ဥရောပပါဝင်ခြင်းမရှိသော ရုရှား-ယူကရိန်း ပဋိပက္ခစေ့စပ်ညှိနှိုင်းမှုကို “လက်မခံနိုင်” ကြောင်း ဥရောပခေါင်းဆောင်များ ပြောကြား
ရုရှား- ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ရုရှားနှင့် “တစ်ဖက်သက်” စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နေသော အမေရိကန်၏ တွန်းအားပေးမှုအပေါ် ဥရောပနိုင်ငံများနှင့် ယူကရိန်း ပါဝင်မှုမရှိသော စေ့စပ်ညှိနှိုင်းမှုကို “လက်ခံနိုင်ဖွယ်မရှိ” ဟု ဥရောပနိုင်ငံ အများအပြား၏ ခေါင်းဆောင်များက မကြာသေးမီ ရက်များ၌ မြူးနစ်လုံခြုံရေးညီလာခံ (MSC) တက်ရောက်စဉ် ကာလအတွင်း ပြောကြားခဲ့သည်။
လတ်တလောရက်များတွင် အမေရိကန်သမ္မတ ထရမ့်က ရုရှားသမ္မတ ပူတင်၊ ယူကရိန်း သမ္မတ ဇီလန်စကီးတို့နှင့် ရှေ့ဆင့်နောက်ဆင့် ဖုန်းဆက်သွယ်ခဲ့သည်။ ထို့နောက် အမေရိကန်- ရုရှား နှစ်နိုင်ငံသည် ရုရှား- ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးနှင့်ပတ်သက်၍ “နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု”များ ပြုလုပ်ရန်နှင့် ၎င်းတို့ သက်ဆိုင်ရာ အဖွဲ့များစေလွှတ်၍ “စေ့စပ်ညှိနှိုင်းမှု ချက်ချင်းစတင်ရန်” သဘောတူခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio စသည့် အရာရှိများနှင့် ရုရှားအရာရှိများသည် ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် တွေ့ဆုံပြီး ရုရှား- ယူကရိန်း ပဋိပက္ခကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် အောက် လွှတ်တော်အမတ် Michael McCaul က ဖေဖော်ဝါရီ ၁၅ ရက် မြူးနစ်လုံခြုံရေးညီလာခံတက်ရောက်စဉ် ထုတ်ဖော် ပြောကြားခဲ့သည်။
အထက်ဖော်ပြပါ လှုပ်ရှားမှုများက ဥရောပအား ၎င်းကို ယူကရိန်း ငြိမ်းချမ်းရေးဖြစ်စဉ်မှ ဖယ်ထုတ်ခံရမည်ကို စိုးရိမ်စေသည်။ မြူးနစ်လုံခြုံရေးညီလာခံကာလအတွင်း ဥရောပနိုင်ငံ အများအပြားမှ နိုင်ငံရေးသမားသည် ရုရှား-ယူကရိန်း ပဋိပက္ခဆိုင်ရာ အစည်းအဝေးများသို့ အလုအယက်တက်ရောက်ခဲ့ကြသည်။ ဥရောပအနေဖြင့် ရုရှား- ယူကရိန်း စစ်ပွဲများ အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ရမည်ဖြစ်ပြီး “ရုရှားနှင့် အမေရိကန်က ယူကရိန်းနှင့် ဥရောပနိုင်ငံများ မပါဝင်သည့် အခြေအနေတွင် စေ့စပ်ညှိနှိုင်းများပြုလုပ်ခြင်းကို လုံးဝလက်ခံနိုင်စရာမရှိကြောင်း” ဂျာမနီနိုင်ငံ ခရစ်ယာန်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (CDU) ဥက္ကဋ္ဌ Josef Merz က မြူးနစ်လုံခြုံရေးညီလာခံတွင် ပြောကြားခဲ့သည်။
ဖင်လန်နိုင်ငံသမ္မတ Alexander Stubb က “ဥရောပသားများမရှိလျှင် ယူကရိန်း၏ အနာဂတ် သို့မဟုတ် ဥရောပ လုံခြုံရေးဖွဲ့စည်းပုံကို ဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းများ လုပ်ဆောင်မရကြောင်း၊ သို့သော် ဥရောပအနေဖြင့် စည်းလုံးညီညွတ်ရန်အတွက် စကားနည်းနည်းပြောပြီး အလုပ်များများလုပ်ရန် လိုကြောင်း” မြူးနစ်လုံခြုံရေး ညီလာခံကာလအတွင်း မီဒီယာသတင်းထောက်များကို ပြောကြားခဲ့သည်။
ဥရောပ၏ မငြိမ်သက်မှုနှင့် ပတ်သက်၍ နေတိုး အထွေထွေအတွင်းရေးမှူး Mark Rutte က အကယ်၍ ဥရောပက အမေရိကန်ဦးဆောင်သော စေ့စပ်ညှိနှိုင်းမှုတွင်ပါဝင်လိုပါက ယူကရိန်း ငြိမ်းချမ်းရေးရရှိစေရေးအတွက် “ကောင်းမွန် သော အကြုံပြုချက်များ” အဆိုပြုရမည်ဖြစ်ပြီး “အကယ်၍ ဥရောပသားများသည် ပြောရေးဆိုခွင့်လိုချင်သည်ဆိုပါ မိမိကိုယ်တိုင် သြဇာညောင်းအောင်လုပ်ပါ” ဟု ဖေဖော်ဝါရီ ၁၅ ရက် မြူးနစ်တွင် တိုက်ရိုက်ပြောခဲ့သည်။
ဇီလန်စကီးက “ယူကရိန်းအနေဖြင့် မိမိတို့ မပါဝင်သည့် အခြေအနေ၊ မိမိတို့ နောက်ကွယ်တွင် ရရှိသည့် သဘောတူညီချက်ကို လုံးဝလက်ခံမည်မဟုတ်ကြောင်း” မြူးနစ်လုံခြုံရေးညီလာခံကာလအတွင်း ပြောကြားခဲ့သည်။ ယူကရိန်းနှင့် အမေရိကန်၊ ဥရောပတို့အနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ သဘောတူညီချက်ရရှိသည်နှင့် ၎င်းသည် ရုရှားနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုလုပ်ရန် အသင့်ပြင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
ဇီလန်စကီးက ဖေဖော်ဝါရီ ၁၄ ရက်တွင် အမေရိကန် ဒုတိယသမ္မတ Vance နှင့် မြူးနစ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယူကရိန်းအနေဖြင့် “စစ်မှန်ပြီး အာမခံရှိသော” ငြိမ်းချမ်းရေးသို့ လျင်မြန်စွာ ဦးတည်သွားရန် ဆန္ဒရှိကြောင်း၊ အမေရိကန်အနေဖြင့် စစ်ပွဲအဆုံးသတ်ရေးအပေါ် ကူညီပေးပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်များပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် အဆိုပြုသော ယူကရိန်းအနေဖြင့် အမေရိကန်သို့ မြေရှားစသည့် အရင်းအမြစ်များ ပို့ဆောင်ပေးခြင်းမှ တစ်ဆင့် အမေရိကန်၏ ယူကရိန်းအပေါ် ကူညီမှုများလဲလှယ်ရန် မျှော်လင့်သော အဆိုပြုချက်နှင့် ပတ်သက်၍ အမေရိကန်၏ သတ္တုတူးဖော်ရေး သဘောတူညီချက်အစီအစဉ်သည် ယူကရိန်းအတွက် “လုံခြုံရေး အာမခံချက်” ကင်းမဲ့ကြောင်း ဇီလန်စကီးက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ