ခရီးသည်တင် လေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သွားခဲ့သော ရုရှားနိုင်ငံ Amur ဒေသနှင့် Khabarovsk နယ်စပ်ဒေသတို့မှ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်မည်ဟု ကြေညာ

News Image

  • ခရီးသည်တင် လေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သွားခဲ့သော ရုရှားနိုင်ငံ Amur ဒေသနှင့် Khabarovsk နယ်စပ်ဒေသတို့မှ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်မည်ဟု ကြေညာ

An-24 ခရီးသည်တင်လေယာဉ် ပျက်ကျမှုအတွင်း ပါဝင်ခဲ့သည့် ရုရှား နိုင်ငံ Amur ဒေသနှင့် Khabarovsk နယ်စပ်ဒေသတို့မှ သေဆုံးသူများ အတွက် ဇူလိုင် ၂၅ ရက် မှစ၍ ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်မည်ဟု ဇူလိုင် ၂၄ ရက်က ကြေညာခဲ့သည်။ 

Amur ဒေသ အုပ်ချုပ်ရေးမှူး Vasily Orlov က ဇူလိုင် ၂၄ ရက်တွင် လူမှုကွန်ယက်မီဒီယာ၌ ၎င်းတို့ဒေသတစ်ခုလုံးသည် သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ Amur ဒေသရှိ နေရာအားလုံးတွင် နိုင်ငံတော် အလံအား တိုင်ဝက်လွှင့်ထူမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ် အားလုံး ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Khabarovsk နယ်စပ်ဒေသ အုပ်ချုပ်ရေးမှူး Dmitry Demeshin ကလည်း ဇူလိုင် ၂၄ ရက်တွင် လူမှုကွန်ယက်မီဒီယာ၌ သေဆုံးသူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက်ကြာ လုပ်ဆောင်သွားမည်ဟု ကြေညာ ခဲ့သည်။ Khabarovsk နယ်စပ်ဒေသသည် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက် အထိ နိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူသွားမည်ဟု ၎င်းက ဆိုသည်။

ရုရှား သမ္မတ ပူတင်က ဇူလိုင် ၂၄ ရက်တွင် Arkhangelsk ပြည်နယ်၌ စစ်ရေးဆိုင်ရာအစည်းအဝေး မကျင်းပမီ လေယာဉ်ပျက်မှုကြောင့် သေဆုံးသူ မိသားစုဝင်များအား နှစ်သိမ့်အားပေးကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်သူအားလုံး သေဆုံးသူများအတွက် တစ်မိနစ် ငြိမ်သက်ခြင်းဖြင့် ဂါရဝပြုရန် ကြေညာခဲ့သည်။

ရုရှားနိုင်ငံ Angara လေကြောင်းလိုင်းမှ ပျံသန်းပြေးဆွဲလျက်ရှိသည့် An-24 ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇူလိုင် ၂၄ ရက်တွင် ရုရှားနိုင်ငံ Amur ဒေသ Tynda မြို့အစွန်နေရာ၌ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ ခရီးသည် ၄၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၆ ဦး အားလုံး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါလေယာဉ်သည် ရုရှားနိုင်ငံ အရှေ့ဖျားဒေသ Khabarvosk မြို့မှ စတင်ပျံသန်းခဲ့ပြီး Blagoveshchensk မြို့တွင်ရပ်နားကာ Tynda မြို့သို့ ပျံသန်းခဲ့ခြင်းဖြစ်သည်။

ကိုးကား- Xinhua