အင်ဒိုနီးရှားက BRICS တရားဝင်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

News Image

  • အင်ဒိုနီးရှားက BRICS တရားဝင်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက် အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

အင်ဒိုနီးရှား BRICS တရားဝင်အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးခွန်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၆ ရက်တွင် ဖြေကြားခဲ့သည်။ ၂၀၂၅ ခုနှစ် BRICS အလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်သော ဘရားဇီးက အင်ဒိုနီးရှားသည် BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံ ဖြစ် လာကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းကို ခံခဲ့ရကြောင်း “တရုတ်နိုင်ငံအနေဖြင့် ယင်းနှင့် ပတ်သက်၍ မည်သို့မှတ်ချက်ပေးလိုပါသနည်း” ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်းဖြစ်သည်။ ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှား သည် BRICS တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းကို လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံကြီးနှင့် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” အတွက် အရေးပါသော ခွန်အားဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံသည် BRICS စိတ်ဓာတ်ကို အထူးပင် အသိအမှတ် ပြုပြီး “BRICS+” ပူးပေါင်းဆောင်ရွက်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ BRICS တွင် အင်ဒိုနီးရှားနိုင်ငံ တရားဝင်ပါဝင်ခြင်းသည် BRICS နိုင်ငံများနှင့် “ကမ္ဘာ့ တောင်ဘက်ခြမ်းနိုင်ငံများ”၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီပြီး BRICS ယန္တရားဖွံ့ဖြိုးတိုးတက်မှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက် ပေးမည်ကို ယုံကြည်ကြောင်း ၎င်းကပြောကြားခဲ့သည်။
BRICS နိုင်ငံများသည် “ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ” စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို မြှင့်တင်ပေးသော ပလက်ဖောင်းဖြစ်သလို ကမ္ဘာလုံး ဆိုင်ရာ စီမံအုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကိုတွန်းအားပေးသော အရေးပါသည့် ခွန်အားလည်းဖြစ်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းရန်၊ တရားမျှတမှုကို ခုခံကာကွယ်ရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ BRICS မိသားစုကြီးသည် “ကမ္ဘာ့တောင် ဘက်ခြမ်းနိုင်ငံများ” အုပ်စုအသွင် ဦးမော့လာသောသမိုင်းကြောင်းအခြေအနေနှင့်အညီ အဖွဲ့ဝင်သစ်ကို ကြိုဆိုလက်ခံခဲ့ကြောင်း၎င်းကပြောကြားခဲ့သည်။

လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုကြီးမားသော “BRICS အကျိုးဆောင်မှုများ” တွန်းအားပေးရန်အတွက် တရုတ် နိုင်ငံသည် အင်ဒိုနီးရှားနှင့် တခြားသော BRICS အဖွဲ့ဝင်များနှင့်အတူ ပိုမိုဘက်စုံဖြစ်သော၊ နီးကပ်သော၊ လက်တွေ့ကျသော၊ အားလုံးပါဝင်နိုင်သော မိတ်ဖက် ဆက်ဆံရေးကို အတူလက်တွဲတည်ဆောက်ရန်၊ “BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ရန်ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

ကိုးကား - ဆင်ဟွာ

Photo: www.fmprc.gov.cn