ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ထရမ့်က ဘိုင်ဒင်ကို အပြစ်တင်

News Image

  • ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ ထရမ့်က ဘိုင်ဒင်ကို အပြစ်တင်

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ရုရှားနှင့် ယူကရိန်းဆက်ဆံရေးတင်းမာခဲ့ခြင်းအပေါ် ကိုင်တွယ် ဖြေရှင်းမှုအားနည်းချက်ကြောင့် ရုရှား-ယူကရိန်း-နေတိုး ပဋိပက္ခကို ပိုမိုဆိုးရွားသွားစေခဲ့ကြောင်း ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၇ ရက်နေ့က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောဆိုခဲ့သည်။

ယူကရိန်းကို အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကမ်းလှမ်းခြင်းမပြုခဲ့ပါက ယခုကဲ့သို့သော စစ်ပွဲကိုရှောင်ရှားနိုင်ခဲ့လိမ့်မည်ဟု ထရမ့်က ယုံကြည် နေသည်။

ဝါရှင်တန်၏ ယူကရိန်းအား နေတိုးအဖွဲ့သို့ ဝင်ရောက်နိုင်ရေး ကမ်းလှမ်းမှုသည် မော်စကို၏စိုးရိမ်မှုကို မြင့်တက်စေပြီး ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ ဘိုင်ဒင်အနေဖြင့် အမေရိကန်နှင့် ရုရှားတို့၏ စစ်ဘက်ဆိုင်ရာ နယ်မြေချဲ့ထွင်မှု သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့ သည်။

ဗလာဒီမာပူတင် သမ္မတမဖြစ်ခင်ကပင် ယူကရိန်းအား နေတိုးအဖွဲ့ဝင်ဖြစ်လာစေရန် ကြိုးပမ်းမှုကို သဘောမတူကြောင်း အခါခါပြောဆိုထားခဲ့ကြောင်း၊ သို့သော် ဘိုင်ဒင်အနေဖြင့် အဆိုပါကန့်ကွက်မှုကို အရေးမစိုက်ပဲ ရှေ့ဆက်ခဲ့ကြောင်း ထရမ့်ကပြောသည်။

မိမိနိုင်ငံနယ်နိမိတ်အနီးတွင် အခြားစစ်အင်အားစုတစ်ခု တည်ရှိလာနိုင်ခြင်းအတွက် ရုရှား၏ စိုးရိမ်မှုကို ၎င်းအနေဖြင့် ကောင်းစွာနားလည်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။

မော်စကိုနှင့် ကိယက်ဗ်အကြား သဘောတူညီမှုရရှိရေးဆောင်ရွက်နိုင်ရန်မှာ သမ္မတရာထူးတာဝန် စတင်ရယူပြီးနောက် အချိန်ခြောက်လခန့်အထိ လိုအပ် နိုင်ကြောင်း သတင်းထောက်များ၏ မေးမြန်းလာမှုကို ဖြေကြားခဲ့ပါသည်။

ကိုးကား-RT