အစ္စရေးက ဟားမက်အဖွဲ့အနေဖြင့် ဓားစာခံများကို လွှတ်မပေးပါက ပြင်းထန်စွာ တိုက်ခိုက်မည်ဟု သတိပေး

News Image

  • အစ္စရေးက ဟားမက်အဖွဲ့အနေဖြင့် ဓားစာခံများကို လွှတ်မပေးပါက ပြင်းထန်စွာ တိုက်ခိုက်မည်ဟု သတိပေး

ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်အဖွဲ့နှင့် ဓားစာခံများလွှတ်ပေးရန် သဘောတူညီမှုမရပါက အစ္စရေးစစ်တပ်က ပြင်းထန်စွာ တိုက်ခိုက်မည် ဟု သတိပေးလိုက်သည်။ ဩဂုတ်လ ၁ ရက်နေ့တွင် အစ္စရေး ကာကွယ်ရေး တပ် (IDF) ဗိုလ်ချုပ် အီယာလ် ဇာမီးက "လာမည့်ရက် အနည်းငယ် အတွင်း ဟားမက်နှင့် ဓားစာခံများလွှတ်ပေးရေး သဘောတူညီမှုရမရ သိရှိရမည်ဟု ခန့်မှန်းပါသည်" ဟု ပြောကြားခဲ့သည်။ ဂါဇာကမ်းမြောင်ရှိ ကွပ်ကဲရေးစင်တာတစ်ခုတွင် တပ်ခွဲမှူးများနှင့် စစ်သည်များနှင့် တွေ့ဆုံစဉ် ၎င်းက "အကယ်၍ သဘောတူညီမှုမရပါက မိမိတို့အနေဖြင့် စစ်ဆင်ရေး ရပ်စဲခြင်းမရှိဘဲ တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်" ဟု သတိပေးခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားမက်အဖွဲ့က အစ္စရေးမှ ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှ ယခုအချိန်တွင် ဂါဇာတွင် ၄၉ ဦး ကျန်ရှိနေပြီး ယင်းအနက် ၂၇ ဦးမှာ သေဆုံးခဲ့ပြီဖြစ်သည်။ ဟားမက် အဖွဲ့က ဂါဇာတွင် လွန်ခဲ့သော ၂ နှစ်နီးပါးက အကျဉ်းချထားခံရပြီးနောက် ကိုယ်အင်္ဂါကြံ့ခိုင်မှုဆုံးရှုံးကာ အာဟာရချို့တဲ့နေပုံပေါက်သည့် ဓားစာခံ များ၏ ရုပ်သံမှတ်တမ်းများကို ဩဂုတ် ၁ ရက်တွင် ဖြန့်ဝေခဲ့သည်။

"မိမိတို့စားသကဲ့သို့ ၎င်းတို့လည်း စားရပါသည်။ မိမိတို့သောက်သကဲ့သို့ ၎င်းတို့လည်း သောက်ရပါသည်" ဟု ဗီဒီယိုဖော်ပြချက်တွင် ဖော်ပြထား သည်။ IDF မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိမှုကို လစဉ်ကန့်သတ်ခံထားရပြီးနောက် ဂါဇာတွင် ကျယ်ပြန့်သော ငတ်မွတ်ခေါင်းပါးမှု အခြေအနေများကို ထင်ဟပ်စေရန် ဟားမက် အဖွဲ့ က ထိုရုပ်သံမှတ်တမ်းများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည် လများအတွင်း အမေရိကန်၊ အီဂျစ်နှင့် ကာတာနိုင်ငံတို့က ကြားဝင်ညှိနှိုင်းပေးခဲ့သော စစ်ရေးရပ်စဲရေးနှင့် ဓားစာခံလွှတ်ပေးရေး ညှိနှိုင်းဆွေးနွေးပွဲများတွင် ရလဒ်ကောင်း မရရှိခဲ့ပေ။ ဂါဇာကမ်းမြောင် ဒေသတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ တွင် ဟားမက်အဖွဲ့က အစ္စရေး၏ တောင်ပိုင်းဒေသကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လူ ၁,၂၀၀ ကျော်သေဆုံးကာ ဓားစာခံ ၂၅၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။

အစ္စရေးစစ်တပ်၏ ဂါဇာကမ်းမြောင်ဒေသအပေါ် လက်စားချေ တိုက်ခိုက်မှု များကြောင့် လူ ၆၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဒေသခံ ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ အများစုမှာ အရပ်သားများ ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂