လက်နက်ကိုင်အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့မှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

News Image

  • မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မလည်ကျေးရွာ၌ လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီး၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နွားထိုးကြီးမြို့နယ်၊ မလည်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း(မလည်)မှ မူလတန်းပြကျောင်းဆရာမ ဒေါ်မိုးနှင်းထွေး(၄၅)နှင့် ၎င်း၏အစ်မ ဒေါ်ဝင်းဝင်းခိုင်(၅၅)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
 ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ စိန်ပြောင်းများ၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူ များက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm