အစားအစာဖြန့်ဝေသည့်နေရာအနီး၌ ဒေသခံပြည်သူ ၃၀ ဦးထက်မနည်း အစ္စရေးက သတ်ဖြတ်ခဲ့ကြောင်း ဂါဇာအာဏာပိုင်များက စွပ်စွဲ
ဇွန်လ ၁ ရက်နေ့က ဂါဇာတောင်ပိုင်းရှိ အစားအစာဖြန့်ဝေသည့်နေရာအနီး အစ္စရေးကတိုက်ခိုက်မှု၌ ဒေသခံ ပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက စွပ်စွဲပြောကြားခဲ့ပြီး အဆိုပါ စွပ်စွဲချက်ကို အစ္စရေးက ငြင်းဆိုခဲ့သည်။
အမေရိကန်က ကျောထောက်နောက်ခံပြုထားသည့် ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဖောင်ဒေးရှင်းသည် ရာဖာ၌ ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးလျက်ရှိရာ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေရာနေရာအနီး၍ အစ္စရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှုတွင် ဒေသခံပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဂါဇာကျန်းမာရေး အာဏာပိုင်များနှင့် သတင်းမီဒီယာများက ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါသတင်းအပေါ် အစ္စရေးစစ်ဘက်က “လက်ရှိတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူ အညီများ ဖြန့်ဝေပေးသည့်နေရာအနီးအနား၌ အစ္စရေးတပ်မတော်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့်ထိခိုက် ဒဏ်ရာရရှိသည့်ဖြစ်စဉ်မရှိကြောင်း” တုံ့ပြန်ပြောကြားခဲ့သကဲ့သို့ ဂါဇာဒေသလူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာအကူအညီပေးရေးဖောင်ဒေးရှင်း(GHF)ကလည်း “ဂါဇာဒေသခံများ သေဆုံးဒဏ်ရာရရှိမှုသတင်းမှာ လုံးဝမှားယွင်းသည့်သတင်းဖြစ်ပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်းသာ ဖြစ်ကြောင်း” တုံ့ပြန်ပြောကြားခဲ့ကြောင်း ဖြင့် NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။
ကိုးကား- NHK
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက (၄)