TikTok အား တရုတ်ကပိုင်ဆိုင်ထားခြင်းအပေါ် ဖိနှိပ်ရန်အတွက် အမျိုးသားလုံခြုံရေးကို အကြောင်းပြ၍ အမေရိကန် အနိုင်ကျင့်ဟုတရုတ်စွပ်စွဲ

News Image

  • TikTok အား တရုတ်ကပိုင်ဆိုင်ထားခြင်းအပေါ် ဖိနှိပ်ရန်အတွက် အမျိုးသားလုံခြုံရေးကို အကြောင်းပြ၍ အမေရိကန် အနိုင်ကျင့်ဟုတရုတ်စွပ်စွဲ

အမေရိကန်အစိုးရသည်   Tik Tok အပလီကေးရှင်းအား  တရုတ်နိုင်ငံက ပိုင်ဆိုင်ထားခြင်းကို ဖိနှိပ်ရန်အတွက် နိုင်ငံ၏အမျိုးသားလုံခြုံရေးကိုအကြောင်းပြ၍  အနိုင်ကျင့်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်တွင် စွပ်စွဲပြောကြားသည်။

Tik Tok အပလီကေးရှင်းသည် အမေရိကန်၏အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟူသော အထောက်အထားကိုပြသနိုင်ခြင်း မရှိသော်လည်း အပလီကေးရှင်းအား လက်ရှိပိုင်ဆိုင်ထားသည့် Byte Dance ကုမ္ပဏီအပေါ် ဖိနှိပ်ရန်အတွက် နိုင်ငံ၏လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ဆောင်မှုတွင် တရားမျှတမှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ပင်းက မတ်လ ၁၄ ရက်တွင်   ပုံမှန်ပြုလုပ်မြဲဖြစ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်၏ယခုလုပ်ဆောင်ချက်သည် အနိုင်ကျင့်သည့်အပြုအမူအဖြစ် ရှင်းလင်းစွာ တွေ့မြင်နိုင်ကြောင်း  ၎င်းက ဆက်လက်ပြောကြားသည်။

အလားတူပင် အမေရိကန်အနေဖြင့် ဈေးကွက်စီးပွားရေး၏ အခြေခံသဘော တရားများကို အမှန်တကယ် လေးစားခြင်းအားဖြင့် မျှတစွာပြိုင်ဆိုင်မှုပြုပြီး အခြားနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအပေါ် ဖိနှိပ်ခြင်းများအား  ရပ်ဆိုင်းသင့်ကြောင်း  တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း တုံ့ပြန်ထားသည်။

တရုတ်နိုင်ငံ၏  အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက် တရုတ်အစိုးရက လိုအပ်သည့်ဆောင်ရွက်ချက် အားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟေယာတုံးက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံ၏ စွပ်စွဲပြောဆို၊ တုံ့ပြန်မှု များသည်  Tik Tok အပလီကေးရှင်းအသုံး ပြုမှုတားမြစ်ရေးမူကြမ်းကို အောက်လွှတ် တော်၌ ထောက်ခံမဲ ၃၅၂ မဲ၊ ကန့်ကွက်မဲ ၆၅ မဲဖြင့် အတည်ပြုခဲ့ပြီးနောက် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ အဆိုပါမူကြမ်းအရ Byte Dance အနေဖြင့် သန်း ၁၇၀ ခန့်ရှိသော အမေရိကန်ပြည်သူများက အသုံးပြုထားသည့် ဗီဒီယိုဖိုင်များနှင့် ၎င်းတို့၏ အချက်အလက်များကို  ခြောက်လအတွင်း အပြီးဖယ်ရှားပစ်ရပြီး ပျက်ကွက်ပါက ယင်းအပလီကေးရှင်း အသုံးပြုမှုအား  အမေရိကန်က တားဆီးပိတ်ပင်မည်ဖြစ်ကြောင်း  သိရသည်။

Source: Myawady Webportal