ဂါဇာဒုက္ခသည်စခန်းအနီး အကူအညီဖြန့်ဖြူးရေးစင်တာ၌ အစ္စရေး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၃၁ ဦး သေဆုံးခဲ့သည် ဟု ဆို
ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တနင်္ဂနွေ နေ့ (ဇွန် ၁) တွင် အမေရိကန်အစိုးရပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခု၏ ဂါဇာတောင်ပိုင်းရှိ အကူအညီ ဖြန့်ဝေရာ နေရာ၌ ပစ်ခတ်မှုများကြောင့် ပါလက်စတိုင်း ၃၁ ဦး သေဆုံးပြီး ဒါဇင်နှင့် ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ကျန်းမာရေးဝန်ကြီးဌာနက သေဆုံးမှုများအတွက် အစ္စရေးစစ်တပ်ကို အဓိကတာဝန်ရှိသူအဖြစ် ညွှန်းဆိုခဲ့သည်။ အချို့မျက်မြင် သက်သေများက အကူအညီဖြန့်ဝေရာစင်တာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့သည် ဟု ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံများသို့ ဒဏ်ရာရရှိသူ ၂၀၀ ကျော် ရောက်ရှိလာခဲ့ပြီး အချို့မှာ အသက်အန္တရာယ်ထိခိုက်နိုင်သည့် ပြင်းထန် ဒဏ်ရာများဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သေဆုံးသူအားလုံး၏ ခန္ဓာကိုယ် တွင် ဦးခေါင်းနှင့် ရင်ဘတ်အစိတ်အပိုင်းများ၌ ကျည်ဆန်များ ထိမှန် ခဲ့ကြောင်း ဆိုသည်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဖြန့်ဝေရာနေရာအတွင်း IDF ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရမှုများ ဖြစ်ပွားခဲ့ကြောင်းကို မသိရှိရကြောင်း CNN ၏ မေးမြန်းချက်ကို အတိုချုံးဖြေကြားခဲ့ပြီး အဆိုပါကိစ္စနှင်ပတ်သက်၍ စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။ ထို့အပြင် “၎င်းတို့၏ တပ်ဖွဲ့ဝင် များတွင် ဒဏ်ရာရသူ သို့မဟုတ် သေဆုံးသူမရှိပါ” ဟု ပြောကြားခဲ့သည်။
ရာဖာဒေသရှိ အကူအညီဖြန့်ဝေရာနေရာသို့ အကူအညီရယူရန် လူအုပ်ကြီး စုရုံးနေစဉ် အစ္စရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုဒေသရှိ တစ်ခုတည်းသော ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ပါလက်စတိုင်း ကြက်ခြေနီတပ်ဖွဲ့ (PCRS)၏ အရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့မှ ဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။
ဆေးဘက်ဆိုင်ရာအရာရှိတစ်ဦးက CNN သို့ “ပစ်ခတ်သူများကို အတိအကျ ဖော်ထုတ်ရန် မဖြစ်နိုင်သော်လည်း အကူအညီဖြန့်ဝေရာနေရာများ၏လုံခြုံရေးအား အစ္စရေးစစ်တပ်က တာဝန်ယူထားသည်။ ၎င်းတို့ ကိုယ်တိုင် ပစ်ခတ်သည်ဖြစ်စေ၊ အခြားသူများအတွက် တာဝန်ထမ်းဆောင်သူများက ပစ်ခတ်သည်ဖြစ်စေ၊ ၎င်းတို့တွင် တာဝန်ရှိသည်” ဟု ပြောကြားခဲ့သည်။
ကိုးကား- CNN