အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ကွယ်လွန်
အမေရိကန်ပြည်ထောင်စု၏ ၃၉ ဦးမြောက် သမ္မတ ဂျင်မီကာတာသည် ဒီဇင်ဘာ ၂၉ ရက်နေ့က အမေရိကန် ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားပြီဖြစ်ပါသည်။ ၎င်းသည် ကွယ်လွန်ချိန် တွင် အသက် ၁၀၀ အရွယ်ရှိပြီ ဖြစ်ပါသည်။
ဂျင်မီကာတာသည် အမေရိကန်ရေတပ်တွင် တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အီဂျစ်နိုင်ငံနှင့်အစ္စရေးနိုင်ငံတို့ ငြိမ်းချမ်းရေး သဘောတူစာချုပ် ရေးထိုးနိုင်ရန် မားမားမတ်မတ် ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်သည်။ သမ္မတတာဝန်ယူချိန် ၁၉၇၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု စွမ်းအင် ဌာနကို စတင်တည်ထောင်ခဲ့သူလည်းဖြစ်သည်။
ကာတာသည် ၎င်း၏ တိုတောင်းလှသော သမ္မတ တာဝန် ထမ်းဆောင်ပြီးနောက် ဇနီးဖြစ်သူ ရို့စလင်းနှင့်အတူ Carter Center ကို ထူထောင်ခဲ့ပြီး နိုင်ငံတကာ ရွေးကောက်ပွဲများကို လေ့လာစောင့်ကြည့်ခြင်း၊ ကမ္ဘာအနှံ့ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးလုပ်ငန်းလုပ်ဆောင်ခြင်းတို့ ဆောင်ရွက်ခဲ့ ပါသည်။ ယခုအခါ ဂျင်မီကာတာဈာပနာ အခမ်းအနား ကို အမေရိကန်၏ နိုင်ငံတော်အဆင့်ဈာပနအဖြစ် ကျင်းပ သွားမည်ဖြစ်ပါသည်။
ဂျင်မီကာတာနှင့်ဇနီးရို့စလင်းတို့သည် ၁၉၄၆ ခုနှစ် ဇူလိုင် ၇ ရက်တွင် လက်ထပ်ခဲ့ကြပြီး ရို့စလင်းသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အသက် ၉၆ အရွယ်၌ ကွယ်လွန်ခဲ့ပါသည်။ အသက် ၁၀၀ အရွယ် ဂျင်မီ ကာတာ သည် အမေရိကန်သမ္မတများအနက် အသက်အရှည်ဆုံး သမ္မတအဖြစ်လည်းကောင်း၊ ၎င်းတို့ဇနီးမောင်နှံသည် အိမ်ထောင်သက်တမ်း ၇၇ နှစ် အတူနေထိုင်ခဲ့ကြသည့် အသက်အရှည်ဆုံး အမေရိကန်သမ္မတ ဇနီးမောင်နှံ အဖြစ်လည်းကောင်း အမေရိကန်သမိုင်းတွင် မှတ်တမ်း ဝင်သွားပါသည်။
ကိုးကား - CNN