ထူးခြားသတင်းများ - ပြည်တွင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂ဝ၂၅)ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၃၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြသည်။

ဦးစွာ ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များအား စတင်ထမ်းဆောင်ချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြန်ဆန်လာစေရေးအတွက် ပညာရေးကဏ္ဍ မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ကျန်းမာမှပညာသင်ကြားနိုင်ပြီး လူမှုရေး၊ စီးပွားရေးစသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်ကို စတင်ထမ်းဆောင်ချိန်ကတည်းက နိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲကျင်းပရာတွင် ခိုင်လုံမှန်ကန်သော မဲစာရင်းများရရှိရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မိမိတို့အားလုံးရည်မှန်းထားသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်ကို တွေ့ရကြောင်း၊ အဓိကအားဖြင့် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ဖြင့် ကျင်းပနိုင်မည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး တည်ငြိမ်အေးချမ်းမှု လိုအပ်နေသေးသည့်အတွက် လုပ်ဆောင်ရန်လိုအပ်ချက်များကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်နိုင်ရန် တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရန် တင်ပြသည်။

ထို့နောက် ယာယီသမ္မတ(တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် ပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတစ်ဝန်းလုံးအရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၅)အား ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Source: moi.gov.mm

ကင်ဆာဆဲလ်များကို သတ်နိုင်သော Nano Bots များ တီထွင်ဖန်တီး

သိပ္ပံပညာရှင်များသည် လူ့ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းနိုင်သည့် အရွယ်အစားအလွန်သေးငယ်သော စက်ရုပ်ငယ်များကို တီထွင်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ Nano Bots ဟု ခေါ်ဆိုသော စက်ရုပ်ငယ်များကို လူ့ခန္ဓာကိုယ်ထဲသို့ထည့်သွင်းကာ ဆေးကုသရန် ဖြစ်ပါသည်။ 

ယခုအခါ ဆွီဒင်သိပ္ပံပညာရှင်များသည် ကင်ဆာဆဲလ်များကို သတ်ပေးနိုင်သည့် Nano Bots များကို အောင်မြင်စွာ တီထွင်နိုင်လိုက်ပြီဖြစ်သည်။ ပညာရှင် များက Nano Bots များတွင် လက်နက်တပ်ဆင်ထားသည်ဟု ဆိုပါသည်။ 

Nano Bots များကို ကြွက်များနှင့်စမ်းသပ်သည့်အခါတွင် ကျန်းမာသောတစ်သျှူးများကို မထိခိုက်စေဘဲ အလုံးအကျိတ်များကို ဖျက်ဆီးပေးနိုင်ပါသည်။ ရင်သားကင်ဆာရှိသည့် ကြွက်တွင် စက်ရုပ်ငယ်များသည် အကျိတ်ကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါသည်။

အဆိုပါ Nano Bots များကို ဆွီဒင်နိုင်ငံ Solna မှ Karolinska Institutet က တီထွင်ထားခြင်းဖြစ်ပြီး သုတေသနပညာရှင်အဖွဲ့အား ပါမောက္ခ Bjorn Hogberg က ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ 

လူသန်းပေါင်းများစွာကို အသက်သေဆုံးစေသည့် ကင်ဆာရောဂါကို မကြာခင်တွင် Nano Bots များက ကုသပေးနိုင်တော့မည်ဖြစ်ပါသည်။

ကိုးကား-Tech Explorers

Photo: Futures Platform

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂ဝ၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂ဝ၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂ဝ၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂ဝ၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့် , နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ (၂ဝ၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဇန်နဝါရီ ၂၅

(၂၀၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်ကြီးများ၊ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် (၂၀၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးမင်းနောင်နှင့် ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီးများ၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးအဖွဲ့နာယက၊ လူမျိုးပေါင်းစုံညီညွတ်ရေးအဖွဲ့အကျိုးဆောင်များ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ၊ ယူနန်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ၊ ဟုတ်ကြန့် (ဖူကင်) တရုတ်အမျိုးသားအသင်းဥက္ကဋ္ဌ၊ တရုတ်အသင်းအဖွဲ့များမှဥက္ကဋ္ဌများက (၂၀၂၅) ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးတို့အား ခြင်္သေ့ရှစ်ကောင်က မင်္ဂလာဂါရဝပြုကြိုဆိုကြပြီး တရုတ်ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ်ပုဝါများဖြင့် ဂါရဝပြုသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့က နှစ်သစ်ကူးပွဲတော် အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပရာ ရှောင်လင်ဘုန်းကြီးတစ်ပါးက နှစ်သစ်ကူးဆုတောင်းစကားနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးခိုင်မြဲစေကြောင်း ဆုတောင်းစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ရှောင်လင်ကွန်ဖူးသရုပ်ပြသခြင်းများကို ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့ ရှောင်လင်ဘုန်းကြီးများထံ ဗုဒ္ဓရုပ်ပွားတော်များနှင့် သစ်သီးခြင်းအား ဆက်ကပ်လှူဒါန်းပြီး ရှောင်လင်ဘုန်းကြီးများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် တရုတ်အသင်းအဖွဲ့များ၊ ရှောင်လင်ဘုန်းကြီးများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ဖျော်ဖြေရေးအဖွဲ့များက တစ်ဖွဲ့ချင်းစီအလိုက်ဂါရဝပြုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများသည် China Town တရုတ်ရိုးရာယဉ်ကျေးမှု ပြခန်းများနှင့် တရုတ်ရိုးရာအစားအစာပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

၎င်းနောက် မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဦးစွာတရုတ်ရိုးရာခြင်္သေ့အရုပ်အား ဆေးခြယ်အသက်သွင်းခြင်း မင်္ဂလာအခမ်းအနားကိုပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီးတို့က တရုတ်ရိုးရာခြင်္သေ့အရုပ်အား တရုတ်ထုံးတမ်းစဉ်လာများနှင့်အညီ ဂုဏ်ပြုဆေးခြယ်သပေးသည်။ ယင်းနောက် တရုတ်ရိုးရာခြင်္သေ့အကအဖွဲ့က ဂါရဝပြုကပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကား ပြောကြားရာတွင် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုသည်လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းမှ ယနေ့တိုင်အောင်တည်ရှိနေပြီး ကမ္ဘာ့သမိုင်းမှာ အရှည်ကြာဆုံးသော ယဉ်ကျေးမှုသမိုင်းမှတ်တမ်းကို ထိန်းသိမ်းထားနိုင်သည်ကို လေ့လာသိရှိရကြောင်း၊ တရုတ်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအရ နွေဦးပွဲတော်ဟုခေါ်ဆိုသည့် နှစ်သစ်ကူးပွဲတော်ကိုလည်း လွန်ခဲ့သည့်နှစ်ပေါင်း ၃၅၀၀ ကျော်ကတည်းက ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပျောက်ကွယ်မသွားအောင် လက်ဆင့်ကမ်းထိန်းသိမ်း ကျင်းပခဲ့ကြသည်ကို ဂုဏ်ယူဖွယ်လေ့လာတွေ့ရှိရကြောင်း၊ တရုတ်ရိုးရာအရ ယခု ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံက တရုတ်ရိုးရာ ရာသီခွင် ၁၂ ပါးထဲမှ မြွေနှစ်ဖြစ်သည်ကို သိရှိရကြောင်း၊ မြွေနှစ်သည် ဉာဏ်ပညာ၊ မဟာဗျူဟာပြောင်းလဲခြင်း၊ အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းခြင်း၊ တိုးတက်ကြီးပွားခြင်း၊ ထိုးထွင်းသိမြင်ခြင်းအဓိပ္ပာယ်ဟုယူဆ ကြသည်ကိုသိရှိရကြောင်း၊ တရုတ်ပြည်သူတို့၏ မျှော်လင့်ချက်များ ပြည့်ဝအောင် တိုးတက်ပြောင်းလဲခြင်းများ ပိုမိုဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း။

တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ပထဝီမြေအနေအထားအရ မိုင်ပေါင်း ၁၃၀၀ ကျော် ထိစပ်နေခြင်းကြောင့် လူမျိုးအရ၊ ယဉ်ကျေးမှုအရ များစွာနီးစပ်မှုရှိကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကိုကြည့်ပါကလည်း မှတ်တမ်းများအရ ခရစ်နှစ် ၉၀၁ ခုနှစ်က စတင်ခဲ့ခြင်းကြောင့် နှစ်ပေါင်းတစ်ထောင်ကျော် ရှိခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့ နှစ်ပေါင်းထောင်ချီခဲ့သည့် ဆက်ဆံရေးနှင့် ရှည်လျားသည့်နယ်နိမိတ် ထိစပ်နေခြင်းကြောင့်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြားတွင် ခိုင်မာသည့်ဆက်ဆံရေးများ ထူထောင်နိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေး စသည့်ဆက်ဆံရေးမျိုးကို ထူထောင်နိုင်ခဲ့ကြကြောင်း၊ မိမိအနေဖြင့် ရှေ့ဆက်ပြီးတော့လည်း တရုတ်- မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်ရေးကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမည် ဖြစ်သည်ကို ပြောလိုကြောင်း။

တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံတစ်ခုတည်း ဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်းဖွံ့ဖြိုး တိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေသည်ကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည် ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အလေးထားလျက်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေသည့်စီမံကိန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်မည့် အခင်းအကျင်းကိုဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း။

တရုတ်-မြန်မာ နှစ်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်းတွင် အပြန်အလှန်ချစ်ကြည်ရေးခရီးများ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသည့် ဆက်ဆံရေးခိုင်မာနေမှုကို ပြသနိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ပြီး မဟာမဲခေါင် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်အပြင် အခမ်းအနားကို တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့် ဆွေးနွေးစဉ်တွင်လည်း တရုတ်နိုင်ငံဝန်ကြီးချုပ်က တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အတည်ပြုဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်ပြီး အပြည့်အဝထောက်ခံကူညီ အားပေးမည့်အချက်များ၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ်ထောက်ခံပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံရေးအရ၊ ယုံကြည်မှုအရ ပိုမိုတိုးတက်စေရေး ဆောင်ရွက်သွားမည့်အချက်များ စသည်များကို ထပ်လောင်းအတည်ပြု ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များအပေါ် တရုတ်နိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်များ၏ အတည်ပြုဆွေးနွေးချက်များနှင့် ကူညီထောက်ပံ့မှုများသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေအဖြစ် တည်ရှိနေမှုကို ဖော်ပြနေခြင်းလည်းဖြစ်ကြောင်း၊ အဆိုပါရပ်တည်ချက်အတွက်လည်း မြန်မာနိုင်ငံက တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။

မိမိအနေဖြင့် ကူမင်းမြို့တွင် တရုတ်ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကို ပြောပြခွင့်ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၏ တက်ကြွသည့်အမြင်နှင့် ထက်သန်သည့်ပူးပေါင်း ဆောင်ရွက်လိုမှုများကိုမြင်ခဲ့ရပြီး မိမိတို့နိုင်ငံတွင် တရုတ်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ထို့ပြင် ကူမင်း၊ ချုံချင့်၊ ရှန်းကျန့်မြို့များတွင်ရှိသည့် အထင်ကရနေရာများ၊ တက္ကသိုလ်များ၊ စက်ရုံအလုပ်ရုံများကို သွားရောက်လေ့လာခဲ့ပြီး တရုတ်လူမျိုးတို့၏ ကြိုးစားအားထုတ်မှု အသီးအပွင့်များကို မြင်တွေ့ခဲ့ရကြောင်း။

မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကို စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အောင်မြင်သည့်အရွေ့များ ဖြစ်ပေါ်လာမှုသည်မိမိတို့၏ ခိုင်မာသည့်အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အားပေးကူညီမှုများကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအပေါ် အခိုင်အမာထောက်ခံပြီး တည်ငြိမ် အေးချမ်းရေးကို အလေးထားကူညီဆောင်ရွက်ပေးနေမှုများအတွက်လည်း တရုတ်နိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံသူ၊ နိုင်ငံသားများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ထပ်လောင်းပြောကြားလိုကြောင်း၊ ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးရန် ပန်ကြားလိုကြောင်း။

တရုတ်-မြန်မာ နှစ်နိုင်ငံ၏ တရားဝင်သံတမန်ဆက်ဆံရေးကို ၁၉၅၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့တွင် စတင်ထူထောင်နိုင်ခဲ့ခြင်းကြောင့် လာမည့်ဇွန်လ ၈ ရက်နေ့ဆိုပါက နှစ်နိုင်ငံသံတမန်ဆက်ဆံရေးသည် နှစ်ပေါင်း ၇၅ နှစ်တိုင်တိုင် စိန်ရတုကာလကို ရောက်ရှိပြီဖြစ်ကြောင်း၊ မိမိတို့ တရုတ်-မြန်မာနှစ်နိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက ရှိလာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ပြီးနောက်ပိုင်း နှစ်နိုင်ငံကြုံတွေ့လာသည့် အရေးကိစ္စများတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖေးမကူညီခဲ့ကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ စတင်ထူထောင်ခြင်းအပေါ် အာရှတိုက်တွင် ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်သကဲ့သို့ အဆိုပါအချိန်ကတည်းက ရပ်တည်ခဲ့သည့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုလည်း ဒီနေ့အချိန်အထိ ခိုင်ခိုင်မာမာ ရပ်တည်နေသည့်နိုင်ငံဖြစ်ကြောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံကိုတရုတ်နိုင်ငံဝန်ကြီးချုပ် ချူအင်လိုင်း လာရောက်ချိန်က ပူးတွဲကြေညာနိုင်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကလည်း နှစ်နိုင်ငံဆက်ဆံရေးသမိုင်းအတွက် မှတ်တိုင်တစ်ခုဖြစ်သကဲ့သို့ ယနေ့တိုင် လက်ကိုင်ထား ကျင့်သုံးနေကြခြင်းကြောင့် နှစ်နိုင်ငံဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး၏ ပြယုဂ်အမှန်ကို ဖော်ထုတ်ပြသနေကြဆဲဖြစ်ကြောင်း။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ယခုကဲ့သို့ရှည်လျားလှသည့် သမိုင်းကြောင်းများနှင့် နှစ်နိုင်ငံဆက်ဆံရေးတည်ရှိမှု၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန် ယခု ၂၀၂၅ ခုနှစ်မှစပြီး တရုတ်နှစ်သစ်ကူးနေ့ကို နိုင်ငံတော်၏ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထိုသို့သတ်မှတ်ပေးမှုသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ရပ်တည်ချက် သဘောထားအပေါ် အလေးထားအသိအမှတ်ပြုမှုကို ဖော်ပြခြင်းဖြစ်သကဲ့သို့ တရုတ်နိုင်ငံ၏ ရေရှည်ကိုမျှော်တွေးပြီး နိုင်ငံပေါင်းစုံပါဝင်သည့် စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အလေးအနက် ထောက်ခံခြင်းလည်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့နှစ်နိုင်ငံ၏ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို မလိုလားကြသည့် ပြည်တွင်းပြည်ပက အဖွဲ့များအနေဖြင့်လည်း နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏တာဝန်ရှိသူများနှင့် နိုင်ငံသူနိုင်ငံသားများအားလုံးက အထူးဂရုစိုက်ဖို့လိုကြောင်း၊ မိမိတို့ တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ရေကိုသားလို့ အကြားမထင်သလို ဘယ်လိုနည်းလမ်းနှင့် လုပ်ရပ်မျိုးကမှ ပျက်ပြားအောင်လုပ်၍မရဘူးဆိုသည်ကို သက်သေပြနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ မြန်မာပြည်သူများ၊ မြန်မာနိုင်ငံအတွင်းမှာရှိကြသည့် တရုတ်-မြန်မာအသင်းအဖွဲ့များ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများ၊ မြန်မာနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံ သားများအနေဖြင့် နိုင်ငံချစ်စိတ်များ၊ အေးအတူပူအမျှ အတူတူနေထိုင်သွားကြမည် ဆိုတဲ့စိတ်များနှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်ကြပြီး တရုတ်-မြန်မာနှစ်နိုင်ငံကို ခိုင်မာသည့် ထာဝရအိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အားလုံးက ကြိုးပမ်းသွားကြပါဟု တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် ၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်လက်ဆောင်များကို အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက နှစ်သစ်ဆုတောင်းစကားပြောကြားရာတွင် တရုတ်နှစ်သစ်ကူးပွဲတော်သည် တရုတ်လူမျိုးတို့၏ အရေးအကြီးဆုံးပွဲတော်ဖြစ်ပြီး မြွေနှစ်ကိုပျော်ရွှင်စွာကြိုဆိုရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ သမိုင်းတစ်လျှောက် ခေတ်အဆက်ဆက်တွင် တရုတ် လူမျိုးများသည် တောတောင်ရေမြေများကိုကျော်ဖြတ်ပြီး သာယာလှပသည့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြကာ စီးပွားရေးအသက်မွေးဝမ်းကြောင်းများ လုပ်ကိုင်၍ အေးချမ်းစွာ အခြေချနေထိုင်ခဲ့ကြပါကြောင်း၊ ၎င်းတို့သည် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသည့် မြန်မာပြည်ဟူသည့်မိသားစုကြီးနှင့် တက်ကြွစွာပေါင်းစပ်နေထိုင်ကြပြီး မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ တရုတ်-မြန်မာချစ်ကြည်ရေးအတွက် အရေးပါသည့် ပါဝင်ဆောင်ရွက်သူ၊ ပေးဆပ်သူများဖြစ်ကြပါကြောင်း၊ ယခုနှစ်များအတွင်း နှစ်နိုင်ငံယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် ဘာသားရေးစသည့် နယ်ပယ်အသီးသီးတွင် အပြန်အလှန်ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးတက်မှုကို ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းလျက်ရှိပါကြောင်း၊ ယခုနှစ်သည် တရုတ်နှင့် မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့် ၇၅ နှစ်မြောက်နှစ်ပတ်လည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဂရုစိုက်မှုနှင့်အတူ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ပိုမိုအကျိုးရှိသောရလာဒ်များကို ဖြစ်ထွန်းစေပြီး အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းအတွက် တိုးတက်မှုအသစ်များရရှိပြီး နှစ်နိုင်ငံပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဟုယုံကြည်ပါကြောင်း၊ နှစ်သစ်တွင် မိမိတို့ အတူလက်တွဲပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် ဆက်လက်ပါဝင်ကြပြီး တရုတ်-မြန်မာနှစ်နိုင်ငံ၏ လှပသည့် အနာဂတ်ကို အတူတည်ဆောက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်သာယာဝပြောပြီး ငြိမ်းချမ်းပါစေရန်ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ဆုမွန်ကောင်းစကားပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ်ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြသည်။ ညစာသုံးဆောင်နေစဉ်အတွင်း တရုတ်နိုင်ငံမှ အထူးလာရောက်ဖျော်ဖြေသည့် တယ်ဟုန်စာပေနှင့် အနုပညာယဉ်ကျေးမှုအဖွဲ့က ဖျော်ဖြေတင်ဆက်ခြင်း၊ ရှောင်လင်ကိုယ်တော်များက သိုင်းသရုပ်ပြခြင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များက အဆိုအကများ၊ တေးသရုပ်ဖော်များ၊ တရုတ်-မြန်မာချစ်ကြည်ရေး တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တရုတ်ယဉ်ကျေးမှုအဖွဲ့များက တရုတ်ရိုးရာတေးသီချင်းများ၊ တူရိယာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေခြင်းများ၊ ပြင်ပအနုပညာရှင်များက တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းများဆောင်ရွက်ကြပြီး သီဆိုဖျော်ဖြေရာတွင် UNESCO မှ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင်ပထမဆုံးထည့်သွင်းခဲ့သည့်အတွက် ကြိုဆိုဂုဏ်ပြုစကားပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ်အနေဖြင့် မြဝတီတေးဂီတအဖွဲ့က “ခေတ်လေးခေတ်” သင်္ကြန်သီချင်းဖြင့် ဖျော်ဖြေခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံသံအမတ်ကြီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တရုတ်နိုင်ငံမှလာရောက်သည့် တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များကို အမှတ်တရလက်ဆောင်ပန်းခြင်းများ ပေးအပ်ကြသည်။

ယင်းနောက် မြန်မာအနုပညာရှင်များနှင့် ကြွရောက်လာကြသည့် ဧည့်သည်တော်များသည် တရုတ်-မြန်မာချစ်ကြည်ရေး Theme Song ဖြစ်သည့် “ပန်းတိုင်းပွင့်ပါစေ” သီချင်းကို စုပေါင်းသီဆိုခဲ့ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဇန်နဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (United Nations Office for the Coordination of Humanitarian Affairs- UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲဖြစ်သူ Mr.Sajjad Mohammad Sajid အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် အကူအညီလိုအပ်လျက်ရှိသော ပြည်သူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဆင်ပြေချောမွေ့စွာ ပေးအပ်နိုင်ရေး၊ ထိုသို့ပေးအပ်ရာတွင် အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများ နားလည်မှုရှိစွာ အတူတကွ ပူးပေါင်းဆောင်ရွက်ရေးနှင့် ၂၀၂၅ ခုနှစ်၌ ဆက်လက်ဆောင်ရွက်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုနှင့် လုပ်ငန်းစဉ်များ တိုးချဲ့နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: မြန်မာ့အလင်းသတင်းစာ

MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲ

တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရ MNDAA ကိုးကန့်တပ်ဖွဲ့နှင့် တပ်မတော်အကြား တရားဝင်အပစ်အခတ်ရပ်စဲရေးရရှိသွားပြီဖြစ်ကြောင်း၊ နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ၇ ကြိမ် တိုင်တိုင် ပြုလုပ်ခဲ့ပါကြောင်း၊ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်၍   ဇန်နဝါရီလ ၁၈ ရက်နေ့၊ ပေကျင်း စံတော်ချိန်၊ နေ့လယ် ၁၂ နာရီမှစ၍ အပစ်အခတ်ရပ်စဲမည်ဖြစ်ကြောင်းကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားခဲ့ပါသည်။

“တရုတ်အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် တရုတ်နိုင်ငံနယ်စပ်တစ်လျှောက် စစ်ပွဲများ၊ တင်းမာမှုများကိုလျှော့ချလိုပြီး နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် နှစ်ဖက်အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားစေလိုပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ခိုင်မာအားကောင်းလာအောင် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း” သူမက ဆက်လက်ပြောကြားခဲ့ပါသည်။

MNDAA နှင့် တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေးကို ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ ၁၅ ရက်နေ့က ပထမအကြိမ် ဆွေးနွေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ထပ်မံဆွေးနွေးရန်ရှိကြောင်းကို သိရှိရပါသည်။ 

ကိုးကား -Global Times

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးမည်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ်ကျရောက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ် စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ၁၇-၁-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ထည့်သွင်းမှာကြား ခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(ခ)တွင် “သဘာဝဘေးအန္တရာယ်” ဆိုသည့် စကားရပ်အားအဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ “အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်းကျန်းမှုဖြစ်ပွားခြင်း” တို့သည် သဘာဝဘေးအန္တရာယ်တွင် ပါဝင်သောကြောင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေမှလိုအပ်သည့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများ (တိုက်ပွဲရှောင်ပြည်သူများ) ဆိုရာတွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက မြို့၊ ရွာများတွင် အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ကာ တရားမဲ့ နယ်မြေကျူးကျော်လာမှုများကြောင့် ယာယီနေရပ် စွန့်ခွာရသူများအပြင် အကြမ်းဖက်သမား၊ အကြမ်းဖက်အုပ်စုများ၏ အကြမ်းဖက်လုပ်ရပ်များ၊ အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် လုံခြုံရေး အန္တရာယ် စိုးရိမ်ရသဖြင့် ခေတ္တနေရပ် စွန့်ခွာလာရသူများလည်းပါဝင်ကြောင်း သိရသည်။

ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများကို လိုအပ်သည့် ထောက်ပံ့မှုများ စီစဉ်ဆောင်ရွက်ပေးနိုင် ရန်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်စာရင်းကောက်ယူလျက်ရှိရာ ဘုန်းကြီးကျောင်းကဲ့သို့သော ယာယီခိုလှုံရာစခန်းများတွင် ရောက်ရှိခိုလှုံနေကြရသူများအပြင် ဆွေမျိုးသားချင်းများရှိရာ ရပ်ကွက်၊ ကျေးရွာများ၊ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်ခြင်း၊ မိမိအစီအစဉ်ဖြင့် နေအိမ်ခန်းများ ငှားရမ်းနေထိုင်ခြင်း၊ အခြားနည်းဖြင့်နေထိုင်ခြင်းများရှိရာ ထိုသို့နေထိုင်သူများ အားလုံးသည်လည်း စာရင်းကောက်ယူရာတွင် အကျုံးဝင်ကြောင်းသိရသည်။ သို့ပါ၍ ယာယီ နေရပ် စွန့်ခွာနေကြရသည့် ပြည်သူများအား အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများကို လျာထားဆောင်ရွက်နိုင်ရေး အကျုံးဝင်သူအားလုံးပါဝင်အောင် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက စာရင်းကောက်ယူကြရန်နှင့် အကျုံးဝင်သူအားလုံးကလည်း စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သိရှိရသည်။

ကိုးကား-Myanmar National Post

ပညာသင်ဆုအပြည့်အဝပေးမည့် ကိုရီးယားသိပ္ပံ တက္ကသိုလ်၏ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း မြန်မာသံရုံးအသိပေး

ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ရှိ ကိုရီးယားသိပ္ပံနှင့် နည်းပညာဆိုင်ရာ အဆင့်မြင့်တက္ကသိုလ် (KAIST) လက်အောက်ရှိ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA) မှ အရည်အသွေးပြည့်မီသည့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းလခအပါအဝင် ပညာသင် ဆုအပြည့်အဝ (ပညာရေးအသုံးစရိတ်) ကို ပံ့ပိုးပေး သွားမည်ဖြစ်သဖြင့် မြန်မာနိုင်ငံသားများလည်း လျှောက်ထားနိုင်ကြောင်း ဖိတ်ကြားထားသည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါဖိတ်ကြားစာ၌ ကိုရီးယားသိပ္ပံတက္ကသိုလ် (KSA) သည် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ သင်္ချာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်တို့တွင် စွမ်းရည်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးသင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ကြောင်း ဖော်ပြထား ပြီး KSA သည် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူ များအတွက် ကျောင်းလခအပါအဝင် ပညာသင်ဆု အပြည့်အဝ (ပညာရေးအသုံးစရိတ်) အား ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း ဖော်ပြထားသည်ဟု သိရသည်။
အလားတူ တက္ကသိုလ်၏ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးအခွင့်အလမ်းများကို ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်အတွက် KSA နိုင်ငံတကာ ကျောင်းဝင်ခွင့်လမ်းညွှန်အား ကိုးကားအသုံးပြုနိုင်ရန် သံရုံး၏ထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ ကိုရီးယားစံတော်ချိန် ၁၇:၀၀ နာရီတွင် Form ပိတ်မည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် KSA ကျောင်းဝင်ခွင့်များနှင့်ပတ်သက်၍ သိရှိလိုသည့် မေးခွန်းများရှိပါက ဖုန်း + ၈၂-၅၁-၆၀၆-၂၂၇၃,၂၁၈၂၊ အီးမေးလ် admission @ksa.kaist.ac.kr တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါ ကြောင်းအသိပေးကြေညာထားသည်။
ကိုးကား-မြန်မာသံရုံး၊ဆိုးလ်မြို့

ပေးပို့သူ- ပြန်ကြားရေးဝန်ကြီးဌာန၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၁၇

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ရည်မှန်းချက်၊ နိုင်ငံရေးမျှော်မှန်း ချက်များဖြစ်ကြောင်း၊ ဦးတည်ချက်(၉)ရပ်သည် မူဝါဒများဖြစ်ပြီး အစိုးရအဖွဲ့၏ လုပ်ငန်းတာဝန် အနှစ်ချုပ်ပင်ဖြစ်ကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ပြန်လည်သုံးသပ်ကြည့်ရန်လိုကြောင်း။

နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်ကြောင်း၊ ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခြင်းသည် အမျိုးသားရေးရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ချမှတ်ဆောင်ရွက်ထားခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့မည်မျှ အကောင်အထည်ဖော်နိုင်ခဲ့သည်ကို ဝန်ကြီးဌာနအလိုက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သုံးသပ်ကြည့်စေလိုကြောင်း။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်

မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ခေတ္တဝင်ရောက်တာဝန်ယူရသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံတိုးတက်ရေးအတွက် အမြဲတမ်းစဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်လည်း နောက်တွင်မကျန်ခဲ့စေရန်အတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရခြင်းဖြစ်ကြောင်း။

နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်လို

နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များရရှိစေရေး ပညာရေးကဏ္ဍကို မြှင့်တင်ပေးနိုင်ရန်အတွက် KG +9 အထိ မသင်မနေရပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေး မွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်း (Agro Base Industry) ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေးနှင့် နည်းပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်ခဲ့ကြောင်း။

မိမိတို့အနေဖြင့် ခေတ်မီစိုက်ပျိုးမွေးမြူရေးစနစ်သို့သွားနိုင်ရန် ပထမဦးစွာ သမားရိုးကျစိုက်ပျိုး မွေးမြူရေးစနစ်များအစား စနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးသို့ သွားရန်လိုကြောင်း၊ ၎င်းအတွက် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကို ကျွမ်းကျင်မှုရှိသည့် လူသားအရင်းအမြစ်များမွေးထုတ်ပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ဒေသအလိုက်ရှိပြီးဖြစ်သည့် ထိန်းသိမ်းရန်လိုအပ်သော မြန်မာ့ယဉ်ကျေးမှုအတတ်ပညာရပ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက်လည်း လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ ဥပမာအားဖြင့် ယွန်းအတတ်ပညာကဲ့သို့ မြန်မာ့ယဉ်ကျေးမှုအတတ်ပညာများကို တတ်မြောက်သည့် ယွန်းအတတ်ပညာရှင်များလည်း စဉ်ဆက်မပြတ် မွေးထုတ်နိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက် အခြေခံလိုအပ်သည့် အသိပညာ၊ အတတ်ပညာများ သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့စရိတ်များကိုလည်း ထောက်ပံ့ပေးသွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကိုလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။

ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လို

ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေရာခိုင်နှုန်းများ လျော့နည်းနေသေးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တည်ငြိမ်အေးချမ်းမှုရှိသည့် မြို့နယ်တိုင်းတွင် ကျောင်းနေရာခိုင်နှုန်းများ မြင့်မားစေရေး ဆောင်ရွက်သွားရန်လိုကြောင်း။

မိမိတို့အစိုးရတာဝန်ယူချိန်တွင် စာသင်ကျောင်းများ၏ ဥပဓိရုပ်များကောင်းမွန်ရေးနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှုရှိစေရေး၊ ဆရာ၊ ဆရာမများအတွက် အကျိုးခံစားခွင့်များရရှိစေရေး ရရှိထားသည့်ဘွဲ့များအလိုက် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးထားကြောင်း၊ ဆရာ၊ ဆရာမများအား အသိအမှတ်ပြုရန်၊ ချီးမြှင့်ပေးရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်သွားရန်လိုကြောင်း၊ လူငယ်များနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ် အတွင်း ကျောင်းပေါင်းစုံအားကစားပွဲများ၊ အမျိုးသားအားကစားပွဲတော်နှင့် တပ်မတော်အားကစားပွဲများကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းသည် ကျန်းမာသန်စွမ်းသည့် လူငယ်လူရွယ်များဖြစ်စေရေး၊ အားကစားကိုမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုချစ်သည့်စိတ်၊ နိုင်ငံတော်ကို ကာကွယ်လိုသည့် စိတ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လှုပ်ရှားမှုများကို ဆက်လက်ဆောင်ရွက်နေကြစေလိုကြောင်း။

လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ

ရှေ့လုပ်ငန်းစဉ်များအနက် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေအနေဖြင့် ကျဆင်းလျက်ရှိပြီး ၅၁ သန်းကျော်ခန့်သာရှိသည်ကို တွေ့ရှိရကြောင်း၊ မွေးဖွားနှုန်းကျဆင်းခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ လူဦးရေကျဆင်းမှုကြောင့် ပြည်တွင်းလုပ်သားများရှားပါးလာကြောင်း၊ အလားတူရွေးကောက်ပွဲကျင်းပရာ၌လည်း အတိုင်းအတာတစ်ခုအနေဖြင့် သက်ရောက်မှုများရှိလာနိုင်ကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမျိုးဖြစ်ရန်အတွက် ဖိဖိစီးစီးဖြင့် ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် အဆင့်နှင့်အညီ လွှတ်တော်အစည်းအဝေးလုပ်ဆောင်နိုင်စွမ်းရှိရမည်ဖြစ်ပြီး သိက္ခာရှိသည့် လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ဒေသထွက် စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်ပစ္စည်းများကို အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့်အတွက် ဈေးကွက်ပိုမိုရရှိလာပြီး လူမှုစီးပွားဘဝများသည်လည်း တိုးတက်လာမည်

မိမိအနေဖြင့် မကြာသေးမီရက်ပိုင်းအတွင်းက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာနှင့် ပြင်ဦးလွင်ဒေသတို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် အားရကျေနပ်ဖွယ်ကောင်းသည်ကိုတွေ့ခဲ့ရကြောင်း၊ ထုတ်ကုန်ပစ္စည်းများ ယခင်ထက်ပိုမိုထုတ်လုပ်လာနိုင်သည်ကိုတွေ့ရှိရပြီး ထုပ်ပိုးမှုပိုင်းနှင့် အရည်အသွေးပိုင်းများသည်လည်း ကောင်းမွန်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသတွင်းမှရရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ချောပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် ဝယ်လိုအားရှိသည့် ထုတ်ကုန်ပစ္စည်းများ ကုန်ကြမ်းမပြတ်ရရှိရေး မိမိတို့အနေဖြင့် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ဝါ၊ ဝါး၊ ရော်ဘာ၊ ကော်ဖီတို့နှင့်ပတ်သက်၍ MSME လုပ်ငန်းများတွင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေးကောင်းမွန်စေရေး ကိုယ့်အားကိုယ်ကိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်၍ အရည်အသွေးကောင်းမွန်သည့် ပို့ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပပို့ကုန်တိုးတက်တင်ပို့နိုင်ရေးအတွက် မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်ရန်နှင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ထုတ်ကုန်ဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ဈေးကွက်သုတေသနကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် မိမိတို့၏ထုတ်ကုန်များ ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက်လည်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံမှထုတ်လုပ်သည့် ဆန်နှင့်ပဲများသည် ဈေးကွက်ရရှိပြီးဖြစ်သဖြင့် ယခုထက်အရည်အသွေး ပိုမိုကောင်းမွန်သည့် ဆန်နှင့်ပဲများ တင်ပို့နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ဂုဏ်သတင်းရှိပြီးဖြစ်သည့် ပေါ်ဆန်းမွှေးဆန် ရောင်းအားမြှင့်တင်ရန်လိုကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးထုတ်ပေးခဲ့ပြီး ထပ်မံ၍လည်း MSME ထုတ်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရန် အလားအလာကောင်းသည့် နယ်ပယ်များနှင့် ဒေသများတွင် အရင်းအနှီးများလိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးခြင်းဖြင့် လုပ်ငန်းအရှိန်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနေထိုင်သည့် လူဦးရေနှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဆိုပါက အသားငါးများ ဈေးနှုန်းကြီးမြင့်မှုကို တတ်နိုင်သမျှ ထိန်းညှိပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းအနှီးထုတ်ချေးပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ယူဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှ အရင်းအနှီးဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စည်းမျဉ်းစည်းကမ်းများရှိသည်ဖြစ်သဖြင့် တစ်ဦးချင်းမဟုတ်ဘဲ စုပေါင်းသမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်၍ရနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများဆွေးနွေး၍ စုပေါင်းသမဝါယမစနစ်ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးကိုဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။

ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး အထူးအလေးထား ဆောင်ရွက်ပေးသွားရန်လို

ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံတိုင်းတွင် ဆရာဝန်ရှိရမည်ဟု မူဝါဒချမှတ်ပေးထားပြီးဖြစ်သော်လည်း အချို့သောဆေးရုံများ၌ ဆရာဝန်များမရှိကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာနယ်မြေများအလိုက် စိစစ်ဆောင်ရွက်တင်ပြသွားရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းအခက်အခဲများကို နိုင်ငံတော်မှ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်သဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးကို အထူးအလေးထား ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အသောက်အစား၊ အစားအသောက်နှင့် အသုံးအစွဲများကို လျှော့ချဆောင်ရွက်သွားမည်ဆိုပါက တစ်ဦးချင်းစီ၊ မိသားစုတစ်စုချင်းစီအတွက် အကျိုးရှိစေနိုင်သည်သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဒေသနှင့် နိုင်ငံ၏အကျိုးနှင့်ပတ်သက်ပါက ပြောသင့်ပြောထိုက်သည်များကို မဖြစ်မနေပြောဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို တွန်းတွန်းတိုက်တိုက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုပြီး ရည်မှန်းချက်များကို ခိုင်ခိုင်မာမာဖြင့် ရပ်တည်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

အသီးသီးရှင်းလင်းတင်ပြ

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက စိုက်ပျိုးရေးကဏ္ဍနှင့်စပ်လျဉ်း၍ မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်ဧကလျာထားမှုနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး တိုးချဲ့စိုက်ပျိုးဆောင်ရွက်ထားမှုအခြေအနေများ၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်ပသို့တင်ပို့နိုင်မှုအခြေအနေများ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာအဆင့် ပညာသင်ကြားသင်ယူမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှု ပိုမိုလွှမ်းခြုံနိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အသားငါးကဏ္ဍဖူလုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှုများ၊ စက်မှုဇုန်များ တိုးတက်လည်ပတ်နိုင်ရေး ဆောင်ရွက်ထားမှုများ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်းပြီးစီးနိုင်ရေး ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ကောက်ခံရရှိမှုအခြေအနေများ၊ ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြားငွေရရှိမှုအခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မြှင့်တင်ဆောင်ရွက်နေမှုနှင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်နေမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် သုံးစွဲမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကဏ္ဍအလိုက်ချေးငွေများ ထုတ်ချေးပေးနေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

နိဂုံးချုပ်အမှာစကားပြောကြား

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့်ပတ်သက်၍ အဝေးသင်ပညာရေးသည် နိုင်ငံတကာတွင်လည်း အောင်မြင်နေသည့် ပညာရေးစနစ်တစ်ခုဖြစ်ပြီး ယခင်ကလည်း အရေးပေးဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအဝေးသင်ပညာရေးစနစ်တွင် ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်ပညာတတ်မြောက်မှုရှိစေရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းတွင် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ဝါး၊ ရော်ဘာနှင့် ကော်ဖီတို့ကို အရည်အသွေးပြည့်မီသည့် ကုန်ချောများအဖြစ်ထုတ်လုပ်နိုင်ရေး ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရော်ဘာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ကုန်ကြမ်းများ အလုံအလောက်ထွက်ရှိပြီးဖြစ်သဖြင့် နည်းပညာနှင့် အရင်းအနှီးကြီးမားစွာဆောင်ရွက်ရန်မလိုသည့် စက်ဘီး၊ ဆိုင်ကယ်တို့တွင် အသုံးပြုသည့် တာယာနှင့် ကျွတ်များ အများအပြားထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း အရည်အသွေးမြင့် ရော်ဘာထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုအပ်သည့်ရေရရှိရေးတွင် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြေအောက်ရေ၊ မြစ်ရေဟူ၍ နည်းလမ်းများရှိကြောင်း၊ မြစ်ကြီးများအနီးတွင်ရှိသည့် ဒေသများအနေဖြင့် မိမိတို့လုပ်ငန်းရပ်အလိုက် မြစ်ရေတင်စီမံကိန်းများ ဆောင်ရွက်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ မြစ်ရေတင်စီမံကိန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် ဆိုလာစီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုလုပ်ငန်းများအတွက် အရင်းအနှီးလိုအပ်ချက်များကိုလည်း နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်စီစဉ်ဆောင်ရွက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ် ကျရောက်မှုတွင်ပါဝင်သည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရန်ပုံငွေမှ လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စာရင်းများကောက်ယူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေး၊ အခြေခံပြည်သူလူထု၏ သက်သာချောင်ချိရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်ကြောင်း၊ စီးပွားရေး အားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေး အဘက်ဘက်မှ အားကောင်း လမည်ဖြစ်သဖြင့် နိုင်ငံ့စီးပွားရေး အားကောင်းအောင် အားလုံးမှ ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

Source: www.moi.gov.mm

ဘင်္ဂလားဒေ့ရှ်တွင် HMPV ဗိုင်းရပ်ပိုးကြောင့် ပထမဆုံးအကြိမ်လူသေဆုံးမှုဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် HMPV ဗိုင်းရပ်ပိုးကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်အဖွဲ့က ဇန်နဝါရီလ ၁၆ ရက်တွင် ထုတ်ပြန်သည်။

သေဆုံးသူမှာ   ဆန်ဂျီဒါ အက်တာအမည်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် ဒါကာမြို့ရှိ ကူးစက်ဆေးရုံတွင် ဇန်နဝါရီလ၁၅ ရက် ဒေသစံတော်ချိန် ည ၆ နာရီတွင်သေဆုံးခြင်းဖြစ်သည်။ ၎င်းအမျိုးသမီးသည် ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းမှစ၍ ဆေးကုသမှုခံယူနေသူဖြစ်သည်။ ထို့ပြင် သေဆုံးသူအမျိုးသမီးသည် အဝလွန်ခြင်း၊ ကျောက်ကပ်နှင့် အဆုတ်ဝေဒနာများကိုပါ ခံစားနေရသူဖြစ်ကြောင်း ဆေးရုံမှ အတိုင်ပင်ခံပါရဂူတစ်ဦးဖြစ်သူ အာရီဖူ ဘာရှာကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်   ယခုရာသီအတွင်း ပထမဆုံးအကြိမ်အဖြစ် HMPV ဗိုင်းရပ်ပိုးကူးစက်မှုဖြစ်ပွားပြီး ရက်ပိုင်းအကြာတွင် လူသေဆုံးမှုဖြစ်ပွားခြင်းဖြစ်သည်။  HMPV ဗိုင်းရပ်ပိုးသည်  တုပ်ကွေးအအေးမိသကဲ့သို့  လက္ခဏာများကိုဖြစ်ပေါ်စေပြီး   အသက်ရှူလမ်းကြောင်းကိုထိခိုက်စေသည့်   ရောဂါပိုးဖြစ်ကြောင်းသိရသည်။                             

Source: Myawady Web Portal

 (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကျင်းပ

လွိုင်ကော် ဇန်နဝါရီ ၁၅

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်သည့် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်သည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဉာဏ်ထွန်းနှင့် ဒေါက်တာညွန့်ဖေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအဖွဲ့ အကြံပေးအဖွဲ့ဝင် စောဒန်နီယယ်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဦးဉာဏ်ထွန်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ကယားပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး တင်အောင်စန်းက အထိမ်းအမှတ်မုခ်ဦးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားကို ပြည်နယ်ခန်းမ၌ဆက်လက်ကျင်းပရာ သဘာပတိအဖွဲ့ဝင်များရောက်ရှိနေရာယူပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်း အမှတ်သဝဏ်လွှာကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ဆက်လက်၍ (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများ၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲနှင့် (၂၅) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူးတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နယ်စပ်ရေးရာဝန်ကြီးဌာနမှပေးအပ်သည့် 50 KW ဆိုလာအစုံ ၁၀၀ နှင့် ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် ငွေကျပ် ၁၅၁ သိန်းတန်ဖိုးရှိ အခြေခံစားသောက်ကုန်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြန်ကြားရေးဝန်ကြီးဌာနမှပေးအပ်သည့် DTH စလောင်းအစုံ ၅၀ နှင့် Set Top Box အစုံ ၁၀၀ တို့ကိုလည်းကောင်းပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လက်ခံရယူကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက်လာကြသူများ၊ ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်ကျင်းပသည့် ကယားရိုးရာစပါး ထောင်း၊ ကယား၊ ကယန်းရိုးရာ နပန်းအပါအဝင် ရိုးရာအားကစားပွဲများနှင့် မူကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲများတွင် ကလေးငယ်များ၊ ကျောင်းသားကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များ ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ဆုရရှိကြသူများအား ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ယမန်နေ့ကလည်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်နှင့် ဒေါတမရပ်ကွက်ရှိ ဘူတာလမ်းကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့တက်ရောက်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဘူတာလမ်းကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲမုခ်ဦးကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ လမ်းသစ်ကိုဖြတ်သန်းကြည့်ရှုကာ တက်ရောက်လာသော တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ယင်းနောက် လွိုင်ကော်မြို့ တည်ဆောက်ဆဲသီရိမင်္ဂလာ ဈေးသစ်လုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ဈေးသစ်တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ လွိုင်ကော်မြို့ ခုတင် ၅၀၀ ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးပဒေသာပင် ရန်ပုံငွေကျပ် ၅၅ သိန်း၊ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့်ဝန်ထမ်းများက လက်ခံရယူကြသည်။

ထို့နောက် ဖျားနာဆောင်နှင့်သားဖွားမီးယပ်ဆောင်တွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအားကြည့်ရှုအားပေးကာ လူနာများအတွက် အာဟာရဖြည့်စွက်စာ နှင့် ချီးမြှင့်ငွေများပေးအပ်ပြီး ကျောက်ကပ်တု သန့်စင်ဌာန၊ ရောဂါရှာဖွေရေးဌာန၊ ကွန်ပျူတာဓာတ်မှန်ဌာနနှင့် ဆေးသိုလှောင်ရုံများသို့ လှည့်လည်ကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ပရိယတ္တိ စာသင်တိုက်၌ကျင်းပသည့် ဆန်၊ ဆီ၊ ပဲ၊ ဆား စသောလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များက ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် လွိုင်ကော်မြို့အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသောသာသနိကအဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းငွေ ကျပ် သန်း ၂၃၉ ဒသမ ၀၆၀ နှင့် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများအတွက် လှူဒါန်းငွေကျပ် သိန်း ၁၅၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ဦးရွှေကြိမ်းတို့ကပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ရွှေတောင်ပရိယတ္တိ စာသင်တိုက်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ရေကြီးမြင့်တက်ခဲ့မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေကိုလည်းကောင်း၊ ကယားပြည်နယ်နေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသည့် ဗဟိုပြခန်း၊ MSME ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနှင့်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးပြခန်းများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုပြခန်းများနှင့် ကယားရိုးရာအစားအစာနှင့် အဝတ်အထည်အရောင်းဆိုင်ပြခန်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

Source: Myanmar Digital News