ယူကရိန်းဒရုန်းတိုက်ခိုက်မှုအပြီး Belaya လေတပ်စခန်း၏ ဂြိုလ်တုပုံရိပ်များတွင် ရုရှား၏ နျူကလီယားဗုံး သယ်ဆောင်နိုင်သည့် ဗုံးကြဲ လေယာဉ်ကြီး အနည်းဆုံး ၄ စင်း ပျက်စီးနေသည်ကို တွေ့ရသည်။
အမေရိကန်ကုမ္ပဏီ Umbra မှ ဇွန် ၁ ရက်က ရိုက်ယူပြီး DD Geopolitics မှ ထုတ်ပြန်သည့် ဂြိုလ်တုပုံများအရ Tu-95 နျူကလီယား ဗုံးသယ် လေယာဉ် ၃ စင်း နှင့် Tu-22M3 ဗုံးကြဲလေယာဉ် ၁ စင်း ပျက်စီးနေပြီး၊ အခြား Tu-95 ၁ စင်းလည်း ပျက်စီးနေသည်ကို ဆိုက်ဘေးရီးယားဒေသ၊ Irkutsk စီရင်စုရှိ ရုရှား၏ Belaya လေတပ်စခန်းတွင် တွေ့ရသည်။
ယင်းပုံရိပ်များကို ယူကရိန်းတပ်ဖွဲ့ဝင်များက “Operation Spider Web” စစ်ဆင်ရေးဖြင့် Belaya အပါအဝင် ရုရှားနယ်မြေအတွင်းရှိ လေတပ် စခန်း ၅ ခုကို FPV ဒရုန်းများဖြင့် တစ်ပြိုင်နက်တိုက်ခိုက်ပြီးနောက် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ယူကရိန်းတပ်များသည် ဒရုန်းများကို လေဆိပ် အနီးရှိ ကုန်တင်ကွန်တိန်နာများအတွင်း ဝှက်ထားပြီး ရုရှားတပ်များ တုံ့ပြန်နိုင်ချိန် မရမီ ရုတ်တရက်အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယူကရိန်းလုံခြုံရေးဝန်ဆောင်မှု (SBU) က ရုရှား၏ Tu-22M3 နှင့် Tu-95 ဗုံးကြဲလေယာဉ်များ၊ A-50 စောင့်ကြည့်လေယာဉ်အပါအဝင် မဟာဗျူဟာ မြောက်လေယာဉ် ၄၀ ကို လေယာဉ်ကွင်း ၅ ခုတွင် ပစ်မှတ်ထား ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ SBU ၏ထုတ်ပြန်ချက်အရ အဆိုပါ တိုက်ခိုက်မှုသည် ရုရှား၏ ခရုဇ်ဒုံးကျည် လက်နက်သယ်ဆောင်နိုင်သည့် မဟာဗျူဟာမြောက်လေယာဉ်များ၏ ၃၄% ကို ထိခိုက်စေခဲ့ပြီးတစ်ရက်တည်းအတွင်း အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ပျက်စီးဆုံးရှုံးမှု ဖြစ်စေခဲ့သည်။
SBU အတွင်းရင်းနှီးသော အရင်းအမြစ်တစ်ဦး၏ပြောကြားချက်အရ အဆိုပါ စစ်ဆင်ရေးကို ယူကရိန်းသမ္မတ Volodymyr Zelensky နှင့် SBU ခေါင်းဆောင် Vasyl Maliuk တို့က ကိုယ်တိုင်ကြီးကြပ်ခဲ့သည်ဟု ဆိုသည်။ SBU သည် FPV ဒရုန်းများနှင့် သစ်သားသေတ္တာများကို ရုရှား နယ်မြေအတွင်းသို့ ဦးစွာပို့ဆောင်ခဲ့ပြီး ဒရုန်းများကို သစ်သား သေတ္တာ များအတွင်း ဝှက်ထားကာ ကုန်တင်ကားတစ်စီးထဲတွင် သိမ်းဆည်း ထားခဲ့သည်။
ကြိုတင်သတ်မှတ်ထားသော အချိန်တွင် သစ်သားသေတ္တာများနှင့် ကွန်တိန်နာများ၏ အဖုံးများကို အဝေးထိန်းဖြင့် ဖွင့်လိုက်ကာ ဒရုန်းများကို လွှတ်တင်ပြီး ရုရှား၏ ဗုံးကြဲလေယာဉ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ယင်းသည် ယူကရိန်း၏ သမိုင်းဝင်အောင်မြင်မှုပါ။ ၁ နှစ် ၆ လ ၉ ရက်ကြာ အစီအစဉ်ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့သည့် မိမိတို့၏ အဝေးဆုံးစစ်ဆင်ရေးဖြစ်ပြီး ပါဝင်သူအားလုံးသည် ရုရှားနယ်မြေမှအချိန်မီဆုတ်ခွာနိုင်ခဲ့ပါသည်” ဟု Zelensky က ဂုဏ်ယူစွာ ပြောခဲ့ ပါသည်။ ဒရုန်း ၁၁၇ စီးဖြင့် တိုက်ခိုက်ရာတွင် စစ်ဆင်ရေးအဖွဲ့သည် FSB ရုံးနှင့် နီးကပ်စွာရှိနေခဲ့သော်လည်း ရုရှားတို့ လုံးဝမသိခဲ့ကြောင်း ၎င်းက ဖွင့်ဟခဲ့ပါသည်။
အဆိုပါတိုက်ခိုက်မှုသည် တူရကီ၌ ရုရှား-ယူကရိန်း ဒုတိယအကြိမ် ဆွေးနွေးပွဲမတိုင်မီ တစ်ရက်အလိုတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အမည်မဖော်လိုသည့် အရင်းအမြစ်များက ယူကရိန်းဘက်မှ “အကန့် အသတ်မရှိ စစ်ရပ်စဲရေး” နှင့် “ကိယက်ဗ်၏ ကြားနေရေး” အပါအဝင် အခြားသတ်မှတ်ချက်များ တောင်းဆိုမည်ဟု Reuters ကို ပြောကြားသွားပါသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂