ရုရှား သမ္မတဗလာဒီမာပူတင်သည် ကရင်မလင် နန်းတော်မှ ရုရှားပြည်သူများအား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားဖြင့် မိန့်ခွန်းပြောကြား
ရုရှား သမ္မတဗလာဒီမာပူတင်၏ မိန့်ခွန်းတွင် “လာမည့် မိနစ်အနည်းငယ်အတွင်းမှာ ၂၀၂၅ ခုနှစ် ဆိုသည့် နှစ်သစ်ကို စတင်တော့မည်ဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံတွင် အဆိုပါကာလသည် သမိုင်းဝင်အရေးပါသော အကြီးစား ဖြစ်ရပ်များ အပါအဝင် များစွာသော အခိုက်အတန့်များ ဖြင့်ပြည့်နေပါကြောင်း၊ ၎င်းတို့သည် မိမိတို့အတွက် ကြီးမားသော ရည်မှန်းချက်များကိုချမှတ်ပြီး ၎င်းတို့ကို အောင်မြင်စွာ အတူတကွ လက်တွဲခဲ့ကြသောကြောင့် စိန်ခေါ်မှုများကို တစ်ကြိမ်ထက်မကပို၍ ကျော်ဖြတ် နိုင်ခဲ့ခြင်းသည် ၎င်းတို့၏စည်းလုံးညီညွတ်မှု၊ ယုံကြည်ချက် နှင့်၎င်းတို့၏စွမ်းဆောင်နိုင်မှုတို့ကို ပိုမိုခိုင်ခံလာစေခဲ့ ပါကြောင်း ပူတင်က ပြောကြားခဲ့ပါသည်။
ထို့အပြင်၎င်းတို့တွင် ဆုံးဖြတ်စရာကိစ္စရပ်များစွာ ကျန်ရှိနေသေးပါကြောင်း သို့သော် လုပ်ဆောင်ပြီးကိစ္စရပ်များအတွက်လည်းဂုဏ်ယူပါကြောင်း၊ ဤသည်မှာ ၎င်းတို့၏ ဘုံအမွေအနှစ်ဖြစ်ပြီး နောက်ထပ် ဖွံ့ဖြိုး တိုးတက်မှုအတွက် ယုံကြည်စိတ်ချရသော အခြေခံဖြစ်ပါကြောင်း၊ လွတ်လပ်ပြီး ခိုင်မာသော ၎င်းတို့နိုင်ငံ သည် အခက်ခဲဆုံးသော စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ခဲ့ပါကြောင်း၊ ယခုလည်း နှစ်သစ်၏ တံခါးဝတွင် ၎င်းတို့ သည် ၎င်းတို့၏အနာဂတ်ကို တွေးတောနေပါကြောင်း၊ အရာအားလုံးအဆင်ပြေသွားမည်မှာ သေချာပါကြောင်း၊ ၎င်းတို့အနေဖြင့် ရှေ့ကိုဆက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းတို့အတွက် ပကတိတန်ဖိုးသည် ရုရှားနိုင်ငံ၏ ကံကြမ္မာဖြစ်ပြီး နိုင်ငံသားများ၏ သုခချမ်းသာဖြစ်ရေး ကို ရှေးရှုထားပါကြောင်း၊ အမိနိုင်ငံအတွက် စိတ်ရင်းမှန် ဖြင့်ခံစားချက်များသည် ၎င်းတို့၏ဘဝများကို အဓိပ္ပာယ်ပြည့်ဝစေပါကြောင်း၊ ၎င်း၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ အကျိုးစီးပွားများနှင့် လွတ်လပ်သော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကာအကွယ်ပေးလိုသောဆန္ဒသည် ၎င်းတို့အတွက် ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။
ဤနှစ်သစ်ကူးအကြိုတွင် ရုရှားနိုင်ငံတစ်ဝှမ်းရှိသန်းပေါင်း များစွာသောပြည်သူလူထုများ၊ မိသားစုဆွေမျိုးများ၏ အတွေးများနှင့် မျှော်လင့်ချက်များသည် ရုရှားနိုင်ငံ၏ တပ်မတော်သားများ၊ တပ်မှူးများနှင့်အတူ ရှိနေ ပါကြောင်း၊ ရုရှားနိုင်ငံကို ကာကွယ်ရန်နှင့် ပြည်သူများကို ထာဝရငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အာမခံချက်များကို ပေးဆောင်ရန်အတွက် ကြီးကျယ်ခမ်းနားသည့် စစ်ရေးအလုပ်များကို ဆောင်ရွက်နေကြသည့် စစ်မှန်သည့်သူရဲကောင်းများအဖြစ် ရုရှားတပ်မတော်သားများအား မှတ်ယူထားပါကြောင်း၊ ၎င်းတို့၏ရဲစွမ်းသတ္တိအတွက် ဂုဏ်ယူပါကြောင်း၊ သမ္မတ ဗလာဒီမာပူတင်က ၎င်း၏ နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။
အမိမြေအတွက် တိုက်ပွဲဝင်ခဲ့ကြသော ဘိုးဘေးဘီဘင်များအား ဂုဏ်ပြုသောအားဖြင့် ကျရောက်မည့် ၂၀၂၅ ခုနှစ်အား အမိမြေကို ကာကွယ်သောနှစ် ၈၀ ပြည့်အဖြစ် ဂုဏ်ပြုမည့်နှစ်အဖြစ် ကြေညာပါကြောင်း၊ ၎င်းတို့သည် နာဇီဝါဒကို ချေမှုန်းပစ်ခဲ့သောမျိုးဆက်၏ သားသမီးများ၊ မြေးများနှင့် မြစ်များဖြစ်ပါကြောင်း၊ ၎င်းတို့သည် ၎င်းတို့၏ စစ်မှုထမ်းဟောင်းများ၏ ပဋိညာဉ်များနှင့် ဓလေ့ထုံးတမ်းများကို သစ္စာစောင့်သိသွားမည်ဖြစ်ပါကြောင်း သမ္မတက ပြောကြားခဲ့ပါသည်။
နှစ်သစ်တွင် ၎င်းတို့၏ အိပ်မက်များနှင့် အတွေးအခေါ်များ၊ အကောင်းဆုံးသော ရည်ရွယ်ချက်များသည် သေချာပေါက် အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ၎င်းတို့၏ ချစ်ခင်မြတ်နိုးသည့် ရုရှားနိုင်ငံနှင့် ပြည်သူလူထုများအတွက် ကောင်းကျိုးသုခနှင့် ကြွယ်ဝချမ်းသာမှုတို့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါ သည်” ဟု သမ္မတ ပူတင် မှ နှစ်သစ်ကူး ဆုမွန်တောင်းပေးခဲ့ပါသည်။
ကိုးကား - kremlin.ru
Photo- Aljazeera