Ursula von der Leyen က ယူကရိန်း၏ EU အဖွဲ့သို့ ဝင်ရောက်ခွင့်နှင့် ပတ်သက်၍ ဇီလန်စကီးကို သတိပေး

News Image

  • Ursula von der Leyen က ယူကရိန်း၏ EU အဖွဲ့သို့ ဝင်ရောက်ခွင့်နှင့် ပတ်သက်၍ ဇီလန်စကီးကို သတိပေး

ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ယူကရိန်းရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများကို ဖိနှိပ်မှုနှင့်ပတ်သက်၍ Vladimir Zelensky ထံမှ ရှင်းလင်းချက်တောင်းခံခဲ့သည်။ ဖိနှိပ်မှုများ ကြောင့် တစ်နိုင်ငံလုံး ဆန္ဒပြမှုများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်လည် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ထိုအေဂျင်စီများသည် Kyiv ၏ EU အဖွဲ့သို့ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းမှုနှင့် အနောက်နိုင်ငံများ၏ အကူအညီ ဆက်လက်ရရှိရေးအတွက် အဓိကအခြေအနေများအဖြစ် မြင်တွေ့ခဲ့ ရသည်။

အင်္ဂါနေ့ (ဇူလိုင် ၂၂) က ယူကရိန်းပါလီမန်မှ အတည်ပြုပြီး Zelensky က နာရီပိုင်းအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ဥပဒေအရ အမျိုးသား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဗျူရို (NABU) နှင့် အထူးအဂတိ လိုက်စားမှု ဆန့်ကျင်ရေးအစိုးရရှေ့နေရုံး (SAPO) တို့ကို နိုင်ငံရေးအရ ခန့်အပ်သူ ဖြစ်သည့် အထွေထွေရှေ့နေချုပ်၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်သို့ ထားရှိခဲ့သည်။ အဆိုပါအငြင်းပွားဖွယ်ဥပဒေသည် NABU အား Zelensky ၏ ရုရှား၏ဩဇာလွှမ်းမိုးမှုခံနေရသည်ဟူသော စွပ်စွဲချက်များအရ လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

Von der Leyen သည် Zelensky နှင့် ဆက်သွယ်မှုရှိခဲ့ကြောင်း၊ ဥပဒေ အသစ်၏ အကျိုးဆက်များနှင့်ပတ်သက်၍ ပြင်းထန်သော စိုးရိမ်မှုများကို ဖော်ပြခဲ့ပြီး ရှင်းလင်းချက်များတောင်းခံခဲ့သည်ဟု သူမ၏ ပြောရေးဆိုခွင့် ရှိသူ Guillaume Mercier က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၃) တွင် သတင်းထောက် များအား ပြောကြားခဲ့သည်။

Mercier က "အဆိုပါဥပဒေသည် ယူကရိန်း၏ အဂတိလိုက်စားမှု ဆန့်ကျင်ရေးအဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်နှင့် အာဏာများကို အားနည်းစေနိုင်သည့် အန္တရာယ်ရှိသည်" ဟု ပြောကြားခဲ့သည်။ ဥရောပကော်မရှင် ဥက္ကဋ္ဌက တရားဥပဒေစိုးမိုးရေးကို လေးစားရန်နှင့် အဂတိလိုက်စားမှု ဆန့်ကျင်ရေး လုပ်ဆောင်ချက်များကို အားနည်းစေမည့် ဆောင်ရွက်မှု များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့ကြောင်း ၊ အပေးအယူလုပ်ခြင်း မရှိနိုင်ပါကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa ကလည်း Zelensky ထံ စိုးရိမ် ပူပန်မှုများဖော်ပြခဲ့ပြီး ရှင်းလင်းချက်တောင်းခံခဲ့သည်ဟု သတင်းများအရ သိရသည်။ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Johann Wadephul က X (Twitter)တွင် အဆိုပါဖြစ်စဉ်သည် "ယူကရိန်း၏ EU သို့ခရီးကို ဟန့်တားနေသည်" ဟု ရေးသားခဲ့သည်။ ဥရောပသမဂ္ဂစီးပွားရေးကော်မရှင်နာ Valdis Dombrovskis က Financial Times သို့ Kyiv အား ငွေကြေးအကူအညီများသည် "ပွင့်လင်းမြင်သာမှု၊ တရားရေးပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရက်တစ် အစိုးရများ" အပေါ် မူတည်နေကြောင်း ပြောကြားခဲ့သည်။

Transparency International ၏ ၂၀၂၄ ခုနှစ် အဂတိလိုက်စားမှု အညွှန်းကိန်း (Corruption Perceptions Index) တွင် ယူကရိန်းနိုင်ငံ သည် နိုင်ငံပေါင်း ၁၈၀ အနက် ၁၀၅ နေရာ၌ ရပ်တည်နေသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂