အစဉ်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည့် သဘာဝပတ်ဝန်းကျင်
Posted_Date
Image

Body
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်သည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့်သက်ဆိုင်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု၊ ပုံမှန်အတိုင်းထားရှိမှု စသည်တို့နှင့်လူသားတို့၏ရှင်သန်မှုတို့မှာ တိုက်ရိုက်အချိုးကျနေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံး၌ ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစုအစပိုင်းမှစ၍ ပြောင်းလဲလျက်ရှိသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ပုံမှန်မဟုတ်ဘဲ တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ပြောင်းလဲလာသော ရာသီဥတုဆိုင်ရာပြဿနာများကိုဖြေရှင်းလျက်ရှိကြသည်။ ရာသီဥတုပြောင်းလဲခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များကြောင့် ဆိုးကျိုးခံစားနေရသည့် နိုင်ငံပေါင်းများစွာရှိနေပြီဖြစ်ရာ ရာသီဥတု သမမျှတရေးနှင့် ရာသီဥတု၏အရင်းတည်ရာဖြစ်သောသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူသားအားလုံးအတွက် အဓိကကျလာသည်။
“သဘာဝဟူသည် ကောင်းစွာဖြစ်ခြင်း၊ အလိုအလျောက်ဖြစ်နေခြင်း”ဟူသော အဓိပ္ပာယ်ရသည်။ လူသားသည် သဘာဝထဲမှမွေးဖွားလာသူဖြစ်သည်။ လူသားဟူသည် သဘာဝ၏ကျေးကျွန်မဟုတ်သလို သဘာဝ၏အရှင်သခင်လည်းမဟုတ်ပေ။ “သစ်ပင်စိုက်ပါ ဤကမ္ဘာ၊ သာယာလှပ စိမ်းမြမြ”ဟူသောဆောင်ပုဒ်ကို လူတိုင်းကြားဖူးကြပါသည်။ သစ်ပင်တောတောင်သည်သတ္တလောကကြီးအတွက် မရှိမဖြစ်သောအရာဖြစ်သည်။ လူနှင့်သတ္တဝါများ အသက်ရှင်နေထိုင်ရန် မျှတသင့်လျော်သောပတ်ဝန်းကျင်ဖြစ်စေရေးအတွက် သစ်ပင်တောတောင်များက စေစားပေးလျက်ရှိသည်။ သစ်ပင်များသည် ၎င်းတို့ရှင်သန်ကြီးထွားရေးအတွက် လေထုထဲမှကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူကာ လေထုထဲသို့အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည်။ ထို့ကြောင့် သစ်တောများကို ကမ္ဘာမြေကြီး၏အဆုတ်များဟု တင်စားခေါ်ဝေါ်ကြသည်။
ကမ္ဘာပေါ်တွင် ပြောင်းလဲလာသောရာသီဥတုဖြစ်စဉ်ကြောင့် မတူညီသည့်သဘာဝဖြစ်စဉ်အမျိုးမျိုးတို့ကိုကမ္ဘာပေါ်ရှိလူသားတိုင်း ရင်ဆိုင်ကြုံတွေ့နေရသည်။ လူတို့၏ပြုပြင်စီမံဖန်တီးမှုများကြောင့် ပုံမှန်ရာသီဥတုဖြစ်စဉ်များ၊ ပုံမမှန်ရာသီဥတုဖြစ်စဉ်ဖောက်ပြန်မှုများဖြစ်ပေါ်လာပြီးအကျိုးဆက်ကိုကြုံတွေ့နေကြပြီဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ပြီး ကြိုတင်ပြင်ဆင်သတိပြုမှုဖြင့် ကျော်လွှားကြရမည်ဖြစ်သည်။
ကြိုတင်ပြင်ဆင်မှု
မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၂၀၂၀ ပြည့်နှစ်ထုတ်ပြန်ချက်အရ နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းသာရှိပြီးတဖြည်းဖြည်းလျော့နည်းလာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် “ဥတုရာသီ တောကိုမှီ”ဟုဆိုသည့်အတိုင်း ရာသီဥတုမှန်ကန်ကောင်းမွန်ရေးအတွက် သစ်ပင်သစ်တောများကိုထိန်းသိမ်းရန်လိုအပ်မည်ဖြစ်သည်။ စိုက်ပျိုးသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် သစ်ပင်သစ်တောများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်သစ်တောများကို ခုတ်ထွင်ရှင်းလင်းနေမှုကြောင့် သစ်ပင်သစ်တောပြုန်းတီးမှုများမှာ များပြားလျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြား၌ ရေကြီးရေလျှံမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများ၊ မိုးခေါင်ရေရှားမှုများ စသည်ဖြင့် ရာသီဥတုဖောက်ပြန်မှု၏အကျိုးဆက်ကို ကြုံတွေ့လျက်ရှိရာ သဘာဝဘေးအန္တရာယ်သည် ရှောင်လွှဲ၍ ရနိုင်သည်မဟုတ်သော်လည်း ကြိုတင်ပြင်ဆင်ကာကွယ်မှုကောင်းခြင်းဖြင့် ထိခိုက်ပျက်စီးမှုကို အနည်းဆုံးဖြစ်အောင် ကာကွယ်ကြရမည်ဖြစ်သည်။
သဘာဝကို ကောင်းအောင်ဖန်တီးသည်မှာ လူသားများပင်ဖြစ်သကဲ့သို့ ဆိုးအောင်ဖန်တီးသည်မှာလည်း လူသားများပင်ဖြစ်သဖြင့်လူသားများအနေဖြင့် သဘာဝသစ်တောထွက်သယံဇာတများကို စည်းကမ်းစနစ်တကျမဟုတ်ဘဲ အလွန်အကျွံထုတ်ယူသုံးစွဲခြင်းကြောင့် သဘာဝ၏အကျိုးဆက်ကို ပြန်လည်ခံစားကြရမည်ဖြစ်သည်။
ရာသီဥတုဖောက်ပြန်ချို့ယွင်းမှုကြောင့် စားနပ်ရိက္ခာအထွက်နှုန်းကျဆင်းလာခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခြင်း၊ ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်း၊ အချို့သတ္တဝါမျိုးစိတ်နှင့် ဇီဝမျိုးစိတ်များ မူရင်းဒေသများမှနေရာပြောင်းရွှေ့ခြင်း၊ ပင်လယ်နှင့် သမုဒ္ဒရာများ၏ဂေဟစနစ်များယိုယွင်းပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခြင်း၊ ရောဂါဖြစ်စေသောပိုးမွှားများရှင်သန်ရာဒေသ ပိုမိုကျယ်ပြန့်လာခြင်း၊ အပူလွန်ကဲခြင်းကြောင့် လူသားများ၏ကျန်းမာရေးဆိုင်ရာထိခိုက်လာခြင်း၊ သီးနှံစိုက်ခင်းနှင့် သစ်တောသစ်ပင်များပျက်စီးခြင်း စသည့်ပြဿနာများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလျက်ရှိသည်။ရာသီဥတုဖောက်ပြန်မှု၏လက္ခဏာများအဖြစ် မုန်တိုင်းများတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ အပူလှိုင်းများကျရောက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ အအေးလွန်ကဲခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုသည်လည်း ယခင်ကထက် ပိုမိုပြင်းထန်လာသည်။
ရာသီဥတုဖောက်ပြန်လာရခြင်း၏အဓိကအကြောင်းရင်းသည် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာမှုသည်လည်း လူသားများ၏လုပ်ဆောင်ချက်များမှထွက်ရှိလာသည့် ကာဗွန်ဒိုင်အောက်ဆိုက်များကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့များ ကမ္ဘာ့လေထုထဲအလွန်အကျွံရောက်ရှိ လာခြင်းကြောင့်ဖြစ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး လူသားများအတွက်လိုအပ်သည့် အောက်ဆီဂျင်ကို ပြန်လည်ထုတ်လွှတ်ပေးသည့် သစ်တောများပြုန်းတီးခြင်းသည်လည်း ကမ္ဘာကြီး ပူနွေးလာမှု၏အကြောင်းရင်းတစ်ရပ်ဖြစ်သည်။
ကုန်းမြေအခြေပြုသည့်မျိုးစိတ်များ၏ သုံးပုံနှစ်ပုံသည် သစ်တောများတွင်ရှင်သန်မှုအတွက် မှီခိုနေရ သည်ဖြစ်ရာသစ်တောများပြုန်းတီးမှုသည် ဇီဝမျိုးစုံမျိုးကွဲများ၏ဂေဟစနစ်ကိုများစွာထိခိုက်စေသည်။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်လျှင် သစ်တောသစ်ပင်ထိန်းသိမ်းရေးကို အလေးထား ရမည်ဖြစ်သကဲ့သို့ လေထုညစ်ညမ်းမှုနှင့် ရေထုညစ်ညမ်းမှုများကိုလျှော့ချရန်၊ စက်ရုံသုံးစွန့် ပစ်ပစ္စည်း များကိုထိန်းသိမ်းကြပ်မတ်ရန်၊ သဘာဝသားငှက်တိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရန် စသည့် လုပ်ငန်းများကို ဘက်စုံထောင့်စုံကဆောင်ရွက်သွားရမည်ဖြစ်သည်။ ရာသီဥတုဖောက်ပြန်ပျက်စီးခြင်း ကြောင့်ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများသည် ကမ္ဘာကြီးကို မှီခိုရှင်သန်နေရသော လူသားများနှင့်သက်ရှိဇီဝများကို ခြိမ်းခြောက်လျက်ရှိသည်။
ယနေ့ကမ္ဘာ့လူသားများ၏စားဝတ်နေရေး၊ အသက်ရှင်ရပ်တည်နိုင်ရေးကိုအနှောင့်အယှက်မဖြစ်စေရန်နှင့်ကောင်းမွန်သောအနာဂတ်ကမ္ဘာကို နောင်လာနောက်သားများအတွက် ထားရှိပေးနိုင်ရန်ကိုလည်းဂရုပြုရမည်ဖြစ်သည်။သဘာဝကပေးထားသည့်စိမ်းလန်းစိုပြည်မှုများ မပျက်စီးစေရန် လူသားများကပင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်လျော့ နည်းလာသည့်အခါတွင်လည်း လူသားများကပင် ပြန်လည်ထိန်းသိမ်းဖန်တီးပေးရမည်ဖြစ်သည်။
နိုင်ငံတော်မှသစ်ပင်သန်းပေါင်းများစွာစိုက်ပျိုး
ကမ္ဘာ့နိုင်ငံများနည်းတူမြန်မာနိုင်ငံအနေဖြင့် သစ်ပင်သစ်တောများရေရှည်တည်တံ့စေရေးအတွက် သစ်တောများဖုံးလွှမ်းမှုတိုးတက်လာစေရေးနှင့် သစ်တောပြုန်းတီးမှုလျော့နည်းစေရေးကို အထူးအလေး ပေးလုပ်ဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံသည် သစ်ပင်စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်သော မိုးတွင်းကာလဖြစ်သည့် ဇွန်လ၊ ဇူလိုင်လများ၌ သစ်ပင်သန်းပေါင်းများစွာ စိုက်ပျိုးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီမှ ၂၀၂၄ခုနှစ် မိုးရာသီအထိ နိုင်ငံအဝန်းတွင် ပျိုးပင်စုစုပေါင်း၉၀ ဒသမ ၅၅ သန်းကျော် ဖြန့်ဝေစိုက်ပျိုးပေးနိုင်ခဲ့သည်။ နေပြည်တော်တွင် သစ်ပင်စိုက်ပျိုးပွဲ (၉)ကြိမ်ပြု လုပ်ခဲ့ပြီး ၃၂၀၉၇၀၃ ပင် စိုက်ပျိုးနိုင်ခဲ့သည်။
ရှင်သန်ဖြစ်ထွန်းမှု ၃၀၃၂၉၈၂ ပင် (၉၄ ရာခိုင်နှုန်း)ရှိသည်။ ဖြန့်ဝေစိုက်ပျိုးခဲ့သည့် သစ်ပင်များသည် သစ်တောနယ်မြေများဖြစ်သည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများအတွင်း၌ စိုက်ပျိုးခြင်းသာမက ဘဲသစ်တောနယ်မြေပြင်ပနေရာများ၌လည်း ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများက မိုးရာသီလူထု လှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့်စိုက်ပျိုးလိုက်သည့်သစ်ပင်များ ရာနှုန်းပြည့် အောင်မြင်ရှင်သန်ရေးအတွက် ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်ပေသည်။ ယခုနှစ် မိုးရာသီ၌လည်း အမြင့် ၂ ပေအထက် ပျိုးပင် ၂၀ ဒသမ ၅၉ သန်းကို နိုင်ငံအဝန်းဖြန့်ဝေပေးထားပြီး စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဇွန်လ ၁၅ ရက်နေ့တွင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၌ သစ်မျိုး ၁၆ မျိုး၊ ပျိုးပင်ပေါင်း ၃၀၀၀ ပင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် နိုင်ငံတစ်နိုင်ငံ၏အစိုးရ၊ တာဝန်ရှိသူတို့မှ လုပ်ကိုင်ဆောင်ရွက်ရုံနှင့်ဖြေရှင်းနိုင်သည့်ပြဿနာမဟုတ်ပေ။ ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်း အသိစိတ်ဓာတ်ရှိရှိဖြင့်ပါဝင်ဆောင်ရွက်မှသာ အောင်မြင်သောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရပိုင်းမှ မည်မျှပင်ဆောင်ရွက်စေကာမူ လူတစ်ဦးချင်း၏ မိမိကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ပါဝင်ဆောင်ရွက်မှုမရှိပါက သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုများမှာတစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားလာမည်ဖြစ်သည်။ မီးဖိုချောင်ထွက်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ ရေတွင်းရေကန်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြစ်၊ ချောင်းများအတွင်း အညစ်အကြေးနှင့် အမှိုက်သရိုက်များစွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ သစ်တောသစ်ပင်များခုတ်ယူမှုမပြုခြင်း၊ ပလတ်စတစ်နှင့်ကြွပ်ကြွပ် အိတ်အသုံးပြုမှု များကို စနစ်တကျဆောင်ရွက်ခြင်း စသည့်အပြုအမူများသည် လူတစ်ဦးချင်းစီမှအစပြု၍ ကမ္ဘာပေါ်ရှိ လူသားတိုင်းဆောင်ရွက်ရမည့်တာဝန်များဖြစ်သည်။ ထိုသို့ လူတိုင်းအသိစိတ် ဓာတ်ရှိရှိပါဝင်ဆောင်ရွက်မှသာ မြန်မာနိုင်ငံ၏ဦးတည်ရာပန်းတိုင်ဖြစ်သော (Green Economic and Green Develop-ment) စိမ်းလန်းသောစီးပွားရေးနှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များကိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ထို့ကြောင့်မလွန် ဆန်နိုင်သောသဘာဝဘေးအမျိုးမျိုးကို ကြိုတင်ပြင်ဆင်၍ စဉ်ဆက်မပြတ်ကာကွယ်ထိန်းသိမ်းပြီးရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကို လျော့ကျစေကာ သက်ရှိနှင့်သဘာဝပတ်ဝန်းကျင်တို့ဟန်ချက်ညီညီနေထိုင်နိုင်သောအနာဂတ်ကို အကောင်အထည် ဖော်နိုင်ရေး ကာကွယ်ထိန်းသိမ်း စောင့်ရှောက် သွားကြရမည်ဖြစ်ကြောင်းရေးသား တင်ပြလိုက်ရပါသည်။ ။
MWD Web Portal