Colorado တွင် အစ္စရေးထောက်ခံသူများကို လူတစ်ဦးက Molotov Cocktails ဗုံးဖြင့် ပစ်ခတ်
Colorado ပြည်နယ် Boulder မြို့တွင် တနင်္ဂနွေနေ့ (ဇွန် ၁) က Hamas အဖွဲ့၏ ထိန်းသိမ်းခံ အစ္စရေးဓားစာခံများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ထောက်ခံဆန္ဒပြပွဲပြုလုပ်နေသည့် လူစုလူဝေးအတွင်းသို့ Molotov Cocktail မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့သူအား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှတ်တမ်းဗီဒီယိုများတွင် အင်္ကျီမပါသည့် လူတစ်ဦးသည် Molotov Cocktail မီးလောင်ဗုံးများကိုင်ဆောင်ကာ “ပါလက်စတိုင်း လွတ်မြောက်ရေး” ဟု အော်ဟစ်နေပုံကို တွေ့ရပြီး နောက်ပိုင်းတွင် ရဲများက ဝင်ရောက် ဖမ်းဆီးခဲ့သည်ကို မြင်တွေ့ရသည်။
FBI ဒါရိုက်တာ Kash Patel က X တွင် “Colorado၊ Boulder ရှိ အကြမ်းဖက်တိုက်ခိုက်မှုကို သေချာစွာစုံစမ်းစစ်ဆေးနေပြီး ၎င်းတို့၏ အေးဂျင့်များနှင့် ဒေသဆိုင်ရာရဲတပ်ဖွဲ့များ အခင်းဖြစ်ရာနေရာတွင် ရောက်ရှိနေပါသည် ဟု ထုတ်ပြန်ခဲ့ပြီး ဒဏ်ရာရရှိခဲ့သူအချို့အား ဆေးရုံတင်ခဲ့ရကြောင်း အတည်ပြုခဲ့သည်။
FBI အထူးအေးဂျင့် Mark Michalek က "Free Palestine" အော်ဟစ်ကာ လူခြောက်ဦးကိုဒဏ်ရာရစေရန် တိုက်ခိုက်ခဲ့သူမှာ Mohamed Sabry Soliman (၄၅ နှစ်) ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ “ထိုကဲ့သို့သောတိုက်ခိုက်မှုများသည် တစ်နိုင်ငံလုံးတွင် မကြာခဏ ဖြစ်ပွားလာနေသည်မှာ ဝမ်းနည်းစရာပင်” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂