နိုင်ငံ့ဝန်ထမ်း အမှုထမ်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ မှ ခေါ်ယူသည့် ပြန်တမ်းဝင်အရာရှိစာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ကို ဌာန/ အဖွဲ့အစည်းများက ဖြေဆိုခွင့်မပြုဟု အမိန့်ထုတ်ကာ ပိတ်ပင်တားမြစ်ထားခြင်းသည် တရားဝင်ဖြစ်ပါသလား။ နိုင်ငံတော်ကတရားဝင်ခေါ်ယူခြင်းကို တားမြစ်ပိုင်ခွင့်ရှိပါသလား။ နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေကိုကျော်လွန်ပြီးလုပ်ပိုင်ခွင့်ရှိပါလား။ တားမြစ်ခြင်းကို အမှုထမ်းငယ်များအနေဖြင့် မည်သို့ဆောင်ရွက်ရမည်။ သို့မဟုတ် မည်သို့ဆောင်ရွက်သင့်သည်ကို ဖြေကြားပေးစေချင်ပါသည်။
နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊နည်းဥပဒေ ၁၄ (ခ) တွင် “ရာထူးလစ်လပ်မှုရှိသဖြင့် ပြင်ပပုဂ္ဂိုလ်ကို ရွေးချယ်ရန် လိုအပ်ပါက သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းသည် ရာထူးဝန်အဖွဲ့သို့ အဆိုပြုညှိနှိုင်း၍ သဘောတူညီချက်ရယူရမည်။ ဝန်ထမ်းအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်အရည်အချင်းပြည့်မီသည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ပြုရမည်။” ဟု ပြဋ္ဌာန်းထားပါသည်။ အဆိုပါပြဋ္ဌာန်းချက်အရ သတ်မှတ်အရည်အချင်းပြည့်မီသည့် နိုင်ငံ့ဝန်ထမ်းအမှုထမ်းများသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူသည့် ပြန်တမ်းဝင်အရာရှိရာထူးများသို့ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခွင့်ရှိပါသည်။ ပိတ်ပင်တားမြစ်ခွင့်မရှိပါ။ သို့ရာတွင်ဝင်ရောက်ဖြေဆိုနိုင်ရေး လျှောက်ထားရာတွင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်အတွက် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းမှတစ်ဆင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူရပါသည်။
အချို့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသည် အမှုထမ်းအဆင့် စတင်ခန့်ရာထူးအဆင့်ခန့်အပ်ရာတွင် ထမ်းဆောင်ရမည့်ကာလ၊ ပေးလျော်ရမည့် လျော်ကြေးသတ်မှတ်ချက်များ မရှိသော်လည်း အချို့သော ဝန်ထမ်းအဖွဲ့အစည်းများသည် အမှုထမ်းအဆင့် ရာထူးများခန့်အပ်ရာတွင် ထမ်းဆောင်ရမည့် ကာလ၊ ပေးလျော်ရမည့် လျော်ကြေး သတ်မှတ်ချက်များရှိသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းနှင့် ထမ်းဆောင်သည့် အမှုထမ်းဝန်ထမ်းတို့အကြား ကတိခံဝန်ချက်၊ စည်းမျဉ်း၊ စည်းကမ်းညွှန်ကြားချက်များနှင့်အညီ ဝန်ခံကတိလက်မှတ်ရေးထိုးသဘောတူညီချက်ရယူဆောင်ရွက်သည်ကို တွေ့ရှိရပါသည်။ ယင်းသို့ ကတိခံဝန်ချက်တွင် လက်မှတ်ရေးထိုးသဘောတူညီထားပါက သက်ဆိုင်ရာအမှုထမ်းဝန်ထမ်းအနေဖြင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များကို လိုက်နာရမည်ဖြစ်ပါသည်။
အမှုထမ်းဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၁၀ ၊ ပုဒ်မခွဲ (စ) ပါ ဤဥပဒေအရ ပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ညွှန်ကြားချက်များ ဝန်ထမ်း အဖွဲ့အစည်းအလိုက် သီးခြားသတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာရန် တာဝန်ရှိပါသည်။
၎င်းအပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသော ပြန်တမ်းဝင်အရာရှိ စတင်ခန့်ရာထူးအတွက် အချို့သော အဖွဲ့အစည်းများသည် အကြောင်းကိစ္စ ခိုင်ခိုင်မာမာမရှိဘဲ အမှုထမ်းများကို ဝင်ရောက်ဖြေဆိုခွင့် ကန့်သတ်ထားသည်ကို တွေ့ရသည့်အတွက် အမှုထမ်းများ ဝင်ရောက်ဖြေဆိုခွင့် မဖြစ်မနေရရှိရန် ၂၀၂၄ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများတွင် ဖြည့်စွက်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။ ဖြေဆိုခွင့်ပေးထားသည်ဆိုသော်လည်း အမှုထမ်းများအနေဖြင့် ပြန်တမ်းဝင်အဆင့် စတင်ခန့်ရာထူးသို့ အောင်မြင်သွားပါက သင်တန်းစတင် ဖွင့်လှစ်သည့်နေ့တွင် ပြန်တမ်းဝင်အရာရှိ အစမ်းခန့်ထားခြင်းခံရပါသည်။ ယင်းအချိန်တွင် မူလတာဝန်ထမ်းဆောင်ခဲ့သောဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအနေဖြင့် အမှုထမ်းနှင့်ပတ်သက်သော ဝန်ထမ်းရေးရာခံစားခွင့်များဆုံးရှုံးမှုမရှိစေရေး အသစ်တာဝန်ထမ်းဆောင်မည့်ဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်များကိုဆက်လက်ဆောင်ရွက်ပေးရသည့်အတွက် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသိရှိရန် ခွင့်ပြုချက် မဖြစ်မနေတောင်းခံရန် လိုအပ်ခြင်းဖြစ်ပါသည်။
- သို့ဖြစ်ပါ၍ အမှုထမ်းများသည် သတ်မှတ်အရည်အချင်း ပြည့်မီပြီး သက်ဆိုင်ရာဌာနများက သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့ကခေါ်ယူသော ပြန်တမ်းဝင်အရာရှိစာမေးပွဲကိုဖြေဆိုခွင့်ရှိမည်ဖြစ်သော်လည်း ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ ခွင့်ပြုချက် မဖြစ်မနေရယူရန်လည်းလိုအပ်ပါသည်။
ဖြေကြားပေးသည့်ဝန်ကြီးဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့