ယခုနှစ် ပထမခုနစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကလေး ၇၄ ဦး အနည်းဆုံး သေဆုံး

News Image

  • ယခုနှစ် ပထမခုနစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကလေး ၇၄ ဦး အနည်းဆုံး သေဆုံး

ဂါဇာစီးတီး   ဇန်နဝါရီ ၉

ဂါဇာဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လည်လွှတ်ပေးရေးညှိနှိုင်းမှုများကို ကာတာနိုင်ငံတွင် ဆွေးနွေးချက်ရှိစဉ် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်လျက်ရှိရာ သေဆုံးသည့် ကလေးငယ်အရေအတွက် ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ပထမခုနစ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ကလေး ၇၄ ဦး အနည်းဆုံး သေဆုံးခဲ့ကြောင်း ကုလုသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများပြန်လွှတ်‌ပေးရေးဆိုင်ရာဆွေးနွေးပွဲများကို ကြားဝင်စေ့စပ်ညှိနှိုင်းပေးသည့် ကာတာနိုင်ငံ၌ ယခုလအစောပိုင်းတွင် ပြန်လည်စတင်ခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်၌ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုချိန်တွင် အဆိုပါ ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သတင်းကောင်းများ ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်း သံတမန်တစ်ဦးက ပြောကြားသည်။

စေ့စပ်ညှိနှိုင်းသူများသည် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများလွှတ်ပေးရေးအတွက် သဘောတူညီရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က ဇန်နဝါရီ ၈ ရက်တွင် ပြင်သစ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားသည်။

ဓားစာခံများ၏ မိသားစုဝင်များသည် ဓားစာခံအားလုံးကို အမြန်ဆုံးလွှတ်ပေးရေးအတွက် အစ္စရေးအစိုးရအား ကြိုးပမ်းလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။

Source: ကြေးမုံသတင်းစာ