ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးအတွက် ပူတင်သည် ဇီလန်စကီး နှင့်တွေ့ဆုံရန် မလိုအပ်ဟု ထရမ့် ပြောဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ပူတင်က ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးနှင့် တွေ့၊မတွေ့ဆိုသည်မှာ အရေးပါသည့် ကိစ္စရပ် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ကြာသပတေးနေ့ (ဩဂုတ် ၇) တွင် New York Post သတင်းစာက အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက် ကို ကိုးကား၍ "ထရမ့်နှင့် တွေ့ဆုံရန်အတွက် ပူတင်သည် ဇီလန်စကီးနှင့် ဦးစွာ တွေ့ဆုံရမည်" ဟု ဖော်ပြခဲ့သည်။
သို့သော် အမေရိကန်သမ္မတက ထိုသတင်းကို ချက်ချင်းပယ်ချခဲ့သည်။ ပူတင်အနေဖြင့် ဇီလန်စကီးနှင့် ဦးစွာတွေ့ဆုံရမည်လားဟု မေးမြန်းမှုကို ထရမ့်က "မလိုပါ။ ၎င်းတို့က မိမိနှင့် တွေ့ဆုံလိုကြသည်။ သတ်ဖြတ်မှု တွေရပ်တန့်ဖို့ မိမိဘက်က မည်သည့်အရာများ လုပ်ဆောင်ပေးနိုင်မည် နည်း။ လုပ်ပေးမည်" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဇီလန်စကီးက ပဋိပက္ခကို အဆုံးသတ်ရန် ပူတင်နှင့် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ ရုရှားသမ္မတက တွေ့ဆုံခြင်း နှင့်ပတ်သက်၍ ကန့်ကွက်ရန်အကြောင်းမရှိသော်လည်း အချို့သော အခြေအနေများ ဖန်တီးပေးရန် လိုအပ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။
ထရမ့်၏ ထုတ်ဖော်ပြောဆိုချက်များသည် ကရင်မလင်အကြံပေးအရာရှိ ယူရီ ဦရှာကော့ဗ်က ပူတင်နှင့် ထရမ့်တို့ လာမည့်သီတင်းပတ်အတွင်း မျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ကြောင်း ပြောကြားပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပူတင်က ထိပ်သီးအစည်းအဝေးအတွက် ဖြစ်နိုင်ခြေရှိသောနေရာအဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ကို အဆိုပြုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂