်း ဆိုးခေါ် ရက် (၁၀၀) ချောင်းဆိုးဖြစ်လျှင် တရုတ်စကားပင်၏အခေါက် ဒါမှမဟုတ် အကိုင်းကိုအခြောက်လှန်း ပြာချပြီး သိန္ဓော ဆားနှင့်ရောလျက်ပေးပါက သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
Source: Myawady Web Portal