ကမ္ဘာ့တစ်ခုတည်းသော ရုရှားရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံက တစ်နာရီလျှင် ကီလိုဝပ်တစ်ဘီလီယံကို ထုတ်လုပ်
ရုရှားနိုင်ငံ၏ ကမ္ဘာပေါ်တွင် တစ်ခုတည်းသောလည်ပတ်နေသည့် ရေပေါ်လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် တစ်နာရီလျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်တစ်ဘီလီယံကို ထုတ်လုပ်ပေးနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင် Rosatom နျူကလီးယားကော်ပိုရေးရှင်းကထုတ်ပြန်သည်။
Akademik Lomonosov ဟုအမည်ပေးထားသည့် အဆိုပါရေပေါ် ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် ရုရှားအရှေ့ဖျားဒေသရှိ ချူကော့တာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌တည်ရှိပြီး လက်ရှိတွင် အပူနှင့်လျှပ်စစ်စွမ်းအားကို ထုတ်လုပ်ပေးနေသည့် ကမ္ဘာကြီး၏မြောက်ဘက်အကျဆုံးသောစက်ရုံအဖြစ် ရပ်တည်လျက်ရှိသည်။
၎င်းစက်ရုံမှထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ၏ ၆၀ ရာခိုင်နှုန်းကျော်ကို အရှေ့ဖျားဒေသ၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။
Akademik Lomonosov ဓာတ်အားထုတ်လုပ်ရေးစက်ရုံသည် ရုရှားနျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောများတွင် အသုံးပြုသည့် နည်းပညာကိုအသုံးပြုထားပြီး လောင်စာအဖြစ် အဆင့်နိမ့်သန့်စင်ထားသည့် ယူရေနီယံကိုအသုံးပြုထားခြင်းဖြစ်သည်။ ၎င်းစက်ရုံသည် အလျား ၁၄၄ မီတာ၊ အကျယ် ၃၀ မီတာရှိသည်။
အဆိုပါဓာတ်အားထုတ်လုပ်ရေးစက်ရုံကို ရုရှားနိုင်ငံက အာတိတ်ဒေသနှင့် အရှေ့ဖျားဒေသများရှိ ဝေးလံသီခေါင်သော ဆိပ်ကမ်းမြို့ကြီးများရှိ စက်မှုဇုန်ကြီးများသို့ ဓာတ်အားပေးနိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားခြင်းဖြစ်သည်။
Source: Myawady Web Portal