PKK အဖွဲ့က တူကီယဲ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲဟုဆို
တူကီယဲနိုင်ငံရှိ ကာ့အလုပ်သမားပါတီ (PKK)၏လက်နက်ကိုင်အဖွဲ့သည် တူကီယဲ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲလိုက်ကြောင်း ဒေသတွင်းမီဒီယာတစ်ခုက မတ်လ ၁ ရက်တွင် ဖော်ပြသည်။
PKK ၏ လက်နက်ကိုင်အဖွဲ့အနေဖြင့် တူကီယဲအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ၎င်းတို့၏ခေါင်းဆောင်တစ်ဦးဖြစ်သူ အဗ္ဗဒူလာ အိုကာလန်၏ တောင်းဆိုချက်အရ အပစ်အခတ်ရပ်စဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်ဖွဲ့အနေဖြင့် တိုက်ခိုက်ခံရခြင်းမှအပ အခြားစစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်မည်မဟုတ်ကြောင်း အဆိုပါအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီက ကြေညာထားသည်။
အိုကာလန်သည် PKK အဖွဲ့အား လက်နက်ဖြုတ်သိမ်းပြီး အဖွဲ့အား ဖျက်သိမ်းပစ်ရန် ဖေဖော်ဝါရီလ ၂၈ရက်တွင် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၎င်း၏တောင်းဆိုချက်သည် တူကီယဲအစိုးရက နိုင်ငံအတွင်း နှစ်ပေါင်း ၄၀ ကြာ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို အဆုံးသတ်နိုင်ရေး လုပ်ဆောင်နေသည့် ကနဦးဆောင်ရွက်ချက်၏ တစ်စိတ်တစ်ဒေသအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။
တူကီယဲတွင် တပ်မတော်နှင့် PKK အဖွဲ့တို့ကြားဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သေဆုံးပြီးဖြစ်သည်။
PKK အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ အိုကာလန်အား တူကီယဲအာဏာပိုင်များက ၁၉၉၉ ခုနှစ်မှစ၍ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
Source: https://myawady.net.mm/