မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရုတ်နိုင်ငံသား ၂၅၆ ဦးအား ပြန်လည်လွှဲပြောင်း

News Image

  • မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရုတ်နိုင်ငံသား ၂၅၆ ဦးအား ပြန်လည်လွှဲပြောင်း
  • မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရုတ်နိုင်ငံသား ၂၅၆ ဦးအား ပြန်လည်လွှဲပြောင်း

04 August 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီမှ ၁၀ နာရီ ၅၅ မိနစ်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် အောင်နိုင်သူ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ နိုင်ငံရေးမှူး  Mr. Jiang Guoli ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ မန်စီမြို့ရှိ YESTE ဟိုတယ်အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ မူဆယ်ဒေသအတွင်း တတိယအကြိမ် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအတွက် မြန်မာ-တရုတ် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ဆွေးနွေးပွဲတွင် မူဆယ်ဒေသအတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးအား မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း၍ ၂၀၂၄ ခုနှစ်တွင် ပထမအကြိမ်၊ ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် နှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်၌ မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်၍ အွန်လိုင်းလိမ်လည်မှု လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၇၁၆ ဦးနှင့် ဒုတိယအကြိမ်တွင် တရုတ်နိုင်ငံသား ၁၆၆ ဦးအား ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်တစ်ခုလုံးအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်စစ်ဆေးရေးများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံခြားသား ၁,၀၂၆ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးနိုင်ခဲ့ကြောင်း။ 

အလားတူ ကရင်ပြည်နယ်၊ မြဝတီဒေသတွင် တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်ထိ နိုင်ငံခြားသား ၉,၂၉၉ ဦးအား ကယ်တင် နိုင်ခဲ့ကြောင်းနှင့် ဆက်လက်၍ တရားမဝင် အွန်လိုင်းလိမ်လည်မှု ကျူးလွန်သူများအား ဖော်ထုတ် ဖမ်းဆီးနိုင်ရေး သတင်းဖလှယ်ခြင်း၊ ဖမ်းဆီးရမိ တရားခံများအား ပြန်လည်လွှဲပြောင်းလက်ခံခြင်းနှင့် ဆက်လက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံရဲတပ်ဖွဲ့များ ပူးပေါင်း၍ မူဆယ်ဒေသအတွင်း တတိယ အကြိမ် အွန်လိုင်းလိမ်လည်မှုစစ်ဆေးရေးအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်အထိ တပ်မတော်မှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်၍ အွန်လိုင်း လိမ်လည်မှုကျူးလွန်သူ တရုတ်နိုင်ငံသား ၂၅၆ ဦးနှင့် မြန်မာနိုင်ငံသား ၂၃ ဦးတို့အား အွန်လိုင်းလိမ်လည်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၁၅ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ Laptop ၇ လုံး၊ လက်ကိုင်ဖုန်းမျိုးစုံ ၃၁၁ လုံး၊ Wifi စက် ၁၄ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးနိုင် ခဲ့ပါသည်။

တတိယအကြိမ် အွန်လိုင်းလိမ်လည်မှုစစ်ဆေးရေး သုံးရက်အတွင်း ဖမ်းဆီးရမိသည့် တရုတ် နိုင်ငံသား ၂၅၆ ဦး တို့အား မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဆွေးနွေးပွဲသဘောတူညီချက်များအရ ဇူလိုင် ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် မြန်မာ-တရုတ်နိုင်ငံ နယ်စပ်ဝင်/ထွက်ပေါက် မန်ဝိန်းဂိတ်၌ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ  တာဝန်ရှိသူများက တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်များ၌ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအားလည်း တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA