၂၀၂၅ ခုနှစ်တွင်လည်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆက်လက်တောင်းဆိုသွားမည်ဟု Hidankyo ပူးတွဲ ဥက္ကဋ္ဌ ကတိပြု
ဟီရိုရှီးမားနှင့် နာဂါဆာကီတွင် အဏုမြူဗုံးကြဲချခံခဲ့ရခြင်း နှစ် ၈၀ ပြည့်မြောက်သည့် ၂၀၂၅ ခုနှစ်တွင်လည်း နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဆက်လက် တောင်းဆိုသွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း Nihon Hidankyo ၏ ပူးတွဲဥက္ကဋ္ဌ Mimaki Toshiyuki က ပြောကြားခဲ့ပါသည်။
အဆိုပါအဖွဲ့သည် ၁၉၄၅ ခုနှစ် အဏုမြူဗုံးကြဲချခံရမှုမှ အသက်ရှင်လွတ်မြောက်လာသူများကို ကိုယ်စားပြုပြီး ၂၀၂၄ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခြင်းခံခဲ့ ရသည်။
Hidankyo အဖွဲ့၏ ပူးတွဲဥက္ကဋ္ဌ Mimaki Toshiyuki သည် ဇန်နဝါရီ ၇ ရက်နေ့က ဟီရိုရှီးမားတွင်ရှိသည့် ငြိမ်းချမ်းရေး အမှတ်တရပန်းခြံသို့ သွားရောက်ခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ အထိမ်းအမှတ်ကျောက်တိုင်၌သေဆုံးသူများကို ရည်စူး၍ ပန်းစည်းများချကာ ဆုတောင်း ခဲ့ကြပါသည်။
အသက်ရှင်ကျန်ရစ်သူများသည် အသက်အရွယ်ကြီး ရင့်လာပြီဖြစ်သော်လည်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး တောင်းဆိုသည့် ကြိုးပမ်းအားထုတ်မှု များကို စွန့်လွှတ်မည်မဟုတ်ကြောင်းနှင့် နျူကလီးယား လက်နက်အသုံးပြုခဲ့သောအမှားမျိုး နောက်ထပ်မရှိစေ ရကြောင်း Mimaki Toshiyuki က ပြောခဲ့ပါသည်။
ပြီးခဲ့သည့်လက ကျင်းပခဲ့သော နိုဘယ်ငြိမ်းချမ်းရေး ဆုပေးပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည့် ၎င်း၏ မှတ်ချက်များသည် ကမ္ဘာတစ်ဝန်းပျံ့နှံ့ရောက်ရှိသွားခဲ့မည် ဟုယုံကြည်ကြောင်း သတင်းထောက်များကို ပြောကြား ခဲ့သည်။
အမေရိကန်ပြည်ထောင်စုတွင် သမ္မတအသစ် တက်လာရန်ရှိပြီး အချို့နိုင်ငံများ၌ စစ်ပွဲများဖြစ်ပွားနေခြင်းကြောင့် ကမ္ဘာကြီးတွင် မတည်မငြိမ်မှုများ ဖြစ်လာနေကြောင်း နှင့် အဆိုပါဖြစ်စဉ်များသည် Hidankyo အဖွဲ့ဝင်များအား ကြိုးပမ်းမှုများဆက်လက်လုပ်ဆောင်သွားရန် တွန်းအားပေးနေသည်ဟုခံစားရကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World