ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်းများအတွက် Online Training နှင့် In House သင်တန်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/ မရှိ ဖြေကြားပေးစေလိုပါသည်။
မေးခွန်းနှင့်စပ်လျဉ်း၍ Online နှင့် In-house ရော၍ ဖွင့်လှစ်ရာတွင် အင်တာနက်လိုင်း အခက်အခဲရှိခြင်း၊ သင်တန်းသားများနှင့် သင်တန်းဆရာအကြား အချိန်အကန့် အသတ်ရှိသဖြင့် ပြည့်စုံစွာ ပြန်လည်မေးခွန်းမေးမြန်း ရာတွင် ဖြေကြားပေးနိုင်မှုမရှိခြင်း၊ Online ဖြစ်၍ သင်တန်းသားများ သင်တန်းတက်ရောက်မှု မမှန်ခြင်း၊ သင်တန်းသားများ၏ အာရုံစူးစိုက်မှုနည်းပါးခြင်း၊ Online ဖြင့် စာမေးပွဲ ဖြေဆိုရာတွင် အမှန်တစ်ကယ် ဖြေဆိုခြင်း ဟုတ်-မဟုတ် စိစစ်ရန်အခက်အခဲရှိခြင်း စသည့် အားနည်းချက်များရှိကြောင်း တက်ရောက်ပြီး သင်တန်းသားများ၏သင်တန်းဆင်းသုံးသပ်အကြံပြုချက်များ၊သင်တန်းသား အများစုမှ အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအား Online ဖြင့် ဖွင့်လှစ်သင်ကြားခြင်းအစား In House ဖြင့်သာ ပြင်ဆင်ဖွင့်လှစ်ရန် ရေးသားဖော်ပြ တောင်းဆိုမှုများကြောင့် အရလည်းကောင်း၊ သင်တန်းတွင် နိုင်ငံတော်ကာကွယ်ရေး ဘာသာရပ် ပါဝင်လာသည့်အတွက် လက်တွေ့သင်ကြားရန် အချိန်ပိုမိုလိုအပ်သည့်အတွက်လည်းကောင်း In House ဖြင့်သာဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
အဆိုပါသင်တန်းသို့တက်ရောက်မည့် သင်တန်းသားများအား လုပ်ငန်းခွင်မှ ကာလရှည်ကင်းကွာမှုမရှိစေရေး၊ ၎င်းတို့၏ ကုန်ကျစရိတ်သက်သာစေရေး၊ ဝန်ထမ်းမိသားစု အခက်အခဲများပြေလည်စေရေး ကလေးငယ်ရှိသည့် အမျိုးသမီး နိုင်ငံ့ဝန်ထမ်းများအဆင်ပြေရေးတို့အတွက် အလယ်အလတ် အဆင့်အရာထမ်းသင်တန်းကို ၂၀၀၈ ခုနှစ် စတင်ဖွင့်လှစ်စဉ်ကကဲ့သို့ သင်တန်းကာလ (၄) ပတ် (၁) လဖြင့် ဖွင့်လှစ်ပါက ဘွဲ့၊ ဒီပလိုမာများ ပေးအပ်ရန် အခက်အခဲရှိမည်ဖြစ်ပါသည်။
- ငွေကြေးကုန်ကျသုံးစွဲမှုနှင့်ပတ်သက်၍ အလယ်အလတ် အဆင့်အရာထမ်းသင်တန်း၊ Advanced Diploma in Civil Service Management ဘွဲ့ ပေးအပ်ခြင်း ဖြစ်သည့်အတွက် ပညာဌာန (၇) ခုမှ စာအုပ် (၃၂) အုပ်အား ကျပ်တစ်သိန်း ခြောက်သောင်းနှုန်းဖြင့်ရောင်းချသည့် ကုန်ကျစရိတ်တစ်ခု သာရှိပါသည်။ ငွေပေးချေမှုကိုလည်း အရစ်ကျစနစ်ဖြင့် ပေးချေနိုင်ရန်သတ်မှတ်ထားပါသည်။ ကျန်သင်တန်းသားများ၏ နေထိုင်စားသောက်မှုကိစ္စအဝဝကို နိုင်ငံတော်မှ သတ်မှတ်ခွင့်ပြုထားသောနှုန်းထားများနှင့် တက္ကသိုလ်များအနေဖြင့် အပြည့်အဝ တာဝန်ယူပေးထားပါသည်။ တစ်ဦးချင်း၏ ပုဂ္ဂလိကလိုအပ်ချက်အရ အပိုသုံးစွဲလျှင် သုံးစွဲသလောက် စရိတ်စကများ ပိုမိုကုန်ကျမည်ဖြစ်ပါသည်။ သာမန်အားဖြင့် မေးခွန်းတွင် ဖော်ပြပါ ကျပ် သိန်း (၄၀) ကုန်ကျသည်ဟု ဖော်ပြခြင်းမှာ တစ်ဦးချင်း၏ လိုအပ်ချက်ဖြင့် သာဆိုင်ပြီး သင်တန်းတက်ရခြင်းကြောင့် မဖြစ်မနေကုန်ကျရသော အသုံးစရိတ်များမဟုတ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
ဖြေကြားပေးသည့်ဝန်ကြီးဌာန- ပြည်ထောင်စုရာထူးဝန်အဖွဲ့
Question
အလယ်အလတ်အဆင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သင်တန်းကာလ (၂၀) ပတ်ကြာ သင်တန်းတက်ရောက်ရာတွင် သင်တန်းကာလ ကြာမြင့်မှုကြောင့် ကုန်ကျစရိတ်များသည် သာမန်နိုင်ငံ့ဝန်ထမ်းတစ်ဦးအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေကြောင်း တွေ့ရှိရပါသည်။ (ယခုကာလတွင် ချိုးခြံချွေတာသည့် ဝန်ထမ်းတစ်ဦးလျှင်ပင် သင်တန်းကာလ (၂၀) ပတ် အတွက် စုစုပေါင်း ငွေကျပ် သိန်း ၄၀ ခန့် ကုန်ကျခဲ့ကြောင်း သိရှိရပါသည်။) ကုန်ကျစရိတ်သည် ဝန်ထမ်းလစာနှင့် မကာမိ ဖြစ်နေပါသည်။ သင်တန်းတက်ရောက်ရသည့် ကာလတွင် ရရှိသော လစာအား သင်တန်း၌ပင် အသုံးပြုလျှင်တောင် လောက်ငှမှု မရှိကြောင်း တွေ့ရှိရပါသည်။
ထို့အပြင် တချို့ကလေးငယ်ရှိသည့် အိမ်ထောင်ရှင် အမျိုးသမီးဝန်ထမ်းများအတွက် (ဌာနတွင် ဝန်ထမ်းအင်အားနည်းပါးသော်လည်း မဖြစ်မနေ သင်တန်းတက်ရောက်ရန် စေလွှတ်ခြင်းခံရသည့်အခါ) မိသားစုအခက်အခဲများရှိကြောင်း တွေ့ရှိရပါသည်။ မိခင်နှင့် ဖခင်နှစ်ဦး စလုံး ဝန်ထမ်းဖြစ်ပါက အရွယ်မရောက်သေးသည့် ကလေးငယ်အား မိခင် မရှိဘဲ အချိန် ကာလ ၂၀ ပတ်ကြာ ပြုစုစောင့်ရှောက်ရန်အတွက် မိသားစုအခက်အခဲများ ဖြစ်ပေါ်လျက် ရှိပါသည်။ သို့ပါ၍ ကလေးငယ်အား ဂရုတစိုက် ပြုစုစောင့်ရှောက်ရမည့် အမျိုးသမီးနိုင်ငံ့ဝန်ထမ်းများအတွက် သင်တန်းကာလသည် အချိန်ကာလ ကြာမြင့်လွန်းသဖြင့် မိခင်အုပ်ထိန်းမှု လိုအပ်လျက်ရှိသော အသက် ၅ နှစ်အောက် ကလေးငယ်ရှိသည့် အမျိုးသမီးနိုင်ငံ့ ဝန်ထမ်း များအတွက် Online Training နှင့် In House System သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးအတွက် ပြန်လည်သုံးသပ်ပေးနိုင်ပါရန် အမျိုးသမီး မိခင်များ၏ ကိုယ်စား ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။