ဥရောပအင်အားကြီးနိုင်ငံများက ရုရှားနှင့်ထိပ်သီးအစည်းအဝေးတစ်ရပ် ကျင်းပသင့်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ပြောကြား
ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ လူချင်းတွေ့ဆုံ ပြီးနောက် ပြင်သစ်၊ ဂျာမနီနှင့် အခြားဥရောပ အင်အားကြီး နိုင်ငံများအကြား ထိပ်သီး အစည်းအဝေးကျင်းပရန် လိုအပ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ဘစ်တာ အော်ဘန်က Kossuth Radio ၏ နံနက်ပိုင်း အစီအစဉ်တွင် ပြောကြားလိုက်ပါသည်။
မော်စကိုနှင့်ဝါရှင်တန်တို့က ကြေညာထားသည့် ဗလာဒီမာပူတင်နှင့် ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံမှုအတွက် ပြင်ဆင်နေကြသည့် သတင်းများမှာလည်း သတင်းကောင်း ဖြစ်ကြောင်း၊ ထိုတွေ့ဆုံမှုကို မိမိက ကြိုဆို ပါကြောင်း၊ အမေရိကန်နှင့် ရုရှားသမ္မတတို့ အကြား သဘောတူညီမှု ရရှိမှသာ ယူကရိန်းပဋိပက္ခ ချုပ်ငြိမ်းနိုင်မည်ဆိုသည်ကို မိမိအနေဖြင့် ယုံကြည်နေဆဲ ဖြစ်ပါကြောင်း ဟန်ဂေရီဝန်ကြီးချုပ်က ထပ်လောင်း ပြောကြား ထားပါသည်။
ဥရောပခေါင်းဆောင်များက ယူကရိန်းပဋိပက္ခဖြေရှင်းရေး လုပ်ငန်းစဉ် လမ်းကြောင်းမှ သွယ်ဖယ်ကာ ဆက်လက်ဖြစ်ပွားရန် ထောက်ခံမှုမျိုး ရွေးချယ်ခဲ့မှုအပေါ် မိမိအနေဖြင့် နောင်တရမိပါကြောင်း၊ ဥရောပနိုင်ငံ များ ကိုယ်စား ဂျာမနီဝန်ကြီးချုပ်နှင့် ပြင်သစ် သမ္မတတို့ မော်စကိုသို့ ပူးတွဲ ခရီးသွားရောက်၍ ဆွေးနွေးကြရန် သို့မဟုတ် လိုအပ်ပါက ကြားခံ တစ် နေရာတွင် တွေ့ဆုံဆွေးနွေးသင့်ကြောင်း၊ ထို့ပြင် ရုရှားနှင့် ဥရောပ အကြား ထိပ်သီးအစည်းအဝေးမျိုး ကျင်းပသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဥရောပတွင် ဖြစ်ပွားနေသဖြင့် ဖြစ်ပါကြောင်း အော်ဘန်က ပြောကြား ထားပါသည်။
ဥရောပနိုင်ငံများသည် ရုရှားနှင့် ထိပ်သီးအစည်းအဝေးတစ်ခု ဖြစ်မြောက် အောင် စီစဉ်ရာတွင် တက်ကြွစွာ ပါဝင်ရမည်ဟု ဟန်ဂေရီ ဝန်ကြီးချုပ်က ယုံကြည်နေပါသည်။ ၎င်းသည် ဥရောပအလှည့်ကျဆွေးနွေးပွဲများတွင် ယခုကဲ့သို့ အကြံဉာဏ်များကို မကြာခဏ ဆိုသလို ထုတ်ဖော် ပြောကြား လေ့ရှိပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃