ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းက အံ့ဩထိတ်လန့်ဖွယ်ရာ ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ပြောကြား

News Image

  • ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ရောက်ရှိလာ ပြီးနောက် ပါလက်စတိုင်းသားများက ဂျုံအိတ်များ သယ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ သုံးပုံတစ်ပုံသည် အစာရေစာ မစားသုံးရသည်မှာ ရက်ပေါင်း အနည်းငယ် ကြာပြီဖြစ်ကြောင်း၊ ကလေးငယ်များ တစ်နေ့တစ်ခြား ပိန်လှီလာရာ ဂါဇာကမ်းမြောင် ဒေသ၏ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းက အံ့ဩထိတ်လန့်ဖွယ်ရာဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ယူထားသည့် ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကူညီကယ်ဆယ်မှု ညှိနှိုင်းရေးမှူး Tom Fletcher က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသအပေါ် ထောက်ပံ့အားပေးမှုကို တိုးချဲ့သွားမည်ဟု မကြာမီရက်ပိုင်းက အစ္စရေးဘက်က ဆုံးဖြတ်ခဲ့ကြောင်း၊ ထို့အပေါ် Tom Fletcher က ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက စဉ်ဆက်မပြတ်၊ လျင်မြန်သောလှုပ်ရှားမှုနှင့် ပမာဏအများအပြား ကူညီ ပံ့ပိုးမှုများဖြင့် ဂါဇာကမ်းမြောင်ဒေသ ငတ်မွတ်ခေါင်းပါးမှုနှင့် ကပ်ဘေးအသွင် ကျန်းမာရေးအကျပ် အတည်းကို ရှောင်ရှားရန်လိုအပ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် လူသားချင်းစာနာ ထောက်ထားမှု အဖွဲ့အစည်းဌာနများက အတတ်နိုင်ဆုံး ပိုမိုများပြားသည့် လူ့အသက်များကို ကယ်ဆယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းများအရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် သေဆုံးသူ ၅၉,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ကလေးသူငယ် ၁၈,၀၀၀ နီးပါး ပါဝင်ကြောင်း Tom Fletcher က ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို မုချမသွေ လေးစားရမည် ဖြစ်ကြောင်း၊ ကူညီထောက်ပံ့ရေးပစ္စည်းများကို တားဆီးခြင်း၊ ကြန့်ကြာစေခြင်း သို့မဟုတ် တိုက်ခိုက်ခြင်းပြု၍မရကြောင်း၊ ဓားစာခံများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရမည် ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ “ကျွန်တော်တို့ နောက်ဆုံးလိုအပ်တာက ယာယီ ရပ်တန့်ရုံတင်မဟုတ်ပါဘူး၊ ထာဝရအပစ်ရပ်ဖို့ လိုအပ်တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

အစ္စရေး၏ ဆက်တိုက်စစ်ရေးလှုပ်ရှားမှုများကြောင့် ဂါဇာကမ်းမြောင်ဒေသအခြေအနေသည် အလွန် ဆိုးရွားလာသလို ဆက်လက်၍ ဆိုးရွားနေဆဲဖြစ်ကြောင်း၊ ယင်းဒေသ ငတ်မွတ်ခေါင်းပါးမှုအကျပ် အတည်း ပို၍ပြင်းထန်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က မကြာမီရက်ပိုင်းတွင် ပြောကြားခဲ့သည်။

အစ္စရေး ကာကွယ်ရေးတပ်က ဇူလိုင် ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ထိုနေ့မှစ၍ နေ့စဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ သတ်မှတ်နေရာများရှိ စစ်ရေးလှုပ်ရှားမှုများကို ယာယီရပ်တန့်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် ကုလသမဂ္ဂနှင့် လူသားချင်း စာနာမှု အကူအညီအဖွဲ့အစည်းများ၏ ယာဉ်တန်းသွားလာမှု လုံခြုံရေး သေချာစေရန်၊ ဂါဇာ ကမ်းမြောင်ဒေသ ပြည်သူလူထုထံသို့ စားစရာနှင့် ဆေးဝါးများ ပို့ဆောင်ဝေငှနိုင်ရန် ဇူလိုင် ၂၇ ရက်မှ စ၍ နေ့စဉ် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ သတ်မှတ်ထားသည့် “လုံခြုံရေးလမ်းကြောင်း” အသက်ဝင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ