Diabetes Mellitus Type 2 (အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ) အကြောင်း သိကောင်းစရာ

Posted_Date

Image

Diabetes Mellitus Type 2 (အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ) အကြောင်း သိကောင်းစရာ

Body

အမျိုးအစား (၂) ဆီးချိုရောဂါ တစ်နည်းအားဖြင့် အင်ဆူလင်ဟော်မုန်းပေါ် မူတည်ခြင်းမရှိသော ဆီးချိုရောဂါသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး၊ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းကို မတုန့်ပြန်နိုင်ခြင်း (သို့) ပန်ကရိယမှ အင်ဆူလင်ကိုမထုတ်လုပ်နိုင်ခြင်းကြောင့် သွေးတွင်းရှိ ဂလူးကိုစ်ပမာဏကို ပုံမှန်ဖြစ်အောင် မထိန်းထားနိုင်သော ရောဂါဖြစ်ပါသည်။ 

♦ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားစေသောအကြောင်းရင်းများ 

  • အ၀လွန်ခြင်း၊ အဆီများ ၀မ်းဗိုက်တွင် အလွန်အမင်းစုနေခြင်း

    • ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

    • မိသားစုမျိုးရိုးထဲတွင် ဆီးချိုရောဂါရှိခြင်း

    • လူမည်းများ

    • အသက်ကြီးသောသူများ

    • သွေးထဲတွင် ပုံမှန်ထက်အချိုဓါတ်များခြင်း (Prediabetes)

    • ကိုယ်၀န်ဆောင်ချိန်တွင် ဆီးချိုသွေးချိုရောဂါခံစားရသူများ

    • မျိုးဥအိမ်တွင် အရည်အိတ်များစုနေသော ရောဂါစု (Polycystic Ovary Syndrome) ရှိသူများ 

♦ ရောဂါလက္ခဏာများ

        ရောဂါလက္ခဏာတွေကတော့

-  ရေခဏခဏငတ်ခြင်း

-  ဆီးခဏခဏသွားခြင်း

-  အလေးချိန်ကျဆင်းခြင်း

-  မကြာခဏဆာလောင်ခြင်း

-  နုံးခွေခြင်း

-  အမြင်မှုန်ဝါးခြင်း

-  အနာကျက်နှေးခြင်း

-  အရေပြားအရောင်မည်းလာခြင်းတို့ ဖြစ်ပါသည်။ 

♦ နောက်ဆက်တွဲဆိုးကျိုးများ 

-  နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ခြင်း

-  အာရုံကြောအားနည်းခြင်း

-  ကျောက်ကပ်အားနည်းခြင်း

-  အတွင်းတိမ်ဖြစ်ခြင်း

-  ရေတိမ်ဖြစ်ခြင်း

-  အကြားအာရုံချို့ယွင်းခြင်း

-  အရေပြားပိုး၀င်ခြင်း

-  အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေမြင့်မားခြင်းတို့နှင့် ကြုံတွေ့ရနိုင်ပါသည်။ 

♦ စစ်ဆေးခြင်း 

        အမျိုးအစား (၂) ဆီးချိုရောဂါရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးသိရှိနိုင်ပါသည်။

(1) Glycated Hemoglobin (A1C) Test - ဟေမိုဂလိုဘင်ကို တွယ်ကပ်သော သွေးတွင်းရှိ သကြားရာခိုင်နှုန်းကို စစ်ဆေးခြင်း။ A1C ပမာဏ 6.5% နှင့် အထက်ရှိပါက ဆီးချိုသွေးချိုရောဂါရှိနေပြီဟု ဆိုနိုင်ပါသည်။

(2) Random Blood Sugar Test - သွေးတွင်းရှိ သကြားပမာဏကို ရုတ်တရက်စစ်ဆေးခြင်း၊ သွေးတွင်းရှိ သကြားပမာဏ 200mg/dl (11.1 mmo/L) ထက်များပါက ဆီးချိုသွေးချိုရောဂါရှိနေပြီဟု ဆိုနိုင်ပါသည်။

(3) Fasting Blood Sugar test - ည ၁၀ နာရီနောက်ပိုင်း အစာမစားဘဲ နံနက်စောစော ၆ နာရီ ၇ နာရီ၀န်းကျင်တွင် သွေးတွင်းရှိ သကြားပမာဏစစ်ဆေးခြင်းဖြစ်ပါသည်။ သကြားဓာတ်ပမာဏ 126 mg/dL (7mmo/L) ထက်များပါက ဆီးချိုသွေးချို ရောဂါရှိနေပြီဖြစ်ပါသည်။ ပုံမှန်ဆိုလျှင် 100mg/dl (သို့) 5.6mmol/L အောက်လျော့နည်းရမှာ ဖြစ်ပါတယ်။ 100-125 mg/dl (သို့) 5.6-6.9 mmol/Lကြားရှိပါက ဆီးချိုမဖြစ်ခင်အဆင့် (Prediabetes) ဟု ခေါ်ပါသည်။

(4) Oral Glucose Tolerance test - ည ၁၀ နာရီနောက်ပိုင်း အစားမစားဘဲ နံနက်ခင်းတွင် သွေးတွင်းရှိ သကြား ဓာတ်ကို တိုင်းတာပါ။ ထို့နောက် အချိုဓာတ်ပါသော အစားအစာများကို စားသောက်ပြီး ၂ နာရီကြာသောအခါ ပြန်တိုင်းကြည့်ပါက 200mg/dL ထက်များပါက ဆီးချို၊ သွေးချိုရောဂါဖြစ်နေပြီဟု သတ်မှတ်နိုင်ပါသည်။

 

♦ ကုထုံးများ 

ကုထုံးများမှာ-

  • ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများစားသုံးခြင်း

ဆီးချိုဝေဒနာရှင်များအနေဖြင့် အမျှင်ဓာတ်များစွာပါ၀င်သော သစ်သီးသစ်ဖုနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးသင့်ပါသည်။ 

  • လေ့ကျင့်ခန်းလုပ်ခြင်း

တစ်နေ့လျှင် နာရီ၀က်လောက် အချိန်ပေးပြီး လေ့ကျင့်ခန်း လုပ်သင့်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ခန္ဓာကိုယ် ကျန်းမာသန်စွမ်းရုံသာမက သွေးတွင်းရှိ သကြားဓာတ်ပမာဏကို လျော့ကျစေပါသည်။ 

  • ဆီးချိုသွေးချိုကျဆေးများမှီ၀ဲခြင်း

ဆီးချိုရောဂါတွင်အသုံးများသည့် ဆေးဝါးများကတော့ -

1.Metformin - ၎င်းဆေးဝါးများသည် ခန္ဓာကိုယ်မှ အင်ဆူလင်သုံးစွဲမှုကို အားပေးပါသည်။ အသည်းမှ ဂလူး ကို့စ်ထုတ်လုပ်ခြင်းကို လျှော့ချပေးပါသည်။

2.Sulfonylureas (glipizide, glimepiride) - ခန္ဓာကိုယ်မှ အင်ဆူလင်များများ ထုတ်လုပ်နိုင်အောင် အားပေးပါသည်။

3.Meglitinides (repaglinide, nateglinide) - ခန္ဓာကိုယ်မှ အင်ဆူလင်များများ ထုတ်လုပ်နိုင်အောင်ကူညီပေးပါသည်။

4.Thiazolidinediones (pioglitazone, rosiglitazone)

ဆီးချိုအတွက်ဆေးဝါးအသစ်များကတော့ -

(1)   DPP-4 Inhibitors (Sitagliptin, Saxagliptin)

(2)   GLP 1 raeptor Agonists

(3)   SGLT 2 inhibitors (Canagliflozin, dapagliflozin) တို့ ဖြစ်ပါသည်။ 

အင်ဆူလင်ထိုးခြင်း

အင်ဆူလင်ထိုးသည့် အပ်သပ်သပ်ရှိပါသည်။ လက်မောင်းမှာ ထိုးခြင်းဖြစ်ပါသည်။ အင်ဆူလင်ပါသည့် ဆေးဝါးတွေကို သောက်သုံးရင် အစာခြေစနစ်ကြောင့် အာနိသင်လျော့သွားနိုင်သည့်အတွက် ဆီးချိုသွေးချိုပမာဏများသည့်သူတွေမှာ ထိုးဆေးကို အသုံးပြုကြခြင်းဖြစ်ပါသည်။

အင်ဆူလင်ပါသည့် ထိုးဆေးတွေ အမျိုးမျိုးရှိပါသည်။ (ဥပမာ - Insulin Glulisine၊ Insulin Lispro) ဆရာ၀န် ရွေးချယ်ပေးသည့်ဆေးကို ညွှန်ကြားချက်အတိုင်း တိတိကျကျထိုးပေးရန် လိုအပ်ပါသည်။ 

သွေးတွင်းအချိုဓာတ်ကိုပုံမှန်စစ်ဆေးခြင်းလည်း လိုအပ်ပါသည်။ 

♦ ဆီးချို နှင့် ကိုယ်၀န်ဆောင်

ဆီးချိုဝေဒနာရှင် ကိုယ်၀န်ဆောင်များသည် ကိုယ်၀န်ဆောင်နေစဉ်အတွင်း နဂိုသောက်နေကျ ဆေးဝါးတွေကို ပြောင်းလဲရန် လိုတတ်ပါသည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်မည်ဟု စိတ်ကူးရှိကတည်းက ဆရာ၀န်နှင့် သေချာ တိုင်ပင်ရန် လိုအပ်ပါသည်။              

 ♦ နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံး 

ဆီးချိုရောဂါရှိနေပါက အောက်ဖော်ပြပါအချက်များအတိုင်း လိုက်နာကျင့်ကြံနေထိုင်ခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်အောင် ကာကွယ်နိုင်ပါသည်။

-   ကျန်းမာရေးနှင့်ညီညွတ်အောင်စားသုံးပါ

-   အဆီနှင့် အငန် လျှော့စားပါ

-   အမျှင်ဓာတ်ပါသည့် ဟင်းသီးဟင်းရွက်တွေစားပါ

-   လေ့ကျင့်ခန်းလုပ်ပါ

-   အထွေထွေကျန်းမာရေးစစ်ဆေးမှုပုံမှန် လုပ်ဆောင်ပါ

-   လိုအပ်သော ကာကွယ်ဆေးများထိုးထားပါ

-    မျက်စိကို တစ်နှစ်တစ်ခါပုံမှန် စစ်ပါ

-   သွားကျန်းမာရေးကို ဂရုစိုက်ပါ

-   ခြေထောက်အပါအ၀င် ခန္ဓာကိုယ်တွင် ဒဏ်ရာရှိ၊ မရှိအမြဲစစ်ဆေးပါ

-   ဆေးလိပ်ဖြတ်ပါ

-   အရက်သောက်ခြင်းကိုရှောင်ကြဉ်ပါ 

♦ အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ခြင်း 

ဆီးချိုရောဂါမဖြစ်အောင် နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့်ညီညွတ်အောင် ပြုပြင်နေထိုင်သင့်ပါသည်။

-   အမျှင်ဓါတ်များများပါသော အစားအစာများကို ရွေးချယ်စားသုံးပါ။

-   အဆီအဆိမ့်လျှော့စားပါ။

-   လေ့ကျင့်ခန်းလုပ်ပါ။

-   သင့်တင့်မျှတသော ကိုယ်အလေးချိန်ဖြစ်အောင်ထိန်းထားပါ။