ထူးခြားသတင်းများ - ပြည်တွင်း

 (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၁၅

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်သည့် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအဖွဲ့ အကြံပေးအဖွဲ့ဝင် စောဒန်နီယယ်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းက အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားကို ပြည်နယ်ခန်းမ၌ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့ဝင်များရောက်ရှိနေရာယူပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်း အမှတ်သဝဏ်လွှာကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲနှင့် (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာဝန်ကြီးဌာနမှပေးအပ်သည့် 50 KW ဆိုလာအစုံ ၁၀၀ နှင့် ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ငွေကျပ် ၁၅၁ သိန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြန်ကြားရေးဝန်ကြီးဌာနမှပေးအပ်သည့် DTH စလောင်းအစုံ ၅၀ နှင့် Set Top Box အစုံ ၁၀၀ တို့ကိုလည်းကောင်းပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ကျင်းပသည့် ကယားရိုးရာစပါး ထောင်း၊ ကယား၊ ကယန်းရိုးရာ နပန်းအပါအဝင် ရိုးရာအားကစားပွဲများနှင့် မူကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများတွင် ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များ ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိကြသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယမန်နေ့ကလည်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နှင့် ဒေါတမရပ်ကွက်ရှိ ဘူတာလမ်းကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဘူတာလမ်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲမုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ လမ်းသစ်ကိုဖြတ်သန်းကြည့်ရှုကာ တက်ရောက်လာသော တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ယင်းနောက် လွိုင်ကော်မြို့ တည်ဆောက်ဆဲသီရိမင်္ဂလာ ဈေးသစ်လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ဈေးသစ်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ လွိုင်ကော်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးပဒေသာပင် ရန်ပုံငွေကျပ် ၅၅ သိန်း၊ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများက လက်ခံရယူကြသည်။

ထို့နောက် ဖျားနာဆောင်နှင့်သားဖွားမီးယပ်ဆောင်တွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအားကြည့်ရှုအားပေးကာ လူနာများအတွက် အာဟာရဖြည့်စွက်စာ နှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ကျောက်ကပ်တု သန့်စင်ဌာန၊ ရောဂါရှာဖွေရေးဌာန၊ ကွန်ပျူတာဓာတ်မှန်ဌာနနှင့် ဆေးသိုလှောင်ရုံများသို့ လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ပရိယတ္တိ စာသင်တိုက်၌ကျင်းပသည့် ဆန်၊ ဆီ၊ ပဲ၊ ဆား စသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသောသာသနိကအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းငွေ ကျပ် သန်း ၂၃၉ ဒသမ ၀၆၀ နှင့် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် လှူဒါန်းငွေကျပ် သိန်း ၁၅၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ဦးရွှေကြိမ်းတို့ကပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ရွှေတောင်ပရိယတ္တိ စာသင်တိုက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရေကြီးမြင့်တက်ခဲ့မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ ကယားပြည်နယ်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ဗဟိုပြခန်း၊ MSME ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုပြခန်းများနှင့် ကယားရိုးရာအစားအစာနှင့် အဝတ်အထည်အရောင်းဆိုင်ပြခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Source: Myanmar Digital News

ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပန်းပွဲတော်ကို ရက်တိုး ဖွင့်လှစ်

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်ကို ရက်တိုးဖွင့်လှစ်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ပန်းပွဲတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်၊နံနက် (၈) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပရန်သတ်မှတ်ခဲ့ရာမှ လာမည့် ဇန်နဝါရီလ ၁၉ ရက်အထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။

အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်တွင် ဆန်းသစ်သည့် မြေယာရှုခင်းပုံစံများ၊ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်မျိုးစုံ၊ ဒေသပန်းမျိုးများ ပြသသည့် ဇုန်တစ်ဇုန်အပါအဝင် ဇုန်ရှစ်ဇုန်ပါဝင်၍ ရာသီပန်းမျိုးစိတ် ၂၅ မျိုးခန့်၊ ဒေသပန်းမျိုးစိတ်မျိုး ၂၀ ခန့် စုစုပေါင်း ပန်းပင်နှစ်သိန်းကျော် စိုက်ပျိုးပြသထားကြောင်း သိရ သည်။

ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ ဈေးရောင်းပွဲတော်၊ ဒေသထွက်ကုန်ပြခန်းများနှင့်ဆိုင်ခန်းများဖြင့် ရောင်းချ ပေးသည့်အစီအစဉ်များ၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းနှင့် အထင်ကရနေရာများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်အပန်းဖြေအနားယူသူများဖြင့် အထူး စည်ကားလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

ကိုးကား-NP News

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး       (နေပြည်တော်)

        (၁) ၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇- ၃၄၀၄၉၂၂၊ 

             ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ 

             ၀၆၇-၃၄၀၄၉၅၅

          (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

              ၀၉- ၂၅၅၀၀၂၅၀၁

(ခ)    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့    (နေပြည်တော်ကောင်စီ)

          (၁)     ၀၆၇-၄၅၅၀၄၈၈၊ ၀၆၇-၄၅၅၀၄၉၉

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၀၂

(ဂ)     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (စစ်ကိုင်းတိုင်း ဒေသကြီး)

          (၁)     ၀၇၁- ၂၀၃၂၀၉၁၊ ၀၇၁- ၂၀၃၂၀၉၂

          (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၀၇

(ဃ)    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (တနင်္သာရီတိုင်းဒေသကြီး)

          (၁)     ၀၅၉- ၂၀၂၄၀၃၇၊ ၀၅၉- ၂၀၂၄၀၃၈

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၀၈

(င)     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့  (ပဲခူးတိုင်းဒေသကြီး)

          (၁)     ၀၅၂- ၂၂၀၁၉၃၉၊ ၀၅၂- ၂၂၀၁၉၄၉

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၀၉

(စ)     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (မကွေးတိုင်းဒေသကြီး)

          (၁)     ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃- ၂ဝ၂၈၈၇၉

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၁၀

(ဆ)    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (မန္တလေးတိုင်းဒေသကြီး)

          (၁)     ၀၂- ၄၀၂၁၂၄၅၊ ၀၂- ၄၀၂၁၂၄၆

          (၂)      မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု(SMS)

                   ၀၉- ၂၅၅၀၀၂၅၁၁

(ဇ)     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (မွန်ပြည်နယ်)

          (၁)     ၀၅၇ - ၂၀၂၇၉၃၅၊ ၀၅၇- ၂၀၂၇၉၃၆

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၁၂

(ဈ)     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (ရခိုင်ပြည်နယ်)

          (၁)     ၀၉- ၂၅၅၀၀၂၅၁၇၊ ၀၉- ၂၅၅၀၀၂၅၁၈

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၁၃

(ည)    ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (ရန်ကုန်တိုင်းဒေသကြီး)

          (၁)     ၀၁- ၈၃၀၀၀၁၆၊ ၀၁- ၈၃၀၀၀၁၇

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၁၄

(ဋ)     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (ရှမ်းပြည်နယ်)

          (၁)     ၀၈၁- ၂၁၂၄၅၄၀၊ ၀၈၁- ၂၁၂၄၉၉၅

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၁၅

(ဌ)     ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့   (ဧရာဝတီတိုင်းဒေသကြီး)

          (၁)     ၀၄၂- ၂၀၂၅၉၉၃၊ ၀၄၂- ၂၀၂၅၉၉၄

          (၂)      မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) 

                   ၀၉- ၂၅၅၀၀၂၅၁၆

စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းမဟုတ်ဘဲ အနှောင့် အယှက်ပေးဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ် များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကဒ်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့

PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား ပြည်သူလူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အရပ်သားပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူတိုက်နယ်ဆေးရုံသို့ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ညောင်ဦးမြို့နယ်၊ ကြအိုကျွန်းကျေးရွာနေ ဦးဝင်းတင့်(၈၂)နှစ်သည် သား မောင်မျိုးဇော်ဟိန်းနှင့်အတူ တစ်ရွာတည်းနေ ကိုအောင်လွင် မောင်းနှင်သော MDY 1F/XXXX ALPHARD အမျိုးအစား ပရဟိတမော်တော်ယာဉ်ဖြင့် ကြအိုကျွန်းကျေးရွာမှ စဉ့်ကူကျေးရွာသို့ သွားရောက်စဉ် ဥယျာဉ်ကျေးရွာအနီးအရောက် PDF အမည်ခံ အကြမ်း ဖက်သမား ၁၀ ဦး(စိစစ်ဆဲ)က သေနတ်များဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဝင်းတင့်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ပြီး မောင်မျိုးဇော်ဟိန်းနှင့် ကိုအောင်လွင်တို့တွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။
 ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးအား “ငါနှင့် မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ် , MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ် , MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်

နေပြည်တော် ဇန်နဝါရီ ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးခင်မောင်ရီ၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြင်ဦးလွင်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဒေသဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးတင်ပြ

ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ဒေသဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအချက်အလက်များ၊ ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် လုပ်ငန်းများအောင်မြင်မှုရှိစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ၏ ၂၀၂၄ ခုနှစ်အတွင်း ပြင်ဦးလွင်ဒေသသို့ရောက်ရှိစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ပြင်ဦးလွင်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရိုင်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များက လုပ်ငန်းများအလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ တွေ့ကြုံနေရသည့် လုပ်ငန်းခွင်အခက်အခဲများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ကော်ဖီလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ကျစေရေးအတွက် နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးစေလိုမှုနှင့် အခြားလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များအပေါ် ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြား

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများက လုပ်ငန်းများဆောင်ရွက်ရာ၌ လျှပ်စစ်မီးလိုအပ်ချက်အပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရာတွင် လိုအပ်ချက်များအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ လာမည့်ပြည်ထောင်စုနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းထုတ်ကုန်ပြပွဲကို နေပြည်တော်၌ ပြည်ထောင်စုအဆင့်ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရအနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးလျက်ရှိမှုနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမြေလျှောက်ထားမှုနှင့်ပတ်သက်၍ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိမှု၊ ကော်ဖီစိုက်ပျိုးခြင်းသည် အရိပ်ရအပင်များကိုပါ ထည့်သွင်းစိုက်ပျိုးရသည် ဖြစ်သဖြင့် Green Economy ကို ဖော်ဆောင်နေခြင်းပင်ဖြစ်သဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားကြရန် လိုအပ်သည့်အခြေအနေများ၊ ပြင်ဦးလွင်ခရိုင်အနေဖြင့် သစ်တောဖုံးလွှမ်းမှုရာခိုင် နှုန်းရှိသဖြင့် ၁၈ ဒသမ ၈၇ ရာခိုင်နှုန်းရှိပြီး စိမ်းလန်းစိုပြည်သည့် နဂိုရှိရင်းစွဲအရင်းအမြစ် အလှအပများ မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြင်ဦးလွင်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသ၏လူမှုရေးနှင့် စီးပွားရေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ ဆွေးနွေးမှာကြား

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တင်ပြမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာတွင် ပြင်ဦးလွင်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် လိုအပ်သည်များကို အကြံပြုတိုက်တွန်းဆွေးနွေးနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေသအလိုက်ထုတ်ကုန်များသည် အရည်အသွေးပိုင်းကောင်းမွန်သည်ဖြစ်သော်လည်း အချို့သောထုတ်ကုန်များသည် ထုပ်ပိုးမှုအပိုင်း၌ အဆင့်မီမီဖြစ်ရန် လိုအပ်နေဆဲဖြစ်ကြောင်း။

MSME လုပ်ငန်းများနှင့်ပတ်သက်၍ အဓိကအားဖြင့် မူဝါဒများချမှတ်ထားပြီး ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပစ္စည်းများ လိုအပ်ချက်မှာ အဓိကအရေးကြီးလိုအပ်ချက်ဖြစ်သဖြင့် ဒေသတွင်းကုန်ကြမ်းများ လုံလောက်စွာထွက်ရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြင်ဦးလွင်ဒေသအနေဖြင့် ဒေသမှထွက်ရှိသည့် နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဂျုံထွက်ပစ္စည်းများ၊ အသီးအနှံများမှ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း၊ ဈေးကွက်လေ့လာဆန်းစစ်ချက်အရ လူအများကြိုက်နှစ်သက်သည့်ပစ္စည်းများကို အရေအတွက်များများဖြင့် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

MSME ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကုန်ကြမ်း၊ နည်းပညာ၊ သွင်းအားစုနှင့် ရင်းနှီးစိုက်ထုတ်ငွေများလိုအပ်ပြီး ကုန်ကြမ်းများလုံလုံလောက်လောက်ရရှိနေရန်လိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အကျိုးဖြစ်ထွန်းမှုရှိရန်လိုပြီး မိမိတို့နိုင်ငံ၏ MSME ကုန်ထုတ် လုပ်ငန်းတွင် ၆၅ ရာခိုင်နှုန်းခန့်သည် စားသောက်ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများဖြစ်ကြောင်း၊ အခြားလူသုံးကုန်ပစ္စည်းထုတ်လုပ်မှု၊ စက်ပစ္စည်းထုတ်လုပ်မှုနှင့် အခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ရာခိုင်နှုန်းအားဖြင့် နည်းပါးနေဆဲဖြစ်သည်ကို တွေ့မြင်ရကြောင်း၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကအားဖြင့် ဆောင်ရွက်မည်ဆိုပါကလည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မှသာ ကုန်ကြမ်းများ လုံလောက်စွာရရှိမည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်မီးလိုအပ်ချက်များနှင့်ပတ်သက်၍လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်ဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှလည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများအနေဖြင့် စွမ်းအားပြည့်ထုတ်လုပ်နိုင်မှုမရှိခြင်း၊ အကြမ်းဖက်သမားများက လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တာဝါတိုင်များအား ဖျက်ဆီးခြင်း၊ ဓာတ်ငွေ့များလုံလောက်စွာရရှိမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ ဖြန့်ဖြူးပေးရန်အတွက် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ပြင် နိုင်ငံတော်မှရည်မှန်းချက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများမှာလည်း ကန့်ကွက်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်မှု ရပ်တန့်သွားရခြင်းများလည်းရှိကြောင်း၊ ၂၀၀၅ ခုနှစ်ကစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းစီမံကိန်းများ အောင်မြင်ခဲ့မည်ဆိုပါက ယခုအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိနေမည်ဖြစ်ကြောင်း၊ သို့သော်လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်း စီမံကိန်းများအား နည်းလမ်းအမျိုးမျိုးဖြင့် အနှောင့်အယှက်ပေးခဲ့မှုများကြောင့် စီမံကိန်းများရပ်တန့်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် လျှပ်စစ်နှင့်ပတ်သက်၍ အခက်အခဲများရှိသဖြင့် အချိန်တိုအတွင်း အောင်မြင်ပြီးမြောက်နိုင်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို အားပေးဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများ အောင်မြင်ပြီးစီးပါက လျှပ်စစ်မီးများ လုံလောက်စွာရရှိလာနိုင်မည်ဖြစ်ကြောင်း။

သွင်းအားစုတွင်ပါဝင်သည့် စက်သုံးဆီများကိုလည်း နိုင်ငံတော်အနေဖြင့် နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများစွာသုံးစွဲနေရကြောင်း၊ ပြည်တွင်းမှထုတ်လုပ်သည့် စားသောက်ကုန်များ၊ လူသုံးကုန်များနှင့် အဝတ်အထည်များကို အသုံးပြုပြီး ပြည်တွင်းဖြစ်ကို အားပေးခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်၊ နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းဖြစ်ကို အားပေး၍ နိုင်ငံ့စီးပွားရေးကို ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

စိုက်ပျိုးမြေအသုံးချမှုများ စနစ်တကျဖြစ်ရန်နှင့် အကျိုးရှိရှိအသုံးချနိုင်ရန်လို

စိုက်ပျိုးမြေများအပေါ်တွင် စိုက်ပျိုးရေးနှင့် မသက်ဆိုင်သည့်လုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန်လိုပြီး စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အချို့စိုက်ပျိုးမြေရယူထားသူများအနေဖြင့် စိုက်ပျိုးမြေများပေါ်တွင် သတ်မှတ်ချက်ထက်ကျော်လွန်သည့် အိမ်ရာများဆောက်လုပ်ခြင်းနှင့် အဆောက်အဦဆောက်လုပ်ရန်အတွက် ခြံကွက်များပြုလုပ်ထားသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးမြေများအား အခြားနည်းများဖြင့် အသုံးပြုရာတွင် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အဆင့်ဆင့်တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်ရန်လိုကြောင်း၊ မြေအသုံးချမှုများ စည်းကမ်းတကျဖြစ်စေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေး သီးနှံများအထွက်နှုန်း ကောင်းမွန်စေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် စိုက်ပျိုးရေးအခြေခံနည်းလမ်းလေးသွယ်ကို စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ပြင်ဦးလွင်မြို့သည် အအေးပိုင်းဒေသဖြစ်သဖြင့် ဂျုံသီးနှံများစိုက်ပျိုးမည်ဆိုပါက ဖြစ်ထွန်းအောင်မြင်နိုင်မည်ဖြစ်ကြောင်း။

MSME ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ နို့ထွက်ပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြင်ဦးလွင်မြို့မှထွက်ရှိသည့် နို့ထွက်ပစ္စည်းများသည် အဆင့်အတန်းတစ်ခုတွင်ရှိသည်ကို တွေ့ရှိရသဖြင့် လက်ရှိထုတ်လုပ်နေသည့် ထုတ်ကုန်များအပြင် အခြားနို့ထွက်ပစ္စည်း စားသောက်ကုန်အမယ်သစ်များကို ဆက်လက်ထုတ်လုပ်သွားမည်ဆိုပါက ယခုထက် ပိုမိုအောင်မြင်တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ စားသောက်ကုန်လုပ်ငန်းတွင်ပါဝင်သည့် ဝိုင်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင်လည်း အဆင့်မြင့်ဝိုင်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဆိုပါက ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ကော်ဖီသည်လည်း အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်တစ်ခုရရှိထားပြီးဖြစ်ကြောင်း၊ ပြင်ဦးလွင်မြို့တွင် ရှိပြီးဖြစ်သည့် အခြေခံစိုက်ပျိုးရေးထွက်ကုန်များကိုအသုံးပြု၍ စားသောက်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် ထုတ်လုပ်သွားရန်လိုကြောင်း၊ အလားတူ ပြင်ဦးလွင်မြို့တွင် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်လည်း အခြေခံကောင်းများ ရှိပြီးဖြစ်သည့်အတွက် မွေးမြူရေးလုပ်ငန်းများ အောင်မြင်တိုးတက်အောင်ဆောင်ရွက်ပြီး အေးခဲအသားထုတ်လုပ်မှုများ ထုတ်လုပ်နိုင်သည့်အထိ ဆောင်ရွက်ရန်လိုကြောင်း။

ပြင်ဦးလွင်မြို့သည် ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဟု ဂုဏ်သတင်းကျော်ကြားသည့် အပန်းဖြေမြို့တော်တစ်ခုဖြစ်ကြောင်း၊ အေးချမ်းသာယာသည့် မြို့တစ်မြို့ဖြစ်သဖြင့် ပညာသင်ကြားရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် မူဝါဒချမှတ်ထားပြီး ပညာရေးမြို့တော်၊ ကျန်းမာရေးမြို့တော်အဖြစ်လည်း ဂုဏ်သတင်းကျော်ကြားအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့သာယာလှပတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့်လည်း အပန်းဖြေလာရောက်သူများအနေဖြင့် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် သာယာလှပသည့် မြို့၏အလှအပကို ခံစားလည်ပတ်နိုင်ရေးစည်းကမ်းစနစ်တကျဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြို့တွင်နေထိုင်သူများက စနစ်တကျအမှိုက်စွန့်ပစ်ခြင်းများ ဆောင်ရွက်မည်ဆိုပါက Clean City ဖြစ်လာမည် ဖြစ်ပြီး သစ်ပင်ပန်းမန်များ စိုက်ပျိုးမည်ဆိုပါက Green City ဖြစ်လာမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်လည်း ဦးဆောင်မှုပေး၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ဒေသထွက်စားသောက်ကုန်များအား ကြည့်ရှုအားပေး

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ကော်ဖီလုပ်ငန်းရှင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ဒေသထွက်ကော်ဖီထုတ်ကုန်များနှင့် ဒေသထွက် စားသောက်ကုန်ပစ္စည်းများကို စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် တာဝန်ရှိသူများက ပြခန်းများအလိုက် လိုက်လံရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြပြီး အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ထားရှိမှုများအား ကြည့်ရှုအားပေးပြီး အပန်းဖြေလာရောက်ကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ဥယျာဉ်အတွင်းရှိ နှစ် ၁၀၀ နီးပါး သက်တမ်းရှိသော ဂင်ဂိုပင် (Ginkgo Biloba) (ကမ္ဘာဦးပင်)အား ကြည့်ရှုပြီး စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားသည်။ အဆိုပါ ဂင်ဂိုပင် (Ginkgo Biloba)သည် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့်အနောက်နိုင်ငံများတွင် ထင်ရှားကျော်ကြားသည့် အပင်မျိုးစိတ်တစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်အများအပြား၌ ဆောင်းဦးရာသီတွင် အဝါရောင်အရွက်များ ဖုံးလွှမ်းလျက်ရှိသည့် ဂင်ဂိုပင်များကိုတွေ့ရှိရနိုင်ပြီး အချို့အပင်များသည် နှစ်ပေါင်းထောင်ချီသက်တမ်းရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ချယ်ရီပင်အားစိုက်ပျိုးပေးပြီး ကန်တော်ကြီးဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုကာ ကန်တော်ကြီးအတွင်း မွေးမြူထားသည့် ငါးများနှင့် ဘဲငန်းများအား အစာကျွေးမွေးခဲ့သည်။

ယင်းနောက် ဥယျာဉ်ရှင်းလင်းဆောင်၌ ဥယျာဉ်တာဝန်ခံကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေးက အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် (၁၇)ကြိမ်မြောက် ပန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပခဲ့မှုနှင့် ဥယျာဉ်ရေရှည်တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်လျက်ရှိမှု၊ ဥယျာဉ်ခြံစည်းရိုးအသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်(၁၇) ကြိမ်မြောက် ပန်းပွဲတော်မှတ်တမ်းဓာတ်ပုံများအား စနစ်တကျထိန်းသိမ်းထားရှိ၍ ပြခန်းပြသထားရှိရန်၊ ဥယျာဉ်အတွင်း အမြဲစိမ်းလန်းစိုပြည်ရန်နှင့် သန့်ရှင်းသာယာလှပမှုရှိစေရန်၊ ကန်တော်ကြီးအတွင်း ရေဝင်ရေထွက်များရှိစေရေး အမြဲထိန်းသိမ်းဆောင်ရွက်လျက်ရှိရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဥယျာဉ်တာဝန်ခံ ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ်က အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ် လက်ဆောင်အား ဂါရဝပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးနှင့် ဒေသထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်ရေးဆိုင်ရာများအား ဆွေးနွေး ပြောကြားသည်။

Source: Myawady Web Portal

လက်နက်ကိုင်အကြမ်းဖက်သမားများက ရပ်ကွက်အတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

လက်နက်ကိုင်အကြမ်းဖက်သမားများသည် အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်သို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone အသုံးပြုကာ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း Drop Bomb များကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ ဒေါ်အေးအေးခိုင် (၅၁)နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအတွင်းသို့ အကြမ်းဖက်သမားများမှ တိုက်ပွဲများဖော်ဆောင်ခြင်းနှင့် လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

Source: www.moha.gov.mm

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)

ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ကျရောက်သည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့၏ ထူးမြတ်သည့်အခါသမယတွင် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် နိုင်ငံတစ်ဝန်းလုံးတွင်ရှိကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်စုံကြပါစေကြောင်း ချစ်ကြည်ရင်းနှီးစွာ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ရှေးနှစ်ပေါင်းများစွာကပင် စည်းလုံးညီညွတ်စွာအတူ တကွအေးအတူပူအမျှ နေထိုင်လာခဲ့သော မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံးတို့သည် တစ်မြေတည်းနေ တစ်ရေတည်းသောက် ဥမကွဲသိုက်မပျက်နေထိုင်လာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။

တိုင်းရင်းသားမျိုးနွယ်စုများအလိုက် စုစည်းနေထိုင်ရင်း ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံဟူ၍ ထည်ဝါစွာရပ်တည်နေထိုင်ခဲ့ကြပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး နောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးညီလာခံ၊ ပထမဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ (၁၀) ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ်သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယနေ့ဆိုလျှင် (၇၇) နှစ်မြောက် ခဲ့ပြီဖြစ်ပါသည်။

ကချင်ပြည်နယ်သည် တန်ဖိုးမဖြတ်နိုင်သော သဘာဝအရင်းအမြစ် များထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်သည့်အပြင် အဖိုးတန်ရတနာများ ပေါကြွယ်ဝစွာထွက်ရှိခြင်း၊ တောတောင်ရေမြေ သဘာဝကောင်းများကြောင့် သီးနှံများစိုက်ပျိုးဖြစ်ထွန်းသည့် ရေခံမြေခံကောင်းများရှိခြင်းနှင့် မြန်မာနိုင်ငံ၏ အလှပဆုံးသော ဧရာဝတီမြစ်ကြီးစတင်စီးဆင်းရာနေရာဖြစ်ခြင်းတို့ကလည်း ပြည်နယ်၏ထူးခြားသော အလှတရားကိုဖော်ပြလျက်ရှိပါသည်။ တစ်နှစ်ပတ်လုံး ဆီးနှင်းများဖုံးအုပ်လျက်ရှိသည့် ရေခဲတောင်များ၏လှပမှုနှင့် အင်းတော်ကြီးအိုင်၊ မြစ်ဆုံတို့၏ သာယာလှပမှုတို့ကလည်း ပြည်နယ်၏ထင်ရှားသောသဘာဝ အလှအပများပင်ဖြစ်ပါသည်။

ထိုကဲ့သို့သော ထူးခြားလှပသည့် သဘာဝအလှအပများနှင့်အတူ ပြည်နယ်အတွင်း ဂျိန်းဖော့၊ လာချိဒ်၊ လော်ဝေါ်၊ လီဆူ၊ ရဝမ်၊ ဇိုင်ဝါး စသည့် ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းလေစသည့် ရှမ်းမျိုးနွယ်စုများ၊ ဗမာတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားမျိုးနွယ်စုများအပါအဝင် လူဦးရေ (၁၅) သိန်းကျော် အတူတကွ ချစ်ကြည်ရင်းနှီးစွာဖြင့် နေထိုင်လျက်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။

ကချင်ပြည်နယ်နေ့နှင့်အတူ ကချင်ရိုးရာမနောပွဲတော်ကြီးသည်လည်း ခွဲခြားမရနိုင်သော အမှတ်သင်္ကေတတစ်ခုဖြစ်ပါသည်။ မနောပွဲတော်တွင် ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ ရိုးရာအကအလှများကို တည်ငြိမ်လှပကျက်သရေရှိလှသော တိုင်းရင်းသားဝတ်စုံများဖြင့် စုပေါင်းညီညာစွာကပြသည့် မနောအကသည် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ စည်းလုံးညီညွတ်မှုကိုဖော်ဆောင်ကာ ပြည်နယ်အေးချမ်းသာယာမှုကို ခိုင်မြဲအောင်တည်ဆောက်ထားနိုင်သော ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။

ကချင်ပြည်နယ်သည် သဘာဝကဖန်တီးပေးထားသည့် ရေခံ၊ မြေခံနှင့် သဘာဝအရင်းအမြစ်များကို လက်တွေ့အသုံးချ၍ ပြည်နယ်၏ စီးပွားရေးကဏ္ဍမြင့်တက်လာနိုင်စေရေး ဖော်ဆောင်နိုင်မည့် အခြေခံကောင်းများနှင့် ပြည့်စုံလျက်ရှိနေပါသည်။ ဒေသထွက် ကုန်ကြမ်းများမှတစ်ဆင့် ကုန်ချောအဆင့်သို့ရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက် လာနိုင်မည်ဖြစ်ပါသည်။

ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသောကာလဖြစ်ပါသည်။ ထို့အတူ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေးတို့အတွက် ဒို့တာဝန်အရေးသုံးပါးနှင့်အညီ ကာကွယ်စောင့်ရှောက်လျက်ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် ငြိမ်းချမ်းသာယာဝပြောသည့်အနာဂတ်ကို ရည်မှန်းလျက်ကောင်းမွန်သည့် ပစ္စုပ္ပန်ကိုတည်ဆောက်လျက်ရှိသောကြောင့် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲပြီးအောင်မြင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် အခြားသောကဏ္ဍများတွင် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည် ထိန်းသိမ်းလျက် မျှတမှန်ကန်စွာခွဲဝေအသုံးချနိုင်မည့် စီးပွားရေး မူဘောင်များချမှတ်ဆောင်ရွက်ရန်နှင့် စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို လည်း အလေးထားလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အောင်မြင်စေရန်အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်းပစ္စည်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် နည်းပညာပိုင်းဆိုင်ရာများကို ဟန်ချက်ညီညီ ပြည့်စုံစွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သော နိုင်ငံရေးရည်မှန်းချက် (၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ဖော်ဆောင်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပဓာနကျသော နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးကို နိုင်ငံသူနိုင်ငံသားများအားလုံးက အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိရာ နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ လျော့နည်းပပျောက်စေပြီး ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ သို့မှသာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်အတွက် အသက်တမျှ အရေးပါသောအချိန်ကာလဖြစ်သည့်အတွက် တိုင်းရင်းသားညီအစ်ကိုများအကြား ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားပြည်သူများအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံအကျိုးကို တက်ညီလက်ညီ ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းလိုပါသည်။

ယနေ့ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့နှင့် အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်များကြောင့် တိုင်းရင်းသားပြည်သူအားလုံးအတွက် လုံခြုံမှုနှင့်တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများစွာကြုံတွေ့နေကြရပါသည်။ ထိုကဲ့သို့သော ပြည်တွင်းပြည်ပပယောဂများကြောင့် ဆင်ခြင်တွေးတောမှုကင်းမဲ့ကာ နိုင်ငံနှင့်လူမျိုးအကျိုးကို ဖျက်ဆီးနေကြသည့်လုပ်ရပ်များကို ရပ်တန့်စေပြီး မိမိတို့တိုင်းရင်းသားမျိုးနွယ်စုအားလုံးနှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီးကို လက်တွဲညီညီ စည်းလုံးညီညွတ်စွာ တည်ဆောက်သွားကြရန် တိုက်တွန်းမှာကြား လိုပါသည်။

နိဂုံးချုပ်အနေဖြင့် ကချင်ပြည်နယ်မှ မိဘပြည်သူတိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးပြီး အမျိုးသားရေးစိတ်ဓာတ်မြင့်မားသည့် တိုင်းရင်းသားပြည်သူများက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ထာဝရငြိမ်းချမ်းရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ငြိမ်းချမ်းရေးအခြေခံအုတ်မြစ်တည်ဆောက်ရာတွင် မိမိတို့ကျရာကဏ္ဍအလိုက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းပါဝင်ကြိုးပမ်းတည်ဆောက်သွားကြရန် အလေးအနက်ထားတိုက်တွန်းရင်း (၇၇) နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ ဤဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

Source: www.moi.gov.mm

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး အားလက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်နှင့် ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဘယ်လာရုစ် သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU ၊ ဘယ်လာရုစ်နိုင်ငံ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ သံတမန်ဆက်ဆံရေးနှင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ဆေးဝါးကဏ္ဍ၊ စက်မှုကဏ္ဍများနှင့်ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးနှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးကိစ္စရပ်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာပညာတော်သင်များ စေလွှတ်နိုင်ရေးကိစ္စရပ်များ၊ ကာကွယ်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုအခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့သည်အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား , ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား , ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် ဇန်နဝါရီ ၉

ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နိုင်ငံတကာသံရုံးများမှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပညာရေးမှူးများ၊ ပါမောက္ခများ၊ ပညာရှင်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း၊ ပြည်ပစာတမ်းရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီလာခံအခမ်းအနားမုခ်ဦးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများက “မင်္ဂလာပါ” သီချင်းဖြင့် နှုတ်ခွန်းဆက် ကပြဖျော်ဖြေကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာဆီမီးတိုင်ကို စက်ခလုတ်နှိပ်၍ထွန်းညှိပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားရာတွင် နိုင်ငံတစ်ခုကိုအဓိကဖန်တီးပုံဖော်ကြသူများသည် ယင်းနိုင်ငံ၏ နိုင်ငံသားများပင်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အသိပညာအတတ်ပညာ ပြည့်စုံသည့်၊ စဉ်းစားတွေးခေါ်မှုမြင့်မားသည့် နိုင်ငံသားများပေါများရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ “ပညာ” သည် အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်” ကိုရရှိစေကြောင်း၊ နိုင်ငံသားတိုင်း “အသိဉာဏ်ပညာ” ပြည့်စုံကြမှသာ နိုင်ငံအကျိုးသယ်ပိုးထမ်းရွက်နိုင်မည့် စွမ်းအားထက်မြက်သည့် အင်အားစုကြီးတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း။

ပညာသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အသိပညာအတတ်ပညာမြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည်အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့်နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံကလည်း များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း။

ညီလာခံဦးတည်ချက်ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ညွှန်ပြခြင်း Navigating the Future: Education, Science and Technology for Brighter and More Prosperous Societies.” ဟု သတ်မှတ်ထားသည်ကိုတွေ့ရကြောင်း၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခုချိတ်ဆက်လျက်ရှိပြီး သုတေသနနှင့်တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစည်းလိုက်သည့်အခါ လူ့ဘောင်အဖွဲ့အစည်းကြီးပွားတိုးတက်ရေးကို ဖန်တီးပေးနိုင်မည့် ထိရောက်အားကောင်းသည့် စွမ်းအားတစ်ရပ်ကို ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း။

သုတေသနဟူသည့် ဝေါဟာရသည် “သုတ” နှင့် “ဧသန” တို့ကို ပေါင်းစပ်ထား ခြင်းဖြစ်ကြောင်း၊ “သုတ” ဟူသည်မှာ အကြားအမြင်ဖြစ်ပြီး “ဧသန”သည် ရှာမှီးခြင်းဖြစ်သည့်အတွက် “သုတေသန”ကို မြန်မာအဘိဓာန်တွင် “တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရန် စူးစမ်းရှာဖွေခြင်း”ဟု ဖွင့်ဆိုထားကြောင်း၊ သုတေသနက ဗဟုသုတအသစ်များ၊ တွေ့ရှိချက်အသစ်များ၊ တီထွင်ဆန်းသစ်မှုအသစ်များကို ဖော်ထုတ်ပေးနိုင်ကြောင်း၊ လက်ရှိအယူအဆများကို သက်သေစိုက်ထူခိုင်မာစေနိုင်ကြောင်း၊ လက်တွေ့ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ပြဿနာများကိုဖြေရှင်းပေးနိုင်ပြီး ပညာရပ်ဆိုင်ရာအသိအမြင်များကို ပိုမိုတိုးတက်မြင့်မားလာစေနိုင်ကြောင်း၊ ထို့ကြောင့် သုတေသနဟူသည်မှာ ဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုတို့ကို တွန်းအားပေးနိုင်စွမ်းရှိသည့် မောင်းနှင်အားတစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ကြောင်း။

သုတေသနလုပ်ငန်းများကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များဖော်ထုတ်ပြီး ဈေးကွက်သစ်များ ချဲ့ထွင်နိုင်မည်ဖြစ်သကဲ့သို့ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအတွက် ကျွမ်းကျင်မှုအရည်အသွေးများနှင့် ပြည့်စုံသည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင် မည်ဖြစ်ကြောင်း၊ယနေ့ကျင်းပသည့် နိုင်ငံတကာသုတေသနညီလာခံကြီးမှ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုတံခါးသစ်ကို ဖွင့်လှစ်ပေးသွားလိမ့်မည်ဟု ယုံကြည်ကြောင်း။

နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် ဦးတည်ချက်ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ခေတ်မီစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေး အတတ်ပညာရှင်များ လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များမွေးထုတ်နိုင်ရေးအတွက် ခရိုင်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးပညာများကို သင်ကြားပေးနေသည့် အခြေခံပညာအထက်တန်းကျောင်း (၈၅) ကျောင်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး KG+9 ပြီး မြောက်အောင်မြင်သူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထူးချွန်စွာအောင်မြင်ပါက သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်များကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံအတွက် ပညာရှင်များစွာလိုအပ်လျက်ရှိနေဆဲဖြစ်သောကြောင့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တာဝန်ရှိသူများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ကုန်ထုတ်လုပ်မှုမြင့်မားစေရေးကို အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး အားပေးရမည်ဖြစ်ကြောင်း၊ သုတေသနတွေ့ရှိချက် များမှတစ်ဆင့် ထုတ်ကုန်အသစ်ထုတ်လုပ်နိုင်မည့် နည်းပညာအသစ်များကို စက်မှုလုပ်ငန်းများသို့အရောက် နည်းပညာလွှဲပြောင်းပေးခြင်းနှင့် သုတေသနတွေ့ရှိချက်အသစ်များကို လိုအပ်သည့်အဖွဲ့အစည်းများထံ အသိပညာဗဟုသုတ မျှဝေပေးခြင်းပြုလုပ်နိုင်ပါက နိုင်ငံ့စီးပွားကို အချိန်တိုအတွင်းဖွံ့ဖြိုးတိုးတက်လာအောင် ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း။

ယနေ့ကျင်းပသည့် နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသန ညီလာခံ (၂၀၂၅)တွင် ပြည်တွင်းပြည်ပမှ ပညာရပ်ဆိုင်ရာထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် သုတေသနပညာရှင်ကြီးများက Keynote Speech များနှင့် ပညာဗဟုသုတမျှဝေပေးကြပြီး ဆရာအတတ်ပညာကဏ္ဍ၊ ဝိဇ္ဇာနှင့်သိပ္ပံပညာကဏ္ဍ၊ သမုဒ္ဒရာနှင့် ကမ္ဘာမြေ သိပ္ပံကဏ္ဍ၊ MSME နှင့် TVET ကဏ္ဍ၊ Natural Language Processing - NLP နှင့် AI Technology ကဏ္ဍစသည့် ကဏ္ဍကြီး (၅) ရပ်တွင် စာတမ်းပေါင်း (၁၀၀) ကျော် ဖတ်ကြားတင်သွင်းဆွေးနွေးသွားကြမည်ဟုသိရှိရကြောင်း၊ ထို့အပြင် သုတေသနပိုစတာ ပြပွဲများနှင့် အားဖြည့်ထားသည့်အတွက် နိုင်ငံတကာသုသေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုခြေလှမ်းအတွက် အားရဂုဏ်ယူကြောင်းကိုပြောကြားလိုကြောင်း၊ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍသည် ဆက်စပ်နေသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် သုတေသနလုပ်ငန်းများကို အထူးအားပေးသွားကြရမည်ဖြစ်ကြောင်း။

ယခု သုတေသနညီလာခံကြီးတွင် ရွေးချယ်ခံရသဖြင့် တင်သွင်းသည့် သုတေသနစာတမ်းများသည် ပညာရှင်အဆင့်စာတမ်းများဖြစ်သည်နှင့်အညီ ကမ္ဘာက အားကိုးအားထားပြုရသည့် နိုင်ငံတကာအသိအမှတ်ပြုစာတမ်းများဖြစ်ကြောင်း သိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းကိုလည်း ပြောကြားလိုကြောင်း။

ယခုညီလာခံကြီးကို တက်ရောက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက ရောက်ရှိလာကြသည့် နိုင်ငံတကာသုတေသနပညာရှင်ကြီးများနှင့် အွန်လိုင်းက တက်ရောက်ဆွေးနွေးကြသည့် ပညာရှင်ကြီးများကို နွေးထွေးစွာဂုဏ်ပြုကြိုဆိုပါကြောင်း ပြောကြားလိုကြောင်း၊ ပညာရှင်ကြီးများ၏ပါဝင်မှုသည် ညီလာခံကြီး၏ကြီးကျယ်ခမ်းနားမှုကို ထပ်လောင်းအားကောင်းစေမည်ဟုယုံကြည်ပါကြောင်း၊ ပညာရှင်ကြီးများ၏ ကျွမ်းကျင်မှုပညာနှင့် သုတေသနစာတမ်းများ ဖတ်ကြားမှု၊ အကဲဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ပေးမှုနှင့်သုတေသနညီလာခံမှတ်တမ်းစာအုပ်များ တည်းဖြတ်ပေးမှုတို့သည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ ပုံရိပ်ကောင်းတစ်ခုဖြစ်သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းကို ပြောကြားလိုကြောင်း၊ ထို့အပြင် နိုင်ငံတကာသုတေသန ညီလာခံကြီးကို အစစအရာရာ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသည့် ညီလာခံကျင်းပရေးကော်မတီ၏ လုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း။

ယခုကဲ့သို့ညီလာခံကြီးများမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အကြံကောင်းဉာဏ်ကောင်းများ မျှဝေပေးကြရန်၊ ဘာသာရပ်တူသူများ၊ စိတ်ဝင်စားရာ ပညာရပ်နယ်ပယ်တူသူများ၊ ရည်မှန်းချက်တူသူများအချင်းချင်း သုတေသနပရောဂျက် များပူးပေါင်းဆောင်ရွက်ပြီး ရလဒ်ကောင်းများရှာဖွေဖော်ထုတ်ပေးကြရန်၊ သင်ထောက်ကူပစ္စည်းများ၊ သင်ကြားနည်းစနစ်များမျှဝေပေးခြင်း၊ online သင်တန်းများ ပို့ချခြင်းတို့နှင့် သင်ကြားရေးဆိုင်ရာ ရင်းမြစ်များ တိုးတက်ရေးအတွက် ဖန်တီးပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ အထူးသဖြင့် အရာရာကိုလေ့လာစူးစမ်းပြီး ရလဒ်အပေါ်အခြေခံသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လိုကြသည့် လူငယ်လူရွယ်များအတွက် ယခုကဲ့သို့သုတေသနညီလာခံများ ကျင်းပပေးခြင်းဖြင့် လူငယ်များ၏ စူးစမ်းလေ့လာသုတေသနပြုလိုသည့် သုတေသနယဉ်ကျေးမှုကို ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းလိုကြောင်း။

ပညာရေး၊ သိပ္ပံနှင့်နည်းပညာများ၏ စွမ်းပကားများနှင့် နောင်လာနောက်သား မျိုးဆက်တို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး တိုးတက်ကောင်းမွန်သည့် လူမှုစီးပွားဘဝနှင့်အတူ ပိုမိုတောက်ပသည့်အနာဂတ်ကို လက်ဆင့်ကမ်းပေးပြီး နိုင်ငံအကျိုး၊ ဒေသအကျိုး သယ်ပိုးထမ်းရွက်နိုင်ကြပါစေကြောင်းကို ဆုတောင်းအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ်မှကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများက ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ခင်းကျင်းပြသထားသည့် ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) အထိမ်းအမှတ် ပိုစတာပြခန်း အား တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုခဲ့ကြသည်။

အဆိုပါ ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ညွှန်ပြခြင်း” ဟူသည့် ဦးတည်ချက်နှင့်အညီ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ညီလာခံတွင် နိုင်ငံတကာမှ ဝါရင့်ပညာရှင်များနှင့် ပညာရှင်မျိုးဆက်သစ်များပါဝင်ကြပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အဖွဲ့အစည်းအပေါင်း ၄၅ ခုမှပညာရှင် ၆၂ ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုနှင့် ပညာရေးအဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပပညာရှင် ၄၀ ဦး တိုးတက်ရောက်ကြမည်ဖြစ်ကာ ၄၀ ဦး Keynote Address (၆) ခုı Special Talk (၅) ခုနှင့် ပြည်တွင်း ပြည်ပသုတေသနစာတမ်း (၁၃၃) စောင် ဖတ်ကြားတင်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ညီလာခံကြီးကို ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏အနာဂတ်ပညာရေးနှင့် တိုင်းပြည်ကောင်းမွန်တိုးတက်စေရေး နိုင်ငံတော်နှင့်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ လူမှုစီးပွားဘဝမြင့်မားလာစေရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm