ဗြိတိန်သည် စစ်အင်အား တိုးချဲ့ရေးအရှိန်အဟုန်မြှင့်တင် ကြိုးပမ်းလျက်ရှိကြောင်း စတာမာ ပြောကြား

News Image

  • ဗြိတိန်သည် စစ်အင်အား တိုးချဲ့ရေးအရှိန်အဟုန်မြှင့်တင် ကြိုးပမ်းလျက်ရှိကြောင်း စတာမာ ပြောကြား

ဝန်ကြီးချုပ် ကီယာ စတာမာက တနင်္လာနေ့ (ဇွန် ၂) တွင် ပြောကြားသည့် မိန့်ခွန်းတွင် ဗြိတိန်နိုင်ငံသည် စစ်အင်အား တိုးချဲ့တည်ဆောက်ရေး အရှိန်အဟုန်မြှင့်တင်ရန် အဓိက လက်နက်ခဲယမ်းများ ပြန်လည် ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်ဟု ထုတ်ဖော်ပြောကြား ခဲ့သည်။

စတာမာက ၎င်း၏ အစိုးရအဖွဲ့၏ “မဟာဗျူဟာမြောက် ကာကွယ်ရေး သုံးသပ်ချက်” (Strategic Defense Review) ကို ကြေညာခဲ့ပြီး ယင်းတွင် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ လှုပ်ရှားမှုများနှင့်အညီ လက်နက် စွမ်းအားမြှင့်တင်ရေးအစီအစဉ်များ ပါဝင်သည်။ လွန်ခဲ့သည့် သီတင်းပတ် က ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟိလီက လန်ဒန်သည် လက်နက် စက်ရုံများ၊ တာဝေးပစ် ဒုံးပစ်စနစ်များနှင့် အခြားစစ်အင်အားများ တည်ဆောက်ရန် ဘီလီယံပေါင်းများစွာ သုံးစွဲမည်ဖြစ်ကြောင်း ကြေညာကာ “မော်စကိုသို့ သတင်းစကားပေးပို့ခဲ့ခြင်း” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၎င်းကို ရုရှားက အနောက်နိုင်ငံများသည် ပြည်သူ့ဘဏ္ဍာငွေများကို စစ်ရေးအသုံးစရိတ်များသို့ လွှဲပြောင်းရန် အကြောင်းပြချက်များ ဖန်တီး နေသည်ဟု စွပ်စွဲခဲ့သည်။

စတာမာက ဂလပ်စဂိုမြို့ရှိ သင်္ဘောကျင်းတစ်ခုတွင် “မိမိတို့အနေဖြင့် စစ်အတွက် အဆင်သင့်ဖြစ်နေရန် ဆောင်ရွက်နေပြီ” ဟု ပြောကြားခဲ့ပြီး “ဗြိတိန်၏ ကာကွယ်ရေးမူဝါဒသည် နေတိုးကို အမြဲတမ်း ဦးစားပေးမည်” ဟု ဖြည့်စွက်ခဲ့သည်။ ၎င်းက ဗြိတိန်ကို “အနာဂတ် ဆယ်စုနှစ်များအတွက် အခိုင်မာဆုံး မဟာမိတ်များနှင့် အဆင့်မြင့်နည်းပညာများဖြင့် စစ်အင်အားပြည့်ဝသော နိုင်ငံတစ်ခု” အဖြစ် ပြောင်းလဲမည်ဟု ကတိပြု ခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂