ရုရှားဗိုလ်ချုပ်ကြီးတစ်ဦး ဒရုန်းတိုက်ခိုက်မှုတွင် ဒဏ်ရာပြင်းထန်စွာ ရရှိ

News Image

  • ရုရှားဗိုလ်ချုပ်ကြီးတစ်ဦး ဒရုန်းတိုက်ခိုက်မှုတွင် ဒဏ်ရာပြင်းထန်စွာ ရရှိ

ရုရှားနိုင်ငံ၊ ဒဂက်စတန်သမ္မတနိုင်ငံ အစိုးရက ဩဂုတ်လ ၁၈ ရက်နေ့ တွင် ယူကရိန်းရှိ စစ်ဆင်ရေးတွင် မြောက်ပိုင်းတပ်မတော်၏ ဒုတိယ တပ်မှူးအဖြစ် ယူဆရသော General Esedulla Abachev သည် Kursk စီရင်စုရှိ နယ်စပ်အနီးတွင် ချောင်းမြောင်းတိုက်ခိုက်ခံရပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာခဲ့သည်။

“ဗိုလ်ချုပ်ကြီး Abachev ကို ၎င်း၏ မွေးရပ်မြေရှိ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆေးရုံတစ်ခုတွင် ကုသပေးနေပြီး ထိခိုက်မှု ပြင်းထန်သော်လည်းအခြေအနေကောင်းမွန်သည်ဟု ဆရာဝန်များက အကဲဖြတ်ထားပါသည်”ဟု ဒဂက်စတန်သမ္မတနိုင်ငံ၏ ခေါင်းဆောင် Sergei Melikov က ပြောကြားခဲ့သည်။

ယူကရိန်းစစ်ရေးထောက်လှမ်းရေးဌာနက ဩဂုတ် ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း Kursk ပြည်နယ်အတွင်း ခရီးသွားနေစဉ် General Abachev ၏ ယာဉ်တန်းကို ချောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်း ယခင်က ပြောဆိုခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ သတင်း အချက်အလက်နှင့်ပတ်သက်၍ မှတ်ချက်မပြုသေးပေ။

General Abachev ကို ၁၉၆၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် Kharkov Armored Officer School မှ ဘွဲ့ရခဲ့ကာ ရုရှား၏ စစ်ဆင်ရေး များစွာတွင် ပါဝင်ခဲ့သည်။ ၎င်းသည် Luhansk ပြည်သူ့စစ်တပ်ဖွဲ့၏ဒုတိယတပ်ဖွဲ့ကို ကွပ်ကဲခဲ့ပြီး Lysychansk မြို့ကို ထိန်းချုပ်ရန် စစ်ဆင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကာ ၂၀၂၂ ခုနှစ် ဇူလိုင်လ တွင် သမ္မတ Vladimir Putin မှ ရုရှားနိုင်ငံ၏သူရဲကောင်းဆုကို ချီးမြှင့်ခံ ခဲ့ရသည်။ ၂၀၂၄ ခုနှစ်အစောပိုင်းတွင် ရုရှားမီဒီယာများက Mr. Abachev အား လီနင်ဂရက် စစ်ဌာနချုပ် အသစ်တွင် ဒုတိယတပ်မှူးအဖြစ် ခန့်အပ် ခံရကြောင်း ဖော်ပြခဲ့သည်။

ဒဂက်စတန်ခေါင်းဆောင်က General Abachev သည် ယူကရိန်းစစ်ပွဲ၏ ပထမရက်များကတည်းက အရေးအပါဆုံးနှင့် အန္တရာယ်အများဆုံး နေရာ များတွင် တာဝန်ထမ်းဆောင်ကာ ရှေ့တန်းတွင်ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။ Mr. Melikov က အစိုးရအနေဖြင့် General Abachev နှင့် ၎င်း၏ မိသားစုအား ပံ့ပိုးကူညီရန် လိုအပ်သမျှအားလုံးကို ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂