ဟူသီသူပုန်တို့က အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို သင်္ဘောဖျက်ဒုံးကျည်ဖြင့်ပစ်ခတ်

News Image

  • ဟူသီသူပုန်တို့က အမေရိကန်ဖျက်သင်္ဘောတစ်စင်းကို သင်္ဘောဖျက်ဒုံးကျည်ဖြင့်ပစ်ခတ်

ဟူသီသူပုန်တို့က ပင်လယ်နီအတွင်းစစ်ဆင်ရေးဆောင်ရွက်နေသည့် အမေရိကန်ရေတပ်မှ ဖျက်သင်္ဘော တစ်စင်းကို သင်္ဘောဖျက်ဒုံးကျည်ဖြင့် ပစ်ခတ်လိုက်ကြောင်း သိရသည်။

ဖျက်သင်္ဘောဖြစ်သည့် USS Laboon ကို ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်တို့၏နေရာမှနေ၍ ဒုံးကျည်ဖြင့်ပစ်ခတ်လာခြင်းဖြစ်ကြောင်း    အမေရိကန်အလယ်ပိုင်း ကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၄ ရက်  ယီမင်စံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်မှာ ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်တို့ ထိန်းချုပ်ထားတဲ့နေရာမှ သင်္ဘောဖျက်ဒုံးကျည်တစ်စင်းကို  USS Laboon ဆီဦးတည်ပစ်လွှတ်လိုက်ပါတယ်။

ဒါပေမဲ့ အဲဒီဒုံးကျည်ကို ဟူဒေးဒါကမ်းရိုးတန်းအနီးမှာ အမေရိကန် တိုက်လေယာဉ်တစ်စင်းက ကြားဖြတ် ပစ်ချနိုင်ခဲ့ပါတယ်။ ထိခိုက်မှု၊     ဒဏ်ရာရရှိမှုမရှိပါဘူးဟု အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၂ ရက်တွင် အမေရိကန်နှင့်ဗြိတိန်တို့က ယီမင်နိုင်ငံပြည်နယ်လေးခုရှိ ဟူသီသူပုန်တို့၏ စစ်ရေးပစ်မှတ် ၂၃ ခုကို လေကြောင်းမှတိုက်ခိုက်မှုများ လုပ်ဆောင်သည်။ အဆိုပါတိုက်ခိုက်မှုများသည် နေရာ ၁၆ ခုရှိ ပစ်မှတ်အခု ၆၀ ကျော်ကို ထိမှန်ကြောင်း အမေရိကန်လေတပ်ဗဟိုဌာနချုပ်ကထုတ်ပြန်သည်။

ပင်လယ်နီဒေသအတွင်း ဟူသီသူပုန်တို့က အမေရိကန်၊ အစ္စရေးတို့နှင့်ဆက်စပ်နေသည့် ကုန်တင်သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်။

ထိုဒေသရှိ ဟူသီသူပုန်တို့ကိုလက်တုံ့ပြန်ရေးနှင့် ပင်လယ်နီဒေသဘေးကင်းလုံခြုံရေးအတွက် နိုင်ငံပေါင်းစုံ ပါဝင်သော မဟာမိတ်တပ်ပေါင်းစုကိုဖွဲ့စည်းသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က ဒီဇင်ဘာလတွင်  ကြေညာပြီးနောက် ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရသည်။      

Ref: Sputnik

Source: MWD Web Portal