ကမ္ဘောဒီးယား၏ ကာကွယ်ရေးလုပ်ငန်းများကိုညှိနှိုင်းရန် ဟွန်ဆန်တွင် အာဏာအပြည့်အဝရှိ
ကမ္ဘောဒီးယားဘုရင် Norodom Sihamoni မှ ထိုင်းနိုင်ငံနှင့် နယ်စပ် တင်းမာမှုများကို တုံ့ပြန်ရန် ကာကွယ်ရေးလုပ်ငန်းများ ညှိနှိုင်း ဆောင်ရွက်ရန် ဆီးနိတ်ဥက္ကဋ္ဌ ဟွန်ဆန်အား လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။ ကမ္ဘောဒီးယား နိုင်ငံပိုင်သတင်းဌာန (AKP) က သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ချက်အရ ဘုရင်မင်းမြတ်သည် သြဂုတ် ၂ ရက်က လက်မှတ်ရေးထိုးကာ ဆီးနိတ် ဥက္ကဋ္ဌ ဟွန်ဆန်အား "နိုင်ငံ၏ စစ်ရေး၊ ကာကွယ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေအချုပ်အခြာအာဏာဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝ ကြီးကြပ်ညှိနှိုင်းခွင့်" ပေးအပ်ခဲ့သည်။
ဘုရင်သီဟာမိုနီက "ထိုင်းစစ်တပ်မှ နယ်မြေအချုပ်အခြာအာဏာကို ခြိမ်းခြောက်မှုနှင့် ချိုးဖောက်မှုများ ရင်ဆိုင်နေရခြင်းနှင့်အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ကာကွယ်ရေးဆိုင်ရာ ကိစ္စအဝဝတွင် ဟွန်ဆန်မှ ဝန်ကြီးချုပ် ဟွန်မာနက်နှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်းအား လုပ်ပိုင်ခွင့်အပ်နှင်းသည်" ဟု ရေးသားထားသည်။
ကမ္ဘောဒီးယားဘုရင်မင်းမြတ်သည် ၎င်း၏စာတွင် "ရှေ့တန်းတွင် အသက် စွန့်တိုက်ခိုက်နေကြသော" ကမ္ဘောဒီးယားစစ်သည်များအား ချီးကျူးဂုဏ်ပြု ခဲ့သည့်အပြင် ပဋိပက္ခကာလအတွင်း စည်းလုံးညီညွတ်မှုပြသခဲ့ကြသည့် တစ်နိုင်ငံလုံးရှိပြည်သူများကိုလည်း အသိအမှတ်ပြုခဲ့သည်။
ဘုရင်သီဟာမိုနီက ဝန်ကြီးချုပ် ဟွန်မာနက်၏ ဦးဆောင်မှုအောက်ရှိ ကမ္ဘောဒီးယားအစိုးရအား စစ်ရေး၊ သံတမန်ရေး၊ နိုင်ငံရေးနှင့် ဥပဒေ ရေးရာအထိ အရပ်ရပ်မှ ကာကွယ်တိုက်ခိုက်နေမှုအတွက် ချီးကျူးဂုဏ်ပြု ခဲ့ပြီး ကမ္ဘောဒီးယား၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေ အချုပ်အခြာအာဏာကို ကာကွယ်ရာတွင် အစွမ်းကုန် ကြိုးစား ဆောင်ရွက် ခဲ့သည်ဟု ဖော်ပြခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂