အမေရိကန်သာ လေကြောင်းမှ ဗုံးကြဲမဖျက်ဆီးခဲ့ပါက အီရန်သည် ၄ ပတ်အတွင်း နျူကလီးယားပိုင်ဆိုင်သွားပြီ ဟု ထရမ့်ဆို
လွန်ခဲ့သည့်လအနည်းငယ်က အမေရိကန်တို့သာ အီရန်နျူကလီးယား စက်ရုံများကို ဗုံးကြဲတိုက်ခိုက် မဖျက်ဆီးခဲ့ပါက နောက်လေးပတ် အတွင်း မှာ အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များကို ထုတ်လုပ် ပိုင်ဆိုင် နိုင်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန် သတင်းထောက် Mark Levin နှင့် တွေ့ဆုံမေးမြန်းခြင်းတစ်ခုတွင် ဖြေကြားသွားပါသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင် စတင်သော အစ္စရေး-အီရန် စစ်ဆင်ရေး လုပ်ဆောင်ပြီး ၉ ရက်အကြာ ဇွန်လ ၂၂ ရက် နံနက်အစောပိုင်းတွင် အမေရိကန်တိုက်လေယာဉ်များသည် လျှို့ဝှက်စွာ ဝင်ရောက်ကာ အီရန် နျူကလီးယားစက်ရုံ ၃ ရုံကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ အီရန်က ပြန်လည်တုန့်ပြန်သည့်အနေဖြင့် ကာတာနိုင်ငံရှိ အမေရိကန်၏ အကြီးဆုံးအခြေစိုက်စခန်းဖြစ်သော Al Udeid စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပါသည်။ သို့ရာတွင် ထိုတိုက်ခိုက်မှာ အမေရိကန် စစ်စခန်း အတွက် အသေအပျောက်နှင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား မရှိခဲ့ချေ။
နောက်ပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေးနှင့် အီရန် တို့မှာ အပြည့်အဝ စစ်ရေးပစ်ခတ်မှုရပ်စဲရေး သဘောတူညီချက် ရရှိသွား ကြပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ဇွန်လ ၂၄ ရက်နေ့တွင် အစ္စရေးနှင့် အီရန်တို့အကြား အပစ်အခတ်ရပ်စဲခြင်း စတင် အသက်ဝင်ခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
Photo Crd to WSJ