အာဏာဖြုတ်ချခံခဲ့ရသည့် ၀န်ကြီးချုပ်ကို လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆို
အိန္ဒိယအနေဖြင့် အာဏာဖြုတ်ချခံခဲ့ရသည် ဘင်္ဂလားဒေ့ရှ်၀န်ကြီးချုပ် Sheikh Hasina ကို လွှဲပြောင်း ပေးရန် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရက တောင်းဆို လိုက်ပါသည်။ ကျောင်းသားများ ဦးဆောင်သော ဆန္ဒ ပြပွဲကြီးများ ရက်သတ္တပတ်များစွာ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ် Hasina သည် ဩဂုတ်လက အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခဲ့သည်။ တရားခံလွှဲ ပြောင်းရေး တောင်းဆိုချက်ကို အိန္ဒိယအစိုးရထံ ပေးပို့ ထားသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ၏ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၃ တွင် ဒေသတွင်း မီဒီယာများကို ပြောကြားခဲ့ပါသည်။
ဇူလိုင်လနှင့် သြဂုတ်လအတွင်း နိုင်ငံတစ်ဝန်း ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး Hasina သည် ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး သူမနှင့် အနီးကပ်ဆက်ဆံရေးရှိသည့် အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ပါသည်။
ဘင်္ဂလားဒေ့ရှ်၏ တရားရုံးတစ်ခုက သူမကို ဖမ်းဆီးရန် ဖမ်းဝရမ်းထုတ်ထားပြီး Hasina သည် လူသား မျိုးနွယ်အပေါ် ရာဇ၀တ်မှုကျူးလွန်သည်ဟု စွပ်စွဲခံ ထားရသည်။ သူမသည် ဆန္ဒပြပြည်သူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး လူအများအပြားကို သေဆုံးစေခဲ့သည်ဟု စွပ်စွဲခံထားရသည်။
ဘင်္ဂလားဒေ့ရှ်သည် အိန္ဒိယနှင့် တရားခံလွှဲပြောင်းရေး သဘောတူစာချုပ်ချုပ်ဆိုထားသော်လည်း အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်၏ တောင်းဆိုချက်ကိုသဘောတူခြင်း ရှိ၊ မရှိ ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဟိန္ဒူလူနည်းစုများအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်ပွားခဲ့ခြင်းကို အိန္ဒိယကရှုတ်ချခဲ့ပြီးနောက် လတ်တလောတွင် နှစ်နိုင်ငံအကြား သဘောထားကွဲလွဲမှုများ ရှိနေပါသည်။ အဆိုပါစွပ်စွဲချက်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ငြင်းဆိုထားသည်။
ကိုးကား-NHK World