အလုပ်ဝင်စ ဗြိတိန်ကြေးစားစစ်သားတစ်ဦး ယူကရိန်းဒေသအတွင်း အသတ်ခံရ

News Image

  • အလုပ်ဝင်စ ဗြိတိန်ကြေးစားစစ်သားတစ်ဦး ယူကရိန်းဒေသအတွင်း အသတ်ခံရ

ဗြိတိန်ကြေးစားစစ်သားတစ်ဦးသည် ယူကရိန်းတပ်မတော်နှင့် စာချုပ် ချုပ်ဆိုပြီး တစ်လအတွင်း ယူကရိန်းနိုင်ငံ ခါခို့ဗ်ဒေသတွင် ကျဆုံး သွားကြောင်း The Daily Telegraph သတင်းစာက ဖော်ပြထားပါသည်။

အလန် ရောဘတ် ဝီလီယမ် အမည်ရှိ အဆိုပါ ကြေးစားစစ်သားသည် ဇွန်လ ၁၀ ရက်က ယူကရိန်းတပ်မတော်နှင့် စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ဝီလီယမ်သည် ဩဂုတ်လ ၂ ရက်တွင် တိုက်ပွဲတစ်ခု၌ ၎င်း၏ တပ်ဖွဲ့နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး၊ ခါခို့ဗ်ဒေသရှိ လစ်စ်မြို့တွင် ကျဆုံးခဲ့ပြီး ယခုအချိန်ထိ ၎င်း၏ ရုပ်အလောင်းကို ရှာမတွေ့သေးသဖြင့် ပျောက်ဆုံးသူစာရင်းတွင် ပါဝင်နေသော်လည်း ၎င်းနှင့်အတူ တိုက်ပွဲဝင် ခဲ့သူများက ဝီလီယမ် သေဆုံးမှုကို အတည်ပြုခဲ့ကြကြောင်း The Daily Telegraph သတင်းစာက ရှင်းလင်းဖော်ပြထားပါသည်။

အသက် ၃၅ နှစ်ရှိ ဝီလီယမ်သည် အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ မာစီဆိုက်ဒ်နယ်၊ မိုရ်တန်မြို့ ဇာတိဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်ပြီးနောက် မတ်လ ၇ ရက်နေ့က ယူကရိန်းသို့ ထွက်ခွာလာခဲ့ကြောင်း၊ ၎င်းတွင် ယခင်က စစ်မှုထမ်းအတွေ့အကြုံ မရှိခဲ့ကြောင်း၊ ဗြိတိန်တွင် ၎င်း အလုပ် လုပ်သည့်နေရာမှ အလုပ်ထုတ်ခံရပြီးနောက် စိတ်ကျန်းမာရေး ပြဿနာ များကြောင့် ဆေးရုံတက်ခဲ့ရသည်ဟု သိရပါသည်။

The Daily Telegraph ၏ ဖော်ပြချက်အရ အသက် ၄၀ အရွယ်ဇနီးနှင့် ၁၂ နှစ်အရွယ်သမီးလေးတို့က ၎င်းကို ယူကရိန်းသို့မသွားရန် တောင်းပန် ခဲ့ကြောင်း သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃