TikTok ဝန်ဆောင်မှုကို အမေရိကန်တွင် ရပ်ဆိုင်း
တရုတ်နိုင်ငံအခြေစိုက် နာမည်ကျော် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းဖြစ်သော TikTokကို ပိုင်ဆိုင်သည့် ကုမ္ပဏီက ဇန်နဝါရီ ၁၉ရက်နေ့မှ စတင် အသက်ဝင် မည်ဖြစ်သည့် TikTok ကို ပိတ်ပင်တားမြစ်သည့် ဥပဒေ ကြောင့် အမေရိကန်နိုင်ငံအတွင်း ဝန်ဆောင်မှုကို ယာယီ ရပ်ဆိုင်းထားကြောင်း အမေရိကန်နိုင်ငံမှ သုံးစွဲသူများကို အသိပေးလိုက်ပါသည်။
အဆိုပါဥပဒေအရ ပိတ်ပင်မှုကို ရှောင်ရှားနိုင်ရန်အတွက် ByteDance ကုမ္ပဏီအနေနှင့် အမေရိကန်မှ စီးပွားရေးလုပ်ငန်းရှင်ထံ ရောင်းချရန်လိုအပ်ကြောင်း သိရှိရ ပါသည်။
အမေရိကန်ရှိ Tik Tok Application အသုံးပြုသူများသည် ၎င်း Application ဖွင့်သည့်အခါတွင် ဝန်ဆောင်မှု ရပ်ဆိုင်းထားကြောင်း Message ကိုသာတွေ့မြင်ရကြောင်း ဖော်ပြ ထားပါသည်။
Message တွင် ထပ်မံ၍ သမ္မတ ထရမ့်က ရာထူးတာဝန် စတင်ရယူပြီးနောက် TikTok ကို ပြန်လည် အသက်သွင်းမည်ဖြစ်ကြောင်းနှင့် Tik Tok နှင့် လက်တွဲ လုပ်ဆောင်မည်ဟု ညွှန်းဆိုထားပါကြောင်းနှင့် ကျေးဇူးပြု၍ ဆက်လက်စောင့်ဆိုင်းပေးပါရန်ဟု မက်ဆေ့ချ်တွင် ဖော်ပြထားပါသည်။
ဇန်နဝါရီ ၂၀ ရက်နေ့တွင် ရာထူးတာဝန် စတင်ထမ်းဆောင်မည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က NBC သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် TikTok ကို နိုင်ငံအတွင်း ပိတ်ပင်နိုင်ဖွယ်ရှိသည့် သတ်မှတ်ကာလကို ရက်ပေါင်း ၉၀ ရွှေ့ဆိုင်းနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World