သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်စို့

Posted_Date

Image

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်စို့

Body

လူသားတို့သည် သဘာဝပတ်ဝန်းကျင်ကိုမှီခိုနေထိုင်ကြရသည်။ ကျောက်ခေတ်မှ ယနေ့ခေတ်တိုင်အောင် သဘာဝပတ်ဝန်းကျင် ရင်ခွင်ထဲတွင် ကျင်လည်ကျက်စားလာခဲ့ရသည်။ နောင်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို ဆက်လက်မှီတွယ်ကြရဦးမည်ဖြစ်သည်။ လူသားတို့မှီတင်းနေထိုင်ရာ တောတောင်၊ ရေ၊ မြေ၊ လေ စသော သဘာဝပတ်ဝန်းကျင်သည် လူသားတို့အတွက် ကျေးဇူးကြီးမားသော မိတ်ဆွေကောင်းကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏စားဝတ်နေရေးအတွက် လိုအပ်သောသယံဇာတများကို ထိုသဘာဝမိတ်ဆွေကောင်းကြီးထံမှရရှိသောကြောင့်ဖြစ်သည်။ လူအပါအဝင် သက်ရှိသတ္တဝါတို့အသက်ရှင်သန်မှုအတွက် ရှူရှိုက်ရသောအောက်ဆီဂျင်ကို သဘာဝလေထုက လက်ဆောင်အဖြစ်ပေးထားသည်။ တစ်မနက်ပင်အငတ်မခံနိုင်သော ရေသယံဇာတကို သဘာဝမိခင်မြေကြီးက တိုက်ကျွေးနေပါသည်။ ဤသို့ လူသားတို့ကိုများစွာအကျိုးပြုနေသော သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရေးသည် လူသားတိုင်းပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်ဖြစ်ပါသည်။

လူသားနှင့် သဘာဝပတ်ဝန်းကျင်သည် အညမညအပြန်အလှန်ဆက်စပ်လျက်ရှိသည်။ လူသားတို့သည် သဘာဝပတ်ဝန်းကျင်တွင် အခြေချနေထိုင်ပြီး သဘာဝပတ်ဝန်းကျင်ကပေးသော သယံဇာတများကို အသုံးပြုရှင်သန်ရလေသည်။ မြေ၊ ရေ၊ လေတို့က လူသားတို့အတွက် အဖိုးတန်ကောင်းကျိုးတို့ကို စဉ်ဆက်မပြတ်ပေးအပ်နေသကဲ့သို့ ၎င်းတို့ချင်းလည်း အပြန်အလှန် ဆက်စပ်အမှီသဟဲပြုလျက်ရှိသည်။ ထိုမြေ၊ ရေ၊ လေတို့နှင့် လူသားတို့သည်လည်း ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဆိုသကဲ့သို့ အပြန်အလှန်တည်မှီနေသည့် ကွင်းဆက်များဖြစ်သည်။ ယင်းသို့ကွင်းဆက်များရှိနေသည့်စနစ်ကို ဂေဟစနစ်ဟုခေါ်သည်။ သို့သော် လူသားတို့သည် သဘာဝတရား၏ ဆက်စပ်ဖြစ်တည် မှုဂေဟစနစ်ကို အလေးမထားဘဲ ကမ္ဘာ့လေထု၊ မြေထု၊ ရေထုတို့ကို အလွန်အကျွံအသုံးချမှုများကြောင့် တဖြည်းဖြည်းယိုယွင်းပျက်စီးလာရသည်။ ထိုယိုယွင်းပျက်စီးမှုများကို အချိန်မီထိန်းသိမ်းပြုပြင်မှုမလုပ်ခဲ့လျှင် ဂေဟစနစ်များ ပိုမိုပျက်ယွင်းကာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပေါ်လာပြီး လူသားတို့၏ ရှင်သန်နေထိုင်မှုကို ဒုက္ခပေးလာမည်ဖြစ်သည်။

ကမ္ဘာ့အပူချိန်ပို၍တိုးလာရ

လူသားတို့၏ ပယောဂကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး မယုံကြည်နိုင်လောက်အောင် အဘက်ဘက်မှ ဆုတ်ယုတ်လာသည်။ တစ်နေ့တခြား တိုးပွားလာသော ကမ္ဘာ့လူသားများက မိမိတို့ နေရာထိုင်ခင်းအတွက် သဘာဝသစ်တောများကို ခုတ်ထွင်ရှင်းလင်းကြသည်။ သစ်များအလွန်အကျွံထုတ်လုပ်ကြသည်။ လောင်စာအတွက်အသုံးပြုကြသည်။ ထိုအခါ ကမ္ဘာမြေကို ထီးကဲ့သို့အုပ်မိုးပေးထားသော သစ်တောသစ်ပင်များ လုံးပါးပါးလာပြီး စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်သည် ကန္တာရလွင်တီးခေါင်ဖြစ်လာရသည်။ သစ်ပင်များလျော့ပါးလာခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူနိုင်မှု အားနည်းလာသည်။ လေထုထဲတွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ များပြားလာသည့်အခါ ကမ္ဘာ့အပူချိန်ပို၍တိုးလာရသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် နေမှလာသော အနီအောက်ရောင်ခြည်များကို စုပ်ယူကာ ပြန်မလွှတ်ဘဲစုဆောင်းထားသည်။ ထိုအခါ အနီအောက်ရောင်ခြည်ကြောင့် လေထုအပူချိန်ကို မြင့်မားလာစေပြီး ကမ္ဘာမြေ၏ ဝင်ရိုးစွန်းဒေသမှ ရေခဲတောင်များ အရည်ပျော်လာရသည်။ ထို့ကြောင့် ပင်လယ်ကမ်းစပ်ကုန်းမြေများ ရေလွှမ်းမိုးခံရပြီး ရေခဲဒေသမှ ကျေးငှက်တိရစ္ဆာန်တို့ သေကျေပျက်စီးကြရသည်။ ပုံမှန်အားဖြင့် ကမ္ဘာ့လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုပမာဏမှာ အလွန်နည်းပါးပြီး တစ်ရာခိုင်နှုန်းပင်မရှိပေ။ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ပါဝင်နှုန်းမြင့်မားလေလေ ပူပြင်းလေလေဖြစ်သည်။ သောကြာဂြိုဟ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှု ရာခိုင်နှုန်း ၉ဝ ကျော်ရှိ၍ အပူချိန် ၇၀၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်အထိမြင့်မားကာ လောင်ကျွမ်းလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာ့လေထုတွင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့နည်းမှသာ အပူရှိန်နည်းပြီး လူသားတို့အသက်ရှူရာတွင် သန့်စင်သော အောက်ဆီဂျင်ကိုလည်းရရှိမည်။ ရာသီဥတုပူပြင်းမှု လျော့နည်းပြီး မိုးခေါင်မှုဘေးမှကင်းဝေးမည်။

အကယ်၍သာ ကာဗွန်ဒိုင်အောက်ဆိုက်များပြား လာမှုကိုမထိန်းချုပ်နိုင်လျှင် အပူရှိန်ပြင်းထန်မှုကြောင့် ရေခဲတောင်များအရည်ပျော်ပြီး ကျွန်းစုများနှင့် ပင်လယ်ကမ်းစပ်မြို့များသည် ရေအောက်သို့နစ်မြုပ်သွားရပေလိမ့်မည်။ စက်ရုံအလုပ်ရုံများမှ ထုတ်လွှတ်သော တန်ချိန်သန်းပေါင်းထောင်ချီသည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များ လေထုထဲတွင် များပြားလာသဖြင့် ကမ္ဘာကြီးပူနွေးပြီး ရာသီဥတုဖောက်ပြန်၍ အပူလှိုင်း၊ အအေးလှိုင်းတို့ ဖြတ်သန်းခြင်း၊ မုန်တိုင်းကြီးများဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ကာ အသက်အိုးအိမ်များစွာကို ဝါးမျိုဖျက်ဆီးပစ်နိုင်သည်။ မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် လူ့အသက်တစ်သိန်းကျော်နှင့် အိုးအိမ်စည်းစိမ်ဥစ္စာများ ဆုံးရှုံးခဲ့ရသည်က သက်သေဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီး၏ နာမကျန်းဖြစ်လာသော သဘာဝပတ်ဝန်းကျင်ကို ကုစားရန်သည် လူသားတို့၏တာဝန်မှတစ်ပါး အခြားမရှိတော့ပြီ။

ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပေးရမည်

ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်ကို ကုစားပြုပြင်ရန် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို လျှော့ချပေးရမည်ဖြစ်သည်။ ထိုသို့လျှော့ချရန် ရေနံ၊ ကျောက်မီးသွေး ရုပ်ကြွင်းလောင်စာများအစား နေရောင်ခြည်စွမ်းအင်နှင့် ဇီဝလောင်စာများအစားထိုးရမည်။ သစ်တောများသည် ကမ္ဘာ့လေထု၏ ၈ဝ ရာခိုင်နှုန်းကို စုပ်ယူလျှော့ချပေးနိုင်သဖြင့် သစ်ပင်များကို အင်တိုက်အားတိုက် တိုးချဲ့စိုက်ပျိုးခြင်း၊ စိုက်ပြီးသစ်ပင်များရှင်သန်အောင် ဂရုစိုက်ခြင်း၊ သစ်တောများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။ ဥပမာ- ကားမစီးဘဲ စက်ဘီးစီးခြင်း၊ လျှပ်စစ်ဓာတ်အား ချွေတာခြင်း၊တစ်နိုင်တစ်ပိုင်သစ်ပင်များ စိုက်ပျိုးခြင်း စသည့်ဆောင်ရွက်ချက်များဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ကို ထိုသို့ပြုလုပ်ထိန်းသိမ်းကြရန် ဆရာဇော်ဂျီက “ပုပ္ပားမောင် တောင်ကတုံး၊ သျှောင်ထုံးစို့ကွယ်တို့ရယ်” ဟု ကဗျာဖြင့်နှိုးဆော်ခဲ့သကဲ့သို့ စာဆိုဘုတလင်ချစ်လေးကလည်း “သည်ချောင်းအရေး၊ အသက်ပေး၍၊ တုံ့နှေးမဆ၊ ဖြေရှင်းရမည်”ဟု ကဗျာ ခေါင်းလောင်းထိုး၍ နှိုးဆော်ခဲ့သည်။

နည်းပညာမြင့်မားလာသည်နှင့်အမျှ လူတို့သည် အခန်းများတွင် လေအေးစက်များကို တပ်ဆင်ကြသည်။ အဖျော်ယမကာနှင့် အချိုရည်စသည်တို့ကို အေးအေးမြမြသောက်သုံးနိုင်ရန် ရေခဲသေတ္တာကို တီထွင်သုံးစွဲကြသည်။ မိမိ၏ ကိုယ်ခန္ဓာရနံ့သင်းပျံ့စေရန် ရေမွှေးများ ထုတ်လုပ်ပက်ဖျန်းကြသည်။ ယင်းလုပ်ရပ်တို့၏ ဘေးထွက်ဆိုးကျိုးကားလေထုထဲသို့ ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့များ ထွက်လာခြင်းပင်ဖြစ်သည်။ ထိုဓာတ်ငွေ့သည် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသော အိုဇုန်းလွှာကိုတိုက်စားပြီး တဖြည်းဖြည်းပါးလွှာကာ အပေါက်ဖြစ်လာစေသည်။ ခရမ်းလွန်ရောင်ခြည်သည် ထိုအိုဇုန်းလွှာအပေါက်မှဖြတ်သန်း၍ ကမ္ဘာမြေပြင်ပေါ်သို့ကျရောက်သည့်အခါ လူသားတို့အရေပြားနှင့်ထိတွေ့ပြီး အရေပြားကင်ဆာရောဂါဖြစ်စေသည်။ ထို့ကြောင့် နေမှလာသောခရမ်းလွန်ရောင်ခြည်ကို လူသားတို့နှင့်မထိတွေ့စေရန် ကြားခံတံတိုင်းကြီးသဖွယ် ကာကွယ်ပေးနေသော အိုဇုန်းလွှာမပျက်စီးရေးအတွက် ကလိုရိုဖလူအိုရိုကာဗွန်ဓာတ်ငွေ့လျှော့ချရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။

အက်စစ်မိုးများရွာသွန်း

ကမ္ဘာ့လူဦးရေတိုးပွားမှုနှင့်အတူ စားရေရိက္ခာထုတ်လုပ်ရေးကလည်း အရေးပါလာသည်။ သီးနှံများကို သမားရိုးကျနည်းဖြင့် အချိန်ကုန်ခံမစိုက်ပျိုးတော့ဘဲ အချိန်တိုကာလအတွင်း သီးနှံအထွက်တိုး ရေးနည်းလမ်းများကို ရှာဖွေလာကြသည်။ သီးနှံအထွက်တိုးရန် ဓာတ်မြေဩဇာများ၊ ဓာတုပိုးသတ်ဆေးများကို များစွာအသုံးပြုလာကြသည်။ စိုက်ပျိုးရေးတွင်အသုံးပြုလိုက်သော နိုက်ထရိုဂျင်ဓာတ်မြေ သြဇာများသည် သဘာဝမြေကြီး၏ မီသိန်းဓာတ်ငွေ့ စုပ်ယူနိုင်သောစွမ်းအားကို ထိန်းချုပ်တားဆီးထားလေသည်။ ထိုအခါလေထုထဲတွင်မီသိန်းဓာတ်ငွေ့များ ကြောက်ခမန်းလိလိစုဝေးလာကာ ကမ္ဘာကြီး၏ အပူချိန်ကို မြင့်မားလာစေပြန်သည်။ စက်ရုံ အလုပ်ရုံများတွင်အသုံးပြုသော ဓာတုဆေးများသည် လည်း မိုးရေမှတစ်ဆင့် မြေကြီးနှင့် မြစ်ချောင်းအင်းအိုင်ထဲသို့ပျံ့နှံ့စိမ့်ဝင်ကာ အဆိပ်အတောက် များဖြစ်ပွားစေသည်။ ထို့အတူ ကလိုရင်းဓာတ် အခြေခံသော ချွတ်ဆေးများမှ ကင်ဆာရောဂါ ဖြစ်စေနိုင်သော ဒိုင်အောက်ဇင်းဓာတ်အညစ်အကြေးများသည် မြစ်ချောင်းအတွင်း စိမ့်ဝင်ကာ အဆိပ်အတောက်များ တိုးပွားလာစေပြန်သည်။ ကျောက်မီးသွေးများ လောင်ကျွမ်းမှုကြောင့်လည်း လေထုညစ်ညမ်းကာ အက်စစ်မိုးများရွာသွန်းစေသည်။

သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းရာတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်နိုင်ချင်းဖြေရှင်း၍ မအောင်မြင်နိုင်ပေ။ ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကော်မရှင်ကိုဖွဲ့စည်းကာ ကမ္ဘာမြေစိမ်းလန်းသာယာပြီး သန့်ရှင်းသပ်ရပ်လှပစေရန်နှင့် လုံခြုံစိတ်ချရပြီး ကောင်းမွန်သောကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်တစ်ရပ်ရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရည်ရွယ်ချက်များဖြင့် လူသားများအား သယံဇာတအရင်းအမြစ်များကို အချိန်အခါမရွေး ထင်သလိုရရှိနေမည်မဟုတ်သော ကြောင့် သဘာဝအရင်းအမြစ်များကို ရေရှည်သုံးနိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းထားပေသည်။ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကော်မရှင်က သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရာတွင် နိုင်ငံအဆင့်၊ ဒေသအဆင့်၊ နိုင်ငံတကာအဆင့်အသီးသီးမှ စဉ်ဆက်မပြတ် အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်။ သစ်တောများ၊ သမုဒ္ဒရာများ၊ ရေချိုနှင့် သယံဇာတအရင်းအမြစ်များ ရေရှည်တည်တံ့အောင် စီမံခန့်ခွဲသည့် နည်းလမ်းများကိုလည်း ရှာကြံပေးသည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများကလည်း ငွေကြေးနှင့် နည်းပညာအကူအညီများပေးကြရန်လည်း တိုက်တွန်းထားသည်။ မည်သို့ပင်ဖြစ်စေ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက အသိစိတ်ဓာတ်ဖြင့် နိုးကြားစွာပါဝင်ဆောင်ရွက်ရေးသည် အဓိကလိုအပ်ချက်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးကို လှမ်းမျှော်ကြည့်လိုက်လျှင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်နေကြသည်။ တရုတ်နိုင်ငံတွင် သစ်ပင်ပြန်လည်စိုက်ပျိုးရေးကို ယန်စီမြစ်ဒေသတစ်လျှောက်တွင် ၁၉၉၀ ပြည့်နှစ်မှ စတင်လုပ်ဆောင်ခဲ့သည်။ ဒေသခံအစိုးရအနေဖြင့် သစ်ထုတ်လုပ်မှုပိတ်ပင်သည့် စည်းမျဉ်းစည်းကမ်းများချမှတ်ပြီး သစ်တောထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ စိုက်ပျိုးသစ်ပင်များ ၈ဝ ရာခိုင်နှုန်းရှင်သန်ပြီး ရေထုနှင့် မြေထုထိန်းသိမ်းမှုများကို သိသာတိုးတက်စေခဲ့ကြောင်း သိရှိရပေသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝပတ်ဝန်းကျင်ရေမြေတောတောင် စိမ်းလန်းစိုပြည် သာယာရေးအတွက် နိုင်ငံတော်က သစ်တောသစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးပြုစု ကာကွယ်ထိန်းသိမ်းလျက်ရှိရာ ကြိုးဝိုင်းသစ်တော၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေ ဧရိယာစတုရန်းမိုင် ခြောက်သောင်းကျော် ဖြစ်ထွန်းတည်ရှိနေပြီဖြစ်သည်။ ပဲခူးရိုးမစိမ်းလန်း စိုပြည်ရေး၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သစ်တောစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခြင်းများ၊ သဘာဝနယ်မြေနှင့် ဘေးမဲ့တောထူထောင်ခြင်းများကို ဖော်ဆောင်လျက်ရှိပါသည်။

ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကော်မရှင်က ၁၉၈၇ ခုနှစ်တွင် “ကျွန်ုပ်တို့၏ ဘုံအနာဂတ်” ဟူသော စာတမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထိုစာတမ်းတွင် “ဖွံ့ဖြိုးတိုးတက်မှု ပုံသဏ္ဌာန်အမျိုးမျိုးသည် ပတ်ဝန်းကျင်အရင်းအမြစ်ပေါ်တွင် အခြေခံပေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် ပတ်ဝန်းကျင်အရင်းအမြစ်များအား ထိပါးပျက်စီးစေသည်” ဟု ဖော်ပြထားသည်။ သဘာဝကမ္ဘာမြေကြီးပျက်စီးရခြင်းမှာ လူတို့၏စီးပွားရေးနှင့် လူမှုရေးမညီမျှမှုတို့၏ အကျိုးဆက်ဟုဆိုပါသည်။ လူသားတို့၏ မိုက်မဲမှု၊ ဥပေက္ခာပြုမှု၊ အမြော်အမြင်ကင်းမဲ့မှု၊ တစ်ကိုယ်ကောင်းဆန်မှုတို့ကြောင့် သဘာဝပတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးရခြင်းဖြစ်ပေရာ မိမိတို့၏ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံး၏ တာဝန်ပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ကိုးကား။ ။ဝန်းကျင်ကမ္ဘာထိန်းသိမ်းပါ(ဦးရဲဝေ  မြန်မာစာ)