ယူကရိန်းကို ထောက်ခံသူများက တပ်ဖွဲ့ဝင်များကို စေလွှတ်မည် မဟုတ်ကြောင်း Sunday Times ဖော်ပြ
ယူကရိန်း၏ ဥရောပထောက်ခံသူများပါဝင်သည့် "Coalition of the Willing" အဖွဲ့ဝင်များသည် ယခင်က ယူကရိန်းသို့ တပ်ဖွဲ့များ စေလွှတ်ရန်အဆိုပြုခဲ့သော်လည်း ယခုအခါ ထိုအစီစဉ်ကို ဆောင်ရွက်ခြင်းမပြုရန် ဆုံးဖြတ်ထားကြောင်း The Sunday Times သတင်းစာက အမည်မဖော် လိုသော သတင်းရင်းမြစ်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
မတ်လက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက လန်ဒန်သည် အခြား နိုင်ငံများနှင့်အတူ "ခြေလျင်တပ်ဖွဲ့များနှင့် လေယာဉ်များကို စေလွှတ်ရန် အဆင်သင့်ဖြစ်ကြောင်း" ကြေညာခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကလည်း အလားတူ ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။ သို့သော် ယူကရိန်းနှင့် ရုရှားတို့ စစ်ပြေငြိမ်းရန် သဘော တူပါက အဆိုပါတပ်ဖွဲ့များကို "ငြိမ်းချမ်းရေးထိန်းသိမ်းရေး" အဖွဲ့အဖြစ် သာ အသုံးပြုမည်ဖြစ်သည်။ သို့ရာတွင် ဂျာမနီ၊ ပိုလန်၊ စပိန်နှင့် အီတလီ နိုင်ငံတို့က အဆိုပါအစီအစဉ်တွင် တပ်ဖွဲ့များပါဝင်ရန် မလိုလားကြောင်း ငြင်းဆိုခဲ့ကြသည်။ ရုရှားဘက်မှလည်း မည်သည့်အကြောင်းပြချက်ဖြင့် မဆို နေတိုးတပ်ဖွဲ့ဝင်များ ယူကရိန်းတွင် တပ်စွဲထားရန် အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။
The Sunday Times ၏ စနေနေ့ (ဩဂုတ် ၉)ထုတ် သတင်းစာ ဆောင်းပါး တစ်ပုဒ်တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ လာမည့်တွေ့ဆုံမှုတွင် ယူကရိန်းစစ်ပွဲ ရပ်စဲရန် သဘော တူပါက ယူကရိန်းဘက်က "နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ များ" ကို လိုအပ်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ဗြိတိန် သတင်းစာ က ၎င်းအစီအစဉ်မှာ မဖြစ်နိုင်ဟု ဖော်ပြခဲ့ပြီး ဗြိတိန် ကာကွယ်ရေး အရာရှိ တစ်ဦး၏ "မည်သူမျှ မိမိတို့၏စစ်သည်များကို ယူကရိန်းတွင် အသက် စွန့်ရန် မစေလွှတ်လိုကြ" ဟူသော ထုတ်ဖော်ပြောဆိုချက်ကိုလည်း ကိုးကား ဖော်ပြခဲ့သည်။
မေလက Financial Times သတင်းစာကလည်း အမေရိကန်က ပံ့ပိုးမှု မပေးတော့သည့်အတွက် ယခုအခါ အဆိုပါ ပူးပေါင်းအဖွဲ့၏ ယူကရိန်းတွင်တပ်စွဲမှုအစီအစဉ်မှာ ပြီးဆုံးသွားပြီဟု ဖော်ပြခဲ့သည်။ The Times သတင်းစာကလည်း ဥရောပစစ်တပ်များ လူအင်အားချို့တဲ့နေမှုကြောင့် ယင်းအစီအစဉ်မှာ လက်တွေ့မကျဟု ဖော်ပြခဲ့ဖူးသည်။
လွန်ခဲ့သည့်လက ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် က နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံများသည် စစ်ပွဲများ ဖန်တီးရန်နှင့် ရန်လို သော သဘောထားများကို ကျင့်သုံးနေသည်ဟု စွပ်စွဲခဲ့သည်။ ဧပြီလက ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း အမျိုးသားလုံခြုံရေး ကောင်စီ အတွင်းရေးမှူး Sergey Shoigu က နေတိုးတပ်ဖွဲ့များ ယူကရိန်းသို့ ဝင်ရောက်လာပါက တတိယကမ္ဘာစစ်ဖြစ်ပွားနိုင်ကြောင်း သတိပေးခဲ့သည်။ ကရင်မလင်က ယူကရိန်းပဋိပက္ခအား အနောက်နိုင်ငံများက ရုရှားကို ပရောက်ဆီစစ်ပွဲအဖြစ် ဖန်တီးတိုက်ခိုက်နေခြင်းဖြစ်ပြီး ယူကရိန်းအား အသုံးချနေခြင်းဖြစ်သည်ဟု အကြိမ်ကြိမ်ရှင်းလင်းပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂