ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ လူချင်းတွေ့ဆုံ ပြီးနောက် ပြင်သစ်၊ ဂျာမနီနှင့် အခြားဥရောပ အင်အားကြီး နိုင်ငံများအကြား ထိပ်သီး အစည်းအဝေးကျင်းပရန် လိုအပ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဘစ်တာ အော်ဘန်က Kossuth Radio ၏ နံနက်ပိုင်း အစီအစဉ်တွင် ပြောကြားလိုက်ပါသည်။

ဗြိတိန်ကြေးစားစစ်သားတစ်ဦးသည် ယူကရိန်းတပ်မတော်နှင့် စာချုပ် ချုပ်ဆိုပြီး တစ်လအတွင်း ယူကရိန်းနိုင်ငံ ခါခို့ဗ်ဒေသတွင် ကျဆုံး သွားကြောင်း The Daily Telegraph သတင်းစာက ဖော်ပြထားပါသည်။

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရင်းနှီးခင်မင်စွာဖြင့် ဖုန်းများ ခေါ်ဆို၍ အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း The Wall Street ဂျာနယ်က အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြထားပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ပူတင်က ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးနှင့် တွေ့၊မတွေ့ဆိုသည်မှာ အရေးပါသည့် ကိစ္စရပ် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် New York Post သတင်းစာက အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက် ကို ကိုးကား၍ "ထရမ့်နှင့် တွေ့ဆုံရန်အတွက် ပူတင်သည် ဇီလန်စကီးနှင့် ဦးစွာ တွေ့ဆုံရမည်" ဟု ဖော်ပြခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဩဂုတ်လ ၈ ရက်နေ့ တွင် ဂါဇာကို တိုက်ခိုက် သိမ်းပိုက်ရန် အစိုးရအဖွဲ့၏ သဘောတူညီချက် ကို ရရှိခဲ့သည်။ လက်နက်ကိုင်တိုက်ပွဲ ၂၂ လကြာပြီးနောက် ဟားမက် အဖွဲ့ကို အပြီးသတ်ချေမှုန်းရန်နှင့် ကျန်ရှိနေသေးသော ဓားစာခံ ၅၀ ကို အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ ပြန်လည်ရယူရန် နောက်ဆုံး တိုက်စစ်ဆင်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ၎င်းက ရှင်းပြခဲ့သည်။

ဗြိတိန်အာဏာပိုင်များက ယူကရိန်းဒုက္ခသည်များအား ယူကေတွင် ဆက်လက်နေထိုင်ခွင့် တောင်းခံမှုများကို တစ်စစဖြင့် ငြင်းဆန် လာကြောင်း BBC ၏ ရုရှားပိုင်းဆိုင်ရာအစီအစဉ်က ဖော်ပြခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ဗြိတိန် သည် ယူကရိန်းနိုင်ငံသား ၂၅၀,၀၀၀ ကျော်ကို လက်ခံခဲ့သော်လည်း စစ်ဘေးရှောင်များအား သုံးနှစ်ဗီဇာထုတ်ပေးခဲ့သည့် ‘Homes for Ukraine’ အစီအစဉ်ကို လတ်တလောတွင် လျှောက်ထားသူအသစ်များအတွက် ပိတ်သိမ်းလိုက်ပြီး ရှိပြီးသားဗီဇာများလည်း သက်တမ်းကုန်ဆုံးတော့ မည် ဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်ပြန်သည့် သတင်းမှားများကို ပြန်လည်တုံ့ပြန်ရန် ပန်နဒါ ဝေါင်းဖူဒီ (Panadda Wongphudee) အား ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေဆိုင်ရာ အထူးဗဟိုဌာန၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်လိုက်သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အိန္ဒိယ၏ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးနှင့် ဝန်ကြီးချုပ် နရိန်ဒရာ မိုဒီ၏ အကြီးတန်း လုံခြုံရေး အရာရှိ Ajit Doval ကို ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် ကရင်မလင်နန်းတော်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း မော်စကိုက ကြေညာ ခဲ့သည်။ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Sergey Shoigu နှင့် သမ္မတ ၏ အကြံပေး Yuri Ushakov တို့ကလည်း ရုရှားဘက်မှ တက်ရောက် ခဲ့ကြသည်။ အိန္ဒိယဘက်မှ ရုရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး Vinay Kumar က ကိုယ်စားပြု တက်ရောက်ခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့် ပဋိပက္ခကို ဖြေရှင်းရန် တတိယ အဖွဲ့အစည်း တစ်ခုပါဝင်သော ဆွေးနွေးပွဲပုံစံမျိုးအပါအဝင် ဆွေးနွေးမှုများပြုလုပ်ရန် အဆင်သင့်ဖြစ်နေကြောင်း ဗလာဒီမာ ဇီလန်စကီးက ပြောကြားလိုက်သည်။ ကြာသပတေးနေ့ (ဩဂုတ် ၇) က တယ်လီဂရမ်တွင် ရေးသားခဲ့သော ပို့စ်တစ်ခုတွင် ယူကရိန်းခေါင်းဆောင်က ဂျာမနီဝန်ကြီးချုပ် Friedrich Merz နှင့် ပဋိပက္ခကို ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေး ရယူခြင်းဖြင့် အဆုံးသတ်ရန် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ ငြိမ်းချမ်းရေး သဘော တူညီမှု သည် ဥရောပ၏လုံခြုံရေးအခြေအနေများကို ဆယ်စုနှစ်များစွာ အာမခံ ပေးမည်ဟု ရှင်းပြခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟားမက်အပေါ် စစ်ဆင်ရေးများပြီးဆုံးပါက ဂါဇာတွင် အစ္စရေး၏ ကိုယ်ပိုင် အုပ်ချုပ်ရေး အဖွဲ့ထူထောင်ရန် မရည်ရွယ်ကြောင်းနှင့် အစ္စရေး၏ အာရပ် အိမ်နီးချင်း များက ပါလက်စတိုင်းနယ်မြေအား တာဝန်ယူရန်ကို ပိုမိုလိုလားကြောင်း ပြောကြားခဲ့သည်။