အာဖရိကသမဂ္ဂက ဆူဒန်နိုင်ငံတွင် ဖွဲ့စည်းလိုက်သော အတိုက်အခံ အစိုးရအသစ်ကို ရှုတ်ချ
အာဖရိကသမဂ္ဂ (African Union) ၊ အာရပ်အဖွဲ့ချုပ် (Arab League) နှင့် ဆော်ဒီအာရေဗျတို့သည် ပဋိပက္ခဒဏ်ခံနေရသည့် ဆူဒန်နိုင်ငံတွင် အာဏာသိမ်းအထူးတပ်ဖွဲ့ (RSF) မှ စင်ပြိုင်အစိုးရ အဖွဲ့သစ်ဖွဲ့စည်းမည် ဟု ကြေညာချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။
အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကောင်စီ (PSC) က အဆိုပါစင်ပြိုင်အစိုးရဖွဲ့စည်းမှုသည် RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Mohamed Hamdan Dagalo (Hemedti) နှင့် ဆူဒန်တပ်မတော် (SAF) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah Al-Burhan တို့အကြား နှစ်နှစ်ကျော်ကြာ ဖြစ်ပွားနေသော ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေမည်ဟု ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် သတိပေးခဲ့သည်။
PSC က "ဆူဒန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစားကြောင်း ထပ်လောင်းအတည်ပြုပြီး အာဖရိကသမဂ္ဂဝင် နိုင်ငံ များနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအားလုံးကို စင်ပြိုင်အစိုးရဟုခေါ်တွင် သော အဖွဲ့အစည်းကို အသိအမှတ်မပြုရန် နှင့် ထောက်ခံခြင်းမပြုရန် တိုက်တွန်းသည်" ဟု ဖော်ပြခဲ့သည်။
RSF နှင့် မဟာမိတ်ဖွဲ့ထားသော နိုင်ငံရေးအဖွဲ့ချုပ် TASIS ၏ ခေါင်းဆောင် များက ဇူလိုင် ၂၆ ရက်နေ့တွင် "လွတ်လပ်မှု၊ တရားမျှတမှုနှင့် ညီမျှမှု အပေါ် အခြေခံသည့် စည်းလုံးညီညွတ်သော နိုင်ငံတော်" တည်ဆောက်ရန် ကတိပြုသည့် အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့က RSF တပ်မှူး Dagalo အား ၁၅ ဦးပါဝင်သော သမ္မတ ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး တောင်ကော်ဒိုဖန်ဒေသတွင် နယ်မြေ နှင့် တပ်ဖွဲ့များကို ထိန်းချုပ်ထားသည်ဟု ကြေညာထားသည့် သူပုန် ခေါင်းဆောင် Abdelaziz Adam al-Hilu အား ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဧပြီလအလယ်တွင် စစ်ပွဲမဖြစ်ပွားမီက RSF ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Dagalo သည် Sudanese Armed Forces (SAF) တပ်မှူး Gen. Abdel Fattah Al-Burhan နှင့်အတူ Transitional Sovereignty Council (TSC) အောက်တွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ်တွင် အာဏာရှင် သမ္မတဟောင်း Omar al-Bashir ကို ဖယ်ရှားခဲ့သည့် အာဏာသိမ်းမှုကို ပူးပေါင်းဦးဆောင်ခဲ့ ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂