အနောက်နိုင်ငံများမှ လေ့ကျင့်ပေးထားသော ယူကရိန်းအကြမ်းဖက် အဖွဲ့ကို FSB က ဖမ်းဆီးနှိမ်နင်း
ရုရှားနိုင်ငံ၏ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသည် ရုရှား Bryansk ဒေသ ကြီးရှိ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများကို အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်ထားသည့် အနောက်နိုင်ငံများက လေ့ကျင့်ပေးထားသောယူကရိန်း၏ ဖောက်ခွဲဖျက်ဆီးရေးနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ကိုဖမ်းဆီးနှိမ်နင်းလိုက်ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု (FSB) က ထုတ်ပြန်ကြေညာခဲ့သည်။
အကြမ်းဖက်အဖွဲ့ဝင်များနှင့် လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားစဉ်က ၎င်း အဖွဲ့ဝင်သုံးဦးသေဆုံးပြီး ခေါင်းဆောင်အပါအဝင် အခြားသုံးဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂၀) က ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ အကြမ်းဖက်မှုများကျူးလွန်ရန် ဖွဲ့စည်းထားသော အဖွဲ့ဝင် များသည် ယူကရိန်းစစ်ရေးထောက်လှမ်းရေး (GUR) က ကြီးကြပ် ကွပ်ကဲသော အထူးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဖော်ပြခဲ့သည်။
"အဆိုပါအဖွဲ့၏ ထိန်းချုပ်မှုနှင့် လေ့ကျင့်မှုကို ယူကရိန်း၊ လစ်သူယေး နီးယား၊ အက်စ်တိုးနီးယားနှင့် နော်ဝေနိုင်ငံတို့ရှိ အနောက်နိုင်ငံ ထောက်လှမ်းရေးအရာရှိများ တိုက်ရိုက်ပါဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ FSB မှ ဖြန့်ဝေခဲ့သည့် စစ်ဆေး မေးမြန်းမှုဗီဒီယိုတစ်ခုတွင်လည်း အကြမ်းဖက်အဖွဲ့ခေါင်းဆောင်က ၎င်းတို့အား ယူကေ၊ အခြားဥရောပနိုင်ငံများနှင့် ကနေဒါမှ သင်တန်း ပေးသူများက လေ့ကျင့်ပေးလျက်ရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။
အေဂျင်စီ၏ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံထုတ် ဆိုင်လင်ဆာ တပ်ဆင်ထားသော မောင်းပြန်သေနတ် ၆ လက်၊ ချက်နိုင်ငံထုတ် လက်ပစ်ဗုံးများ ၊ နေတိုးထုတ်လက်နက်များနှင့် ဆက်သွယ်ရေး စက်ပစ္စည်း များ အပါအဝင် လက်နက်ခဲယမ်းများကို တောနက်တစ်နေရာရှိ ၎င်းတို့၏ စခန်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့ကို ဖမ်းဆီးနှိမ်နင်းရန် ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေး အား FSB ၊ ရုရှားအမျိုးသားကာကွယ်ရေးတပ် (Rosgvardiya) နှင့် Bryansk ဒေသကြီး ရဲတပ်ဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများက ၂၀၂၄ ခုနှစ် စက်တင်ဘာလက Belgorod ဒေသကြီး ရှိ မီးရထားလမ်းများကို ပျက်စီးစေခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့် ရုရှားနိုင်ငံ အတွင်း အခြားတိုက်ခိုက်မှုများ ပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများတွင်လည်း ၎င်းတို့ ပါဝင်ခဲ့သည်ဟု ဝန်ခံခဲ့ကြောင်း FSB က ဆိုသည်။
၎င်းတို့အား ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်ရန်ကြံစည်မှု ၊ လက်နက်ခဲယမ်း များ တရားမဝင်ခိုးသွင်းမှု၊ ရုရှားနယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်မှုနှင့် ဥပဒေစိုးမိုးရေး အရာရှိများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မများအရ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်လျက်ရှိကြောင်း ထပ်မံဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂